အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့် ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်

ဖြိုးကြီး။ စက်တင်ဘာ ၂၉၊ ၂၀၀၈။
စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ အများဆုံးပါဝင်သည်ဟု ဆိုသည်။
ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။
“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀) လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊ ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။
အမှတ် (၁) ထောက်လှမ်းရေးမှ ဗိုလ်မှူး သောင်းကျော်ရှင်း၊ အမှတ် (၇) ထောက်လှမ်းရေးမှ ဗိုလ်ကြီးသိန်းဝင်း၊ အမှတ် (၁၄) မှ ဗိုလ်ကြီး သန်းနိုင်နှင့် အရာခံဗိုလ် သက်ဇော်မှူးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့တွေက နှစ်ကြီးသမားတွေလေ၊ အနှစ် (၃၀) နဲ့ (၄၀) ကြားမှ ကျနေတဲ့သူတွေပဲ၊ အဲဒီ ထဲက အဖွဲ့တွေတော်တော်များများ ပါလာတယ်၊ အကောက်ခွန်အဖွဲ့တွေလဲ ပါတယ်”ဟု ပြောသည်။
အကောက်ခွန်ဝန်ထမ်းများကို ပြန်လွှတ်ပေးရာတွင် မူဆယ် (၁၀၅) မိုင်ဂိတ်မှ ဝန်ထမ်းများလည်း ပါဝင်ပြီး အချို့ကို ပြန်လည်စီစစ်မှုများပြုလုပ်နေသည့်ဟု အကောက်ခွန်စီမံရေးရာ တာဝန်ရှိသူ တဦးက ပြောသည်။
“မူဆယ်မှာ ဘယ်သူတွေ လွှတ်တယ်ဆိုတာတော့ မသိသေးဘူး၊ မူဆယ်က အကုန်လွှတ်ပေး တာတော့မဟုတ်ဘူး၊ အမှုဖိုင်ထဲမှာ ပြန်စီစစ်ရင်းနဲ့ အမှုနဲ့သိပ်မပက်သက်တဲ့ သူတွေကတော့ လွတ်တယ်”ဟု ပြောသည်။
စစ်အစိုးရက အကျဉ်းသား (၉၀၀၀) ကျော် ပြန်လွှတ်လိုက်သည်ဟုဆိုသော်လည်း စစ်ထောက် လှမ်းရေးအဖွဲ့များ၊ အကောက်ခွန်ဝန်ထမ်းများနှင့် အခြားရာဇဝတ်ပြစ်မှုဆိုင်ရာ အကျဉ်းသားများ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား (၈) ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က အတည်ပြုပြော ဆိုသည်။

အပြည့်အစုံ...>>

ခေါင်းစဉ်တပ်ရင်စဉ်းစားကြ

သံဃာတော်တွေ....သွေးမြေကျရပြီမို့ ...တကြော်ကြော် ဟစ်ကြွေးကျတာတွေ..... ကြားချင်ပေါင်.... ပူလောင်ခံစား..... ပင်လယ်ဖြစ်သွားမျက်ရည်များ.....ဒီသီချင်းလေးက ၂၀၀၇ ခုနှစ် စက်တင်ဘာလတုန်းက ရွှေဝါရောင်တော်လှန်းရေးမှာ ရဟန်းသံဃာတော်တွေကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့စဉ်က အဆိုတောဒေါ်မာမာအေး သီဆိုပူဇော်ခဲ့တဲ့ တေးသီချင်းတစ်ပုဒ်ပါ။ ရဟန်းရှင်သူ ကျောင်းသားပြည်သူတွေရဲ့သွေးတွေမြေခခဲ့ရသလို ထောင်နန်းစံခဲ့ရတာတွေလည်း မနည်းလှပေ၊ မြန်မာနိုင်ငံရဲ့ထေရ၀ါဒ ဗုဒ္ဓသာသနာဟာ စစ်ဖိနပ်အောက်သို့ ကျ ရောက်ခဲ့သောနှစ်ဆိုရင်လည်း မမှားပါဘူး။ ဒီမိုကရေစီရရှိဖို့ နှစ်ပေါင်း ၂၀ ကျော်တစ်လျှောက်မှာ မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ ဒဏ်ကို အလူးအလဲခံရပါတယ်။ စစ်တပ်ကိုတော်လှန်ခဲ့ပေမယ့် ယနေ့အချိန်အထိ အောင်နိုင်ခြင်းမရှိခဲ့ပါ။ ဒီမိုကရေစီကိုမျှော်လင့်ရင် အသက်ဆုံးခဲ့တဲ့သူတွေကလည်း ထုနဲ့ဒေးပါ။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ အောင်ပွဲခံတဲ့နေ့ထူးနေ့မြတ်မဟုတ်ပါဘူး။ တလွဲဆံပင်ကောင်းဆိုသလိုဘဲ ရဟန်းသံဃာတွေနဲ့ကျောင်းသားပြည်သူတွေ အသုတ်သင်ခံရတဲ့ နှစ်ပတ်လည်အခါသာမညမှာ ပူဆွေးလွမ်းဆွတ်မှုတွေနဲ့အတူ အလှူဒါန ကောင်းမှုကုသိုလ်လုပ်ရမယ့်အချိန်မှာ ရွှေဝါရောင်နှစ်ပတ်လည်နေ့ ခေါင်းစဉ်တပ်ပြီးပျော်ပွဲရွင်ပွဲပုံစံမျိုးဈေးရောင်းပွဲလုပ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ရွှေဝါရောင်တော်လှန်းရေးက ကျဆုံးခဲ့ရတာ၊ အသက်တွေပေးဆပ်ခဲ့ရတာ၊ ပျော်ရွှင်ဖို့အတွက် ခေါင်းစဉ်ပေးခဲ့တဲ့နေ့မဟုတ်ပါဘူး။ ဖြစ်သင့်တာက ကျဆုံးသွားတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူတွေ အတွက် ကောင်းမှုကုသလိုလ် မေတ္တာပို့ဆုတောင်းခြင်းသာပြုသင့်ပါတယ်။ ဘာသာသာသနာ အစော်ကားခံရတဲ့နေ့ဟာ ပျော်ရွှင်ရမယ့်နေ့မဟုတ်ဘူးဆိုတာ အကြံပြုလိုက်ပါတယ်။
ဦးကုလား

အပြည့်အစုံ...>>

ပြည်သူများ မကျေနပ်၍ ၀ိုင်းဝန်းရိုက်နှက်သဖြင့် ယာဉ်ထိန်းရဲ တစ်ဦး သေဆုံး။

၂၅၊ စက်တင်ဘာလ၊ ၂၀၀၈။
ယခုအခါ ရန်ကုန်မြို့ တွင်းတွင် စက်ဘီးစီးသူများအား လိုက်လံဖမ်းဆီးလျှက်ရှိပါတယ်။ ထို့ အပြင် မြို့ အပြင်တွင် လိုင်စင်မဲ့ဆိုင်ကယ်စီးသူများအားလည်း လိုက်လံစောင့်ကြည့် ဖမ်းဆီးလျှက် ရှိနေပါတယ်။ရန်ကုန်မြို့ မင်္ဂလာဒုံ ၀ါယာလက်တွင် လိုင်စင်မဲ့ ဆိုင်ကယ်များဖြင့် ဆိုင်ကယ်ကယ်ရီ လုပ်နေမှုများလည်း ရှိနေပြီး၊ အခုရက်ပိုင်းတွင် ညဘက်၌လည်း ကင်းလှည့်၍ လိုက်လံဖမ်းဆီးမှုများ ရှိနေပါတယ်။ ထိုသို့  လိုက်လံဖမ်းဆီးမှုများကြောင့် ဒေသခံပြည်သူများ မကျေမနပ်ဖြစ်ကာ ယမန်နေ့ ညပိုင်းတွင် မင်္ဂလာဒုံ ၀ါယာလက်တွင် ထိုသို့ လိုက်လံဖမ်းဆီးနေသော ယာဉ်ထိန်းရဲများအား ဒေသခံပြည်သူများက ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ထိုသို့  ရိုက်နှက်မှုကြောင့် ယာဉ်ထိန်းရဲ တစ်ယောက် သေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိကြောင်း သတင်းတစ်ရပ်အရ သိရပါတယ်။
(သတင်းဖေါ်ပြသော ကိုသူတော်စင်ကြီးအား အထူးကျေးဇူးတင်ရှိပါတယ်)။
နစ်နေမင်း

အပြည့်အစုံ...>>

သံဃာတော်ပစ္စည်းများအားလုခဲ့တဲ့ ဓါးမြဂိုဏ်း ခမရ (၇၀၃)

ဗထူး။ စက်တင်ဘာ ၂၅၊ ၂၀၀၈။
စစ်အစိုးရက ၂၀၀၇ ခုနှစ် သံဃာလှုပ်ရှား မှုအား အကြမ်းဖက်နှိမ်နင်းခဲ့ရာ တောင် ဥက္ကလာပ၊ ငွေကြာယံကျောင်းတိုက်အား ညအချိန် ဝင်ရောက်စီးနင်း၍ ပစ္စည်းများ လုယူခဲ့မှုတွင် အမှတ် (၇၀၃) ခြေမြန် တပ်ရင်းလည်း အပါအဝင်ဖြစ်သည်ဟု စစ်ဘက်အရာရှိတဦးက ပြောဆိုလိုက် သည်။
ယမန်နှစ် စက်တင်ဘာလ (၂၆) ရက်နေ့ ညတွင် ငွေကြာယံကျောင်းတိုက်ဝင်းတံခါး အား ဖျက်စီးကာ လုံထိန်းနှင့် စစ်တပ်အင်အားအလုံးအရင်းဖြင့် သံဃာတော်များအား အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးကာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အဖိုးတန်ပစ္စည်းအမြောက်အများကို သိမ်းပိုက်ခဲ့သည်။
“ဒုရင်းမှူး ဗိုလ်မှူးရွှေဝင်းရဲ့ အကူရဲဘော် ခင်ဇော်ဦးက ကာလတန်ဖိုး သိန်း (၄၀) လောက်ရှိမဲ့ ရွှေတွေ ရသွားတယ်၊ တပ်တောင်ဘက်က မြိုင်သာယာစံပြကျေးရွာမှာ (၁၄) သိန်းတန် ခြံတကွက် ဝယ်လိုက်လို့ ရိပ်မိသွားပြီး ခင်ဇော်ဦးကို စစ်ဆေးလိုက်တာ (၂၃) သိန်းရလိုက် တယ်လို့ သိရတယ်”ဟု အဆိုပါတပ်မတော်အရာရှိက ပြောသည်။
အဆိုပါနေ့ညတွင် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ ခမရ(၇၀၃)၊ (၇၀၉) တို့အပြင် အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သား ၁၀၀ ကျော်ပါဝင်ခဲ့ပြီး သံဃာ တော်အများအပြားကို ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက သံဃာလှုပ်ရှားမှုအား စက်တင်ဘာ (၂၄) ရက်နေ့မှစတင်ကာ အကြမ်းဖက် ဖြိုခွဲ ခဲ့ပြီးနောက် ငွေကြာယံကျောင်းတိုက်အား အကြမ်းဖက်စီးနင်းခဲ့ရာ မနက်ဖြန်တွင် တနှစ် ပြည့်မြောက်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင်လည်း ကျောင်းတိုက်အား ဖျက်စီးသွားသဖြင့် ဒေါသထွက်နေသော ပြည်သူများ၏ ဆက်လက်ဆန္ဒပြမှုအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ရာ တောင်ဥက္ကလာပနေ ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့သည်။
“တပ်သား ခင်ဇော်ဦးဆီက ရတဲ့ငွေရော ဝယ်ထားတဲ့ခြံပါ ပြန်ရောင်းပြီး တပ်ရင်းမှူးနဲ့ ဒုရင်းမှူး တို့က ခွဲယူလိုက်ကြတယ်။ ခု တပ်ရင်းမှူးလုပ်တဲ့ ဒုတိယဗိုလ်မှူးကြီး စိုးတင့်နိုင်က တောင်ငူ (စရဖ) ကို (G1)စစ်ဦးစီးအရာရှိ (ပ) နဲ့တောင် ရာထူးတိုးပြောင်းသွားပြီ”ဟု အဆိုပါ အမည်မဖော် လိုသူ တပ်မတော်အရာရှိတဦးက ပြောသည်။
အဆိုပါအကြမ်းဖက်မှုတွင် အဓိက အမိန့်ပေးညွှန်ကြားသူမှာ စကခ (၄) မှ (ကြည်း/၁၅၉၂၇) ဗိုလ်မှူးချုပ် မြင့်နောင် (ယခု) တိုက်ခိုက်ရေးကျောင်းအုပ်(ဘုရင့်နောင်) ဖြစ်ပြီး ခမရ (၇၀၃) မှ (ကြည်း/၂၀၈၁၈) ဒုဗိုလ်မှူးကြီး စိုးတင့်နိုင်နှင့် (ကြည်း/၂၀၆၁၇) ဗိုလ်မှူးရွှေဝင်းတို့ ဖြစ်သည်။
ယခုအချိန်တွင်လည်း ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် စက်တင်ဘာသံဃာလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည့် စက်တင်ဘာလအတွင်း စစ်အစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်များ၊ ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် စသည့် အကြမ်းဖက်နှိမ်နင်းမည့် အင်အားများကို နေရာအနှံ့ဖြန့်ကျက်ထားပြီး ဆန္ဒပြမှုဖြစ်ပေါ်ပါက နှိမ်နင်းရန် ပြင်ဆင်ထားသည်။

အပြည့်အစုံ...>>

မဲဆောက်မှာ ဆည်ရေဖောက်ချ၊ မြန်မာအလုပ်သမားစက်ရုံနှင့် အထက ပိတ်ရ

NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။
(၂) ရက်ကြာမိုးသည်းထန်စွာ ရွာသွန်းသဖြင့် မဲဆောက်မြို့ပြင်ရှိ ဆည်ရေပြည့်ကာ ယနေ့နံနက် (၇း၀၀) နာရီခန့်က ဆည်ရေဖောက်ချ လိုက်သောကြောင့် မဲဆောက်အနိမ့်ပိုင်းရှိ စက်ရုံအလုပ်ရုံအချို့နှင့် မြန်မာကလေးငယ်များ ပညာသင်ကြားနေသည့် မြန်မာအထက်တန်း ကျောင်းတကျောင်း အကန့်အသတ်မရှိ ပိတ်လိုက်ရသည်။
မဲဆောက်ဆည်အနီး ဆည်ရေဖောက်ချရာလမ်းကြောအနီးတွင် တည်ရှိသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားနေသည့် ဆာသူးလေအထက်တန်းကျောင်း အတွင်းသို့ ဆည်ရေများ အရှိန်ပြင်းစွာဝင်ရောက်ပြီး ကျောင်းဝင်းကျောင်းပြင်တွင် ရေ (၂) ပေခန့် ၀င်ရောက်ခဲ့သဖြင့် ကျောင်းလာတက်သည့်ကလေးများ အန္တရာယ်ရှိသည့်အတွက် အကန့်အသတ်မရှိပိတ်လိုက်ရခြင်းဖြစ်သည်ဟု ကျောင်းအုပ်ဆရာမကြီး နော်ဖောရေက ခေတ်ပြိုင်သို့ ပြောသည်။
သူမက “ဒီလိုကျောင်းပိတ်လိုက်ရတော့ စာမေးပွဲအတွက်ပြင်ဆင်နေတဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ထိခိုက်တယ်။ ရေစီးတာအရှိန်ပြင်းတော့ ကလေးတွေအတွက် အန္တရာယ်ရှိ
တယ်။ ကျောင်းစိုက်ပျိုးရေးခင်းတွေလည်း ပျက်သွားတယ်။ အပိုင်သူကြီးက ဆည်ရေဖောက်
မှာကို မနက် (၇း၀၀) နာရီမှ လာပြောတော့ ကျောင်းမှာရေက ပြည့်နေပြီ။ ဒါကြောင့် ကလေးငယ်တွေကို ကျောင်းသားကြီးတွေကချီပိုးပြီး ရေလွတ်ရာပို့ပေးလိုက်ရတယ်။ မိုးက လည်း ဆက်ရွာအုံးမယ်ဆိုတော့ ကလေးတွေကိုငဲ့ပြီး ပိတ်လိုက်ရတယ်။ အခုလိုရေကြီးပြီး ကျောင်းပိတ်လိုက်ရတာတာ ပထမဆုံးအကြိမ်ပဲ” ဟု ပြောသည်။
ဆာသူးလေအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် သတ္တမတန်းကျောင်းသူ မဆောင်းဦးက “ကျောင်းပိတ်လိုက်တော့ စာသင်ချိန်ထိခိုက်တယ်။ စာမေးပွဲအတွက် အိမ်မှာပဲပြန်ပြီးပြင်ဆင်ရမယ်။ ဖြစ်နိုင်ရင် ကျောင်းမပိတ်စေချင်ဘူး” ဟု ပြောသည်။
ဆည်ရေဖောက်ချရခြင်းနှင့်ပတ်သက်၍ ဆည်လုံခြုံရေးဝန်ထမ်းတဦးဖြစ်သူ နိုင်ချိုင်းက “မိုး(၂) ရက်ဆက်တိုက်ရွာတာ တောင်ကျရေနဲ့ မိုးရေ၀င်တော့ ဆည်ရေပြည့်သွားတယ်။ ဒါကြောင့် ဒီမနက်လူကြီးတွေက ဆည်ရေကို ဖောက်လိုက်တာပါ။ ဒီဆည်က မဲဆောက်မြို့ရဲ့ အမြင့်ပိုင်းမှာရှိတယ်။ အကယ်၍ မတော်တဆ ဒီဆည်ကျိုးသွားရင် မဲဆောက်တမြို့လုံး ရေလွှမ်းမိုးနိုင်တယ်” ဟု ပြောသည်။
ဆာသူးလေအထက်တန်းကျောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ ပညာသင်ကြားနေသည့်ကျောင်းများထဲတွင် အကြီးဆုံးကျောင်းဖြစ်ပြီး မြန်မာကလေးငယ် (၆၅၀) ဦး အခမဲ့ပညာသင်ကြားလျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ ဖို့ဖတ်၊ မဲလမတ် စသည့် သုံးမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာကလေးကျောင်းပေါင်း (၅၄) ကျောင်းရှိပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ် အတွင်း မြန်မာကလေးငယ် (၁) သောင်းခန့် အခမဲ့ပညာသင်ကြားလျက်ရှိသည်ဟု ဒေသအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီအဖွဲ့၏ မှတ်တမ်းအ
ရ သိရှိရသည်။
ဆည်ရေကြောင့် စက်ရုံထဲရေ၀င်သဖြင့် အလုပ်ပိတ်ထားရပြီး မြန်မာအလုပ်သမား (၁၂၀) မှာ နေထိုင်ရေးအခက်အခဲရှိသဖြင့် စက်ရုံအနီးရှိ လူ့ဘောင်သစ်ပါတီစာကြည့်တိုက်တွင် လာရောက်တည်းခိုလျက်သည်။

အပြည့်အစုံ...>>

မဟာဗန္ဓုပန်းခြံတွင် ဗုံးပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ

ကိုသက် စက်တင်ဘာ ၂၅၊ ၂၀၀၈
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားရာ လူငယ်တဦး အပါအ၀င် ၃ ဦး ဒဏ်ရာရသည်ဟု မျက်မြင်သက်သေ တဦးက ဧရာဝတီကို ပြောဆိုသည်။
မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ကားမှတ်တိုင် အနောက်ခြမ်း၌ ဗုံးပေါက်ကွဲသည် (ဓာတ်ပုံ - ဧရာဝတီ)
“ပန်ခြံရှေ့ဗျ ... ဘတ်စ်ကားမှတ်တိုင်ရဲ့အနောက်နဲ့ကပ်နေတဲ့ ပန်းခြံစည်းရိုးအနောက်မှာ ကပ်ထောင်သွားတာဗျ ... သံပန်းခြံစည်းရိုးပြိုသွားတယ်။ ၃ ယောက်ဒဏ်ရာရသွားတယ် ... တယောက်ကတော့ အသက် ၁၆၊ ၁၇ လောက်ရှိမယ် လက်မှာသွေးတွေချည်းပဲ ... လူအသေအပျောက်တော့ မရှိဘူး” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။
ယခုအခါ အခင်းဖြစ်ပွားသည့် ရန်ကုန်မြို့တော်ခန်းမရှေ့နှင့် ဆူးလေဘုရားပတ်ဝင်းကျင်ကို ရဲနှင့် လုံထိန်းများက ပိတ်ဆို့ ထားကြောင်း သိရသည်။
လွန်ခဲ့သည့် ၂၁ ရက်နေ့ညကလည်း ရန်ကုန်မြို့ရှိ တာမွေ ရဲစခန်းတွင် ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး တစုံတရာ ထိခိုင်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ယခုလ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ဗီဒီယိုရုံတရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာက ရေးသားထားသည်။

အပြည့်အစုံ...>>

မနေ့ က လွတ်လာတဲ့ ဦးဝင်းထိန် ပျောက်ဆုံးနေ။

၂၄၊ စက်တင်ဘာ ၂၀၀၈။
မနေ့ ကလွတ်လာတဲ့ ဦးဝင်းထိန်ကို နအဖဘက်မှ ပြန်လည်ခေါ်ဆောင်သွားတယ်လို့  သိရှိရပါတယ်။ ဘယ်နေရာကို ပြန်လည်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသလို၊ အဆက်အသွယ်လည်း ပြန်မရ ဖြစ်နေပါတယ်။နအဖက မနေ့ က ဦးဝင်းထိန်ကို ထောင်မှ လွှတ်အပြီး၊ တည်းခိုရာနေရာ တစ်နေရာမှာ ခေတ္တရှိနေရာမှ ယနေ့ မနက်ပိုင်းက ပြန်လည်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။အကယ်လို့ များ နအဖအနေနဲ့  ဦးဝင်းထိန်ကို ပြန်လည် စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားတာ၊ ပြန်လည်ဖမ်းဆီးတာဆိုရင် နအဖဟာ ကိုယ်ထွေးပြီးသား တံထွေးကို ကိုယ်ပြန်မြိုသလိုဘဲ ထောင်ကနေ လွတ်လွတ်လပ်လပ် လွှတ်လိုက်တဲ့ ကတိကို ပြန်လည်ချိုးဖောက်တာပါဘဲ။ ထောင်ကနေလွှတ်လိုက်ပြီးနောက် မျက်စိဒေါက်ထောက်ကြည့်နေပြီး၊ လွှတ်လိုက်တာ တစ်ရက်ဘဲရှိသေးတယ် စိတ်မထင် မထင်သလို ပြန်လည်စစ်ဆေးတာမျိုးလုပ်တာကတော့ နအဖရဲ့ ဇာတိရုပ်အမှန်ကို ချက်ချင်း ပြသလိုက်တာပါဘဲ။ဒီအတွက် ဦးဝင်းထိန်ကို ဘယ်ကိုခေါ်ဆောင်သွားမှန်း မသိတဲ့နေရာကနေ ပြန်လည်လွှတ်ပေးပြီး၊ လွတ်လွတ်လပ်လပ်နေထိုင်ခွင့် ပြောဆိုခွင့်ပြန်ပေးပါလို့ ။ နအဖအနေနဲ့  သိက္ခာရှိရှိ အရှက်တရားရှိရှိ ပြသဖို့ အတွက် “အခုလွှတ်လိုက်၊ တော်ကြာနေ ပြန်ဖမ်းလိုက်” ဆိုတဲ့ လုပ်ရပ်မျိုး မလုပ်ဖို့  လိုပါတယ်။

နစ်နေမင်း

အပြည့်အစုံ...>>

သတင်းစာဆရာကြီး ဦးဝင်းတင် လွှတ်မြောက်

၂၃၊ စက်တင်ဘာ၊ ၂၀၀၈
ယနေ့  နအဖက လွှတ်တဲ့ အယောက် (၉၀၀၂) ယောက်ထဲမှာ နှစ်ပေါင်းကြာရှည်စွာ အကျဉ်းချခံထားရတဲ့ ဆရာကြီး ဦးဝင်းတင် (သတင်းစာဆရာကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် - အကြံပေးပုဂ္ဂိုလ်ကြီး) ပါ ပါဝင်လွတ်မြောက်လာကြောင်း သိရှိရပါတယ်။ဆရာကြီးဦးဝင်းတင်ရဲ့  အာဏာရှင်အပေါ် လုံးဝအရှုံးမပေး အညံ့မခံဘဲ သံမဏိစိတ်ဓါတ်ကြံ့ ခိုင်စွာနဲ့  နိုင်ငံရေးအရ လွတ်မြောက်လာတာဖြစ်တဲ့အတွက် ဆရာကြီး ဦးဝင်းတင်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။နိုင်ငံရေးအရလွတ်မြောက်လာတဲ့ ဆရာကြီး ဦးဝင်းတင် ကျန်းမာရေး ကောင်းမွန်ပါစေလို့  အထူးဆုတောင်းပြီး၊ ဆရာကြီး ပြောကြားတဲ့ စကားဖြစ်တဲ့ “သူတို့ ထောင်သားတွေကို လွှတ်လိမ့်မယ်ကွ၊ အို၊ နာ၊ ကျိုး၊ ကန်း တွေကိုတဲ့။ အသက်ကြီးတဲ့ သူတွေ၊ နာမကျန်းတဲ့ သူတွေ။ ငါတော့ အဲဒါကို ငြင်းထားတယ်။ ငါ့ကို နိုင်ငံရေးအရ ဖမ်းရင်တော့ နိုင်ငံရေးအရ လွှတ်ရမယ်လို့ ကျနော် ပြောထားတယ်တဲ့” စကားကို ကျွန်တော်တို့ အားလုံး အလေးထားကြရမှာ ဖြစ်ပါတယ်။ ထို့ အတူ နောက်ထပ်ရရှိသောသတင်းအရ - ဆရာကြီးဦးဝင်းတင်ကဲ့သို့  နှစ်ပေါင်းမြောက်များစွာ ထိန်းသိမ်းခံထားရသူတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် - ဒုဥက္ကဌ နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ ) လည်း ကသာထောင်မှနေ လွတ်မြောက်လာပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ဆရာကြီး ဦးဝင်းတင်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဦးအောင်စိုးမြင့်ဦး၊ ဦးအေးသိန်းတို့ အပြင် ဦးဝင်းထိန်ပါ လွတ်မြောက်လာခြင်းအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရသော်လည်း၊ ကျန်ရစ်နေသေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အမြောက်အမြားအား မလွှတ်ခြင်းသည် နအဖ၏ မရိုးသားသော မမှန်ကန်သေးသော လုပ်ရပ်ဖြစ်နေဆဲ ဖြစ်ကြောင်း သတိပြုရမည် ဖြစ်ပါတယ်။
niknayman

အပြည့်အစုံ...>>

ဦးသက်ဝေအား ထောင်ဒဏ်ချမှတ်ခြင်းသည် အာစီယံနိုင်ငံများအကြား မေးမြန်းစရာဖြစ်လာသည်ဟုဆို

ဉာဏ်မောင်။ စက်တင်ဘာ ၂၃၊ ၂၀၀၈

မြန်မာစစ်အစိုးရ အာဏာပိုင်များက အလုပ်သမား အရေးလှုပ်ရှားနေသူအား ထောင်ဒဏ်ချမှတ် လိုက်ခြင်းသည် (ILO) နှင့် အာစီယံနိုင်ငံများကြား သဘောတူချက်နှင့်ပတ်သက်၍ မေးမြန်းစရာ ဖြစ်လာပါသည်ဟုဆိုသည်။
ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်တရားရုံးမှ အလုပ် သမားအရေးလှုပ်ရှားနေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စမ်းချောင်းမြို့နယ်ဥက္ကဋ္ဌ ဦးသက်ဝေအား ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ (ILO) က ယမန်နေ့တွင် သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စစ်အစိုးရအနေဖြင့် ဦးသက်ဝေအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ပြစ်ဒဏ်ချမှတ်မှုအား ပြန်လည်စစ်ဆေးရန် တောင်းဆိုလိုက်၍ ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO) မှ ယခုကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး မတ်လကတည်းက သူ့ကိုပြန်လွှတ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း ဂျီနီဗာအခြေစိုက် (ILO) ဌာနချုပ်မှ သတင်းထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် ဇွန်လတွင် ပြုလုပ်ခဲ့သော (၉၇) ကြိမ်မြောက် (ILO) ညီလာခံတွင် အဆိုပါကိစ္စနှင့် ပါတ်သက်၍ မြန်မာအစိုးရ အဆင့်မြင့်အရာရှိများနှင့် တိုက်ရိုက်ဆွေးနွေးပြီးဖြစ်ကြောင်းကိုလည်း (ILO) ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဦးသက်ဝေသည် အဓမ္မအလုပ်ခိုင်းစေနေမှုများ၊ အရွယ်မရောက်သေးသော ကလေးငယ် များအား စစ်မှုထမ်းစေခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စများတွင် ဒုက္ခသည် များကိုယ်စား အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နေသူဖြစ်ပြီး ယခုကိစ္စများသည်လည်း မြန်မာ အစိုးရနှင့် ILO ကြား သဘောတူညီထားသော နားလည်မှုဖြည့်စွက်ချက် ဘောင်ထဲတွင်ပင် ရှိပါသည်ဟု ဆက်လက်ဖေါ်ပြထားသည်။
အဆိုပါ နားလည်မှုဖြည့်စွက်ချက်ထဲတွင် ကလေးစစ်သားကိစ္စနှင့် အဓမ္မအလုပ်ခိုင်းစေနေမှုကိစ္စ များနှင့် ပတ်သက်၍ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူ မည်သည့်ပုဂ္ဂိုလ်ကိုမဆို အပြည့်အဝ ကာကွယ်ပေးထားရန် ပါဝင်ပြီး ဦးသက်ဝေအား (ILO) နှင့် မပါတ်သက်သော စွဲချက်များတင်၍ တရားစွဲဆိုထားသော်လည်း (ILO) နှင့် တိုက်ရိုက်ဆက်နွယ်ပတ်သက်နေသည့်အတွက် နောက်ဆုံး ပြစ်ဒဏ်၊ ထောင်ဒဏ်မချမှတ်မီ ပလပ်ရမည် ဖြစ်သည်။
ထောင်ဒဏ်ချမှတ်မှုတွင် ဥပဒေအရ အများဆုံးချမှတ်နိုင်မှုကို ပြင်းထန်စွာ ချမှတ်ထားသည်။ ဦးသက်ဝေအား အဓမ္မအလုပ်ခိုင်းစေမှုနှင့်ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခြင်းအား (ILO) အဖွဲ့ အနေဖြင့် လက်မခံနိုင်ကြောင်း ဆက်လက်ဖေါ်ပြထားသည်။

အပြည့်အစုံ...>>

ပြည်တွင်းအင်တာနက်အသုံးပြုသူများ လုံခြုံမှုမရှိ

၂၂၊ စက်တင်ဘာ၊ ၂၀၀၈။
မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုမှုပိုမိုးများပြားလာသည်နှင့်အမျှ အင်တာနက်သုံးစွဲသူတို့ရဲ့ ကိုယ်ရေးကိုတာအချက်အလက်များအပါအ၀င် မည်သည့် password မဆို လုံခြုံမှုရှိရန်အင်မတန်မှအားနည်းလျှက်ရှိပါသည်။ ယခင်က mpt mail အ၀င်အထွက်များကို monitor လုပ်စစ်ဆေးသလိုမျိုး မဟုတ်တော့ဘဲ အခုအခါ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account များကို ၀င်ရောက်ကြည့်ရှုခြင်းမျိုးဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အင်တာနက်သုံးစွဲနိုင်ဖို့ စစ်အစိုးရက ပြည်သူလူထုကို အကန့်အသတ်ဖြင့်ခွင့်ပြုထားပြီး အင်တာနက်သုံးစွဲနိုင်သောဆိုင်းပေါင်း ၂၄၀ ခန့်ကိုတရားဝင် လုပ်ငန်းလိုင်စင်များဖြင့်ခွင့်ပြုခဲ့ပါသည်။
တစ်ချို့ဆိုင်တွေမှာ password ကိုဖမ်းထားတာမျိုးတွေရှိနေသလို Main Admin စက်မှနေပြီးတော့ (Screen Shot) လုပ်တာမျိုးတွေရှိနိုင်ပါတယ်။ ကိုယ်ပိုင်စက်ဖြင့်သုံးနေသူများလည်း Network လုံခြုံမှုမရှိပါ မိမိသည် မည်သည့် ၀က်ဆိုက်ကိုကြည့်နေသည် မည်မျှကြည့်နေသည်ကို ဟံသာဝတီ ဂိတ်ဝေးမှနေ၍ သိရှိနိုင်ပါသည်။ စစ်အစိုးရသည် ပြည်တွင်းအင်တာနက်အသုံးပြုသူများကို အမြဲမပျက်စောင့်ကြည့်လျှက်ရှိနေပြီး ပြည်တွင်းအင်တာနက်ကိုပိုမိုထိမ်းချုပ်လာနိုင်ရန်အတွက် ပြည်ပမှပညာတော်သင်ရောက်ရှိလာသူ ရုရှားပြန်များကို မြန်မာ အိုင်အက်စ်ပီ ၂ Internet Service Provider ဟံသာဝတီ ဂိတ်ဝေးတွင် အရပ်သားပုံစံဖြင့် ခန့်အပ်ထားပြီး လုပ်ငန်းများစတင်လုပ်ဆောင်လျှက်ရှိပါသည်။ ထိုမှတစ်ဆင့် စစ်အစိုးရအား ၀ါဒဖြန့်ဆန့်ကျင်သော မည်သူ့ကိုမဆို တိုက်ခိုက်ရန် ပြင်နေကြောင်း စုံစမ်းသိရှိရပါသည်။
ဦးကုလား

အပြည့်အစုံ...>>

HRDP ဦးမြင့်အေးအား ရုံးထုတ်

ရိုးမ ၃။ စက်တင်ဘာ ၂၀၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်အဖွဲ့(HRDP) ဦးမြင့်အေးအား ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ယမန်နေ့ ညနေ (၅) နာရီခန့်တွင် ဦးမြင့်အေးနှင့် ကိုရန်ရွှေတို့အား ရွှေပြည်သာတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဦးမြင့်အေးနှင့် ကိုရန်ရွှေတို့အား မိသားစုဝင်များနှင့် (၁၀) မိနစ်ခန့်တွေ့ဆုံခွင့်ရခဲ့ပြီး ၎င်းတို့အား ပုဒ်မ ၁၅(၅) ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။
ထို့အပြင် ယမန်နေ့က မျိုးမင်း၊ ထွန်းထွန်းနိုင်၊ ဇော်ဇော်အောင်၊ သန်းဇော်မြင့် (ခ) ဆီးပိန်တို့ကို လည်း ရွှေပြည်သာ ရဲစခန်းမှ တရားရုံးသို့ လက်ထိပ်ဖြင့် ဖိနပ်မပါဘဲ ခြေလျင်လျှောက်ခိုင်းပြီး ရုံးထုတ်စစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့သည်။
၎င်းတို့ (၄) ဦးအား ပုဒ်မ၁၃(၁)၊ ၁၇(၁)တို့ဖြင့် စွဲဆိုထားပြီး လာမည့် (၂၃) ရက်နေ့တွင် ထပ်မံ ရုံးထုတ်စစ်ဆေးခြင်းများပြုလုပ်မည်ဖြစ်သည်။ ဦးမြင့်အေးအပါအဝင် အဆိုပါ (၄) ဦးကို စစ်အစိုးရအာဏာပိုင်များက သြဂုတ်လအတွင်းက နေအိမ်များမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ဦးမြင့်အေးကို စစ်အစိုးရအာဏာပိုင်များက အကြမ်းဖက် သမားအဖြစ် စွပ်စွဲပြီး ရွှေပြည်သာမြို့နယ် ကြံ့ဖွှံ့ရုံးဗုံးဖောက်ခွဲမှုနှင့်ပတ်သက်ပြီး တရားခံဟု စက်တင်ဘာ (၇) ရက်နေ့က ပြုလုပ်သည့် စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောဆို ခဲ့သည်။
စစ်အစိုးရအာဏာပိုင်များက လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ၊ (NLD)ပါတီဝင်များနှင့် နိုင်ငံရေးသမားများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးမှုများပြုလုပ်ပြီး အကြမ်းဖက်သမားများအဖြစ် စွပ်စွဲအရေးယူမှုများ ပြုလုပ်နေလျှက်ရှိသည်။

အပြည့်အစုံ...>>

စစ်အစိုးရ၏ ဆိုက်ဘာစစ်ဆင်ရေး

ဧရာဝတီ | စက်တင်ဘာ ၁၈၊ ၂၀၀၈

၁၉၈၈ ခုနှစ် ကျောင်းသားများဦးဆောင်ခဲ့သော ဒီမိုကရေစီရေးအုံကြွမှုကြီးကို နှိမ်နင်းခဲ့သည့် စစ်အာဏာ သိမ်း အထိမ်းအမှတ်နေ့အားဖြင့်သော်လည်းကောင်း၊၂၀၀၇ ခုနှစ် ရဟန်းသံဃာတော်များဦးဆောင်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးစတင်ခဲ့သော အထိမ်းအမှတ်နေ့အားဖြင့်သော်လည်းကောင်း၊ စစ်အစိုးရသည် ဧရာဝတီ အပါအဝင်ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၏ ဝက်ဘ်ဆိုက် website များကို ထပ်မံ တိုက်ခိုက်ပြန်ပြီ ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလအတွင်း စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြည်ပအခြေစိုက် အင်တာနက် သတင်းဌာနများ၊ ဘလော့ဂါများ၊ ပြည်တွင်းအခြေစိုက် သတင်းထောက်များက မိနစ် မဆိုင်း သတင်းအချက် အလက်များနှင့်ဓာတ်ပုံများကို ထုတ်ပြန်ပေးခဲ့သည်။ ဤ ထုတ်ပြန်ချက်များကို အပြည်ပြည် ဆိုင်ရာသတင်း ဌာနကြီးများမှတဆင့် ကမ္ဘာ့လူထုက ကြည့်ရှုခွင့်ရခဲ့သည်။ ယခုအခါ စစ်အစိုးရက လက်စားချေ တုံ့ပြန်သည် ဟု ယူဆရသည်။

အင်္ဂါနေ့မှစ၍ မြန်မာပြည်တွင်းရှိ ဆက်သွယ်မှုနှုန်းများကို စစ်အစိုးရကလျှော့ချခဲ့သည်။ အင်တာနက်ကဖေး များကလည်း လုံခြုံမှုမရှိတော့၊ လာရောက်သုံးစွဲသူများအနေဖြင့် မှတ်ပုံတင်အစစ်ခံရပြီး ရဟန်းသံဃာတော် များဆိုလျှင် စစ်ထောက်လှမ်းရေးများက ရာဇာဝတ်သားသဖွယ်ပြုမှုဆက်ဆံကြောင်း သိရှိရသည်။

ဗုဒ္ဓဟူးနေ့မှစ၍ အမေရိကန်၊ ဂျပန်၊ မလေးရှားရှိ စာဖတ်ပရိသတ်များက ဧရာဝတီ ဝက်ဘ်ဆိုက်များသို့ ဝင်ရောက် ကြည့်ရှု၍ မရတော့ဟု အကြောင်းကြားလာသည်။ များမကြာမီ ဧရာဝတီ ဝက်ဘ်ဆိုက် သိုမှီးရာ ထိုင်းနိုင်ငံအခြေစိုက် အကြီးဆုံးဆာဘာဖြစ်သော I– NET က မိမိတို့ ဝက်ဘ်ဆိုက်ကို(DDoS)ဖြင့် တိုက်ခိုက် ခံရကြောင်း အကြောင်းကြားလာသည်။ နောက်ဆုံး မိမိတို့ဝက်ဘ်ဆိုက်ကိုဖြုတ်သိမ်းရန် I-NET က ဆုံးဖြတ် ခဲ့သည်။

မိမိတို့ဧရာဝတီ အရံဝက်ဘ်ဆိုက် mirror site ကိုလည်း ထပ်မံတိုက်ခိုက်လာရာ ဝက်ဘ်ဆိုက်သိုမှီးရာ အမေရိကန်ပြည်ထောင်စုအခြေစိုက် Singlehop အနေဖြင့် ဧရာဝတီဆိုက်ကို ဖြုတ်သိမ်းလိုက်ရသည်။ Singlehop က ယခုတိုက်ခိုက်မှုမှာ အင်မတန်မှအဆင့်မြင့်ကြောင်း ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ဆိုက်ဘာ စစ်ဆင်ရေးနည်းပညာများသင်ကြားရန် ရုရှနိုင်ငံသို့ ကျောင်းသားများ စေလွှတ်နေသည်မှာ လူအများအသိပင်ဖြစ်သည်။ ထို့အပြင်နိုင်ငံတကာရှိ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူ များကို ဈေးကြီးပေး၍ ငှားရမ်းအသုံးပြုကြောင်းလည်း ကြားသိနေရသည်။ ယင်းရာဇဝတ်ကျူးလွန်သူများမှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် ဥရောပနိုင်ငံများတွင် အခြေစိုက်သည်ဟု ယူဆရသည်။

စစ်အစိုးရအနေဖြင့် အနှစ်၂၀ ကြာပြီးနောက် ၎င်းတို့၏စစ်မြေပြင်ကို မြို့ပြလမ်းမများ၊ တောတွင်းတိုက်ပွဲများမှ ကွန်ပျူတာ အင်တာနက် ကွန်ယက်ထဲသို့လည်း ရွှေ့ပြောင်းလာခဲ့ပြီဖြစ်သည်။

သို့ရာတွင် ဧရာဝတီအပါအဝင် လွတ်လပ်သောသတင်းဌာနများအနေဖြင့် လက်မှိုင်ချအရှုံးပေးသွားမည် မဟုတ်ပေ။

စစ်အစိုးရ၏ ကြေးစားရာဇဝတ်သားများ အနေဖြင့် အင်တာနက် ဝက်ဘ်ဆိုက်ကွန်ယက် ထဲသို့ဝင်ရောက် ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်မည်ဖြစ်သော်လည်း မိမိတို့၏ သံန္နိဌာန်ကိုမူ ဖျက်ဆီး၍မရနိုင်ပေ။

ယခုအခါ ဧရာဝတီစာဖတ်ပရိတ်သတ်များအနေဖြင့် နေ့စဉ်ပုံမှန်ဖတ်ရှုနိုင်ရန်အတွက် ဧရာဝတီဘလော့ ကို ယာယီပြုလုပ်ထားပြီး ဖြစ်သည်။


အပြည့်အစုံ...>>

ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေး စစ်ဆေး

NEJ/ ၁၈ စက်တင်ဘာ ၂၀၀၈။        ။

ယမန်နေ့မှစ၍ ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေးဂိတ်များချပြီး စစ်ဆေးရေးပြုလုပ်နေသည့်ပြင် ရန်ကုန်မြို့ အထင်ကရ လမ်းမကြီးများပေါ်တွင် လုံခြုံရေးအဖွဲ့များ လူအုပ်နှိမ်နင်းရေး လေ့ကျင့်မှုများ လုပ်နေသည်။
ရန်ကုန်မြို့ခံတဦးက “ညက ကျနော် အောင်မင်္ဂလာ အဝေးပြေးဂိတ်ကနေ မြို့ထဲ ပြန်လာတယ်။ လမ်းမှာ မင်္ဂလာဒုံ ခရေပင်လမ်းဆုံ၊ (၈) မိုင်လမ်းဆုံ၊ ပြည်လမ်း (၆) မိုင်ခွဲ အိုင်ဘီစီ ရှေ့၊ လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီ အဝိုင်းထိပ်၊
ဗိုလ်ချုပ်လမ်း မီးရထားဟိုတယ်ရှေ့၊ ပုဇွန်တောင်ရဲစခန်းရှေ့ စတဲ့ (၇) နေရာမှာ ကားကို အကြိမ်ကြိမ် ရပ်ပြီး စစ်ဆေးတာ ခံရတယ်။ ဂိတ်တွေမှာ စစ်ဆေးတဲ့ ပုံစံက သံဆူးကြိုးတွေ ချထားတယ်။ အဲဒီမှာ ကားတစီးပြီးမှတစီး ဖြတ်ရတယ်။ 
ကားကို တံခါးဖွင့်ပြီး စစ်ဆေးတယ်။ ကားပေါ်ပါလာတဲ့ လူတွေကို မသင်္ကာရင်လည်း စစ်ဆေးတယ်။ လက်နှိပ်ဓာတ်မီးတွေနဲ့လည်း ထိုးတယ်။ ထူးခြားတာက စစ်ဆေးတဲ့ တချို့နေရာတွေမှာ လူပေါင်း (၃ဝ-၄ဝ) လောက် တောင် ရှိတယ်။ 
ရဲတွေ၊ အရန်မီးသတ်တွေ၊ ကြက်ခြေနီတွေနဲ့ ဘာမှန်းမသိရတဲ့ အရပ်ဝတ်တွေ အများကြီးကို စစ်ဆေးတဲ့နေရာတွေမှာ မြင်ရတယ်။ ဒီလို စစ်ဆေးတော့ လမ်းတွေ ပိတ်ကုန်ပြီး ကားတန်းတွေ အရှည်ကြီး ဖြစ်ကုန်တယ်” ဟု ပြောသည်။
အခြားမြို့ခံ ကုန်သည်တဦးကမူ အထက်ပါ နေရာများတွင်သာမက အခြား ရန်ကုန်မြို့ အနှံ့အပြားတွင် ယခုကဲ့သို့ ဂိတ်များဖွင့်ပြီး တပြိုင်နက်တည်း စစ်ဆေးနေသည်ကို တွေ့ရကြောင်း ပြောသည်။
ထို့အပြင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များသည် အခါအားလျော်စွာ လမ်းကိုပိတ်ဆို့ပြီး အဓိကရုဏ်း နှိမ်နင်းရေး လေ့ကျင့်ခန်းများလည်း လုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
စက်တင်ဘာ (၁၆) ရက်ည (၉) နာရီကျော် ဗိုလ်ချုပ်လမ်းနှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်တွင် လုံခြုံရေး တပ်ဖွဲ့များ လေ့ကျင့်နေသည်ကို မြင်တွေ့ခဲ့သူ တဦးက အဆိုပါ လေ့ကျင့်မှုတွင် ဒိုင်နာကားအရွယ် တရုတ်ပြည်လုပ် 
ရဲကား (၁ဝ) စီးကျော်၊ ဝိုင်ယာလက်မီးပါ နှစ်ခန်းတွဲ ရဲကား (၆) စီး၊ ဒိုင်နာကား (၅) စီးခန့် ပါဝင်ကြောင်း၊ ခန့်မှန်းခြေ ရဲတပ်ဖွဲ့ဝင် (၁ဝဝ) ခန့်နှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်ဟု ယူဆရသည့် အရပ်ဝတ် (၅ဝ-၆ဝ) ခန့် ပါဝင်ကြောင်း၊ လမ်းကိုပိတ်ပြီး 
လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ အုပ်စုလိုက် လူစုကို ဝိုင်းဝန်းဖမ်းဆီးခြင်း၊ လမ်းပေါ်တွင် မှောက်ခိုင်းထားခြင်း၊ တိုက်ခန်းပေါ် ပြေးတက်သူများကို လိုက်ဖမ်းခြင်း စသည်တို့ကို ငြာသံပေးပြီးလုပ်နေသည်ကို တွေ့ရကြောင်း ပြောသည်။
ယခုကဲ့သို့ ကားလမ်းပိတ်ပြီး လေ့ကျင့်နေသည်ကို နေ့ဘက်တွင်လည်း တွေ့မြင်ရကြောင်း ဦးဝိစာရလမ်းဘက်တွင် မြင်တွေ့ခဲ့ရသည့် တက္ကစီသမားတယောက်ကလည်း ပြောသည်။
သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့လှည့်လည်မှုကို နအဖစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာ (၂၆) တွင် သွေးမြေကျအောင် ပစ်ခတ်၊ ရိုက်နှက် နှိမ်နင်းခဲ့ပြီးသည့်နောက် ယခု ယင်းရက်မတိုင်မီ ရန်ကုန်မြို့တွင် အင်အားအလွန် အကျွံသုံးပြီး 
လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။
By NEJ

အပြည့်အစုံ...>>

နောက်တကြိမ် မုန်တိုင်းဝင်မည်ဆိုသည့် သတင်းကြောင့် လူအများထိတ်လန့်နေ


အောင်သက်ဝိုင်း | စက်တင်ဘာ ၁၇၊ ၂၀၀၈

ဧရာဝတီတိုင်းအတွင်း နောက်တကြိမ် မုန်တိုင်းဝင်မည်ဟူသောသတင်း ထွက်ပေါ်လာသဖြင့် ဒေသခံများမှာ ကြောက်လန့် တကြားဖြင့် ရန်ကုန်မြို့ပေါ်နှင့် ကုန်းတွင်းပိုင်းဒေသများသို့ ပြောင်းရွှေ့နေကြကြောင်း ကြားသိရသည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် မုန်တိုင်းဝင်မည်ဟူသော သတင်း ဖြစ်ပေါ်နေသဖြင့် ကွမ်းခြံ ကုန်း၊ ဟိုင်းကြီးကျွန်း ပြင်ခရိုင်၊ လပွတ္တာကျေးရွာများ၊ ဘိုကလေး နှင့် တခြားဧရာဝတီတိုင်း အတွင်းမှ ရွာအတော်များများရှိ လူအများ ထွက်ပြေးကြခြင်း ဖြစ်ကြောင်း ကြားသိရသည်။

အထူးသဖြင့် ကွမ်းခြံကုန်းဒေသတွင် ထိုသတင်းပျံ့နှံ့စွာ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တွင် မိုး ၆ ရက်ဆက်တိုက် သည်းထန်စွာ ရွာသွန်းနေသောကြောင့်လည်း ယခုကဲ့သို့ မုန်တိုင်းသတင်း ထွက်ပေါ်လာခြင်းကို ကြောက် လန့်နေကြခြင်း ဖြစ်သည်။

“မိုးလေဝသကို ဖုန်းဆက်မေးကြည့်တော့ မုန်တိုင်းမရှိပါဘူးလို့ ဖြေပါတယ်” ဟု ရန်ကုန် အခြေ စိုက် သတင်းထောက် တဦးကပြောသည်။ ကောလာဟလ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ် နေသောကြောင့် မြန်မာ့အသံကပင် မုန်တိုင်း မရှိကြောင်း ကြေညာပေးခဲ့သည် အထိ ဖြစ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“မုန်တိုင်း ဝင်မယ်မဝင်ဘူး ဆိုတာထက် လူတွေက လန့်နေကြတယ်။ အစိုးရက မုန်တိုင်း မဝင်ဘူး ဘယ်လောက်ပြောပြော မယုံကြတော့ဘူး” ဟု ကွမ်းခြံကုန်းဒေသခံ တဦးက ပြောသည်။

လပွတ္တာတဝိုက်ရှိ ရွာများမှ ပြန်လာသူတဦးကမူ ထိုဒေသတွင် မုန်တိုင်းသတင်း ဖြစ်ပေါ် နေသော်လည်း လူအများစုမှာ အစိုးရ၏ ကြေညာချက်ကို ဂရုမစိုက်ဘဲ အေးအေး သက်သာ နေထိုင်သွားလာလျှက်ရှိသည်ဟု ပြောပြသည်။

“သူတို့ကိုကြည့်ရတာ အားလုံးကိုမေ့ထားပုံရတယ်။ အစိုးရက ဘာပဲကြေညာ ကြေညာ ဂရုကို မစိုက်တဲ့ပုံပဲ။ နောက်တခါ မုန်တိုင်းလာမလား ဘာလားလည်း စိတ်ဝင်စားပုံမရဘူး” ဟု သူက ဆိုသည်။

နိုင်ငံပိုင်သတင်းစာများထဲတွင် ပါရှိသည့် မိုးလေ၀သသတင်းများ၌ အိန္ဒိယပင်လယ်ပြင်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသည့် အနေအထားများကို အသေးစိတ် ရှင်းပြထားကြောင်း တွေ့ရှိရသည်

အပြည့်အစုံ...>>

စစ်တွေတွင် စစ်သားများ ပီတီပြေး၍ အင်အာအားပြ

9/16/2008

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် စစ်သားများက (Practical Training)ပီတီ ပြေး၍ စစ်အင်အားကို ပြသကာ လူထုများအား ဆန္ဒမပြရအောင် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မျက်မြင် တဦးက “ အင်အားက ၂၀၀ ကျော် ၃၀၀ နီးပါးတောင် ပါမယ်ထင်ပါတယ်။ ညနေ ၃ နာရီဆိုရင် စစ်တွေက အဓိက လမ်းမတွေဖြစ်တဲ့ မေယုလမ်းတို့ လမ်းမကြီးတို့မှာ သူတို့ စလို့ ပြေးပါတယ်။” ဟု ပြောသည်။

၎င်းပြင် စစ်သားများက ပီတီ ပြေးစဉ်အတွင်း ဘယ်ညာဘယ်ညာ ဟု အော်သဖြင့် လမ်းသွား လမ်းလာများအတွက် အနှောင့်အယှက် ဖြစ်ရကြောင်းကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ သူတိုက ရိုးရိုးတန်းတန်း ပြေးတာ မဟုတ်ဘူးဗျ၊ အော်လည်း အော်သေးတယ်၊ ဘာလုပ်နေလဲ- လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ-- တိုက်ပွဲဝင်ဖို့။ ဘယ်သူ့အတွက်လဲ-- ပြည်သူအတွက်။ ဒါတွေလည်း ပါသေးတယ်။ မြို့ပြင်မှာ ဖြစ်ဖြစ် ဘော်လုံးကွင်း တခုခုမှာ ဖြစ်ဖြစ် လုပ်ရင် ရပေမယ့် မလုပ်ဘဲ မြို့ထဲမှာ လာလုပ်တော့ လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ စစ်တွေတွင် လုံခြုံရေးများ တိုးမြှင့်ချထားချိန်တွင် စစ်သားများက ယခုကဲ့သို့ ပီတီပြေးနေခြင်းမှာ လူထုများအား ဆန္ဒပြပွဲများတွင် မပါဝင်ရအောင် ခြိမ်းခြောက်လို၍ ဖြစ်သည်ဟု သူက ယခုကဲ့သို့ ပြောသည်။

“ ပြောရမယ်ဆိုရင်တော့ စစ်တွေ လူထုကို ခြိမ်းခြောက်လိုတဲ့အတွက် ခုလို အချိန်မျိုးမှာ သူတို့က ဒါတွေကို လုပ်တာပါ။ စစ်တွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်မယ်ဆိုပီး သတင်းတွေ ဖြစ်နေတဲ့အတွက် အာဏာပိုင်တွေက အင်အားပြပြီး ခြိမ်းခြောက်နေတာပါ။”

ရခိုင်ပြည်နယ် စစ်တွေတွင် လူထု အနေဖြင့် စစ်အစိုးရ ဆန့်ကျင်ရေး မလုပ်ရအောင် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။


အပြည့်အစုံ...>>

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသအချို့မှ မြေယာများကို စစ်အစိုးရက အဓမ္မသိမ်း

သွင်ဇော် / ၁၆ စက်တင်ဘာ ၂၀၀၈။   

၂၀၀၈ ခု မေလအတွင်းက နာဂစ်မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရသော ရန်ကုန်တိုင်း ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ အတွင်းရှိ ကျေးရွာပိုင် ကျွဲနွား စားကျက်ဧက (၁) ထောင်ကျော်ကို ရာဘာစိုက်ပျိုးရန် အထူးစီမံချက်ဖြင့်ဟုဆိုကာ စစ်အစိုးရက သိမ်းယူလိုက်သည်။

စစ်အစိုးရ သိမ်းယူသည့် ကျွဲနွားစားကျက်များမှာ ကိုလိုနီခေတ်ကတည်းက ဥပဒေဖြင့် ပြဋ္ဌာန်းကာကွယ်ထားခဲ့သည့် မြေယာများ ဖြစ်သည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများမှာ မိသားစုဝင်များ၊ အိုးအိမ်များနှင့် ၀မ်းစာစပါး များပါ မုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ရမူကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရသည်။

မသေမပျောက် ကျန်ခဲ့သည့် လက်ကျန်ကျွဲနွားများသည်လည်း ယခုကဲ့သို့ စားကျက်မြေများ အဓမ္မသိမ်းယူခံရမူကြောင့် အစာရေစာ ပြတ်လပ်မူနှင့် ကြုံတွေ့ နေရသည်။

“ကျနော်တို့ ရွာတ၀ိုက်မှာတင် ကျွဲနွားစားကျက်ဧက (၇၀၀) ကျော်ရှိတယ်လေ။ နာဂစ်မုန်တိုင်းကြောင့် ၀မ်းစာစပါးတွေ အကုန်လုံးလိုလို ပျက်စီးခဲ့ရပြီး ကျနော်တို့ မှာ စားစရာမရှိရတဲ့အထဲ အခုလို စားကျက်မြေတွေပါ အသိမ်းခံရတော့ ကျွဲစာ၊ နွားစာအတွက်ပါ အကြီးအကျယ် ဒုက္ခရောက်ရတော့တာပေါ့။ ကုမ္ပဏီကြီးတွေသာမက ဒေသအာဏာပိုင်တွေကလည်း စားကျက်မြေတွေကို နားလည်မူနဲ့ ဝေစုဝင်ယူပြီး လုပ်ကြတာပါပဲ။ သူတို့ သိမ်းယူလိုက်တဲ့ စားကျက်မြေတွေကို ခြံစည်းရိုး တွေကာလိုက်တော့ ကျနော်တို့ ဒေသခံတွေမှာ သွားရလာရတာတောင် မလွယ်တော့ဘူးဗျာ” ဟု ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ လယ်သမားကြီးတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းကလည်း သစ်တောဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ထားသော တွံတေးကုန်းတန်း ကြိုးဝိုင်းအပါအ၀င် လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း ကမ်းခြေတလျှောက်ရှိ မြေဧကပေါင်း (၂) ထောင်ကျော်ကို အမှတ် (၂၀၁၈) လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို ဖြန့်ကြက်ချထားနိုင်ရန် နအဖစစ်အစိုးရက သိမ်းယူခဲ့သည်။

နအဖစစ်အစိုးရသည် စစ်တပ်အင်အားတိုးချဲ့ပြီး စစ်စခန်းများ တည်ဆောက်ရန် အဓမ္မမြေယာသိမ်းယူခြင်းများကို မြန်မာပြည်အနှံ့  မကြာခဏပြုလုပ်ခဲ့သည်။ ထို့အပြင် ပျဉ်းမနားနေပြည်တော်တည်ဆောက်ရေးနှင့် အမြန်လမ်းမကြီးများ ဖောက်လုပ်ရန်အတွက်လည်းကောင်း၊ ကြက်ဆူ၊ ရာဘာ စသည့် နှစ်ရှည်သီးနှံများကို လက်ဝေခံကုမ္ပဏီကြီးများကို စိုက်ပျိုးခိုင်းရန်အတွက်လည်းကောင်း၂၀၀၀ ပြည့်လွန်နောက်ပိုင်း သဘာဝသစ်တောကြိုးဝိုင်းများအပါအ၀င် လယ်ယာ မြေနှင့် စားကျက်မြေဧရိယာ အမြောက်အမြားကို သိမ်းယူခဲ့သည်။


အပြည့်အစုံ...>>

မနီလာသိန်း ညှဉ်းပန်းနှိပ်စက်ခံနေရသည်ဟု AI အဖွဲ့ကပြော

 ဗထူး။ စက်တင်ဘာ ၁၅၊ ၂၀၀၈

မကြာသေးမီ ရက်ပိုင်းအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မနီလာသိန်းအား စစ်အစိုးရက နှိပ်စက်ညှဉ်းပန်းနေသည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI)က ပြီးခဲ့သည့် စနေနေ့က ထုတ်ပြန် ပြောဆိုလိုက်သည်။ 

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မနီလာသိန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး စစ်အစိုးရမှ လိုက်လံရှာဖွေနေမှုအား တနှစ်ကျော် ရှောင်တိန်းနေရာမှ ယခုလ (၁၀) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ 

မနီလာသိန်းအား အာဏာပိုင်များက အောင်သပြေစစ်ကြောရေးစခန်းတွင် စစ်ဆေးနေပြီး ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု (AI) ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ 

မြန်မာစစ်အစိုးရ သံအမတ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ယင်းကိစ္စနှင့်ပတ်သက် ၍  ညှဉ်းပန်းနှိပ်စက်မှုများကို ဥပဒေအရ တားမြစ်ထားပြီး ယခုကိစ္စနှင့်ပတ်သက်၍ ငြင်းဆို ခဲ့သည်။ 

ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများက ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး နောက်တလတွင် နိုင်ငံအဝှန်း သံဃာနှင့်ပြည်သူလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ရသည်။ 

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားများအား အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ပုဒ်မ မျိုးစုံတပ်ကာ ထောင်ချရန်အာဏာပိုင်များက ရုံးထုတ်စစ်ဆေးလျှက်ရှိရာ မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ဂျင်မီ(ခေါ်) ကိုကျော်မင်းယုလည်း ပါဝင်သည်။ 

မနီလာသိန်းသည် စတင်ထွက်ပြေးတိမ်းရှောင်စဉ် လသားအရွယ်ကလေးငယ်အား မိခင်ဖြစ်သူ နှင့်ထားခဲ့ပြီး ယခုဖမ်းဆီးချိန်တွင် စစ်အစိုးရက သူမအားမည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကို ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။ 

မနီလာသိန်းသည် ဒီမိုကရေစီလှုပ်ရှားမှုအတွက် နှစ်ကြိမ်အဖမ်းခံခဲ့ရပြီး (၁၉၉၆)ခုနှစ် ကျောင်းသားများလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် (၁၀)ပြစ်ဒဏ်ချမှတ်ထောင်ကျကာ (၂၀၀၅)ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။  

အပြည့်အစုံ...>>

ပြည်တွင်းကထောင်ဝန်ထမ်းတစ်ယောက်ပေးစာ

ရဲရင် (ကနေဒါ)မှရယူပါသည်။

အပြည့်အစုံ...>>

မြန်မာနိုင်ငံရေးတိုက်မှုမရှိသည့်အပေါ် ကုလသမဂ္ဂ စိတ်ပျက်

Agencies / ၁၂ စက်တင်ဘာ ၂၀၀၈။ ။

မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာသေးသဖြင့် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂဌာနချုပ်တွင် ယမန်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာစစ်အစိုးရအနေဖြင့် အများယုံကြည်လက်ခံပြီး အားလုံးပါဝင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တခု လုပ်ဆောင် ရန်နှင့် လူ့အခွင့်အရေးအခြေအနေတိုးတက်အောင် သိသာထင်ရှားသည့် ခြေလှမ်းများလှမ်းသည်ကို မြင်တွေ့ လိုကြောင်း အတွင်းရေးမှူးချုပ်က ပြောသည်။

မစ္စတာဘန်ကီမွန်းက “မြန်မာနိုင်ငံကိစ္စအပေါ်မှာ ခင်ဗျားတို့လိုပဲ ကျနော်လည်း စိုးရိမ်ပူပန်မိတယ်။ ပြီးတော့ လူတိုင်းလိုပဲ ကျနော်လည်း စိတ်ပျက်မိပါတယ်” ဟု ၀န်ခံပြောကြားသည်။

သို့သော် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်ကို မအောင် မြင်ဟုမမှတ်ယူကြောင်းနှင့် မအောင်မြင်ဟုယူဆပါက သံတမန်ရေးအရ ဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်း လိုက်မည်ဖြစ်ပြီး ထိုသို့ ရပ်လိုက်မှသာ မအောင်မြင်ဟု မှတ်ယူနိုင်မည်ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေကို ယမန်နေ့က လုံခြုံရေးကောင်စီ၌ အစီရင်ခံခဲ့သည့် မစ္စတာ ဂမ်ဘာရီ ကမူ ၎င်း၏ နောက်ဆုံးခရီးစဉ်၌ မျှော်လင့်ထားသလို သိသာထင်ရှားသည့် ရလဒ် မရရှိခဲ့သဖြင့် မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မစ္စတာဂမ်ဘာရီက “ကျနော်တို့ရဲ့ အဓိကစိုးရိမ်ပူပန်မှုတွေနဲ့ အကြံညဏ်တွေကို တုံ့ပြန်ပြီးတော့ သိသာ ထင်ရှားတဲ့ရလဒ်ရအောင် လုပ်ဖို့ဆိုတဲ့အချက်ဟာ မြန်မာအစိုးရအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပြီးတော့ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည့်တို့ တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်ဖို့ပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မတွေ့ဆုံခဲ့မှုသည် အားလုံးအတွက် စိတ်ပျက်စရာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏အမြင်ကို ယခင်ခရီးစဉ်များအတွင်းက ရခဲ့သကဲ့သို့ ယခု အသေအချာမသိရှိခဲ့ရကြောင်း၊ အခွင့်အရေး အမြန်ရသည်နှင့် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာဂမ်ဘာရီက ပြောသည်။

အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် မစ္စတာ ဇလ်မေခါလီဇတ်ကမူ လုံခြုံရေးကောင်စီအနေဖြင့် မစ္စတာဂမ်ဘာရီ ဦးဆောင်ပြီး ဆောင်ရွက်နေသည့် ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်နေမှုကို ပြန်လည်ဆန်း စစ်သင့်ကြောင်းနှင့် မြန်မာစစ်အစိုးရဆီမှ ရလဒ်များထွက်ပေါ်လာအောင် ဖိအားပေးရမည်ဟု ယမန်နေ့ လုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးပွဲ၌ ပြောသည်။

မစ္စတာ ခါလီဇတ်က “ စစ်အစိုးရက နိုင်ငံတကာအသိုင်းအ၀န်းကို အာခံနေတယ်။ ဘယ်နည်းလမ်းဟာ ပိုပြီးတော့ ထိရောက်မယ်ဆိုတာ ကျနော်တို့ ဆွေးနွေးငြင်းခုန်မှုတွေ လုပ်သင့်တယ်လို့ ကျနော်တို့ ယုံကြည် တယ်”ဟုပြောသည်။

ဗြိတိသျှ သံအမတ်ကြီး ဂျွန်ဆာဝါးစ်ကလည်း အမေရိကန်သံအမတ်၏ ပြောကြားချက်ကို သဘောတူကြောင်း ပြောကြားပြီး ဒီမိုကရေစီရေးတိုးတက်အောင် တောင်းဆိုနေမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုနေမှုတို့အား ငြင်းဆန်နေသည့် မြန်မာအစိုးရကို ဖိအားပိုမို ပေးကြရန် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က တောင်းဆိုသည်။

မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေး တို့အတွက် ဆောင်ရွက်မှုများကို လက်လျှော့မည်မဟုတ်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ကုလသမဂ္ဂ သံအမတ်ကြီးများပါဝင်သည့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ယနေ့တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် မြန်မာနိုင်ငံအပေါ် သြဇာရှိသည့်နိုင်ငံများနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်၍ တတ်နိုင်သလောက် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

အပြည့်အစုံ...>>

ဒေါ်စု တောင်းဆိုသည့် ကန့်သတ်ချက် တချို့ကို အာဏာပိုင်များ လျှော့ချပေး

ကိုထွေး | စက်တင်ဘာ ၁၂၊ ၂၀၀၈

နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ ယမန်နေ့က အချိန် ၂နာရီခန့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တင်းကျပ်မှုတချို့ကို လျော့ချပေးလိုက်ကြောင်း ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော စာဖတ်ခွင့်အတွက် တိုင်းမဂ္ဂဇင်း (Time magazine)၊ နယူးစ်ဝိခ် မဂ္ဂဇင်း (Newsweek magazine) စသည့် နိုင်ငံတကာ မဂ္ဂဇင်း ကြီးများနှင့် မြန်မာသတင်းစာများကို မှာယူဖတ်ရှုခွင့်ပြုခြင်း၊ နိုင်ငံရပ်ခြားရှိ ၎င်း၏ သားထံမှ ပေးပို့စာကိုဖတ်ရှုခွင့်ပြုခြင်းနှင့် အကန့်အသတ်ခံနေရသော အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား လွတ်လပ်စွာ ပြင်ပသို့ သွားလာခွင့်ပြုခြင်းတို့ကို အာဏာပိုင်များက ခွင့်ပြုလိုက်သည်ဟု ဦးကြည်ဝင်းက ပြောပြသည်။    

“မနေ့ကတော့ အပြုသဘောဆောင်တဲ့လက္ခဏာ တွေ့ရပါတယ်၊ ပထမဆုံးအနေနဲ့ ဒေါ်စုက သူ့သားရေးတဲ့ စာတွေကို လက်ခံမရတာ ကြာပါပြီ၊ ဘယ်လောက်ကြာပြီလဲ ဆိုတာ ကျနော် မသိဘူး၊ အဲဒါကို စာရေးပြီး အထူး သတင်းတပ်ဖွဲ့ကို မေတ္တာရပ်ခံထား တယ်၊ အဲဒါတွေက တားဆီးမိန့်ထဲမှာ မပါဘူး၊ တချို့ဘယ်လောက်ထိ ပြောသလဲဆို အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ထောင်သားတွေတောင်မှ အဲဒီလောက် ကန့်သတ်မှုမရှိဘူး၊ အခု ခွင့်ပြုတယ်၊ ဒေါ်စုလည်း တော်တော်ပျော်သွားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့စဉ်ပေးပို့နေသောဈေးခြင်းကို ငြင်းပယ်ထားရာမှ ပြန်လည် လက်ခံလာဖွယ်ရှိ ကြောင်း၊ လာမည့်တနင်္ဂနွေနေ့တွင် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံ၍ ကျန်းမာရေး စစ်ဆေး မည်ဖြစ်ကြောင်းနှင့် ဒေါက်တာ တင်မျိုးဝင်းက ၎င်း၏ သားထံမှ စာကို ယူဆောင်လာမည်ဖြစ်ကြောင်းလည်း ဦးကြည်ဝင်းက ဆိုသည်။

“အဲဒီ စာတွေကို ဒေါက်တာ တင်မျိုးဝင်းနဲ့ ထည့်ပေးမယ်တဲ့၊ နောက်တခုကတော့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိ တားဆီးမိန့် အကျုံးမ၀င် လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့်ကိုလည်း စာရေးမေတ္တာ ရပ်ခံထားတာ ခွင့်ပြုတယ်၊ ဒါပေမယ့် မိမိဘက်က လုပ်ထားတာကတော့ မြို့ထဲသွားရင် ဒေါ်စုအိမ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ သတင်းတပ်ဖွဲ့မှာ ရှာဖွေခံဖို့ လုပ်ထားတာ ရှိပါ တယ်၊ အပြင်က ပြန်လာရင်လည်း အလားတူပါပဲ၊ မူလအခွင့်အရေးလည်း မထိခိုက် လုံခြုံမှုလည်း ဖြစ်သလို စိတ်ချလက်ချ လည်း ဖြစ်သွားတာပေါ့၊ စောစောကပြောတဲ့ ဆရာတင်မျိုးဝင်းနဲ့ တနင်္ဂနွေနေ့ ကျန်းမာရေးစစ်ဆေးရန် အတွက်လည်း အစီအစဉ်လုပ်ထားပြီး ဖြစ်တယ်။ အဲဒါပြီးရင် ဦးမြင့်စိုးရဲ့ ဈေးခြင်းတောင်းနဲ့ ပတ်သက်တဲ့ကိစ္စကိုလည်း ဆရာတင်မျိုးဝင်း ဆောင်ရွက်သွားပါလိမ့်မယ်၊ တနင်္ဂနွေနောက်ပိုင်း ဈေးခြင်းပြန် လက်ခံ မယ့် သဘောပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ရာတွင် ၎င်းအား လိုက်ပါပို့ဆောင်ခဲ့သော ဒု သတင်းတပ်ဖွဲ့မှူး ဦးဝင်းနိုင်ထွန်းက ဒေါ်ခင်ခင်ဝင်း၏ သမီးကျန်းမာရေးနှင့် ပတ်သက်၍ နေကောင်းလာပြီ ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် အနည်းငယ် ကျန်ရှိနေသေးကြောင်း ပြောပြသည်ဟု ဦးကြည်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစာငတ်ခံ ဆန္ဒပြသည့် သတင်းနှင့် ကျန်းမာရေး အခြေအနေတို့နှင့် ပတ်သက်၍ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက လာမည့် တနင်္ဂနွေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေး စစ်ဆေးပြီးနောက် ပြောဆိုမည်ဖြစ်ကြောင်းလည်း ဦးကြည်ဝင်းက ပြောသည်။

အာဏာပိုင်များဘက်မှ ကမ်းလှမ်းချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် လာမည့် ၁၅ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်းလည်း သိရသည်။

“အာဏာပိုင်တွေက ဦးအောင်ကြည်နဲ့ ၁၅ ရက်နေ့ဘယ်အချိန်မှာ တွေ့နိုင်မလဲလို့ ကျနော်ကနေတဆင့် မေးခိုင်းလိုက် ပါတယ်။ ဒေါ်စုက တွေ့ချင်ပါတယ်တဲ့၊ နှုတ်ဆက်လိုက်ပါတယ်လို့လည်း ပြောပါတယ်၊ အရင်တခေါက်ကလို မဟုတ်ဘူး၊ ဒေါက်တာတင်မျိုးဝင်းနဲ့ ကျန်းမာ ရေးစစ်ဆေးမှု အခြေအနေပေါ်မူတည်ပြီး တွေ့ဆုံပါလိမ့်မယ်”ဟု ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရမှုနှင့် ပတ်သက်သည့် အယူခံလွှာမူကြမ်းကိုလည်း အတည်ပြုရေး ဆွေးနွေးခဲ့ပြီး မူချောအဖြစ်ပြင်ဆင်ပြီးပါက သတင်းတပ်ဖွဲ့ထံ ခွင့်ပြုချက်ယူ၍ ဒေါ်အောင် ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံ မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ကျနော်ကတော့ ဘယ်လို ပြောရမှန်းတောင် မသိဘူး၊ အတော်လေး ၀မ်းသာတယ်၊ မနေ့က တွေ့ဆုံမှုက နှစ်ဘက်စလုံး အတွက် ကောင်းတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သိပ်ပြီး တင်းကျပ်တယ်ဆိုတဲ့ပုံရိပ်လွှာကြီးက ပြောင်းလဲသွားတဲ့ သဘော လူလိုသူလို ဆက်ဆံတယ်ဆိုတဲ့ သဘောပေါ့၊ ၀မ်းသာတယ်ဗျာ၊ ရှေ့အလားအလာ ကတော့ လူတွေအပေါ်မှာ အများကြီး မူတည်ပါတယ်”ဟုလည်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူလူထု၏ စိုးရိမ်မှုကို ကြားသိရ၍ ၎င်းအနေဖြင့် သဘောပေါက်ကြောင်း ပြောကြားခဲ့ သည်ဟုလည်း ၎င်းက ဆိုသည်။

ရှေ့နေကြီး ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခု စတုတ္ထအကြိမ် မတွေ့ဆုံမီနှင့် တွေ့ဆုံပြီးချိန်များ တွင် စစ်အစိုးရ ဘက်မှ ဒု ရှေ့နေချုပ် ဦးမြင့်နိုင်၊ နေပြည်တော်မှ သတင်းတပ်ဖွဲ့မှူး ဦးတင်သိန်းတို့ နှင့် တွေ့ဆုံရ ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပြင်ပ အစားအစာ လက်မခံခြင်းသည် စစ်အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင် ချက်များကို ကန့်ကွက်သည့်အနေဖြင့် ဖြစ်ကြောင်း ပြီးခဲ့သည့် စင်တင်ဘာ ၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ဆက်လက်၍ မတရားဖမ်းဆီးထားခြင်း၊ စတင်ထိန်းသိမ်း စဉ်က ဆရာဝန်နှင့် တလတကြိမ် ကျန်းမာရေးစစ်ဆေးခွင့်မည်ဆိုသည့် ကတိ ပျက်ကွက်ခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ရှောက်နေသော ဒေါ်ခင်ခင်ဝင်းသားအမိအား ကန့်သတ်မှုများပြုနေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည့် အနေဖြင့် နေ့စဉ်ပုံမှန် ပေးပို့နေသော ဈေးခြင်းကို လက်မခံရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဆက်သွယ်ရေး အသုံးပြုရန်အာဏာပိုင်များကို တောင်းဆိုထားကြောင်းလည်း အန်အယ်လ်ဒီ အသိုင်းအ၀န်းမှ ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။ 

အပြည့်အစုံ...>>

တွံတေးဈေးကြီးမီးလောင်၊ သိန်းထောင်ချီ ဆုံးရှုံးမည်မှန်း

NEJ / ၁၁ စက်တင်ဘာ ၂၀၀၈


ရန်ကုန်တိုင်း တွံတွေးမြို့ ဈေးသစ်ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၂၄၅) ခန်း မီးထဲပါသွားသည်ဟု တွံတေးမြို့နယ် စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့် အင်္ဂါနေ့ည (၁၀) နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး သန်းခေါင်ကျော်မှ မီးငြိမ်းသွားကြောင်း၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ရန်ကုန်မှ မီးသတ်ကားများလည်း မီးငြိမ်းတော့မည့် အချိန်၌ ရောက်လာရှိလာကာ မီးကြွင်း မီးကျန်များကို ငြိမ်းသတ်ခဲ့ကြကြောင်း မြို့ခံတို့က ပြောသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏ တန်ဖိုး ကျပ်သိန်း ထောင်ဂဏန်းရှိမည်ဟု မြို့ခံတို့က မှန်းသည်။
ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်က ပြောကြားပြီး ဈေးဆိုင်ပိတ်ချိန်တွင် ဆိုင်လုံခြုံရေးအတွက် ညမီးလုံးထွန်းထားခဲ့ရာမှ ၀ါယာရှော့ခ်ဖြစ်ပြီး မီးစလောင်ခြင်းဖြစ်သည်ဟု မြို့ခံတို့ က ပြောသည်။
ဈေးရှေ့နေထိုင်သည့် တွံတေးမြို့ခံတဦးက “မီးသတ်ကားကလည်းပျက်၊ ရေကလည်းမလာတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတာပေါ့။ ဆိုင်ခန်းတွေ တ၀က်လောက်တော့ ပါသွားတယ်။ ဆိုင်ခန်းလေးတွေနဲ့ တွက်မယ်ဆိုရင်တော့ ရာနဲ့ချီပြီးရှိလိမ့်မယ်။ ဈေးရဲ့ ညာဘက်ခြမ်းပေါ့၊ အဲမှာ ဆေးဆိုင်ရှိတယ်။ အထည်ဆိုင် ရှိတယ်။ ရွှေပန်းတိမ်ဆိုင် ရှိတယ်။ ငှက်ပျောဆိုင် ရှိတယ်။ သံဆိုင် ရှိတယ်။ လျှပ်စစ်ပစ္စည်း ရှိတယ်။ အလှကုန်တွေလည်း ရှိတယ်။ ပျက်စီးဆုံးရှုံးတာကတော့ တဆိုင်ကို သိန်း (၅၀)၊ (၁၀၀)၊ (၅၀၀) အထိ ဆုံးရှုံးတဲ့သူတွေ ရှိတယ်” ဟု ပြောသည်။
ဈေးအတွင်းအထည်အလိပ် ရောင်းသူဆိုင်ရှင်တဦးက “ဆိုင်ခန်းဖောက်မှာ၊ ခိုးမှာကြောက်တာနဲ့ လူတွေက စိုးရိမ်နေကြတယ်။ ညဘက်အိမ်ကိုပြန်ရင် ဆိုင်မှာ လူကျန်နေသေးတယ်ဆိုတာမျိုး မီးလုံးကို မပိတ်ဘဲ ထားခဲ့တာ၊ တော်တော်များများ အဲ့လိုပဲလုပ်ကြတာ။ ဒါပေမယ့် မီးက ညတိုင်းရတာလည်း မဟုတ်ပါဘူး။ ၀ါယာကြိုးတွေက နာဂစ်ပြီးကတည်းက ပြန်တပ်ထားတာတွေ သေသေသပ်သပ် မရှိတာလည်းပါတယ်။ ဆိုင်ရှင်တဦးတည်း အပြစ်ကြောင့် မီးလောင်မှုဖြစ်တာ မဟုတ်ဘူး” ဟု ပြောသည်။
၂၀၀၈ ခု သြဂုတ်လအတွင်း မြန်မာနိုင်ငံ၌ မီးလောင်မှု (၂၄) ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း (၁,၁၀၀) ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ ရန်ကုန်တိုင်း၌ မီးလောင်မှု အကြိမ်အများဆုံးဖြစ်ပွားခဲ့ကြောင်း စစ်အစိုးရက သတင်း ထုတ်ပြန်ထားသည်။

အပြည့်အစုံ...>>

လူသတ်မှု ထပ်မံဖြစ်ပွား

အေးချမ်းမြေ့ | စက်တင်ဘာ ၁၀၊ ၂၀၀၈


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းတွင် အသက် ၂၉ နှစ်ဝန်းကျင် အမျိုးသားတဦး မနေ့ည ၈ နာရီခန့်က အသတ်ခံခဲ့ ရကြောင်း ဒေသခံတဦးကပြောသည်။

“သူနဲ့အတူ အမျိုးသမီးတယောက်ပါတယ်။ အမျိုးသမီးကို ဘာမှမလုပ်သွားဘူး။ သတ်သွားတဲ့သူက ၄ ယောက်တဲ့။ ဘယ်သူ တွေဆိုတာ အဲဒီအမျိုးသမီးက မြင်လိုက်တယ်” ဟု သူက ပြောသည်။

၎င်း လူသတ်မှုမှာ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်၊ ပျံကျဈေးငယ် တခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် သွားသည့် လူသတ်သမားများကို ဖမ်းမမိသေးကြောင်း သိရသည်။

“လည်ပင်းမှာ ဓားဒဏ်ရာနဲ့ သေသွားတာ။ ကျနော်ရောက်သွားတော့ အလောင်းကို ဆိုက်ကားနဲ့တင်ပြီး သယ်သွားပြီ” ဟု လှိုင်သာယာ ၉ ရပ်ကွက်နေ မျက်မြင်တဦးက ပြောသည်။

မကြာသေးမီကလည်း လှိုင်သာယာမြို့နယ်အတွင်းတွင်ပင် ဓားပြမှုတခု ဖြစ်ပွားခဲ့သေးကြောင်း ယင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။

“ဒေးဒရဲက မုန်တိုင်းမိပြီးပြောင်းလာတဲ့ သူတွေကို သတင်းရလို့ ဝင်တိုက်တာ။ လူတွေ ဘာမှ မဖြစ်ပေမယ့် ရွှေ ၂၀ သား လောက် ပါသွားတယ်” ဟု ထို ရဲအရာရှိကပြောသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း၌ လှိုင်သာယာမြို့နယ်အတွင်းတွင် လစဉ် ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှု စသည့် အမှုသေး ၃၀ ကျော်ခန့် ရှိနေကြောင်း ၎င်း ရဲအရာရှိက ပြောသည်။

“ကျနော့်အိမ်ငှားတွေနေတဲ့ အိမ်လည်း အဖောက်ခံလိုက်ရတယ်။ မကြာသေးဘူး။ သူတို့က အိမ်ငှားပြီး ပစ္စည်းတွေပဲ အရင် ထားထားတာ။ ခု အကုန်ပါသွားပြီ။ ရေအိုးပါ မကျန်ခဲ့ဘူး” ဟု လှိုင်သာယာ

မြို့နယ်အတွင်း အိမ်ခန်းများဝယ်ယူကာ ငှားစား နေသူ အိမ်ရှင်တဦးက ပြောပြသည်။

ရန်ကုန်မြို့တွင်းတွင် ယခုနောက်ပိုင်း ရာဇဝတ်မှုခင်းများထူပြောလာပြီး အထူးသဖြင့် လူသတ်မှုများ ဆက်တိုက်ဆိုသလိုဖြစ် ပွားလာကြောင်း ရန်ကုန်မြို့နယ်အတွင်းရှိ ရဲဌာနတခုမှ ရဲအရာရှိတဦးက ပြောသည်။

ယခင်အပတ်ကလည်း ၃၇ လမ်း အထက်ဘလော့တွင် လူသတ်မှုတမှု ဖြစ်ပွားခဲ့သေး သည်။ သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ်ရှိ မြို့နယ်အခွန်ဦးစီးမှူး တဦးဖြစ်ပြီး ၎င်း၏ တိုက်ခန်းတွင် တဦးတည်း နေထိုင်သူဖြစ်သည်။

၎င်းမှာ လိင်တူဆက်ဆံသူ တဦးဖြစ်ပြီး အကြောင်းသိတဦးဦးက ပစ္စည်းလိုချင်သောကြောင့် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ရဲက သုံးသပ်သည်။ တရားခံကို ယခုထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

မကြာသေးမီက သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လင်မယား ၂ ဦးကို သတ်ဖြတ်သွားသည့်အမှုမှာ တရားခံတဦး သာ ဖမ်းဆီးရမိသေးကြောင်း ပြည်တွင်း အပတ်စဉ် သတင်းဌာနများတွင် ဖော်ပြထားသည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်းမှ ဖြစ်ပွားခဲ့သည့် လှည်းတန်းဈေးအတွင်း စောင့်အိပ်နေသော အဘွားအိုတဦးအား သတ်ကာ ငွေ ကျပ် ၃ သိန်း ယူဆောင်သွားသော အမှုအတွက်မူ ယခုအခါ 

တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ဝိကလီး အလဲဗင်း ဂျာနယ်တွင် ရေးသားထားသည်။

၂၀၀၈ နှစ်ဦးပိုင်းကဖြစ်ပွားခဲ့သည့် အင်းလျားလမ်း ၅ လောင်းပြိုင်လူသတ်မှု၏ တရားခံကိုမူ ဖမ်းမိခြင်းမရှိသေးပေ။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်းတွင် ရန်ကုန်မြို့နယ်အတွင်း ရာဇဝတ်မှုခင်း အကြီးအသေးများ များစွာဖြစ်ပွားလျှက် ရှိသည်ကို ကြားသိရကြောင်း ရန်ကုန်အခြေစိုက် သတင်း သမား တဦးကပြောပြသည်။

“ကျနော်တို့ရပ်ကွက်ထဲမှာဆို တိုက်ခန်းအောက်လှေခါး သော့မခတ်ထားတဲ့ တိုက်ကို ရဲက ဘာဖြစ်ဖြစ် တာဝန်မယူဘူးလို့ ပြောထားတယ်” ဟု ၎င်း သတင်းသမားက ပြောပြသည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း ရန်ကုန်မြို့ပေါ်တွင် လုယက်မှုနှင့် ခါးပိုက်နှိုက် မှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွား လာပြီး အထူးသဖြင့် ဈေးများအတွင်းနှင့် ဆင်ခြေဖုံး ရပ်ကွက်များ အတွင်း ပိုမို များပြားလာကြောင်း ရဲအရာရှိတဦးက သုံးသပ်သည်။

အပြည့်အစုံ...>>

ရန်ကုန်မြို့မှ ၀တ်ကောင်းစားလှဝတ် သူတောင်းစားများ

ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှားပါးခြင်းနှင့်ငွေကြေးဖောင်းပ
မှုများကြောင့် သူတောင်းစားမဟုတ်ဘဲ ၀တ်ကောင်းစားလှဖြင့် တောင်းရမ်း သူများ များပြားလာသည်။ ယခုနောက်ပိုင်းတွင် ပုံစံပြောင်းကာ ယခုကဲ့သို့ တဦးချင်း ချဉ်းကပ် တောင်းရမ်းမှုများ လုပ်လာခြင်းဖြစ်သည်။ ပုံစံအမျိုးမျိုးနှင့်တောင်းရမ်းမှုများတွင် အများစုမှာ ကလေးများ ကို အသုံးပြုလျှက်ရှိသည်ကိုတွေ့ရသည်။

ဓါတ်ပုံ-အင်တာနက် (ရန်ကုန်မြို့တွင်ဝတ်ကောင်းစားကောင်းဖြင့်တောင်းရမ်းနေပုံ) 

အဆိုပါကလေးငယ်အများစုမှာ ဈေးရောင်းချနေသည့်ပုံစံဖြင့် လိုက်လံတောင်းရမ်းခြင်းများကို ပြုလုပ်နေပြီး အချို့သော လူကြီးပိုင်းများမှာ ကားမှတ်တိုင်များနှင့်လူစည်ကားသောနေရာများတွင် မိမိ၏ပိုက်ဆံအိတ်မှာ ခါးပိုက်နှိက်ခံရကြောင်းပြောပြီး ဘာမျှမရှိသောပိုက်ဆံအိတ်ကို ပြလျှက် အိမ်ပြန်စရာကားခမရှိသဖြင့် ကားခကူညီပေးပါရန် ပြောကြားပြီး ပြန်ရမည်ခရီးမှာ သံလျှင်၊ လှိုင်သာယာ၊ ရွှေပြည်သာ စသောဝေးလံသည့် လိုင်းကားစီးလျှင်ကားခ ၃၀၀၊၄၀၀ ခန့် ကုန်ကျသော နေရာများကို ပြောတတ်ကြပြီးတောင်းရမ်းခြင်းများပြုလျှက်ရှိသည်။

ထိုသို့တောင်းရမ်းမှုများကိုပြုလုပ်နေသူအများစုမှာ လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြသည်။ အချို့သော သက်ကြီးပိုင်းများ မှာ လမ်းဘေးပလက်ဖောင်းများပေါ်တွင်ထိုင်လျှက် ခေါင်းကို အောက်စိုက်ပြီး တောင်းရမ်းခြင်းများ ပြုလုပ်ကြသလို့ အချို့သောအသက်၃၀ကျော်အမျိုးသမီးများမှာ ကလေးကိုချီလျက် တောင်းရမ်းလျှက်ရှိသည်။ အချို့မှာ ကလေးကို ချီထားသောကလေးအပြင် လမ်းလျှောက်နိုင်သောကလေးပါ ပါတတ်ကြသေးသည်။

အသက် ၅ နှစ်မှ ၁၅ နှစ်ခန့် ရှိသော ကလေးအများစုမှာလည်း လူစည်ကားသည့်နေရာများ၊ ဘုရားများနှင့် ရန်ကုန်မြစ်ကမ်းဘေး တစ်လျှောက်ရှိ ညနေပိုင်းတွင် လေညင်းခံနိုင်သောနေရာများတွင် မပေးမခြင်းဘေးမှာ မခွာဘဲ တောင်းရမ်းလျက်ရှိသည်။ ၄င်းတို့၏ အဓိကပစ်မှတ်မှာ သမီးရည်းစား အတွဲများ ဖြစ်သည်။

သတင်းစာသား(ဒဂုံနက်)

အပြည့်အစုံ...>>

လှည်းတန်းလမ်းစုံအနီးတွင် မထသ လိုင်းကား ဂက်စ်အိုးပေါက်

ကိုသက် | စက်တင်ဘာ ၉၊ ၂၀၀၈

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဆူးလေနှင့် အင်းစိန်ကို ပြေးဆွဲလျက်ရှိ သည့် မထသ လိုင်းအမှတ် ၄၅၊ မော်တော်ယာဉ်အမှတ် ၄ခ/ ၅၄၈၁ ဟီးနိုးကား ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားရာ စပယ်ယာ အပါအ၀င် ခရီးသည်တဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး မော်တော်ယာဉ်လည်း အများအပြား ပျက်စီးသွားသည်ဟု မျက်မြင် သက်သေတဦးက ဧရာဝတီကို ပြောသည်။


ဂက်စ်အိုးပေါက်ကွဲ၍ မထသ လိုင်းကား မီးလောင်နေစဉ်

“ခရီးသည်တယောက်နဲ့ စပယ်ယာကို လူနာတင်ကားနဲ့သယ်သွားတာတွေ့တယ်။ ကားကတော့ မီးလောင်ပျက်စီးသွားတာ ပေါ့။ အခုတော့ လမ်းရှင်းသွားပါပြီ။ အခုနတော့ ပြည်လမ်းကို နာရီဝက်၊ တနာရီလောက် ပိတ်လိုက်ရတာပေါ့” ဟု မျက်မြင် သက်သေက ပြောသည်။

အခင်းဖြစ်ပွားသည့် နံနက် ၁၁ နာရီဝန်းကျင်သည် ဘတ်စ်ကားစီးခရီးသည် နည်းသည့်အချိန်ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရမှု နည်းသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အတည်မပြုနိုင်သေးသည့်သတင်းများက မော်တော်ယာဉ် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် လူ ၂ ဦး ပွဲချင်းပြီးသေဆုံးသည်ဟု ဆိုသည်

အပြည့်အစုံ...>>

ကုလသမဂ္ဂတာဝန်ပေးသည့်အတိုင်း လုပ်ဆောင်ရန် မစ္စတာဂမ်ဘာရီအား တိုင်းရင်းသားနှင့်ဝါရင့်အဖွဲ့ တိုက်တွန်း

NEJ/ ၈ စက်တင်ဘာ ၂၀၀၈။       

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်များအတွင်း ယခုတိုင် သိသာထင်ရှားသည့် ရလဒ်တစုံတရာကို မဖော်ထုတ်နိုင်ခဲ့သဖြင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် ကုလသမဂ္ဂက ပေးအပ်ထားသည့် လုပ်ပိုင် ခွင့်နှင့်အညီ မလုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့(UNA) က ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ စက်တင်ဘာ (၈) ရက် နေ့စွဲဖြင့် ပေးပို့သည့် UNA ၏ စာတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါစာတွင် ကုလသမဂ္ဂ အထူးအကြံပေးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ အကြံပြုတင်ပြထားခြင်းဖြစ်ပြီး ဂမ်ဘာရီသည် နအဖ၏ ၂၀၁၀ ခုတွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုမည့်အစား မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် ၎င်းအား တာဝန်ပေးထားသည့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အတိုင်း ပြုမှုလုပ်ဆောင်ရန် တာဝန် ရှိသည်ဟုလည်း ဖော်ပြထားသည်။

၂၀၀၅ ခုမှစ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ (၆) ကြိမ် ရောက်ရှိခဲ့ပြီး အစိုးရအာဏာပိုင်များ၊ ၎င်းတို့နှင့်ဆက်နွယ်နေသည့် အဖွဲ့အစည်းများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို တွေ့ဆုံခဲ့ခြင်းမရှိဟုလည်း စာတွင်ဖော်ပြထားသည်။

ထို့ကြောင့် UNA ၏ သဘောထားကို အသိပေးရန် စာပို့ရခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်သည့် ဇိုမီးအမျိုးသား ကွန်ဂရက်ဥက္ကဋ္ဌ၊ စီအာပီပီအဖွဲ့ဝင် ပူကျင့်ရှင်းထန်က ပြောသည်။

၎င်းက “ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေစုပေါင်းနေထိုင်တဲ့ တိုင်းပြည်ဖြစ်နေတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လာညှိတဲ့အချိန်အခါမှာ ဒီလူတွေရဲ့သဘောထားကို ဘာလို့ မမေး တာလဲ။ အဲဒါတွေ့ဖို့ကောင်းတယ်၊ ပါတီအနေနဲ့ ပယ်ဖျက်ပြီးသား ပါတီတွေပါပေမယ့် တရားဝင်ပါတီ (၂) ပါတီ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ရှမ်းပါတီရှိသေးတယ်။ အဲဒါကို ချန်ထားပြီး မတွေ့တော့ ကျနော်တို့ကို ကိုယ်စားပြုတဲ့ ပြည်သူလူထုက မပါဘူးလိုဖြစ်နေတော့ အဲဒါ သူတို့က သိသွားရင် အကြံဥာဏ်ထုတ်တဲ့နေရာမှာ၊ လာပြီးတော့ ဖျန်ဖြေတဲ့နေရာမှာ ပိုပြီးတော့ လွယ်မလား ဆိုတဲ့အနေနဲ့ ပို့တာပါ။ စာကော်ပီကို မစ္စတာဂမ်ဘာရီကိုလည်း ပေးထားပါတယ်။ ယူအန်က မင်းဒိတ်ရတဲ့ အတိုင်း လုပ်မလာဘူးဆိုတဲ့သဘောပါ” ဟုပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စ ကိုင်တွယ်ဖြေရှင်းပေးရန် သြဂုတ် (၁၈) ရက်မှ (၂၃) ရက်အထိ (၆) ရက်တာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် စစ်အစိုးရ၀န်ကြီးအချို့၊ အန်အယ်လ်ဒီ စီအီးစီအဖွဲ့၊ အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး နအဖနှင့်တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ကျွမ်းကျင်မှု အကူအညီပေးရေး ပြောကြားခဲ့သည်ဟု သိရသည်။

“ကျနော်တို့ ယူဆတာကတော့ အခုလို မကျေနပ်တဲ့အကြောင်းတွေ တဖွဖွပြောပေမယ့် တကယ်တော့ လုံခြုံရေး ကောင်စီတို့၊ ယူအန်တို့ကနေပြီးတော့ သူလုံလောက်တဲ့ ပါဝါကို ဂမ်ဘာရီကို မပေးလို့ သူမလုပ်နိုင်တာလား။ သူလိုအပ်တာကို ယူအန်အစည်းအဝေးကပဲ ဖြစ်ဖြစ်၊ လုံခြုံရေးကောင်စီကပဲဖြစ်ဖြစ် သိလိမ့်မယ်ဆိုပြီးတော့ အဲဒါကို ဖော်ပြနေတာပါ ” ဟု ပူကျင့်ရှင်းထန်က ဆက်လက်ပြောသည်။

နိုင်ငံရေးတည်ငြိမ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအ၀င် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်အာဏာပိုင်တို့ အကြား တွေ့ဆုံဆွေးနွေးမှုမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ရန် နအဖစစ်အစိုးရကို ကုလသမဂ္ဂက ဖိအားပေးသင့်သည်ဟုလည်း UNA ၏ စာတွင် ဖော်ပြထားသည်။

အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း စက်တင်ဘာ (၅) ရက် နေ့စွဲဖြင့် စာတစောင်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါစာတွင် မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်များအတွင်း ကြိုးပမ်းမှု တစုံတရာအောင်မြင်သည်ကို မတွေ့ရဘဲ ကုလသမဂ္ဂကချမှတ်သည့် ဆုံးဖြတ်ချက်များကို အောင်မြင်စွာ အကောင်အထည်မဖော်နိုင်ရုံသာမက မြန်မာနိုင်ငံတွင် အခြေအနေကို ပိုမိုရှုပ်ထွေးလာစေနိုင်ပါသည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂ၏ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လုပ်ကိုင်မည့်သူမျိုးကိုသာ ၎င်း၏အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်သင့်ကြောင်းလည်း ၀ါရင့်နိုင်ငံရေး သမားကြီးများက တောင်းဆိုထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သူ ဦးမင်းလွင်က “အဓိကကတော့ ကုလသမဂ္ဂကို စိန်ခေါ်တာမဟုတ်ဘူး။ ကုလသမဂ္ဂကို ယုံကြည်တယ်။ ကိုးစားတယ်။ ကုလသမဂ္ဂကလုပ်ပေးနိုင်မယ်လို့မျှော်လင့်တယ်။ ယူအန်က လည်းပဲ အထွေထွေညီလာခံမှာ နှစ်စဉ် ၁၉၉၄ ကစပြီး မြန်မာပြည်အရေးကို ပြဋ္ဌာန်းပေးထားတာရှိတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ်က လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ကြေညာချက်ကရှိတယ်။ ရှိရဲ့သားနဲ့ မစ္စတာဂမ်ဘာရီက လက်တွေ့ကျတော့ အဲလိုဖြစ်မြောက်အောင် ဘာမှမလုပ်ဘဲနဲ့ မဆိုင်တဲ့ကိစ္စတွေ၊ ဗမာပြည်မှာ အငြင်းပွားစရာ ကိစ္စတွေ ပြောတဲ့အတွက် ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စတွေလာပြီးပြောသွားတယ်။ အဲဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး လုပ်ကိုင်နိုင်တဲ့ ပိုမိုသင့်တော်တဲ့ပုဂ္ဂိုလ်တယောက် အသစ်ခန့်အပ်ပြီး စေလွှတ်ဖို့နဲ့ ဘန်ကီးမွန်းလာမယ့်ကိစ္စလည်း ကြိုဆိုတဲ့အကြောင်း ထုတ်ပြန်တာပါ ” ဟုပြောသည်။

ကုလသမဂ္ဂကမူ အထွေထွေညီလာခံ ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်အတိုင်း မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် စေ့စပ်ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အထွေထွေညီလာခံဥက္ကဋ္ဌ မစ္စတာ ဆာဂျန်ကီရင်မ်က ပြောကြားသည်။

အပြည့်အစုံ...>>

ဒေါ်စုနှင့် အတူနေသူတဦး ဆေးရုံတင်ထားရ

ကိုစိုး | စက်တင်ဘာ ၆ ၊ ၂၀၀၈ (ဧရာဝတီ)

အကျယ်ချုပ်ကျခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် အတူနေ၍ ကူညီလုပ်ကိုင်ပေးနေသည့် ဒေါ်ခင်ခင်ဝင်း၏ သမီးဖြစ်သူသည် ယနေ့တွင် အရေးပေါ်ဆေးကုသမှု ခံယူရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)က ပြောသည်။

ဒေါ်ခင်ခင်ဝင်းမှာ ၎င်း၏ သမီးဖြစ်သူကို ဆေးရုံတွင် လိုက်ပါပြုစုနေရကြောင်းနှင့် ဆေးကုသမှုခံယူ ရသည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်း က ပြောသည်။

“ဒီနေ့ ဒေါ်ခင်ခင်ဝင်းရဲ့သမီး ဆေးရုံတက်ရတယ်လို့ သိရပါတယ်၊ ဒေါ်ခင်ခင်ဝင်းလည်း ဆေးရုံမှာပါ၊ အသေးစိတ် အခြေအနေကိုတော့ အသေအချာ မသိရသေးပါဘူး၊ ကျနော်တို့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဒေါ်ခင်ခင်ဝင်းတို့ သားအမိမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စတင်ကျသည့် အချိန်ကပင် အတူနေထိုင်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ပြုတ်ကျွေးမွေးနေသူများဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား နေ့စဉ်ပုံမှန်ပေးပို့နေသော ဈေးခြင်းကို လက်မခံခဲ့သည်မှာ ၃ ပတ်ခန့် ရှိပြီ ဖြစ်၍ အထူးစိုးရိမ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀လုံခြုံရေးနှင့် အသက်ရှင်သန်နိုင်ရေးတို့အတွက် ဖမ်းဆီး ထိန်းသိမ်းထားသည့် စစ်အစိုးရတွင် တာဝန်ရှိကြောင်း ယမန်နေ့တွင် အန်အယ်လ်ဒီက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်း ကျနော်တို့ ကြေညာချက်ထုတ်ခဲ့ တာပါ၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်နေတယ်ဆိုတာကို အာဏာပိုင်တွေအပါအ၀င် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး၊ ဒါ ဟာ ကျနော်တို့အတွက် အလွန် စိုးရိမ်စရာ ဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း ကဆိုသည်။

ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို ကန့်ကွက်သည့်အနေဖြင့် ၎င်းအားနေ့စဉ်ပုံမှန်ပေးပို့နေသောဈေးခြင်းကို လက်မခံခြင်းဖြစ် သည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

အပြည့်အစုံ...>>

သံလျှင်ရှိ မာလာရုံကျောင်းကို စီးနင်း၊ အဖမ်းအဆီးများ ဆက်တိုက်ရှိနေ

ကိုသက် | စက်တင်ဘာ ၄၊ ၂၀၀၈

ယနေ့န့နက် ၂ နာရီခန့်က ရန်ကုန်မြို့ သံလျှင်မြို့နယ် ဗိုလ်ချုပ်ရွာရှိ မာလာရုံကျောင်းတိုက်ကို အရပ်ဝတ် စစ်အာဏာပိုင် များက ၀င်ရောက်စီနင်းက ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

အဆိုပါ ကျောင်းကို မိနစ် ၄၀ ခန့် ၀င်ရောက်ရှာဖွေစီးနင်းခဲ့ပြီး ရှာဖွေချိန်အတွင်း ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် သံဃာတော် ၁၇ ပါးကိုလည်း ၀မ်းလျားမှောက်ခိုင်းထားသည်ဟု အေအေပီပီက ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကျောင်းတိုက်ကို အရပ်ဝတ် ၂၀ ကျော်က သံလျှင်မြို့နယ် မယက ပိုင် ဒိုင်နာကားတစီးအပြင် ပစ်ကပ်ကား ၂ စီးဖြင့် ၀င်ရောက်စီးပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသ (၅၈ နှစ်) ကို ဖမ်းဆီးသွားကြောင်း အေအေပီပီ ကြေညာချက်က ဆိုသည်။

အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ အခုအချိန်အထိ တိတိကျကျ မသိရသေး ပါဘူး။ ဒါပေမယ့် … သံဃာ့လှုပ်ရှားမှုတနှစ်ပြည့်တော့မှာဆိုတော့ အာဏာပိုင်ဘက်က ကြိုတင် သတင်းရထားတာတွေ … နောက်တခုက လှုပ်ရှားမှုဖြစ်လာမှာစိုးလို့ မေးမြန်းစုံစမ်းဖို့ ဖမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ယခုလအတွင်း မျိုးဆက်သစ် လူငယ်များအစည်းအရုံး အဖွဲ့ဝင် ကိုစောမောင်နှင့် ကိုကျော်ဦး၊ တရားမျှတမှုအတွက် မျိုးဆက် သစ်လှုပ်ရှားမှု အဖွဲ့ဝင် ကိုကို၊ အကောင်းဆုံးမြေသြဇာ အဖွဲ့ဝင် ကိုမောင်ငယ်နှင့် ပန်းသတင်းဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းတို့ကို အာဏာပိုင်တို့က ဖမ်းဆီးထားသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဦးပြည်ကျော်၊ ဦးသုတဉာဏနှင့် တူမဖြစ်သူ မအိတို့ကို ယမန်နေ့က မင်္ဂလာညတောင်ညွန့် တရားရုံးက ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ယနေ့နံနက်ထုတ်လွှင့်ခဲ့သည်။

ဦးပြည်ကျော်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ဦးသုတဉာဏနှင့် မအိတို့ကို ထောင် ၅ နှစ်ဆီ ချမှတ်လိုက်ကြောင်းလည်း သိရသည်

အပြည့်အစုံ...>>

ပခုက္ကူမှာပွင့်တဲ့ပိတောက်ရွှေဝါ

စက်တင်ဘာ ၅ ရက် ၂၀၀၈

ယနေ့  စက်တင်ဘာလ (၅) ရက်နေ့ ဟာ ပခုက္ကူမြို့ မှာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေကို မိစ္ဆာဒိဌိနအဖက ကြိုးကွင်းနဲ့ ပြစ်ဖမ်း၊ ဓါတ်မီးတိုင်တွေမှာ ကြိုးနဲ့ ချီ၊ ရိုက်ပုတ်စော်ကားခဲ့တဲ့  တစ်နှစ်ပြည့်နေ့ ဖြစ်ပါတယ်။
သံဃာတော်ကို စိတ်နဲ့ တောင် မပြစ်မှားထိုက်တဲ့ဟာ ဒီနအဖ စစ်ဘီလူး လုံထိန်းရူးတွေက ရိုင်းစိုင်းစွာ ကိုယ်ထိလက်ရောက်စော်ကားခဲ့ကြလို့  မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့  သံဃာတော်တွေက ဦးဆောင်ပြီး ပြည်သူလူထုတစ်ရပ်လုံး 
မခံမရပ်နိုင်ဖြစ်ကြကာ ရွှေဝါရောင်တော်လှန်ရေးကြီး (ကမ္ဘာက လေးစားချီးကျူးရလောက်တဲ့ သံဃာတော်များ ဦးဆောင်တဲ့ လမ်းလျှောက်မေတ္တာပို့ ပွဲကြီး) ပေါ်ပေါက်ခဲ့ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကြီး ပြန်လည်ပေါ်ပေါက်မှာကို အကြောက်ကြီးကြောက်နေတဲ့ နအဖမိစ္ဆာဒိဌိတွေဟာ ပခုက္ကူမြို့ မှာ ယခင်နေ့ များကတည်းက လုံခြုံရေးအပြည့်ချထားတာတွေ့ ရပါတယ်။ ဒါပေမယ့် သံဃာတော်များကို 
နအဖအရိုင်းအစိုင်းများက စော်ကားရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ဟာ ကမ္ဘာမြေကြီးသက်သေတည်ပါတယ်။ ဘယ်သောအခါမှ ကွယ်ပျောက်မယ့် သမိုင်းမဟုတ်ပါဖူး။
ကမ္ဘာမြေကြီးသက်သေတည်ကာ လောကပါလသစ္စာတရားကြောင့် ဒီနေ့  စက်တင်ဘာလ (၅) ရက် ပခုက္ကူမြို့  သံဃာတော်များရဲ့  ရွှေဝါရောင်တော်လှန်ရေးကို သဘာဝတရားကြီးက အမှတ်တရဂုဏ်ပြုတယ်လို့ ယုံကြည်ရတဲ့ 
ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေ ပေါ်ပေါက်နေပါတယ်။
ပခုက္ကူမြို့ မှာရှိတဲ့  ပိတောက်ပန်းပင်အတော်များများမှာ တန်ခူးလအချိန်အခါ မကျရောက်သေးဘဲနဲ့  ရွှေဝါရောင်ပိတောက်ပန်းတွေ ဝေေ၀ဆာဆာ ပွင့်နေပါတယ်။ မကြာခင် အချိန်ကာလမှာလည်း ရွှေဝါရောင်တော်လှန်ရေးကြီး 
ထပ်မံပေါ်ပေါက်လာဦးမယ့် အတိတ်နမိတ်ဖြစ်တယ်လို့  ပြည်သူအများက ယုံကြည်နေကြကြောင်း သိရှိရပါတယ်။
နအဖမိစ္ဆာကောင်တွေ ဘယ်လောက်ဘဲ အင်အားသုံးသုံး ဘယ်လောက်ဘဲ ယုတ်မာတဲ့နည်းတွေ သုံးသုံး ဘယ်လိုဘဲ ဖြိုခွင်း ဖြိုခွင်း၊ လောကပါလ အမှန်သစ္စာတရားဟာ မှန်ကန်သူတွေဘက်မှာ ရပ်တည်အားပေးသမှု ပြုနေမယ်ဆိုတာ ဧကန်မုချဘဲ။
မိစ္ဆာဒိဌိ အရိုင်းအစိုင်းတွေကို ဘုရားက ဒဏ်ခတ်လိမ့်မယ်။ တရားတော်က ဒဏ်ခတ်လိမ့် မယ်။ သူတော်စင်တွေ သံဃာတော်တွေက ဒဏ်ခတ်လိမ့်မယ်။ ပြည်သူအပေါင်းက ဒဏ်ခတ်လိမ့် မယ်။ သဘာဝတရား လောကကြီးက ဒဏ်ခတ်လိမ့်မယ်။ 
ဒီလို ဒဏ်ခတ်မှုတွေဟာ ပြေးမလွတ်၊ ပုန်းမလွတ်၊ ရှောင်မလွတ်ဆိုတာ နအဖတွေ အလှည့်ကျရောက်တော့မှာက သက်သေပြပါလိမ့်မယ်။ နအဖမိစ္ဆာတွေနဲ့  နီးကပ်စွာဆက်ဆံနေကြတဲ့ နောက်မြီးဆွဲ ဘက်တော်သားတွေလည်း ဒီဘေးအန္တရာယ်တွေကြားက 
စက်ကွင်းလွတ်အောင် မနေတတ်ရင်တော့ အမှုတွဲမှာ ပူးတွဲခံရပါလိမ့်မယ်။
အမှန်တရားနဲ့  သက်သေတည်ကာ ကမ္ဘာမြေကြီးကို တိုင်တည်ပြီး ရွှေဝါရောင်တော်လှန်ရေးကြီး ဆက်လက်ဆင်နွဲကြစို့ ။ ပြည်သူ့ အောင်ပွဲ ခံယူကြဖို့  ပြည်သူတစ်ဦးချင်းတိုင်း အာဏာရှင်ဆန့် ကျင်ရေးမှာ ရဲရဲဝန့် ဝန့် ပါဝင်ကြစို့ ။
ပခုက္ကူမှာ ပိတောက်တွေဝေ၊ ရွှေဝါရောင်တော်လှန်ရေးကြီး ဂုဏ်ပြုသလေ။

နစ်နေမန်း

အပြည့်အစုံ...>>

ခေတ်ဟောင်းအဆိုတော် ရုပ်ရှင်မင်းသမီးကြီး မေရှင် ကွယ်လွန်

ပီတာအောင်/ ၄ စက်တင်ဘာ ၂၀၀၈။       ။

ခေတ်ဟောင်းအဆိုတော်နှင့် ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေရှင် အသက် (၉၃) နှစ်သည် ယမန်နေ့ ည (၁၁) နာရီခွဲခန့်က လူကြီးရောဂါဖြင့် မန္တလေးမြို့၌ ကွယ်လွန်သွားကြောင်း မိသားစုထံမှ သိရသည်။

ဒေါ်မေရှင်အား မကွယ်လွန်ခင်အထိ အနီးကပ်ပြုစုစောင့်ရှောက်ခဲ့သည့် တူဖြစ်သူ ဦးမောင်မောင်က “အဓိကတော့ လူကြီးရောဂါပါပဲ။ အဆုတ်နည်းနည်းမကောင်းတာ။ အသက်ရှူတာတွေ ဘာတွေ ပင်ပန်းနေတာပေါ့။ ဆေးရုံမှာ (၄) ရက်လောက် နေလိုက်ရတယ်။ မနေ့က အသည်းအသန်ဖြစ်တာနဲ့ ဆရာဝန်ကြီးက ပြောတာနဲ့ အိမ်ပြန်ခေါ်ပြီးတော့ အိမ်မှာပဲဆုံးသွားတာပါ” ဟု ပြောသည်။

ဒေါ်မေရှင်သည် မန္တလေးမြို့၊ အောင်တော်မူ
ရပ်ရှိ၊ မြစန္ဒာလမ်းတွင် မကွယ်လွန်မီအချိန်
အထိ အပျိုကြီးဘ၀ဖြင့်တူ၊ တူမများနှင့် ငြိမ်း
ချမ်းစွာ နေထိုင်သွားခဲ့သည်။ ဒေါ်မေရှင်၏
အမည်ရင်းမှာ ဒေါ်သန်းရှင်ဖြစ်ပြီး ၁၉၁၇ ခု
မတ်လ (၁) ရက်တွင် မန္တလေးမြို့၌ အဘ ဦး
ခင်လေး၊ အမိဒေါ်ဖွားယုံတို့မှ မွေးဖွားခဲ့သည်။

၁၉၃၆ ခုတွင် အေ၀မ်းရုပ်ရှင်၏ မြေတောင်
မြှောက်ပေးမှုဖြင့် ရုပ်ရှင်လောကသို့ ၀င်
ရောက်ပြီး ပထမဆုံးဇာတ်ကားအဖြစ် ဖူးစာရှင် အသံတိတ်ရုပ်ရှင်ဇာတ်ကားတွင် မင်းသား
ရဲခေါင်ချစ်ဆွေကြီးနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။ မြန်မာ့ရုပ်ရှင်လောက၏ ပထမဆုံးအသံထွက်
ဇာတ်ကားဖြစ်သည့် မြားနတ်မောင်ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်ကျော် ကြားလာခဲ့သည်။

ဒေါ်မေရှင်သည် ခေတ်ပြိုင်မင်းသား မောင်တင်မောင်၊
ပြည်လှဖေတို့နှင့် အတွဲညီညီ တွဲဖက်သရုပ်ဆောင်
ခဲ့ပြီး မေရှင်ပါဝင် သရုပ်ဆောင်ခဲ့သော ချစ်အမျှ၊
ချစ်ရေစင်၊ ချစ်သက်ဝေ၊ စောင်းတော်ရှင်၊ ချိန်
တန်ပြီ၊ မေ့တွက်တာ၊ ဗိုလ်အောင်ဒင် စသည့်
ဇာတ်ကားများမှာ အထူးထင်ရှားသည်။ ၁၉၆၁ ခုတွင် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။

ဒေါ်မေရှင်သည် ရုပ်ရှင်ဘက်တွင် နာမည်ကြီးရုံမက တေးသီချင်းသီဆိုရာ၌လည်း အောင်မြင် ကျော်ကြားသူဖြစ်သည်။ ဒေါ်မေရှင်သီဆိုခဲ့သည့် ကျေးစေတမန်၊ ပျို့မှာတမ်း၊ သော်တာငွေမင်း၊ ချစ်သက်လျာ၊ မြတ်လေးငုံ၊ ရှင်သီဝလိ၊ အောင်ခြင်းရှစ်ပါး စသည့် သီချင်းများမှာ လူကြိုက်များသည်။

ဒေါ်မေရှင်သည် မေတ္တာတရားရှေ့ထားကာ တရားဘာဝနာအားထုတ်ရင်း ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေထိုင်ဖြတ်သန်းခဲ့သည့် ပြည်သူချစ်သော အနုပညာရှင်တယောက် ဖြစ်သည်ဟု ဒေါ်မေရှင်၏ ဘ၀ ဖြတ်သန်းမှု အကြောင်းကို ပြုစုထားသည့် “ပန်းတပွင့်ရဲ့ ရင်ခုန်သံ” စာအုပ် ရေးသားသူ စာရေးဆရာမ ၀င်းဝင်းမြင့် (နန်းတော်ရှေ့) က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “အမေဟာ အပျိုကြီးတယောက်ဖြစ်ခဲ့တယ်။ ရုပ်ရှင်မင်းသမီးတယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူ့ကိုယ်သူ အိနြေ္ဒရရ သိက္ခာရှိရှိ ဖြတ်သန်းခဲ့တယ်။ သူသိပ်ဖြစ်ချင်တာတွေကိုလည်း ဖြစ်အောင်ကြိုးစားခဲ့တယ်။ အမေအကြိုက်ဆုံးသီချင်းကတော့ ကျေးစေတမန်ပေါ့။ ဆရာတော်ကြီးတွေ အကြိုက်ဆုံး သီချင်းကတော့ အောင်ခြင်း (ဂ) ပါးပေါ့။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကိုယ်တိုင် လက်ခံခဲ့ပြီးတော့ ဘာသာသာသနာနဲ့ ပတ်သက်ပြီး အထင်ကရ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်မှာလည်း ဇာတ်ကောင်အမျိုးမျိုးပေါ့။ မြန်မာအမျိုးသမီး တယောက်ရဲ့ ပီသတဲ့ အိနြေ္ဒသိက္ခာနဲ့ မြန်မာအမျိုးသမီးတွေကို ကိုယ်စားပြုခဲ့တဲ့ ဇာတ်ကောင်လို့လဲ ပြောလို့ရနိုင်ပါတယ်။ သူက နောက်ပိုင်းတော့ ဘာသာတရားပဲ များသောအားဖြင့် လုပ်ပါတယ်” ဟု ပြောသည်။

ဒေါ်မေရှင်နှင့် ခေတ်ပြိုင် အနုပညာရှင်ကြီးများ သက်ရှိထင်ရှား မရှိသလောက်ဖြစ်နေပြီး စာပေနယ်၌လည်း စာရေးဆရာမကြီး လူထုဒေါ်အမာ မကြာသေးခင်က ကွယ်လွန်သွားပြီဖြစ်၍ ပြည်သူချစ်သော အနုပညာရှင်ကြီးများ ဆုံးရှုံးသွားရမှုအပေါ် ၀မ်းနည်းမိကြောင်း မန္တလေးမြို့ရှိ အနုပညာအသိုင်းအ၀န်းက ပြောသည်။

ဒေါ်မေရှင်၏ ဈာပနအား မနက်ဖြန် ညနေ (၃) နာရီတွင် ကြာနီကန်သုဿန်၌ ဂူသွင်းသဂြိုဟ်မည်ဟု သိရသည်။


အပြည့်အစုံ...>>

ဖလားဝါးနယူးစ် သတင်းထောက်ချုပ် ဖမ်းဆီးခံရ

ဧရာဝတီ | စက်တင်ဘာ ၃၊ ၂၀၀၈

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် ခေါ်ယူကြိမ်း မောင်းခဲ့သည့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို တနင်္လာနေ့ ညက ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း ရန်ကုန် သတင်းမီဒီယာ အသိုင်းအ၀န်းက ပြောသည်။

အဆိုပါ သတင်းထောက်ချုပ် ကြိမ်းမောင်းခံရသည့် သတင်းအား ပြည်ပအခြေစိုက် ဧရာဝတီ သတင်းမီဒီယာတွင် ဖော်ပြပါ ရှိမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက် တဦးက ပြော သည်။

“ဧရာဝတီမှာ ရဲက ခေါ်ကြိမ်းတယ်ဆိုတဲ့ သတင်းတက်တဲ့ ညနေက စတာ၊ စိစစ်ရေးက ဖလားဝါးနယူးစ်က အမှုဆောင် အရာရှိချုပ် ဦးကိုကို ကို ခေါ်တယ်တဲ့၊ ဘာပြောလဲတော့ မသိဘူး၊ နောက်တနေ့မှာ သူတို့ကို မဖိတ် တော့ ဘူး၊ တခြား ဂျာနယ် ၆ စောင်ကို ခေါ်ပြီး သတိပေးတယ်၊ အဲဒီလိုမျိုးတွေ လုပ်ရင် အရေးယူမယ်ပေါ့၊ နောက်တခု က ကိုစောမြင့်သန်း ကို အရေးယူမယ်လို့လဲ ရှင်းလင်းတယ်တဲ့၊ ရဲက သူတို့ကို ဘယ်လို ကြိမ်းမောင်းတယ်ဆိုတာ အကြည်ညိုပျက်အောင် ပြည်ပ မီဒီယာကို ပြောတယ်ဆိုပြီးတော့တဲ့၊ ညက သူ့အမေနဲ့ သွားတွေ့တော့ အခြေ အနေတော့ သိပ်မကောင်းဘူး၊ ထောင်ကျဖို့ များတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။

ကိုစောမြင့်သန်းဖမ်းဆီးမခံဘဲ ရှောင်တိမ်းမည်ဆိုပါက ဂျာနယ်ကို လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည့် အတွက် ယခု ကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဖမ်းမယ်လို့ ပြောတာ ၃ ရက်လောက် ရှိပြီ၊ တကယ်လို့ သူအဖမ်းမခံလို့ ရှောင်တယ် ဆိုရင် ဂျာနယ်ကို လိုင်စင် ပိတ်မယ် ပေါ့၊ အဲဒါနဲ့ သူ့ ဆရာက မင်းအဖမ်းခံလိုက် မိသားစုကို တာဝန်ယူမယ်ပေါ့၊ သူ့မိသားစုက အမေအိုကြီး တယောက်တော့ ရှိတယ်၊ သူ့ကို အားကိုးပြီး ရန်ကုန် အင်းစိန်မှာ လာနေတာ ၆ လ လောက်ပဲ ရှိသေးတယ်၊ သူက လူလွတ်ပါ”ဟု ရန်ကုန် ဂျာနယ် သတင်းထောက်ကပြောသည်။

တခြားသော အမျိုးသမီး သတင်းထောက်တဦးကလည်း သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သက်ဆိုင်ရာက ဖမ်းဆီးပြီးနောက် ယခုကိစ္စကို မည်သူ့ကို ပြောဆိုခြင်း နှင့် ဧရာဝတီ သတင်းဌာနအတွက် အလုပ်လုပ်နေခြင်း ဟုတ်မဟုတ် မေးမြန်းကြောင်း ပြောပြသည်။     

“ရဲက ဘယ်သူ့ကို ပြောလိုက်သလဲပေါ့၊ ပြောလိုက်တဲ့လူကို ပြောပါပေါ့၊ သူက မပြောနိုင်တော့ ဒီကိစ္စကို သူ့ကို တာဝန်ယူခိုင်း သလို ဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီး သတင်းထောက်က ဆိုသည်။

ယင်းသတင်း ထောက်ချုပ် ကိုစောမြင့်သန်းသည် ဧရာဝတီသတင်းဌာနနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းဖော်ပြရာတွင်လည်း ကိုစောမြင့်သန်းနှင့် တိုက်ရိုက် ဆက်သွယ်၍ သတင်းရ ယူမှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ပြောကြားသည်။

လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား ရဲ စခန်းတွင်ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။

“သူတို့ (အာဏာပိုင်) က ဒီလိုဟာမျိုးကို သည်းမခံဘူး၊ နောက်တခုက စံပြ သဘောလည်း ဖြစ်လိမ့်မယ် ထင်တယ်၊ စိစစ် ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အထူးသဖြင့် ပြည်တွင်းက သတင်းတွေ နာရီပိုင်းနဲ့ ၀က်ဘ်ဆိုက်မှာတက် သွားတာကို၊ အပြင်ရော အတွင်းရော လုပ်နေတာကို အရေးယူပြရမယ်ဆိုတဲ့ သဘောမျိုး လို့ထင်တယ်”ဟု သတင်း အယ်ဒီတာ တဦးက ပြောဆိုသည်။

ကိုစောမြင့်သန်းသည် စစ်အစိုးရ စာပေစိစစ်ရေး ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့ နယ် မှ လင်မယား ၂ ဦး အသတ်ခံရမှု သတင်းအား ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က ၎င်းအား ခေါ်ယူ စစ်ဆေးကြိမ်းမောင်းခဲ့သော်လည်း ယင်းသတင်းသည် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့သည်။   

နောက်ဆုံးရရှိသည့် သတင်းများအရ စစ်အစိုးရ ၀န်ကြီးဌာနများက ပြင်ပ ပုဂ္ဂလိက မီဒီယာများသို့ သတင်းထုတ် ပြန်မှုများ မပြုလုပ်တော့ကြောင်းနှင့် မီဒီယာသမားများ ယင်းဌာနများသို့ လာရောက်ပါက မည်သည့် အကြောင်း ဖြင့်လာသည် ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းမှုများပြုလုပ်၍ မှတ်တမ်းပြုစုထားရန် တနင်္လာနေ့က စတင် ညွှန်ကြား ထားကြောင်း သိရှိရသည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့်တွေ့ခွင့်ရသည်ကို မြန်မာ့အလင်းတွင် ဖော်ပြ

ကိုသက် စက်တင်ဘာ ၃၊ ၂၀၀၈ (ဧရာဝတီ)

တာဝန်ရှိသူများက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏တင်ပြချက်အရ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့်ပြုခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာ့အလင်းသတင်းစာ၏ နောက်ဆုံးစာမျက်နှာတွင် “ဒေါ်အောင် ဆန်းစုကြည်က ရှေ့နေ ဦးကြည်ဝင်းနှင့် တတိယအကြိမ်တွေ့ဆုံ လိုကြောင်း တင်ပြသည့်အတွက် စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီတွင် ဦးကြည်ဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ၀င်ရောက်တွေ့ဆုံနိုင်ရန် တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်” ဟု ဖော်ပြထားသည်။
ရှေ့နေကြီး ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်ချခံရခြင်း နှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အယူခံ ၀င်ရန် သြဂုတ်လ ၈ ရက်၊ ၁၇ ရက်နှင့် ယခုလတရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ ကြိမ် တွေ့ဆုံခဲ့သည်။
အာဏာပိုင်တို့က စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲတနာရီ၌ ဆက်ဆံ ရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံရန် စီစဉ်ထားကြောင်းနှင့် စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲတနာရီတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား ဒေါက်တာတင်မျိုးဝင်းက ကျန်းမာရေး စစ်ဆေးရန် လာရောက်မည်ဖြစ်ကြောင်းကို ဦးကြည်ဝင်းကတဆင့် မှာကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးကြည်ဝင်းမှလွဲ၍ မည့်သူ့ကိုမျှမတွေ့လိုသေးကြောင်း မှာကြားလိုက်သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။
၎င်းဖော်ပြချက်နှင့်ပတ်သက်၍ ရှေ့နေကြီး ဦးကြည်ဝင်းက “အဲဒီနေရာလေးမှာ သူတို့ (သတင်းစာ) နည်းနည်း ကျန်သွား လိမ့်မယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ကျနော်ပြန်ပြောပြမယ် … ဦးအောင်ကြည်နဲ့ တွေ့ဆုံလိုသောဆန္ဒ ရှိပါတယ်။ သို့သော် မပြေလည်သေးတဲ့ကိစ္စတွေ ရှိတယ်။ ဒါတချက် ... သူကိုယ်တိုင်ကလည်း ပင်ပန်းနေတယ်လို့ ပြောတယ်။ ဒါကို သဘောပေါက်နားလည် ခွင့်လွှတ်ပေးပါရန် ပြောပြပါတဲ့” ဟု သတင်းစာပါ အကြောင်းအရာကို ဖြည့်စွက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာ တင်မျိုးဝင်းနှင့် လွန်ခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နောက်ဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့သဖြင့် မလိုအပ်သေး၍ မတွေ့ခြင်းဖြစ်နိုင်သည်ဟုလည်း ဦးကြည်ဝင်းက ဧရာဝတီကို ပြောသည်။
ယခုလတရက်က ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန် မိနစ် ၃၀ သာ ရရှိခဲ့ပြီး ထပ်မံတွေ့ဆုံရန် အကြောင်းကိစ္စများ ရှိနေသေးကြောင်း၊ အာဏာပိုင်တို့ကလည်း တွေ့ခွင့်ပေးမည်ဟု မျှော်လင့်ကြောင်း ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်းရှိ ခြုံနွယ်များနှင့် မြက်ပင်များကို ရှင်းလင်းထားခြင်းမရှိသည့်အပြင် ခြံဝန်းတံခါးမှ နေအိမ်သို့ သွားရာလမ်းတလျှောက်တွင်လည်း ရေညှိများတက်နေကြောင်း၊ ၎င်းအတွက် အလုပ်သမားငှားရမ်းရန် ကိစ္စကို လည်း အကျိုးဆောင်ပေးရန်ရှိသည်ဟု ဦးကြည်ဝင်းက ဆက်ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

အပြည့်အစုံ...>>

မြို့တော်ဝန်ကြည့်မရတဲ့ကြော်ငြာများ ပိတ်ပင်ပြီ

သြဂုတ် ၂ ရက် ၂၀၀၈

ရန်ကုန်မြို့တွင်တွေ့ရသော မလုံ့တလုံကြော်ငြာဆိုင်းဘုတ်များအားလုံးကို စက်တင်ဘာလ(၃)ရက်မတိုင်မီ အပြီးဖြုတ်သိမ်းရမည်ဟု ရန်ကုန်မြို့ တော်ဝန်က ပြောကြားထားကြောင်း သိရသည်။ လုပ်ငန်းနှင့်ကုန်ပစ္စည်းများကို အပြိုင်အဆိုင်ကြော်ငြာကြရာတွင် မော်ဒန်သရုပ်ဆောင်များဖြင့် အ၀တ်အစားများကိုမလုံ့တလုံဝတ်ဆင်ပြသပြီး ကုန်ပစ္စည်းများကို အပြိုင်အဆိုင် ကြော်ငြာခဲ့ကြသည်။ ယခင်က ကြော်ငြာ ဆိုင်းဘုတ်လုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ၂၀၀၈ခုနှစ် မတ်လမှစ၍ ကုမ္ပဏီ(၁၀)ခုကို လေလံစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် ယဉ်ကျေးမှုနှင့်မလျော်ညီသော အဝတ်အစားများဝတ်ဆင်၍ ရိုက်ကူးထားသော ကြော်ငြာများကိုတွေ့နေရသည်။ ကြိုးတစ်ချောင်းအင်္ကျီနှင့် ဒူးပေါ်၊ ပေါင်ပေါ်ဝတ်ဆင်ထားသည့် ကြော်ငြာ အများစုကို ထီဆိုင်လုပ်ငန်းများတွင် တွေ့ရသည်။ သြဂုတ်လ(၂၆)ရက်၌ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်နှင့် ကြော်ငြာလုပ်ငန်းရှင်များ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကြော်ငြာဆိုင်းဘုတ်များ ပြုလုပ်ရာ၌ မြို့တော်စည်ပင်သို့ ဦးစွာတင်ပြပြီး ခွင့်ပြုချက်ရသည့် ကြော်ငြာပုံရိပ်များကိုသာ အသုံးပြုခွင့် ရှိမည်ဖြစ်သည်။
ယခုလက်ရှိ မလုံတလုံကြော်ငြာများအားလုံးကို သတ်မှတ်ရက်အတိုင်း ဖြုတ်သိမ်းရမည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် အညီ ပြင်ဆင်ပြီးမှသာ ပြန်လည်တပ်ဆင်ခွင့်ရမည်ဖြစ်သည်။
မလိုက်နာသော ကြော်ငြာများရှင်ရှိပါက ပထမအကြီမ်အဖြစ် သတိပေးမည်ဖြစ်သည်။ ဒုတိယအကြီမ်ဆိုပါက ထီဆိုင်ဆိုလျင် ထီဆိုင်လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်ဖြစ်ပြီး အခြားလုပ်ငန်းတစ်ခုခုဆိုပါက လုပ်ငန်းလုပ် ကိုင်ခွင့်လိုင်စင် ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

အပြည့်အစုံ...>>

စက်တင်ဘာနှစ်ပတ်လည်နီးလာချိန်တွင် လုံခြုံရေးများ ပိုမိုတင်းကြပ်

ရိုးမ ၃။ စက်တင်ဘာ ၁၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးကပ်လာချိန်တွင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင် လုံခြုံရေးများ တင်းတင်းကြပ်ကြပ်ချထား၍ အချို့နေရာများ တွင် ညမထွက်ရန် ကန့်သတ်မှုများ ပြုလုပ်ထားသည်။
ရန်ကုန်မြို့ နယ်နိမိတ်အတွင်းရှိ ဆူးလေဘုရားအနီး၊ လမ်း (၃၀) ပတ်ဝန်းကျင်၊ လှိုင်သာယာ ဘုရင့်နောင်ပွဲရုံတန်းဘက်များနှင့် ကမာရွတ်မြို့နယ်ဘက်များတွင် ညပိုင်း (၁၀) ခွဲနောက်ပိုင်း တွင် စားသောက်ဆိုင်များကို ပိတ်ခိုင်းထားကြောင်း ဒေသခံတဦးကပြောသည်။
“လုံခြုံရေးတွေကတော့ တော်တော်တင်းကြပ်လာတယ်၊ ရန်ကုန်မှာဆို ဓါတ်တိုင်တတိုင်မှာ ရဲ နှစ်ယောက်လောက်ရှိတယ်၊ အရပ်ဝတ်တွေနဲ့လည်းရှိတယ်၊ (၁၀) နာရီနောက်ပိုင်း အပြင် မထွက်ခိုင်းတော့ဘူး၊ လ္ဘက်ရည်ဆိုင်တွေ၊ ညပိုင်းဆိုက်ကားသမားတွေကို စီမံချက်ပုံစံနဲ့ ရက်အကန့်သတ်မရှိ ကန့်သတ်မှုတွေလုပ်ထားတယ်၊ အဲလိုလုပ်နေတာ နှစ်ရက်သုံးရက်ရှိနေပြီ” ဟုပြောသည်။
ထို့အပြင် ကမာရွတ်မြို့နယ်အတွင်း စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေလှုပ်ရှား မှုများလည်း ရှိနေကြောင်းနှင့် အထူးသဖြင့် ဘုန်းကြီးကျောင်းများကို အာဏာပိုင်များဘက်က လုံခြုံရေးများတိုးမြှင့်ချထား၍ စောင့်ကြည့်နေလျှက်ရှိသည်ဟု ၎င်းဆက်လက်ပြောသည်။
အာဏာပိုင်များဘက်က ယခုကဲ့သို့ လုံခြုံရေးများ တင်းကြပ်ထားသော်လည်း ရန်ကုန်လူထုက စိုးရိမ်မှုတစုံတရာမရှိကြောင်းနှင့် ပုံမှန်သွားလာမှုများရှိနေသည်ဟု ပြောသည်။
“အခုဆိုရင် (၁၀) နာရီကျော်ရင် ဆိုင်တွေက အကုန်ပိတ်ရတယ်၊ ဘောလုံးပွဲတွေတောင်ပြလို့ မရတော့ဘူး၊ ဒါပေမဲ့လည်း အားလုံးကတော့ သွားသွားလာလာပါဘဲ၊ စိုးရိမ်တာတွေ ဘာတွေ ဘာမှမရှိပါဘူး၊ ကိုယ့်အလုပ် ကိုယ်လုပ်နေတာ၊ သူတို့ကိုခေါင်းထဲထည့်ရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးလေ” ဟု မြို့ခံက ဆက်လက်ပြောသည်။
စစ်အစိုးရအာဏာပိုင်များက သံဃာတော်များဦးဆောင်ခဲ့သည့် ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် တနှစ်ပြည့် နှစ်ပတ်လည်နီးကပ်လာချိန်တွင် ရန်ကုန်၊ ပခုက္ကူ၊ မန္တလေး၊ စစ်တွေမြို့ကြီးများအပြင် အခြားမြို့ကြီးများတွင်လည်း လုံခြုံရေးများချထားခြင်း၊ ကားများဖြင့် မြို့တွင်းနေရာအနှံ့ ကင်းလှည့်ခြင်း၊ ဘုန်းကြီးကျောင်းများကို စောင့်ကြည့်မှုများ ပြုလုပ်နေလျှက်ရှိသည်။

အပြည့်အစုံ...>>

ဒေါ်စုနှင့် ရှေ့နေ ထပ်မံတွေ့ခွင့်ရ ဒေါ်စု၏ ကျန်းမာရေးကောင်းမွန်လျက်ရှိ

စက်တင်ဘာ ၁၊ ၂၀၀၈ (ရိုက်တာသတင်း)
မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားသော်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဒေါ်စုနှင့် နာရီဝက် တွေ့ဆုံခွင့် ရခဲ့သည့် ရှေ့နေကြီး ဦးကြည်ဝင်းက ယနေ့ ပြောကြားလိုက်သည်။ ပြီးခဲ့သည့်လ ၁၅ ရက်နေ့မှ စတင်၍ ဒေါ်စုက ပြင်ပမှ အစားအစာများ ပေးပို့ခြင်းကို လက်မခံခဲ့ ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
အစာငတ်ခံဆန္ဒပြနေသည်ဟူသော သတင်းနှင့်ပတ်သက်၍လည်း ဒေါ်စုက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဟု ဆိုသည်။ “ကျန်းမာရေး ကောင်းတယ်၊ ခန္ဓာကိုယ်အလေးချိန်တော့ လျော့သွားတယ်၊ ပင်ပမ်းနေတယ်၊ အနားယူဖို့လိုအပ်တယ်”ဟု ဒေါ်စုက ပြောဆိုကြောင်း ဦးကြည်ဝင်းက ရှင်းပြသည်။
ဒေါ်စု၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ မေးမြန်းရာ ဦးကြည်ဝင်းက ဖြေကြားခြင်းမရှိ။ သို့သော်လည်း သံတမန်များကမူ ဒေါ်စုက အစားအစာ လက်မခံခြင်းမှာ ရှေ့နေနှင့် တွေ့ခွင့်မရသည့်အတွက် တုန့်ပြန်လိုက်ခြင်းဖြစ်ကြောင်း ခန့်မှန်းနေကြသည်။

အပြည့်အစုံ...>>