သံလျှင်ရှိ မာလာရုံကျောင်းကို စီးနင်း၊ အဖမ်းအဆီးများ ဆက်တိုက်ရှိနေ

ကိုသက် | စက်တင်ဘာ ၄၊ ၂၀၀၈

ယနေ့န့နက် ၂ နာရီခန့်က ရန်ကုန်မြို့ သံလျှင်မြို့နယ် ဗိုလ်ချုပ်ရွာရှိ မာလာရုံကျောင်းတိုက်ကို အရပ်ဝတ် စစ်အာဏာပိုင် များက ၀င်ရောက်စီနင်းက ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

အဆိုပါ ကျောင်းကို မိနစ် ၄၀ ခန့် ၀င်ရောက်ရှာဖွေစီးနင်းခဲ့ပြီး ရှာဖွေချိန်အတွင်း ကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် သံဃာတော် ၁၇ ပါးကိုလည်း ၀မ်းလျားမှောက်ခိုင်းထားသည်ဟု အေအေပီပီက ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကျောင်းတိုက်ကို အရပ်ဝတ် ၂၀ ကျော်က သံလျှင်မြို့နယ် မယက ပိုင် ဒိုင်နာကားတစီးအပြင် ပစ်ကပ်ကား ၂ စီးဖြင့် ၀င်ရောက်စီးပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသ (၅၈ နှစ်) ကို ဖမ်းဆီးသွားကြောင်း အေအေပီပီ ကြေညာချက်က ဆိုသည်။

အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ အခုအချိန်အထိ တိတိကျကျ မသိရသေး ပါဘူး။ ဒါပေမယ့် … သံဃာ့လှုပ်ရှားမှုတနှစ်ပြည့်တော့မှာဆိုတော့ အာဏာပိုင်ဘက်က ကြိုတင် သတင်းရထားတာတွေ … နောက်တခုက လှုပ်ရှားမှုဖြစ်လာမှာစိုးလို့ မေးမြန်းစုံစမ်းဖို့ ဖမ်းသွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ယခုလအတွင်း မျိုးဆက်သစ် လူငယ်များအစည်းအရုံး အဖွဲ့ဝင် ကိုစောမောင်နှင့် ကိုကျော်ဦး၊ တရားမျှတမှုအတွက် မျိုးဆက် သစ်လှုပ်ရှားမှု အဖွဲ့ဝင် ကိုကို၊ အကောင်းဆုံးမြေသြဇာ အဖွဲ့ဝင် ကိုမောင်ငယ်နှင့် ပန်းသတင်းဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းတို့ကို အာဏာပိုင်တို့က ဖမ်းဆီးထားသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဦးပြည်ကျော်၊ ဦးသုတဉာဏနှင့် တူမဖြစ်သူ မအိတို့ကို ယမန်နေ့က မင်္ဂလာညတောင်ညွန့် တရားရုံးက ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ယနေ့နံနက်ထုတ်လွှင့်ခဲ့သည်။

ဦးပြည်ကျော်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ဦးသုတဉာဏနှင့် မအိတို့ကို ထောင် ၅ နှစ်ဆီ ချမှတ်လိုက်ကြောင်းလည်း သိရသည်

Comments :

0 comments to “သံလျှင်ရှိ မာလာရုံကျောင်းကို စီးနင်း၊ အဖမ်းအဆီးများ ဆက်တိုက်ရှိနေ”