လူငယ်များ ပြန်လည် ၀င်ရောက်လာကြပြီ

၃၁၊ အောက်တိုဘာ၊ ၂၀၀၈အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလက်မှတ်ရေးထိုးပြီး နုတ်ထွက်စာ တင်ခဲ့သောလူငယ်များသည်ယုခု အချိန် တွင်ပါတီဦးဆောင်သူများ၏ လူငယ်များအနာဂါတ်အရေး အတွက်ဆောင်ရွက်နေမှု့  များကို နားလည်သဘော ပေါက်လာကြပြီး ပါတီတွင်းသို့  တဖြည်းဖြည်း ပြန်လည်ဆက်သွယ်ဝင်ရောက်လာနေပြီဖြစ်ပါသည် ။
အချို့ မြို့ နယ်များမှ လုငယ်များသည် အမျိုးသားဒီမိုကရေစီ ရုံးချုပ်သို့ စာဖြင့် သော်လည်းကောင်း ၊အချို့ လူငယ်များသည် လူကိုယ်တိုင် တဦးချင်းသော် လည်းကောင်း ၊ နီးစပ် ရာလူငယ်အချင်းချင်း နှင့် သော် လည်း ကောင်းပြန်လည် ဆက်သွယ်ဝင်ရောက် လာနေကြပြီဖြစ်ပါသည် ။လက်ရှိလူငယ်ရေးရာ တာဝန်ရှိသူများ မှလည်းလူငယ်များ အပေါ်နားလည်ခွင့် လွှတ်ထားပြီးဖြစ်သည့် အတွက် ၎င်းတို့ အားနွေးထွေးစွာဖြင့်ပြန် လည်ပြီး ယခင်ရှိရင်းစွဲတာဝန်များအတိုင်း ပြန်လည်ထမ်း ဆောင် နေကြပြီဖြစ်ပါသည် ။ ဆက်လက် ပြီး ပြန်လည်ဝင်ရောက်လာကြမည့် လူငယ်များအားလည်း လက်ရှိလူငယ်တာဝန်ခံ များမှ ကြိုဆိုလျှက် ရှိနေ ကြောင်းလည်းသိရှိရပါသည် ။
ယခုကဲ့သို့ လူငယ်များ ပြန်လည်ဝင် ရောက်လာသည်မှာ မကြာမှီကာလ အတွင်း ရပ်တည် ချက် မှန်ကန်သော လူငယ်များအားလုံးနီးပါးပြန်လည် ၀င်ရောက်လာမည်ဟုခန့် မှန်းရပါသည် ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နှင့်မြန်မာပြည်သူတို့  ၏ အနာဂါတ်အရေ့း တွင်ဦးစီးဦးဆောင် ပြုရမည့်  လူငယ်များ ပြန်လည် အင်အား တောင့်တင်းလာခြင်းသည် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့်  မြန်မာပြည်သူတို့  အတွက်မင်္ဂလာသတင်းကောင်း အဖြစ်တင်ပြလိုက်ရပါသည်။
မေအိခင်(လယ်ဝေး)မှရယူပါသည်။

အပြည့်အစုံ...>>

တရုတ်မှန်သမျှဆန့်ကျင်က

တရုတ်မှန်သမျှဆန့်ကျင်ကြ
ဓါတ်ပုံကိုရဲရင့်ကနေဒါမှရယူပါသည်။

အပြည့်အစုံ...>>

ကေအန်ယူ တပ်မဟာ (၆) ခလုန်လောင်ချယ် စခန်းကို ဒီကေဘီအေသိမ်းပိုက် ကေအန်အယ်အေတပ်သားနှစ်ဦးကျဆုံး

NEJ/ ၃၁ အောက်တိုဘာ ၂၀၀၈
ဒီကေဘီအေ နှင့် နအဖ ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့က တိုက်ခဲ့သည့်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၀၁) လက်အောက်ခံ တပ်ခွဲ(၃)စခန်း (ခလုန်လောင်ချယ်)အား ယနေ့နံနက် (၆)နာရီမှာ အင်အားအလုံးအရင်းနှင့် မိုးထဲရေထဲ ထပ်မံဝင်ရောက် တိုက်ခိုက်ရာ စခန်းကို လက်လွှတ်ခဲ့ရကြောင်း ဒုအရာခံဗိုလ် စောထိခုက ခေတ်ပြိုင်သို့ ပြောသည်။
ယနေ့နံနက် (၁၁)နာရီ အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၂၀၁) စခန်း၏ လက်အောက်ခံ တပ်ခွဲ(၃) စခန်းကို ဒီကေဘီအေက သိမ်းလိုက်ခြင်းဖြစ်သည်။ မကြာခင်မိမိတို့ ပြန်လည်သိမ်းပိုက်ရန် တန်ပြန်ထိုးစစ်ဆင်မည်ဟု ဒုအရာခံဗိုလ် စောထိခုက ပြောသည်။
တပ်ရင်း (၂၀၁) လက်အောက်ခံ တပ်ခွဲ(၃)မှ ဒုအရာခံဗိုလ် စောထိခုက “မနေ့မနက်ကနေစပြီးတော့ သူတို့ တိုက်တာ မရဘူး။ ဒီမနက် (၆)နာရီမှာ ကျတော်တို့ စခန်းကိုအင်အား အလုံးအရင်းနဲ့ ချဉ်းကပ်လာတယ်။ ဗမာစစ်တပ်က အနောက် ထိုင်ပြီး(၆၀)မမ၊ (၈၁)မမ လက်နက်ကြီးနဲ့ ကူပစ်ပေးတာ အလုံး(၅၀)လောက် ရှိတယ်။ ဒီမနက် (၁၁)နာရီကျတော့ ကျနော်တို့ စခန်းကို ယာယီလက်လွတ်လိုက်ရတယ်။ ဒါပေမယ့် ဒီစခန်းက ယာယီစခန်းပဲ။ တပ်ရင်း ဌာနချုပ် တော့မဟုတ်ဘူး။ လောလောဆယ် အသေအပျောက် ထိခိုက် ဒဏ်ရာ ရတာတွေကတော့ အသေးစိပ်မသိရ သေးဘူး”ဟု ခေတ်ပြိုင်သို့ ပြောသည်။
(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ ခလုန်းလောင်ချယ်စခန်းသည် မဲဆောက် မြို့ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာဘက်ခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖက်မှ ထိခိုက်ကျ ဆုံးမှု မရှိကြောင်း ကေအန်ယူက ပြောသည်။ သို့သော် မဲဆောက်အခြေစိုက် STV ရုပ်မြင်သံ ကြားလိုင်းမှ ယမန်နေ့ည ထုတ်ပြန်သည့်သတင်းတွင်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖက်မှ စစ်သည်နှစ်ဦး တိုက်ပွဲတွင် ကျဆုံးသည်ဟု သတင်းထုတ်လွင့်ခဲ့သည်။

အပြည့်အစုံ...>>

ဓားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ

အေးချမ်းမြေ့  အောက်တိုဘာ ၃၀၊ ၂၀၀၈
ရန်ကုန်မြို့တွင် ၃ ရက်အတွင်း ဓားပြမှု ၃ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတဦး သေဆုံးခဲ့ရကြောင်း ဒေသခံ များထံမှကြားသိ ရသည်။
ယမန်နေ့နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ ဇဋိလလမ်း၊ အမှတ် ၂၆၊ ၃ လွှာရှိ တိုက်ခန်း တခန်းတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး အမည်ရှိ အမျိုးသမီးကြီး တဦးတည်း ရှိနေစဉ် အိမ်ခန်းပြင်ရန် ခေါ်ထားသော အလုပ်သမား တဦးက ပစ္စည်းများကို ခြိမ်းခြောက် တောင်းခံရာ အမျိုးသမီးကြီးက အော်ဟစ် အကူအညီတောင်းသဖြင့် ငရုပ်ကျည်ပွေ့နှင့် ခေါင်းကိုထုပြီး စကေဘာဖြင့် လည်ပင်းကို ထိုးသတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တဦးက ပြောပြသည်။
“လူတွေတက်ကြည့်တော့ အမျိုးသမီးကြီး အသက်မရှိတော့ဘူး။ လုပ်သွားတဲ့သူက နောက်ဖေးပေါက်ကနေ တွယ်ဆင်းပြီး မေတ္တာညွန့်ဘက်ကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။
ပတ်ဝန်းကျင်ရှိ ဆိုက်ကားသမားများ အပါအဝင် လူအများက ထွက်ပြေးသူနောက်သို့ ဝိုင်းလိုက်ရာ မေတ္တာညွန့် သံတံတား အောက်တွင် ပုန်းခိုနေသည်ကို ဖမ်းဆီးရမိကြောင်းသိရသည်။
“ပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့် ခုတလောမှာ ဒါမျိုးတွေ ခဏ ခဏ ကြားနေရတယ်။ ညဘက်တွေတောင် ညနက်ခံ အပြင်မထွက်ရဲတော့ဘူး” ဟု ကျောက်မြောင်းသား တဦးက ပြောသည်။
တနင်္လာနေ့ည ကလည်း ရွှေဂုံတိုင်ရှိ ယုဇနတာဝါ၊ ၁၃ လွှာနှင့် မြေညီထပ်တို့တွင် ဓားပြမှု ၂ မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ထိုနေ့ည ၇ နာရီခန့်က ယုဇနတာဝါ ၁၃ လွှာရှိ ရှမ်းတရုတ်လူမျိုးပိုင် နိုင်ငံခြားသို့ သစ်တင်ပို့နေသော မြန်မာ ဝုဒ်မာ့ခ် ကုမ္ပဏီ ကိုဝင်ရောက်လုယက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားပြများဝင်ရောက်ချိန်တွင် အမျိုးသမီးငယ် ၂ ဦးသာ ရှိနေပြီး ထို အမျိုး သမီးငယ်များကို ဓားဖြင့်ထောက်ကာ နိုင်ငံခြားငွေများကို လုယက်သွားခြင်းဖြစ်ကြောင်း ကြားသိရသည်။
“ငွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ရဲတွေကတော့ အဲဒီနားက အခန်းတွေကို လိုက်စစ်နေတာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။
၎င်းည ၁၀ နာရီခန့်တွင်လည်း ယုဇနတာဝါမြေညီထပ်ရှိ ကုမ္မာရီစတိုးကို ဝင်ရောက်လုယက်ရာ ပိုင်ရှင် အမျိုးသမီး ကြီးထံမှ ရွှေလက်ကောက်တကွင်းသာ ရသွားပြီး မီးများ လင်းလာသောကြောင့် ကျူးကျော်သူများ ထွက်ပြေးသွားကြကြောင်း သူက ဆက်ပြောသည်။
“ရွှေဂုံတိုင်ရဲစခန်းကတော့ တဖွဲ့တည်း မဖြစ်နိုင်ဘူးလို့ ပြောတပဲ” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။
မကြာသေးမီကလည်း မန္တလေးမြို့တွင် ရွှေဆိုင်တဆိုင်ကို ဓားပြဝင်တိုက်ရာ ရွှေသား ၂ ပိဿာခန့် ပါသွားသည်ဟု ဒေသခံ များထံမှ ကြားသိရသည်။
အလားတူပင် ယခုလအတွင်း မန္တလေးမြို့၊ ၈၄ လမ်းတွင်နေထိုင်သည် ဒေါ်ကြွယ်ကြွယ်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သည့် လုယက်မှုတမှု ဖြစ်ပွားခဲ့သေးသည်။ ဒေါ်ကြွယ်ကြွယ်က ပြန်လည် ခုခံသောကြောင့် တရားခံများကို ဖမ်းမိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ရေးသားထားသည်။
“လုယက်မှုတွေ၊ ဓားပြမှုတွေကတော့ ကြားနေရတာပဲ။ မိတာကော၊ မမိတာကော ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ တရားခံကို လိုက်ဖမ်းတာလေ။ လူတွေကို အကာအကွယ် မပေးနိုင်တာတော့ သေချာတယ်” ဟု သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန် မြို့တွင်းရှိ တိုက်ခန်းများတွင် မြေညီထပ် သံတံခါး သော့ခပ်မထားသော တိုက်ခန်းများအတွက် ရဲများက တာဝန် မယူဟု ပြောထားကြောင်း သိရသည်။
ယခုအခါ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ တစထက်တစ များပြားလျှက်ရှိပြီး ပြည်သူလူထုမှာ ရဲကို အားကိုး မရဘဲ မိမိ လုံခြုံရေးအတွက် မိမိဘာသာ တာဝန်ယူနေရကြောင်း ၎င်း ကုမ္ပဏီ ဝန်ထမ်းက ဆက်ပြောသည်။ “ရဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့တာဝန်က လူဆိုးတွေကို ဖမ်းဖို့မဟုတ်ဘူး။ လူကောင်း တွေကို စောင့်ကြည့်ဖို့” ဟု သူက ဆိုသည်။



အပြည့်အစုံ...>>

အင်းစိန်ထောင် မရားရုံးက ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ်များချက်မှတ်

၃၀၊ အောက်တိုဘာ၊ ၂၀၀၈
ရန်ကုန်တိုင်း အင်းစိန်အထူးတရားရုံးတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင် (၉)ဦးအား တရားရုံးကိုမထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ်(၆)လစီ ချလမှတ်လိုက်ကြောင်း သတင်းရရှိပါသည်။
လွန်ခဲ့သည့် ရက်များအတွင်းက ၄င်းတို့ကိုတရားရုံးသို့ ရုံးထုတ်စဉ် ကျောင်းသားခေါင်းဆောင်များက ရသင့်ရထိုက်သောအခွင့်အရေးများကို တရားသူကြီးထံသို့တင်ပြလျှောက်ထားခဲ့ကြသည်။ ထိုကိစ္စကို တရားရုံးဆွဲချများ(အစိုးရရှေ့နေများ)က ရုံးတော်ကိုမထီမဲ့မြင်ပြုရာရောက်ကြောင်း ထို့ကြောင့်အရေးယူပေးပါရန်တင်ပြခဲ့သည့်အတွက် တရားသူကြီးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။ကျောင်းသားခေါင်းဆောင်များကို အရေးယူထောင်ချလိုက်သည့်အတွက် ကျန်သည့်ကျောင်းသားကျောင်းသူများကပါ မကျေနပ်ဖြစ်ပြီး ၄င်းတို့ကိုပါ ပြစ်ဒဏ်ချမှတ်ရန် တင်ပြလာသည့်အတွက် တရားရုံးတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရကြောင်း၊ တရားသူကြီးမှ တရားရုံးကိုရပ်နား၍ အဆိုပါကျောင်းသားခေါင်းဆောင်များအားလုံးကို အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ခဲ့ရကြောင်း သတင်းရရှိပါသည်။ ၄င်းကျောင်းသားခေါင်းဆောင်များမှာ- ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင် တို့ဖြစ်ကြပါသည်။
ဦးကုလား
(source NLDLA)

အပြည့်အစုံ...>>

အနောက်နိုင်ငံများရှိ မြန်မာစစ်သံမှူးရုံးများကို ပိတ်တော့မည်

NEJ/၂၈ အောက်တိုဘာ ၂၀၀၈
မြန်မာစစ်အစိုးရ ကကကြည်း နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို မကြာခင် ပိတ်တော့မည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
စစ်အစိုးရသည် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကို ပိတ်ပြီး အာဆီယံနိုင်များဖြစ်သည့် စင်္ကာပူနှင့် ဗီယက်နမ် ၂ နိုင်ငံမှာသာ စစ်သံမှူးရုံး ဖွင့်တော့မည်ဟု ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးကလည်း ပြောသည်။ ကကကြည်းအနေနှင့် နိုင်ငံခြားငွေပြတ်နေသည့်ပြင် စစ်သံမှူးများကို စိတ်မချသည့်အချက်သည်လည်း စစ်သံရုံးများ ပိတ်ရသည့်အခြေအနေ ဖြစ်နိုင်သည်ဟု သံတမန်အသိုင်းအ၀ိုင်းက ယူဆသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားငွေ ပြတ်လတ်နေသည့်အတွက် အိန္ဒိယနှင့် နီပေါနိုင်ငံများရှိ မြန်မာသံရုံးများ ပိတ်ရမည့်ကိန်းဆိုက်နေသည့် သတင်းများထွက်ပြီး မကြာခင် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများရှိ စစ်သံမှူးရုံးများကိုပိတ်ဖို့ စစ်အစိုးရမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။
နာဂစ်မုန်တိုင်းအပြီးတွင် နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်သူ ဆားဗီယားနိုင်ငံနှင့် အခြားနိုင်ငံများသို့သွားရောက်ပြီး ငွေချေးဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု စုံစမ်းသိရသည်။

အပြည့်အစုံ...>>

မြန်မာပြည်တွင်းပြည်ပမှ လေယာဉ်စီး ခရီးသည်များအတွက် အရေးပေါ် သတိပေးချက်။

အောက်တိုဘာ၊ ၂၈။ ၂၀၀၈
မြန်မာပြည်တွင်းပြည်ပမှ လေယာဉ်စီးကြသူများ အရေးပေါ် သတိပြုစရာ အချက်အလက် အချို့ကို တာဝန်သိစွာဖြင့် အသိပေးအပ်ပါသည်။ ယခုအခါ နိုင်ငံတကာမှ အာမခံကုမ္မဏီများအားလုံး တညီတညွှတ်တည်း ဆုံးဖြတ်၍ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စပ်တူလုပ်ကိုင်နေသော လေကြောင်းလိုင်းများ၏ အာမခံကိစ္စများကို ဆက်လက် လုပ်ဆောင် တော့မည် မဟုတ်ကြောင်း ကြေညာထားပါသည်။
ဒါကြောင့် အဲဒီလေကြောင်းလိုင်းတွေဟာ မြန်မာအစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းတွင်သာ အာမခံထားနိုင်တော့မည် ဖြစ်ပါသည်။ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ထားရှိရန်လိုအပ်သော အာမခံတန်ဖိုး၏ မဖြစ်စလောက်သော အစွန်းထွက် တန်ဖိုးကိုသာ မြန်မာ့အာမခံလုပ်ငန်းက လက်ခံ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။နိုင်ငံတကာမှ သတ်မှတ် ထားသော အာမခံတန်ဖိုးမပြည့်မီသည့် လေယာဉ်ကို မည်သည့်နိုင်ငံတကာလေယာဉ်ကွင်းကမှ ဆင်းသက်ခွင့်ပေးမည် မဟုတ်ပါ။ MAI လေကြောင်းလိုင်းအနေဖြင့် ၊မလေးရှားနိုင်ငံမှ MAS ၊ ထိုင်းနိုင်ငံမှ Thai Airway နှင့် jetstar စသည်တို့နှင် Code Sharing Agreement ရှိထားသောကြောင့် ပျံသန်းမည့်လေယာဉ်၏ စံသတ် မှတ်ချက် တို့ အဆင့်မှီလျှင် ဆင်းသက်ခွင့် ရနိုင်ပါသည်။နိုင်ငံတော်ပိုင်ငွေများဖြင့် ၀ယ်ယူထားသော နိုင်ငံပိုင်လေယာဉ်များကို Air Bagan တံဆိပ်တပ်ကာ ကိုယ်ပိုင်လေယာဉ် သဘွယ် အလွဲသုံးစားလုပ်ထားသော ဦးတေဇ ခေါင်းဆောင်သည့်အုပ်စုက MAI လေကြောင်းလိုင်းကို အပိုင်စီးဘို့ ကြိုးစားနေသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန မှအမည်မဖေါ်လိုသည့် အဆင့်မြင့်အရာရှိကြီးတဦးက ပြောကြားခဲ့ပါသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် MAI လေကြောင်းလိုင်းမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော Ground Handling လုပ်ငန်းများကိုလည်း စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တချက်လွှတ်အမိန့်ဖြင့် ဦးတေဇ ပိုင်ဆိုင် သော Air Bagan လေကြောင်းလိုင်းသို့ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးလိုက်ရကြောင်း DCA တာဝန်ရှိပုဂ္ဂိုလ်တဦးမှ အတည်ပြု ပြောကြားခဲ့ပါသည်။Air Bagan မှ နိုင်ငံခြားခရီးစဉ် ပြေးဆွဲခွင့်မရဘဲ မြေပြင်တွင်ရပ်ဆိုင်းထားရသော လေယာဉ်တစင်းကို စစ်အာဏာပိုင် အဖွဲ့၏ အမိန့်ဖြင့် MAI မှ ငှားရမ်းသုံးစွဲနေရပါသည်။ အာမခံ မရှိသော်လည်း MAI နှင့် Code Sharing ပြုလုပ်ထား သော နိုင်ငံများမှ လေယာဉ်ကွင်းများတွင် ဆင်းသက်နိုင်ရန် ကြံစီခြင်းဖြစ်ပါသည်။ သို့သော်လည်း အဆိုပါ Code Sharing ပြုလုပ်ထားသော၊နိုင်ငံများမှ လိုအပ်ချက်တစ်ခုမှာ ယင်းလေယာဉ်၏ ကြံ့ခိုင်ထိန်းသိမ်းမှူ စစ်ဆေးခြင်းများကို ကြားခံအဖွဲ့အစည်းတစ်ခု၏ စစ်ဆေးထားသည့် ထောက်ခံချက်ပါမှ ဆင်းသက်ခွင့်ပြုနိုင်သည့်အတွက်၊ ၄င်းကြားခံအဖွဲ့မှ စစ်ဆေးသောအခါ အဆိုပါ Air Bagan လေယာဉ်မှာ စိုးရိမ်ဖွယ် ကောင်းလောက်အောင် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းပြီး လက်ခံနိုင်ဖွယ်ရာ လုံးဝမရှိ ဟုသောအဖြေထွက်ပေါ်လာသည့် အတွက် MAI လေကြောင်းလိုင်းတွင် အမိန့်အာဏာကို မလွန်ဆန်နိုင်သဖြင့် ဌားရမ်းသုံးစွဲနေရသည့် အဆိုပါလေယာဉ်မှာ၊ မကြာမီရပ်ဆိုင်းရ တော့မည်ဖြစ်ပါသည်။ နိုင်ငံတ ကာမှလည်း Air Bagan သို့ မည်သည့်လေယာဉ်အပိုပစ္စည်းမှ ရောင်းချ ခြင်း မရှိတော့ပါ။နိုင်ငံတကာ ခရီးစဉ်ပြေးဆွဲရန် သတ်မှတ်ထားသော Air Bagan လေယာဉ်၏ ပြုပြင်ထိန်းသိမ်းမှုမှာ စိုးရိမ်ဖွယ်ကောင်း လောက်အောင် ညံ့ဖျင်းနေလျှင် ပြည်တွင်းမှာပြေးဆွဲနေသော Air Bagan လေယာဉ်တို့၏ အခြေအနေမှာ စဉ်းစားကြည့် ယုံမျှနှင့် ကြောက်စရာကောင်းလှပါသည်။ယခုလိုအန္တရာယ်ရှိသည့် Air Bagan လေယာဉ်များကို ပြည်တွင်းပြည်ပ ပျံသန်းခွင့်ပြုခဲ့သည့် မြန်မာစစ်အစိုးရ နှင့် DCA တာဝန်ရှိသူများအား လူ့အသက်ပေါင်းများစွာသတ်ဖြတ်မည့် ရာဇ၀တ်မှုကြီး ကျူးလွန်ရန်ကြိုးစားသည့် တရားခံများ အ ဖြစ် သတ်မှတ်သင့်ပါသည်။ပြည်တွင်းခရီးသွားများ အနေဖြင့် ကုန်းလမ်း၊ ရေလမ်းတို့ဖြင့်သာ အနည်းငယ်အပင်ပန်းခံ၍ ခရီးသွားကြစေလိုပါသည်။ မိမိ၏အသက်အန္တရာယ် စိုးရိမ်ရသည့် Air Bagan လေယာဉ်များဖြင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် အရေးပေါ် သတိပေးအပ်ပါသည်။(မြန်မာပြည်သူပြည်သားများ Air Bagan လေယာဉ်ပျက်ကြမည့်ဘေးဒုက္ခမှ ကင်းဝေးကြပါစေ။)သူရဲကောင်း။ (ကိုထိုက်ဘလော့မှ)

အပြည့်အစုံ...>>

မြန်မာယူနီဗာဆယ်ဘဏ်မှ ငွေလာမထုတ်ပါက နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းမည်

ပီတာအောင်/ ၂၇ အောက်တိုဘာ ၂၀၀၈
ငွေကြေးခ၀ါချမှုနှင့်ပါတ်သက်၍ အပိတ်ခံထားရသည့် မြန်မာယူနီဗာဆယ်ဘဏ် (MUB)တွင် ငွေအပ်နှံ ထား သူများအနေဖြင့် ငွေများလာရောက် ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် မထုတ်ယူပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းယူ တော့မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ထုတ်ဖော်ပြောကြားသည်။ငွေကြေးအပ်နှံထားသူ မြီရှင်တို့အနေဖြင့် အောက်တိုဘာလ (၂၂)ရက်မှ စတင်၍ လာမည့် ၂၀၀၉ ခု မတ်လ (၃၁) ရက် နောက်ဆုံးထား၍ အထောက်အထားအပြည့်အစုံဖြင့် ရန်ကန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁) အပေါ်ထပ်၌ လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။

မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁)ရှိ မြန်မာယူနီဗာဆယ်ဘဏ်ရေးရာ တာဝန်ရှိသူတဦးက “ ငွေစုစာအုပ်ရယ်၊ လူကိုယ်တိုင်ရယ်၊ မှတ်ပုံတင်ရယ် ယူလာခဲ့ပါ။ နေ့ချင်းထုတ်ပေးပါတယ်။ ကာယကံရှင်ကတော့ ကိုယ်တိုင် လာရမှာပါ။ တခြားထောက်ခံစာတွေမလိုပါဘူး။ MUB ကတော့လုံးဝပိတ်သိမ်းလိုက်ပြီး မြန်မာ့စီးပွားရေးဘဏ်က ဆက်ပြီးတော့တာဝန်ယူထားတာပါ။ အပ်ထားတဲ့ ပိုက်ဆံတွေ သိပ်အများအစားကြီးတော့မရှိပါဘူး။ (၃)နှစ် အတွင်းမှာ အတော်များများလာထုတ်ပြီးကြပါပြီ။ စားရင်းပိတ်ဖို့အတွက်ကို နှိုးဆော်လိုက်တာပါ” ဟု ပြောကြား သည်။
မြန်မာယူနီဗာဆယ်ဘဏ်ကို မြန်မာစစ်အစိုးရက ငွေကြေးခ၀ါချမှုများနှင့်စပ်လျဉ်း၍ ၂၀၀၅ ခု သြဂုတ်လတွင် စတင်ပိတ်သိမ်းအရေးယူခဲ့ပြီး ၂၀၀၇ခု ဧပြီလတွင် ဘဏ်ပိုင်ရှင် ဦးတင်စိန်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သောဥပဒေ၊ တရားမ၀င်ငွေကြေးခ၀ါချမှုနှင့်ပတ်သက်သည့် ဥပဒေများဖြင့် ထောင်ဒဏ် (၁၀)နှစ် အပြစ်ပေးအရေးယူခဲ့သည်။
ဘဏ်ပိတ်သိမ်းပြီး (၃)နှစ်တာကာလအတွင်း ငွေကြေးအပ်နှံထားသူများအား မြန်မာယူနီဗာဆယ်ဘဏ်က အပ်နှံငွေများကို ပြန်ထုတ်ပေးခဲ့ပြီး မြန်မာယူနီဗာဆယ်ဘဏ်၏ အုပ်ချုပ်မှု အားလုံးကို မြန်မာ့စီးပွားရေးဘဏ်က အောက်တိုဘာ (၁)ရက်မှ စတင်၍ လွဲပြောင်းယူကာ လာမထုတ်ယူသေးပဲ ကျန်ရှိ နေသူတို့၏ ငွေများကို ယခု နောက်ဆုံးအနေဖြင့် ပြန်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
အလားတူ မူးယစ်ဆေးဝါးနှင့်ပါတ်သက်သည်ဟု အမေရိကန်၏ စွပ်စွဲခံထားရပြီး ၂၀၀၅ မတ်လ ကုန်က ပိတ် သိမ်းခံခဲ့ရသည့် အာရှဓနဘဏ်နှင့် မြန်မာမေဖလားဝါးဘဏ်တို့ကလည်း လာမည့် ဒီဇင်ဘာလ နောက် ဆုံး ထား၍ ငွေများလာရောက်ထုတ်ယူကြရန် ယင်းဘဏ် (၂)ခု၌ ငွေအပ်နှံထားများအား ပြီးခဲ့သည့် ဇူလိုင်လ က တည်းက အသိပေးကြညာထားသည်။

အပြည့်အစုံ...>>

ဒေါ်အေးအေးဝင်းကို ရဲရင့်သော သတင်းသမားဆု ပေးအပ်


ဧရာဝတီ အောက်တိုဘာ ၂၂၊ ၂၀၀၈
နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမား ဆုကို မြန်မာနိုင်ငံ ရန်ကုန်အခြေစိုက် အေပီ သတင်းထောက် ဒေါ်အေးအေးဝင်းအား ယနေ့တွင် ပေးအပ်သည်။
အေပီ သတင်းထောက် ဒေါ်အေးအေးဝင်း
နိုင်ငံအတွင်းမှ သတင်းမှန်များကို နှစ်ပေါင်း ၂၀ နီးပါး စွန့်စား ရဲရင့်စွာ ရေးသားတင်ပြနေသော ဒေါ်အေးအေးဝင်း က သတင်းလွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်း၏ အာမခံချက်တခုပင် ဖြစ်သည်ဟု ပြောကြားလိုက်သည်။
“နိုင်ငံတည်ငြိမ်လွတ်လပ်မှုနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုဖြစ်ဖို့ အတွက် သတင်းလွတ်လပ်ခွင့် ဟာ ပဓာန ကျပါတယ်၊ ဒါကြောင့် ကျမရဲ့ သတင်းထောက် အလုပ်က ပြည်သူကို အလုပ်အကြွေးပြုရာ ရောက်သလို နိုင်ငံ အတွက်လည်း တစုံတရာ အာမခံချက်ပေးနိုင်တယ်လို့ ကျမ ယုံကြည် ပါတယ်”ဟု လည်း ဒေါ်အေးအေးဝင်းက ဆိုသည်။
အဆိုပါ အသက် ၅၄ နှစ်ရှိ ဒေါ်အေးအေးဝင်းရရှိသည့် ရဲရင့်သော သတင်း သမားဆုကိုမူ အေပီ သတင်းဌာန၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဂျွန် ဒန်းနစ္စဇွက်စ်ကီက ကိုယ်စား လက်ခံရယူခဲ့ခြင်းဖြစ်သည်။
ဂျွန် ဒန်းနစ္စဇွက်စ်ကီ က“မြန်မာ သတင်းထောက် ဒေါ်အေးအေးဝင်းဟာ ခြိမ်းခြောက် နှိပ်စက်မှုတွေကျင့်သုံးနေတဲ့ အာဏာပိုင်တွေ စောင့်ကြည့်နေတဲ့ကြားက အနှစ်၂၀ နီးပါး သတင်းမှန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းထုတ်ဖော် ရေးသားခဲ့သူဖြစ်ပါတယ်၊ သူဟာ မာန ထောင်လွှားတတ်သူလည်း မဟုတ်ပါဘူး”ဟု ချီးကျူးပြောကြားသည်။
ယင်းဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ မန်ဟက်တန်မြို့လယ်ရှိ Waldorf Astoria hotel တွင်ကျင်းပခြင်း ဖြစ်ပြီး နယူးရောက်မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ် နှင့် တခြားသော ဂုဏ်ထူးဆောင် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
“ဒီ သတင်းထောက်အလုပ်ဟာ အန္တရာယ်ရှိတဲ့ စွန့်စားမှုတခုဆိုတာ ဒေါ်အေးအေးဝင်းသိပါတယ်၊ သူ့ယောက်ျားနဲ့ သူ့အဖေ ကို စစ်ဗိုလ်ချုပ်တွေက ထောင်ချခဲ့ဖူးတယ်၊ သူ့ကိုလည်း ဖမ်းဆီးဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်၊ ဒါပေမယ့် သူ ဒီအလုပ်ကို နောက်မဆုတ်ခဲ့ဘူး” ဟုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီက ပြောသည်။
ဂျွန် ဒန်းနစ္စဇွက်စ်ကီက ဒေါ်အေးအေးဝင်းသည် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းမှန်များနှင့် ဗဟုသုတ တို့ကို ပြန်လည် ရေးသားတင်ပြသော သတင်းသမားများ၏ အစဉ်အလာကောင်းကို ကိုယ်စားပြုသူ တဦးလည်း ဖြစ်ကြောင်း ပြောဆိုသည်။
စစ်အစိုးရတရပ်က နှစ်ပေါင်း ၄၀ ခန့် အုပ်စိုးနေသော နိုင်ငံတနိုင်ငံရှိ သတင်းသမားများသည် ကြိုတင်တွက်ဆ မထားနိုင် သော အန္တရာယ်များ၊ ခြိမ်းခြောက်မှုများ၊ သတင်းလုပ်ငန်းများတွင် လွတ်လပ်မှုမရှိဘဲ စိုးရိမ်ကြောက်ရွံ့စွာ လုပ်ကိုင်ကြရ မှုများ စသည့်ပြဿနာများနှင့်ရင်ဆိုင် ကြရပြီး မြန်မာနိုင်ငံတွင်း သတင်းထောက်အလုပ်သည် စွန့်စားမှု တခုပင်ဖြစ်သည်ဟု ဒေါ်အေးအေးဝင်း ပေးပို့လိုက်သော အမှာစကား စာတစောင်ကိုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီ က အခမ်းအနားတွင် ဖတ်ကြားသည်။
စစ်အစိုးရက သတင်းသမားများစွာကို ဖမ်းဆီး၍ တိကျသေချာသော ပြစ်မှုမဖော်ပြဘဲ ရာဇ၀တ်မှု၊ အသရေ ဖျက်မှု၊ နိုင်ငံတော် ပုန်ကန်မှုများဖြင့် တရားစွဲဆိုအရေးယူမှုများရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် သတင်းလုပ်ငန်း လုပ်ကိုင်ခဲ့သော သူ၏ ဖခင်ကိုယ်တိုင် ထောင် သုံးကြိမ် ကျခဲ့ဖူးကြောင်း ဒေါ်အေးအေးဝင်းက ၎င်း၏ စာတွင် ပြောပြထားသည်။
“ကျမတို့ နိုင်ငံမှာ ဘယ်သူပဲဖြစ်ဖြစ်၊ အထူးသဖြင့် သတင်းအလုပ်နဲ့ ပတ်သက်သူ ဆိုရင် အချိန်မရွေး အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲနဲ့ ဖမ်းဆီးစစ်ဆေး ခံရနိုင်ပါတယ်၊ ည သန်းခေါင် ဘယ်အချိန် တံခါး လာခေါက်မလဲ ဆိုတာကို စိုးရိမ် ထိတ်လန့်စွာ နေကြရသူတွေ ဖြစ်ပါတယ်”ဟုလည်း ဒေါ်အေးအေးဝင်း က ထည့်သွင်း ပြောဆိုထားသည်။နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ်အတွက် အမျိုးသမီး ၄ ဦးကို ဆုရွေးချယ်ပေးအပ် ခဲ့ရာ ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း အပါအ၀င် အာဖဂန်နစ္စတန်သူ Fraida Nekzad နှင့် ဆိုက်ပရပ်စ် မှ Sevgul Uludag တို့ကိုပေးအပ်ပြီး အေပီ သတင်းဌာနအတွက် နှစ်ပေါင်း ၃၀ ကျော် စစ်သတင်း များနှင့် တခြားသော ကမ္ဘာ့ သတင်းများကိုရေးသားတင်ပြခဲ့ပြီး ယခု ကုလသမဂ္ဂတွင်ရှိသော အေပီ သတင်းဌာန သတင်းထောက်ချုပ် အမေရိကန် အခြေစိုက် Edith Lederer အသက် ၆၅ နှစ် ကိုမူ Lifetime Achievement Award ဆု ပေးအပ်သည်။

အပြည့်အစုံ...>>

လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်


ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈ သတ္တိရှိရှိဖြင့် လွပ်လပ်စွာဆန္ဒထုတ်ဖော်ခဲ့မှုများအတွက် လူရွှင်တော်ဇာဂနာကို ကနေဒါ ကလောင်ရှင်များအဖွဲ့ က One Humanity Award (တမျိုးတည်းသောလူသားဆု) ချီးမြှင့်လိုက်သည်။လွပ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ် မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟုလူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။

ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကနေဒါကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက်ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက် ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင် ဇာဂနာပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာ ချက်၌ ပြောသည်။
အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကိုကျော်ဖြတ်၍ မတူညီသည့်ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ်ပေါင်းကူးပေးရာ၌ ထူးကဲစွာဆောင်ရွက်နိုင်သူများ ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှုကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာဖော်ထုတ်ပြသရာ၌ မည်သည့်ကြားခံကိုမဆိုဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင် ရွက်ခြင်းတို့အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။
ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲ တော်ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။
ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ကြည်ဦး က ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကိုလုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ်တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်းကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ်နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘော တူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုးအနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကိုလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့် အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကပေး အပ်သည့် Lillian Hellman and Dashiell Hammett Grant ဆုရရှိခဲ့ဖူးသည်။
ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများဆောင်ရွက်ခွင့်ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ်စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်းခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီးအကျဉ်းချခြင်းခံထားရသည်။

အပြည့်အစုံ...>>

ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူးရာထူး ပထမဆုံးအကြိမ် ကရင်အမျိုးသမီးတဦးကို ခန့်အပ်

ဧရာဝတီ အောက်တိုဘာ ၂၀၊ ၂၀၀၈
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော (၁၄)ကြိမ်မြောက် ကွန်ဂရက်အစည်း အဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့သည်။
ကေအန်ယူအဖွဲ့၏ ဥက္ကဌ အဖြစ် စောတာမလာဘောနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် နော်စီဖိုးရာစိန်ကို အောက်တိုဘာ လ ၁၇ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကရင်အသိုင်းအ၀န်းမှ သိရသည်

နော်စီဖိုးရာစိန်သည် ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရပြီး နောက်ပိုင်း အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင်ရသည့် ပထမဆုံးသော ကရင် အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ်သည်။
နော်စီဖိုးရာစိန်အား ကေအန်ယူတွင် ယင်းကဲ့သို့ ခန့်အပ်လိုက်ခြင်းကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကြိုဆို လိုက်သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်က“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုး သမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကေအန်ယူရဲ့ဦးဆောင်မှုအောက် မှာ ကရင်အမျိုး သမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောသည်။
နော်စီဖိုးရာစိန်နှင့်အတူ ယခု ကေအန်ယူ ကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ စောဒေးဗစ် သာကပေါ်ကို ဒု ဥက္ကဌ အဖြစ် လည်းကောင်း၊ ဗိုလ်မှူးစောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး (၁) နှင့်(၂) အဖြစ်လည်းကောင်း ခန့်အပ်လိုက်ပြီး တခြားသော အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ် မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရောဂျာခင်၊ ပဒိုအားတိုး၊ ပဒိုဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။
နော်စီဖိုးရာစိန်သည် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ် တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသော အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီး အဖွဲ့ အစည်းတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့် သူမ၏လုပ်ရပ်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။
ကေအန်ယူအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်အထိ ဥက္ကဌ(၇)ဦးရှိသွားပြီဖြစ်သည်။
ကေအန်ယူသည် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ခုနှစ် ဖေဖော် ၀ါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုအချိန်က ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်သည်။
၁၉၄၉ခုနှစ် မှ စတင်ကာ လက်ရှိအချိန်အထိ ကေအန်ယူသည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
စစ်အစိုးရအား နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်ခဲ့ခြင်းမရှိချေ။
၁၉၉၅ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ)သည် ကေအန်ယူ အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင်လည်း ကေအန်ယူ ဥက္ကဌ စောဘိုမြသည် ဗိုလ်ချုပ်ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက ကေအန်ယူမှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ ကေအန်ယူ တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ခွဲထွက်အဖွဲ့ကိုကေအန်ယူ/ ကေအန်လယ်အေ ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ ကေအန်ယူအဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကေအန်ယူမှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများ ပြားလာကာ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ် ၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားခဲ့သည်။
မန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ကေအန်ယူအား ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင်ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။

အပြည့်အစုံ...>>

ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ

NEJ / ၂၀ အောက်တိုဘာ ၂၀၀၈။ ။
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက်ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။
ရွှေပြည်သာမြို့ နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက်ပေါက် သေဆုံးသွားသည်ဟု ရဲကပြောသည်။
အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ်ဗုံး (၃) လုံး ကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရွှေပြည်သာ မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက “ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာ ဖြစ်တဲ့အတွက်ရော၊ နောက်ထပ် ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမားဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အကြောင်းစုံ ကိုတော့ စုံစမ်းနေဆဲပါ” ဟု ပြောကြားသည်။
အလားတူ စနေနေ့ ည (၇) နာရီ မိနစ် (၅၀) ခန့် ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော်မှတ်တမ်း ရုံးရှေ့ ဘောလုံးကွင်းအတွင်း၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရန်ကင်းမြို့ နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကိုတွေ့ရှိပြီး မပေါက်ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရန်ကုန်မြို့၌ အသေးစားဗုံးပေါက်ကွဲမှုများနှင့် မတော်တဆပေါက်ကွဲမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာရှိမှုများလည်း ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တိုက်ကြီး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် ဂတ်စ်အိုးပေါက်ကွဲခဲ့ပြီး လူ (၇) သေဆုံးရသည်။ ပြီးခဲ့သည့်လ (၂၅) ရက်လည်း ရန်ကုန်မြို့ မြို့တော်ခမ်းမအနီး မဟာဗန္ဓုလ ပန်းခြံရှေ့ ကားမှတ် တိုင်၌ ဗုံးတလုံးပေါက်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန်အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အများစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ်အစိုးရက စွပ်စွဲလေ့ရှိသည်။

အပြည့်အစုံ...>>

ကန်တော်ကြီးမျှော်စင်ကျွန်းက Underground Band တွေရဲ့ 'သမိုင်းသစ်'

၂၀၊ အောက်တိုဘာ။ ၂၀၀၈

ပွင့်လင်းရာသီရောက်လာပြီဆိုတော့ ကန်တော်ကြီးမျှော်စင်ကျွန်းဘက်မှာ ပွဲတွေစီစဉ်လာကြပြီ။
Nine Planets က စီစဉ်တဲ့ Underground Band တွေရဲ့ 'သမိုင်းသစ်' အခွေသစ် ပရိုမိုးရှင်း ပွဲကို free show အဖြစ် အောက်တိုဘာ ၁၈ရက်နေ့က ကန်တော်ကြီး mini zoo မှာ ပြုလုပ်ခဲ့ကြတယ်။
(အဲဒီပွဲနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ထင်တာ မြင်တာလေးတွေ တချို့ ဘလောဂ့်ပရိသတ် အတွက်ဝေမျှလိုက်ပါတယ်။ ကြည့်ဖြစ်ခဲ့သူတွေလဲ အမြင်မတူတာတွေရှိရင်လဲ ပြန်ပြီးပြောကြပေါ့ဗျာ။)

ဝင်ဝင်ချင်း ဆိုင်းဘုတ်ကြီးမှာ ၅နာရီခွဲစမည်လို့ရေးထားတာစတွေ့တယ်။ အဖွဲ့တွေက Reason, Drive, Idiots, Wanted, ဋ, Temper Level VIII, Offekeys တွေပါ။ အဲဒီထဲမှာ ရတနာမိုင့် အမည်လဲတွေ့လိုက်တယ်။ သူလဲဆိုမယ်ပေါ့။ ညနေ ၅နာရီ ကျော်လာတော့ Nine Planets စာတမ်းပါ အကျီအနက်နဲ့လူငယ်လေးတွေ ဟိုသည် စုစု ၊ဝေးဝေးလှုပ်ရှားနေကြတာတွေ့ရပါပြီ။ ၅နာရီခွဲကာနီးတော့ ကား အကြီးကြီးတစ်စီး အရှိန်ပြင်းပြင်းနဲ့ကျွီခနဲဘရိတ်အုပ်၊ ဆင်းလာတော့ 'ဋ' က လင်းလွန်း ဆိုပဲ၊ တခြားအဖွဲ့က အနက်ရောင်လူငယ်တွေနဲ့ အချင်းချင်းနှုတ်ဆက်ကြတယ်။ ဒီလူငယ်လေးတွေရဲ့မျက်နှာပေါ်မှာ မျှော်လင့်ချက်တစုံတရာနဲ့လင်းလက်တောက်ပလို့။ လှုပ်လှုပ်ရွရွနဲ့ သီချင်းဆိုချင်နေကြပြီ။ ၅နာရီခွဲပြီ၊ ပွဲမစနိုင်သေးဘူး။ ဟိုတစ်စု သည်တစ်စု လှုပ်လှုပ်ရှားရှားနဲ့ပဲ၊ စင်ရှေ့မှာ ဘယ် ညာ ကင်မရာတွေ အသေချိန်ထားကြတယ်။ ဒီလိုနဲ့ လှုပ်လှုပ် လှုပ်လှုပ်တွေ ပိုပိုပြီး လှုပ်ရှားလာကြပြီး ၆နာရီကျော်လောက်မှာပွဲစပါတယ်။
Stage ရဲ့ အပြင်အဆင်က graffiti art စတိုင်လ် ပါ။ အနက်ရောင်နောက်ခံမှာ အဖြူရောင်မှုတ်ဆေးတွေပဲ လွတ်လွတ်ကျွတ်ကျွတ်သုံးထားတယ်။

ပထမဆုံး Reason တွေတက်လာတယ်။ သူတို့သီချင်းတွေအပြင်မှာမကြားဖူးသေးပေမဲ့ မဂ္ဂဇင်းတွေမှာ သူတို့ရဲ့အင်တာဗျူးတွေဖတ်ထားဘူးတော့ Reason တွေကို ပရိသတ်က မျက်မှန်းတန်းမိကြတယ်။ အောင်လ .. အောင်လ လို့နှုတ်ဆက်သံတွေ ဟိုက ဒီက ကြားလိုက်ရတယ်။ သီချင်းလေးတွေ မဆိုးပါ။ ကောင်းပါတယ်လို့ပဲပြောရမယ်။ ၃ပုဒ် ဆိုပြီး နှုတ်ဆက်တဲ့အခါ သူတို့ရဲ စတိုင်လ်အဖြစ် R .. E .. A .. S.. O.. N လို့ တစ်လုံးချင်းလို့ပြောသွားတယ်။ နောက် Drvie အဖွဲ့သားတွေအလှည့်။ မြန်မာ Underground Band တွေထဲမှာ သက်တမ်းအနုဆုံး ဖြစ်မယ်ထင်တယ်။ သီချင်းလေးတွေကောင်းတယ်။ vocal သမား အသံပါဝါကောင်းတယ်။ မကောင်းတာက နဲနဲငြိမ်နေတာ။ “ပရိတ်သတ်တွေအရမ်းငြိမ်တာပဲ၊ အားရပါးရရှေ့ကိုတိုးပြီး အားပေးကြပါ” လို့ ဖိတ်ခေါ်နေပေမဲ့ သူကိုယ်တိုင်က ငြိမ်နေတော့ ပရိသတ်တွေက ဘာလုပ်ရမှန်းမသိ။ စင်ရှေ့ကိုတော့ ကျေနပ်အောင် ပြေးလာကြပါတယ်။ ဒါက ကိစ္စတော့သိပ်မရှိပါ။ နောက်ပိုင်း ပွဲတွေဆိုတာများလာရင် ပွဲထိန်းနိုင်သွားမှာပါ။

နောက်တစ်ဖွဲ့က Idiots ။ သီချင်းသစ်တွေအပြင် ပရိသတ်သိပြီးသား အရင်သီချင်းအဟောင်းတွေပါဆိုသွားတယ်။ vocalသမား တွတ်ပီက အသံပါဝါပိုကောင်းလာပေမဲ့ အ၀င်အထွက်တွေမှာ အခုထိ ခပ်ပါးပါးလွဲနေတုန်းပဲ။ ဒါကို သတိထားနေရတုန်းပဲ။ အသံမကောင်းမှာကို ကြောက်ပြီး အရမ်းဂရုစိုက်ဆိုနေတော့ သူ့ခမြာပင်ပမ်းနေရှာတယ်။ ရာသီဥတုကလဲ ပူလွန်းတယ်။ ဒီတော့ အားပေးတဲ့ ပရိသတ်ရော ဆိုတဲ့တီးတဲ့သူတွေပါ ပင်ပမ်းနေကြတယ်။ မိုးအကုန် ဆောင်းအကူး ရာသီအကူးအပြောင်းမှာ ထွက်တဲ့ ပိုးစိမ်းကောင်၊ ပုရစ်တွေက ဆလိုက်မီးရောင်တွေကြောင့် ပိုပြီးထကြွသောင်းကျန်းနေလိုက်တာများ၊ စင်ပေါ်က တခါတခါ လွှတ်လိုက်တဲ့ ရေခဲငွေ့တွေတောင် ပိုးကောင်တွေကိုတိုးမပေါက်ဘူး။ ဆိုနေတဲ့သူရဲ့ ပါးစပ်ထဲပိုးကောင်ဝင်သွားမှဖြင့်လို့ မဆီမဆိုင်တွေးပူလိုက်မိသေးတယ်။ နောက် တွတ်ပီကပြောတယ်။ ဒီပွဲအတွက် ၅ပတ်လောက်ရှိပြီ ကြိုပြီးစီစဉ်နေခဲ့ရတဲ့အကြောင်းနဲ့ နာဂစ်မုန်တိုင်း နဲ့ပတ်သတ်ပြီး သူတို့သီချင်းတစ်ပုဒ်စပ်ထားတယ်။ Nine Planets အဖွဲ့သားတွေ အားလုံးစုပြီး ဆိုကြမယ်တဲ့၊ ဒီတော့ တခြားအဖွဲ့သားတွေကို ခေါ်တယ်၊
Drive က သားကြီး၊ Reason က အောင်လ၊ Wanted က ဖော်ကာ၊ 'ဋ' က လင်းလွန်း တို့ပါ အတူတူဆိုကြတယ်။
လူငယ်လေးတွေရဲ့ ကူညီချင်တဲ့စိတ်၊ အရာရာကို တတ်နိုင်သလောက် ၀င်ရောက်ဖြေရှင်းလိုတဲ့စိတ်တွေ နဲ့ ဖြစ်ပေါ်လာတဲ့သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့် ပရိသတ်တွေကပါ ငြိမ်သက်ပြီး စိတ်ဝင်တစားနားထောင်ကြတယ်။ သီချင်းလေးက ကောင်းပါတယ်။ ဆိုနေတဲ့လူငယ်လေးတွေရော ပရိသတ်တွေရဲ့ စိတ်ထဲမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အတိတ်အရိပ်တွေ ရုန်းကန်ထကြွလို့ မျက်နှာလေးတွေ ငိုင်တွေကုန်ကြတယ်။ အဖွဲ့သားတွေအားလုံး အချင်းချင်း ညီညီညွတ်ညွတ်ရှိကြတာကိုမြင်တွေ့ရတာ စိတ်ချမ်းသာစရာကောင်းလှတယ်။
ညီညွတ်ကြရင်ဖြင့် အရာရာကိုကျော်လွှားအောင်မြင်နိုင်မယ်မဟုတ်လား။

နောက်တော့ ရတနာမိုင်အလှည့်ပါ။ ရတနာမိုင်က သူမရဲ့မေမေနဲ့ အတူတူဆိုထားတဲ့သီချင်းကိုပဲ ပထမဆုံးဆိုတယ်။ 'ငါ့ကိုချစ်ရင် ဖုန်းမဆက်ပါနဲ့၊ ငါ့အဖေသိမှာ ကြောက်လို့ပါကွဲ့' တဲ့။
Nine Planet နဲ့တွဲပြီး သူမ ထွက်မဲ့အခွေရှိတယ် လို့ပြောတယ်။ အဲဒီအခွေသစ်မှာပါမဲ့ သီချင်းတွေလဲဆိုသွားပါတယ်။ Idiots က တွတ်ပီက တစ်ပုဒ် ၀င်တီးပေးတယ်၊ ရတနာမိုင် က အရည်အသွေးရှိသူလေးပါ။ ဒါပေမဲ့ ဘာတွေလွဲနေလဲ မသိပါ၊ အတီးနဲ့အဆို ကီးမတူသလို နားထောင်ရတာ အရသာမတွေ့ဘူး၊ အစ အဆုံးကို လွဲပြီး ဆိုသွားတယ်လို့ ထင်တယ်။
ရတနာမိုင်ရဲ့ဟန်က တချက်တချက် ခင်ဘုန်းရဲ့ဟန် လိုလို။

ရတနာမိုင်ပြီးတော့ Wanted အဖွဲ့ပါ။ Wanted တွေကတော့ သက်တမ်းရင့် မြန်မာ Underground Band မဟုတ်လား။
သက်တမ်းရင့်တယ်ဆိုတာကို ပိုပြီးသေချာသွားစေတာက vocal ဖော်ကာ ရဲ့ performance ကြောင့်ပါပဲ။ သူ့ရဲ့ 'ဟုတ်ကဲ့' သီချင်းကလဲ သဘောကျစရာပါ။ ပရိသတ်တွေကို အင်မတန်ထိန်းနိုင်တယ်။ ဟန်လုပ်ထိန်းချုပ်မထားတဲ့ သူ့အပြောအဆို နဲ့သူ့ပုံစံကပဲ ပရိသတ်နဲ့ အစပ်အဟပ်တည့်နေတော့တယ်။ Underground Band တွေဆိုတာက ကိုယ့်ဂစ်တာကို ကိုင် တက်လာကြတဲ့ ဂီတသမားတွေမဟုတ်လား။ ဒီတခေါက်တော့ ဂစ်တာတွေမှာ Nine Planets စာတမ်း တွေ့ရတော့ Nine Planets ပိုင် ဂစ်တာတွေများလားတွေးမိသေးတယ်။ ဒါဆိုရင်တော့ Nine Planets က ဆရာကြီးဆိုသူတော့ ဖော်ကာ အလှည့်ရောက်မှာ ကို ကြောက်နေရှာမယ်။ ဖော်ကာက ဂစ်တာကို တီးလိုက်၊ ပစ်ချလိုက် ၊တခါ ကောက်တီးလိုက်၊ ပြန်ပြီးပစ်ချလိုက်နဲ့အလုပ်ရှုပ်တတ်သူကိုး၊
သီချင်းတွေက Wanted ရဲ့ မဆိုမဖြစ်သီချင်း "နင် ငါ့ကို မုန်းချင်မုန်းပါဟေ့၊ ငါ့ကို ဖြတ်ချင်ဖြတ်သွားဟေ့၊ ငါ့ဂီတ ကို မထိခိုက်နဲ့" လို့ အော်ဟစ်သီကြူးသွားတယ်။
လူငယ်တွေကလဲ အားပါးတရ သံပြိုင်လိုက်ဆိုကြတယ်။ ဒီသီချင်းဟာ Wanted လို့ဖြစ်လာစေတဲ့သီချင်းတပုဒ်လို့ ပြောရမှာပါပဲ။ စင်ရှေ့မှာလဲ အနက်ရောင်လူငယ်တွေ ဖော်ကာနဲ့အတူ ၀ုန်းဒိုင်းကြဲကုန်ကြတော့တယ်။ သီချင်းတွေမှာ အမှားအယွင်းမရှိ သီဆိုသွားနိုင်တဲ့ ဖော်ကာ ဖြစ်နေပြီ။ သူ့ရဲ့အသံကတော့ အရင်ကလိုပဲ ခပ်စွာစွာပုံစံမျိုးပဲ။

Wanted ပြီးတော့ သူတို့နဲ့သက်တမ်းတူလို့ ပြောနိုင်တဲ့ 'ဋ' ပါ။ 'ဋ' တွေကတော့ တစ်ဖွဲ့လုံး performance ကောင်းကြတယ်။ ဆံပင်တွေက အားလုံးအရှည်၊ vocal လင်းလွန်းကအစ ဂစ်တာသမားတွေပါ ဆံပင်တွေ အရှည်ကြီး၊ ဟန်တွေက စည်းချက်ကျကျ၊ ခပ်ပြင်းပြင်း၊ ရောခ့်သမားတွေအကြိုက်ဆုံးအနေအထား၊ ၀မ်းခေါင်းသံကြီးတွေနဲ့ အော်ဟစ်မြည်ကြွေးလို့၊ ပရိသတ်ကလဲ လိုက်အော်လို့၊
စင်ပေါ်ကခုန် အောက်ကခုန်နဲ့ 'ဋ' တွေမပါရင် ပွဲမစည်ဘူးလို့တောင်ပြောနိုင်ဦးမယ်။ လူငယ်တွေရဲ့ စိတ်အစာမကြေမှုတွေကို 'ဋ' တွေက ခဏတာဖြေလျှော့ပေးနိုင်လို့ လူငယ်တွေကျေနပ်တယ်၊
သူ့ရဲ့ ပရိသတ် တွေ လက်ညှိုးထောင်ပြပါ လို့ လင်းလွန်းက တောင်းဆိုလိုက်တယ်၊ ပရိသတ်ထဲမှာ တွေ့လိုက်ရတဲ့ Pal အဖွဲ့က ဂစ်တာသမားက အစ မိန်းကလေးငယ်ငယ်တွေအဆုံး အနက်ရောင်လူငယ်တွေများများစားစား အလုအယက် လက်ညှိုးထောင်ကြတယ်။ လင်းလွန်း ကျေနပ်သွားတယ်။ '-'ရမ်းမိုက်တယ်၊ '-'ရမ်းကျေးဇူးတင်တယ်လို့ လှိုက်လှိုက်လှဲလှဲပြောသွားရှာတယ်။

နောက် Round တလှည့်ပြန်ဆိုကြတော့ Reason, Drive, Idiots, ရတနာမိုင် နဲ့ Wanted တို့ပါ ထပ်ပြီး ဆိုသွားကြတယ်။ 'ဋ' ကတော့ ပြန်မပါလာတော့ပါဘူး။ အစအဆုံး လုံးဝပါမလာတာက Temper Level VIII နဲ့ Offkeys တို့ပါ။ နောက်ဆုံး Wanted အဖွဲ့နဲ့ပွဲကိုပိတ်တယ်။ သူ့ရဲ့ 'အရက်သမား' သီချင်းကို လူငယ်တွေပါမက လူကြီးတွေပါ ခေါင်းလှုပ်ခြေလှုပ် စည်းချက်လိုက်ကြတယ်။ စာသားကလဲ သဘောကျစရာကောင်းပါတယ်၊ အရက်သမားသိက္ခာမကျရအောင် ခြေလှမ်းကိုထိန်းနေတဲ့စာသားက လူတွေကို ပြုံးမိစေတယ်။ အဆုံးသတ်ခါနီးမှာ ပရိသတ်လဲမောနေပြီ၊ ဖော်ကာက မေးတယ်။ 'ပြန်ချင်ကြပြီလား၊ မပြန်ချင်သေးရင်ဆက်ဆိုမယ်၊ ပြန်ချင်ပြီဆိုရင် ဆက်မဆိုတော့ဘူး' တဲ့၊ ပရိသတ်တချို့ကလဲ ဟန်မဆောင်ကြဘူး။ 'ပြန်ချင်ပြီ' လို့ပြောကြတယ်။ ဒီတော့လဲ သူက the Last လို့ထအော်လိုက်တယ်။ သီချင်းစတော့ .. အတီးစ၀င်လာကတည်းက Nirvana သီချင်းမှန်းရိပ်မိလိုက်တဲ့ လူငယ်တွေက Nirvana ဆိုပြီးအော်ကြတယ်၊ မူရင်းအတိုင်းပဲဆိုသွားပါတယ်။ performance စွမ်းပကားကိုတော့ ၀ါသနာအရ ထုတ်ပြဆဲပါ။ ဂစ်တာကိုတီးနေရင်း နောက်ကို ပစ်လွှဲလိုက်တယ်။ ဒါပေမဲ့ နည်းနည်းရှည်ထားတဲ့ လွယ်ကြိုးကြောင့် ဂစ်တာက နောက်ကိုအရောက်မှာ ပခုံးက လျှောကျသွားတော့တယ်၊ ဒါကို အင်မတန်ပါးနပ်လှတဲ့ ဖော်ကာက ဆိုနေရင်းက ဟန်မပျက် လွယ်ကြိုးကိုအောက်ထိ အသာလျှောချရင်း ဂစ်တာကိုပစ်ချလိုက်တယ်။ နောက်တော့ ဘေးဘက်ထွက်ရပ်လိုက်ရင်း ဆက်ဆိုနေတယ်၊ နောက်တော့ မိုက် ကို စတန်းက ဖြုတ်ယူလိုက်ပြီး ဂစ်တာသမား ကို ပေးဆိုပြန်ရော၊ နောက်မှာ ဂစ်တာ backing တီးပေးထားမဲ့သူသပ်သပ်ရှိနေရင် ပိုအဆင်ပြေနိုင်မှာပါ၊ အခုတော့ ဂစ်တာသမား က အတီးကို ဂရုစိုက်ရတဲ့အထဲ ဖော်ကာက သူမောနေလို့ မဆိုနိုင်တိုင်း သွားဆိုခိုင်းတော့ ဂစ်တာသမားခမြာ ပျာနေရှာတာပေါ့။ သီချင်းလဲ ဆုံးရော'ပြန်တော့' လို့ ဖော်ကာကပဲ ရင်းရင်းနှီးနှီး နှုတ်ဆက်ရင်း ပွဲသိမ်းလိုက်ပါတယ်။ ပရိတ်သတ်နဲနေတာလွဲလို့ အေးအေးဆေးဆေးပြီးသွားတဲ့ပွဲပါပဲ။

ကြိုးစားနေတဲ့လူငယ်တွေ 'စည်းလုံးကြပါစေ။ အောင်မြင်ကြပါစေ' ချီးမြှောက်ဆုတောင်းပေးကြဖို့ ကျွန်တော်တို့ တွန့်ဆုတ်မနေသင့်ဘူးမဟုတ်လား။

သမိုင်းသစ် အယ်လ်ဘမ်ရောင်းရငွေကို လေဘေးသင့်ပြည်သူတွေကို အားလုံးလှူမှာဆိုတော့ မူရင်းခွေကို ၀ယ်ကြဖို့လဲ တိုက်တွန်းချင်တယ်ဗျ။

spring
ဦးကုလားအတွက်ဓါတ်ပုံနှင့် စာသားရေးသားပို့ပေးတဲ့ Spring ကိုကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံ...>>

တွမ်ခရုစ်သေဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့


၁၉။ တနင်္ဂနွေ၊ ၂၀၀၈
တွမ်ခရုစ်က ၎င်းသေပြီဟု သတင်းထွက်ပေါ်လာမှုအား အလွန်အံ့သြမိကြောင်း ပြောကြားသွားသည်။ ကလေး(၃)ဦး၏ဖခင် ဟောလီးဝုဒ် စူပါစတားမင်းသားသည် နယူးဇီလန်နိုင်ငံတွင် ကွယ်လွန်သွားခဲ့ကြောင်း ကောလဟာလသတင်းမျာ အင်တာနက်မှတဆင့် ထွက်ပေါ်လာခဲ့မှုအပေါ် တွမ်ခရုစ်က ယခုကဲ့သို့ ဖြေရှင်းခဲ့ရခြင်းဖြစ်သည်။ မူလက အောက်တိုဘာလ (၁၅)ရက်နေ့မနက်က တွမ်ခရုစ်သည် နယူးဇီလန်နိုင်ငံမှ နာမည်ကြီး တောင်ထွတ်တစ်ခုဖြစ်သော ကူရီတောင်ထိပ်မှ ပြုတ်ကျသေဆုံးသွားပြီဟု သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး တွမ်ခရုစ်၏ ပရိသတ်များက ၎င်းအားစိုးရိမ်တကြီး ဆက်သွယ်မေးမြန်းခဲ့ကြသည်။ တွမ်ခရုစ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျက်ဖ်ရေမွန်က အသက်(၄၆)နှစ်အရွယ် မင်းသားမှာ လက်ရှိအချိန်တွင် ကျန်းကျန်းမာမာရှိနေကြောင်း၊ ထွက်ပေါ်နေသော သတင်းများမှာ တစ်ခုမှမဟုတ်ဘဲ ကောလဟာလ သက်သက်များသာဖြစ်ကြောင်း တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့သည်။ တွမ်ခရုစ်သည် သေဆုံးကြောင်း ကောလဟာလထွက်ပေါ်ဖူးသည့် ပထမဆုံး ဟောလီးဝုဒ်မင်းသား မဟုတ်ဟုလည်း သိရှိရသည်။ လွန်ခဲ့သော(၂)နှစ်က မင်းသားတွမ်ဟန့်ခ်သည်လည်း သေဆုံးသွားပြီဟု ကောလဟာလများ ဖြစ်ပေါ်လာသေးသည်။ နောက်ဆုံးတွင်မူ တွမ်ခရုစ်သေဆုံးမှုသတင်းသည် Userများအား Celebrityများအကြောင်း လွတ်လပ်စွာ နှီးနှောဖလှယ်ရန် ခွင့်ပြုထားသော ၀က်ဘ်ဆိုက်တစ်ခုမှ စတင်ပြန့်နှံ့လာခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု သိရှိရသည်။Source: Femalefirst

အပြည့်အစုံ...>>

မြန်မာအပေါ် ကုလအရေးယူရေး တောင်းဆိုချက်ကို CSW ကြိုဆို

CSW/ ၁၆ အောက်တိုဘာ ၂၀၀၈။ ခေတ်ပြိုင်
မြန်မာစစ်အစိုးရအား ကုလသမဂ္ဂမှ မည်သို့ကိုင်တွယ် အရေးယူသင့်သည်ဆိုသည့် အင်္ဂလန်နိုင်ငံ အတိုက်အခံ နိုင်ငံခြားရေးဝန်ကြီး လွှတ်တော်အမတ် David Lidington ၏တောင်းဆိုချက်ကို အင်္ဂလန်အခြေစိုက် လူ့အခွင့် အရေးအဖွဲ့ဖြစ်သည့် ကမ္ဘာတ၀န်း ခရစ်ယာန်ညီညွတ်ရေးအဖွဲ့ (စီအက်စ်ဒဗလျူ) က ကြိုဆိုလိုက်သည်
ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရအတွက် ရှင်းလင်းသည့် စည်းကမ်းသတ်မှတ်ချက်ချမှတ်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စမှသည် စစ်အစိုးရနှင့်ဆက်ဆံရာတွင် အဖြေမထွက်သည့် သံတမန်ဆက်ဆံရေး နည်းလမ်းများ အဆုံးသတ်ရေးအဆုံး မည်သည့်အချိန် အပြီးဆောင်ရွက်ရမည်ဆိုသည့် လွှတ်တော်အမတ် David Lidington ၏ တောင်းဆိုချက်အပေါ် စီအက်စ်ဒဗလျူက ကြိုဆိုခြင်းဖြစ်သည်။
ဗြိတိန်အောက်လွှတ်တော်အတွင်း ယမန်နေ့ကပြုလုပ်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေး အခြေအတင် ဆွေးနွေးပွဲတွင် David Lidington က “အခုနှစ် အစပိုင်းမှာ မြန်မာစစ်အစိုးရရဲ့ မှတ်တမ်းတွေဟာ ဒီထက်ပိုပြီး နိမ့်ကျသွားမယ်လို့ ကျနော် မထင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီလို ယုံကြည်ခဲ့သူ ကျနော်တို့အားလုံးဟာ ဆိုင်ကလုန်း နာဂစ်ကာလအတွင်းမှာ ဒုက္ခရောက်ပြီး သေခါနီး ဖြစ်နေတဲ့လူတွေဆီ အကူအညီပေးဖို့ရာကို အတားအဆီး အပိတ်ဆို့တွေလုပ်ခဲ့တဲ့ အလွန်ရက်စက်တဲ့ လုပ်ရပ်တွေကြောင့် တုန်လှုပ်သွားခဲ့ရပါတယ်” ဟု ပြောသည်။
မစ္စတာ Lidington က လာမည့် ဒီဇင်ဘာအတွင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်မည် ကိုကြို ဆိုလိုက်သည်။ သို့သော် မြန်မာနိုင်ငံ၌ တိုးတက်မှုများဖြစ်ပေါ်စေရန် တိကျရှင်းလင်းသည့် စည်းကမ်းချက်များ သတ်မှတ်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အတွင်းရေးမှူးချုပ်တို့ကို တိုက်တွန်းရန် ဗြိတိန်အစိုးရကို တောင်းဆိုလိုက်သည်။
၎င်းက “ပထမဆုံးအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးတာဖြစ်သင့်တယ်။ အဲဒီဟာကလည်း ပြီးခဲ့တဲ့နှစ် ကတည်းက ကုလလုံခြုံရေးကောင်စီက တောင်းဆိုထားတာဖြစ်တယ်။ မြန်မာစစ်အစိုးရဟာ အဲဒါနဲ့ ပတ်သက်ပြီး အခုထိ အကောင်အထည်မဖော်သေးဘူး” ဟုပြောသည်။
ယခုသီတင်းပတ်အတွင်းပြုလုပ်မည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များအစည်းအဝေးနှင့် ယခုလ (၂၄) ရက် အာရှ-ဥရောပ အစည်းအဝေးတို့တွင် မြန်မာအရေးကို “ထိပ်တန်းဦးစားပေးအဆင့်” ထားရန်ကိုလည်း ၎င်းက ဗြိတိန် အစိုးရအား တောင်း ဆိုလိုက်သည်။
ထို့အပြင် မြန်မာ့အရေးအပေါ် မြန်မာအိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍လည်း ၎င်းက “ဒီကိစ္စဟာ တရုတ်နဲ့ အိန္ဒိယသာမက မလေးရှား၊ အင်ဒိုနီးရှားအပါအ၀င် မြန်မာစစ်အစိုးရရဲ့ ရပ်တည်ရေးနဲ့ စိတ်ပြောင်းလဲလာဖို့ အပေါ် သြဇာညောင်းနိုင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင်နိုင်ငံတွေအားလုံး လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီဆွေးနွေးချက်တွေအပေါ် အီးယူအဖွဲ့က ဘယ်လိုကိုင်တွယ်ရမလဲ ဆုံးဖြတ်နိုင်ဖို့အတွက် ဗြိတိန်နိုင်ငံကလည်း သံတမန်ရေးသြဇာတိက္ကမ မှန်သမျှ အသုံးချပြီး မြန်မာနိုင်ငံသားတွေရဲ့ လွတ်မြောက်မှုအတွက် ကျနော်တို့ရဲ့ အာရှမိတ်ဆွေတွေအပေါ် အမြင့်ဆုံးဖိအားတွေ ပေးသွားမယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ စီအက်စ်ဒဗလျူ ပေါ်လစီစည်းရုံးရေးအရာရှိ Benedict Rogers ကလည်း “ဗြိတိန်အတိုက်အခံပါတီရဲ့ အခုလို တိကျတဲ့ တောင်းဆိုမှုတွေလုပ်တာကို ကြိုဆိုပါတယ်။ ပြီးတော့လည်း ဗြိတိန်အစိုးရအနေနဲ့ ဒါကို အသိမှတ်ပြုပြီး မြန်မာအရေးတိုးတက်မှုတွေရဖို့ တိကျတဲ့ လုပ်ဆောင်ချက်တွေ၊ နောက်ဆုံးထားသတ်မှတ်ချိန်တွေကို ကုလလုံခြုံရေး ကောင်စီကနေ ချမှတ်နိုင်အောင် တွန်းအားပေးမယ်လို့ မျှော်လင့်ပါတယ်။ ပထမဆုံးခြေလှမ်းဟာလည်း ဘန်ကီမွန်း ဒီဇင်ဘာလထဲ မြန်မာနိုင်ငံကို သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းပဲဖြစ်ရပါမယ်” ဟုပြော သည်။

အပြည့်အစုံ...>>

အရှိန်အဟုန်ဖြင့်လုပ်ဆောင်သွားမည်ဟု မျိုးဆက်သစ်လူငယ်များအစည်းအရုံး မှု ထုပ်ပြန်ကြေငြာ


၁၆။ အောက်တိုဘာ၊ ၂၀၀၈။
သတင်းထုတ်ပြန်ကြေငြာချက်အပြည့်အစုံ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်ရှိ တော်လှန်ရေးမောင်နှမများခင်ဗျား-
ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုကျော်သူမျိုးမြင့်(ခ) အာကာအား နအဖ အာဏာပိုင်များမှ အောက်တိုဘာလ ၁၃ ရက် ၂၀၀၈ နေ့တွင်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းအသိပေးအပ်ပါသည်။ယခုလအတွင်း ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့် ဆက်နွယ်၍ ဖမ်းဆီးခံရသည့်လူငယ်များမှ စုစုပေါင်း ၉ ဦးရှိသွားပြီဖြစ်ပြီး ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက အဖွဲ့ဝင်နှစ်ဦးနှင့် မတ်လအတွင်းက ၁၀ ဦးခန့်ဖမ်းဆီးခံခဲ့ရပါသည်။အာဏာပိုင်များအနေဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်နေပါသည်ဟု နိုင်ငံတကာနှင့် ပြည်သူလူထုအား အကြိမ်ကြိမ်ထုတ်ဖေါ်ပြောကြားနေခဲ့ပါသော်လည်း အခြေခံလူ့အခွင့်အရေးများဖြစ်သည့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသွင်းအဖွဲ့စုစည်းခွင့် စသည့်အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်မှာ ယခုကဲ့သို့ ဖမ်းဆီးမှုများက သက်သေခံလျက်ရှိပါသည်။ထို့ကြောင့် လက်ရှိအာဏာပိုင်များအနေဖြင့် တိုင်းပြည်ကိုငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်စေတနာ အမှန်တကယ်ရှိပါက ယခုကဲ့သို့ မတရားဖမ်းဆီးမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဖမ်းဆီးထေားသော နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း အမြန်ဆုံးလွှတ်ပေး၍ တာဝန်ရှိသော ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အနေဖြင့် အလေးအနက်တိုက်တွန်းလိုက်သည်။မျိုးဆက်သစ်လူငယ်များ၏ အကြမ်းမဖက်တက်ကြွလှုပ်ရှားမှုများအား အာဏာပိုင်များဘက်မှ မည်သို့ပင် မတရားဖိနှိပ်နေစေကာမူ ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အနေဖြင့် အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုများကို လုံးဝရပ်တန့်သွားမည်မဟုတ်ပဲ ပိုမိုအရှိန်မြင့်လုပ်ဆောင်သွားမည်မှာ သေချာကြောင်းလည်း ထပ်လောင်းအသိပေးလိုက်သည်။

အပြည့်အစုံ...>>

မြန်မာ့လေကြောင်းလိုင်းပိုင် လေယဉ်ပျက်ကျ


၁၄၊ အောက်တိုဘာ ၂၀၀၈
မြန်မာ့လေကြောင်းပိုင် ဖော်ကာ F 27 လေယဉ်ပျံသည် ၁၁ ရက်နေ့က လားရှိးမြို့အတက်မှာ ပျက်ကျခဲ့သည်ဟုသတင်းများရရှိပါသည်။ လေယဉ်ပေါ်လိုက်ပါလာသူ ခရီးသည် ၂၇ ဦးလုံးသေဆုံးပြီး လေယဉ်မှူးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်းသိရှိရပါသည်။
မြန်မာ့လေကြောင်းလိုင်းရှိလေယဉ်များသည် သက်တန်းလွန်လေယဉ်များဖြစ်ပြီး စနစ်တကျ ပြုပြင်ထိမ်းသိမ်းခြင်းများမရှိသည့်အပြင် မရပ်မနား နေ့ရောညပါ အသုံးပြုခြင်းမျာ့း စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်လည်းဖြစ်သည်။ ဖော်ကာ ၂၇ လေယဉ်များသည် သက်တန်းလွန်လေယဉ်များဖြစ်ပြီး မြန်မာနိုင်ငံ အင်ဒိုနီးရှားနိုင်ငံနှင့် လာအိုနိုင်ငံတွေမှာ အသုံးပြုနေဆဲဖြစ်ပါသည်။
ခရီးသည်များအတွက် ပိုမိုစိတ်ချနိုင်သည့် ဖောကာ F 80, 100 ဂျက်အမျိုးအစားလေယဉ်ပျံများကိုသာ ပြောင်းလဲအသုံးပြုသင့်ပါသည်။ မြန်မာ့လေကြောင်းလိုင်းလေယဉ်ပျက်ကျမှုသတင်းကို နအဖအစိုးရမှ သတင်းအမှောင်ချထားလျှက်ရှိပါသည်။
http://www.bcbgaust.net/f

အပြည့်အစုံ...>>

မြေငလျင်လှုပ်မှုများ ဆက်တိုက်ဖြစ်နေသဖြင့် ဒေသခံများစိုးရိမ်နေ

ဗထူး။ အောက်တိုဘာ ၁၃၊ ၂၀၀၈
မြေငလျင်များ နှစ်ရက်ဆက်တိုက်လှုပ်နေသည့်အပြင် မိုးသက်လေပြင်းများ ကျရောက်နေသည့် အတွက် ဒေသခံရွာသားများမှာ စိုးရိမ်ကြောက်ရွံ့နေကြသည်။
ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအနီးတဝိုက်တွင် ယခုလ (၁၁) ရက်နေ့နှင့် (၁၂) ရက် နေ့များ၌ နှစ်ရက်ဆက်တိုက် သုံးကြိမ်ခန့် မြေငလျင် ပြင်းထန်စွာလှုပ်သွားပြီးနောက် မိုးသက် လေပြင်းများ ကျရောက်သဖြင့် ရွာသားများ အထိတ်တလန့်ဖြစ်နေရကြောင်း ဒေသခံရွာသား တဦးက ပြောသည်။
“ကျနော်တို့ မြင်းကကုန်းဘက်မှာ ဆက်တိုက်လှုပ်တာ၊ တော်တော်လဲပြင်းတော့ လူတွေအားလုံး အထိတ်တလန့်ဖြစ်နေတာ၊ (၁၁) ရက်နေ့ညဘက် (၁၀) နာရီနဲ့ ၂၁ မိနစ်မှာ လှုပ်တယ်၊ မနက် (၃) နာရီလောက်မှာ တကြိမ်လှုပ်တယ်၊ (၁၂) ရက်နေ့ကျတော့ (၂) နာရီနဲ့ (၃၅) မိနစ်မှာ လှုပ် တယ်၊ အဲဒီနေ့ကတော့ ငလျင်လှုပ်ပြီး (၁၅) မိနစ်လောက်ကြာတော့ လေတွေမိုးတွေ ကျလာ တယ်၊ တရွာလုံး ဘယ်သူမှမအိပ်ရဲဘူး”ဟု ဒေသခံရွာသားက ပြောသည်။
ယခုရက်ပိုင်းအတွင်း မုန်တိုင်းကောလဟာလသတင်းများကြောင့် ဘိုကလေးမြို့နယ်အတွင်းမှ ပြည်သူများမှာ ကြောက်ရွံ့ နေကြသည့်အပြင် ယခုကဲ့သို့ မြေငလျင်လှုပ်ပြီး မိုးသက်လေးပြင်းများ ကျရောက်နေသည့်အတွက် အချို့ရွာသားမျာမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“အဲလိုတွေဖြစ်နေတော့ တချို့က အထုပ်အပိုးတွေပြင်ဆင်ပြီး ဘုန်းကြီးကျောင်းဘက်တွေကို သွားဖို့ လုပ်နေကြတာ၊ မီးကလဲမရှိတော့ တရွာလုံး ဘယ်သူမှမအိပ်ကြဘူး၊ ဓါတ်မီးတွေ တဝင်းဝင်းနဲ့ တညလုံးသွားလာနေကြတာ၊ အားလုံးကလဲ ကြောက်နေကြတာပေါ့၊ ကျနော်တို့ ဘက်မှာက ငလျင်က တနှစ်နေလို့ တခါတောင်လှုပ်တာမဟုတ်ဘူး၊ အခုလို နေ့စဉ်ဆက်တိုက် လှုပ်နေပြီး လေလဲတိုက်လာတော့ အားလုံက ဆောက်တည်ရာမရဖြစ်ကုန်တယ်”ဟု အဆိုပါ ရွာသားက ပြောသည်။
ငလျင်လှုပ်ခြင်းကြောင့် ပျက်စီး ထိခိုက်မှုမရှိသော်လည်း နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးအချိန်မှစ၍ ဒေသခံပြည်သူများမှာ သဘာဝဘေးအန္တရာယ်ကျရောက်မည်ကို အလွန်အမင်း စိုးရိမ်နေကြပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။

အပြည့်အစုံ...>>

CNG ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေ။

CNG ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေ တွေ.နေရပါပြီ။ခုပြီးခဲ့တဲ့ စနေနေ.မှာ ရန်ကုန်တစ်မြို.လုံး မနက်စောစောက စပြီး မီးဖျက်ထားပါတယ်။ (အကြောင်းကတော့ လောပိတလိုင်းတွေ ဘာဖြစ်နေလို. ပြင်ဖို. ရှိတယ်ဆိုလား)။ ဒါပေမဲ့ မီးပျက်တဲ့ အချိန်ကြာမြင်တဲ့အတွက်ကြောင့် CNG ပြောင်းထားတဲ့ကားတွေ အကုန်ဒုက္ခ ရောက်ကုန်ပါတယ်။ ဆိုင်တွေမှာ နေ.တစ်ဝက်လောက်ထိ တန်းစီရပါတယ်။ နောက်နေ. တနင်္ဂနွေ ဖြစ်ပေမဲ့ လိုင်းကား စီးရေ နည်းသွားလို.၊ စီးတဲ့သူတွေလဲ ကားကျပ်တဲ့ဒုက္ဓကို ခံရပါတယ်။ လုပ်ချင်တာပဲသိပြီး ရေရှည်အတွက် ဘာဖြစ်ရင် ဘာလုပ်မယ်ဆိုတာကို ပြင်ဆင်ထားပုံ မရပါဖူး။အဲ့နေ.ကပဲ ကားစောင့်နေရင်းနဲ. စိတ်မကောင်းစရာ သတင်းတစ်ခု ကြားရပါတယ်။ သာကေတက ၀ပ်ရှော.တစ်ခုမှာ (၆၂) လိုင်းက ကားတစ်စင်းမှာ ဖြစ်တာပါ။ကားနောက်လိုက်က ကားပေါ်တက်ပြီး ဆေးလိပ်သောက်ပါတယ်တဲ့။ အဲ့ဒါ ဓါတ်ငွေ.ကပဲ စိမ်.နေတာလား ဘာလားတော့ မသိဘူး တစ်ခါတည်း ၀ုန်း ဆို ကန်ထွက်ပြီး၊ မီးက အထဲမှာ လှိုက်လောင်ပါလေရော။ ဖြစ်ချုင်တော့ တံခါးကို ချက်ပါ ချထားတော့၊ ရုတ်တရက် ဖွင့်လို.လဲမရဘူး။ ဆေးရုံ ရောက်ရာက်ချုင်းပဲ ဆုံးသွားပါတယ်။ ကားအုံနာကတော့ တော်တော်လေးရှင်းလိုက်ရပါတယ်။ သေဆုံးသူရဲ. မိသားစုကိုလည်း နစ်နာကြေး တော်တော်လေးပေးလိုက်ရပါတယ်။ ကားအုံနာလည်း နေရင်းထိုင်ရင်း အကုသိုလ် ၀င်သွားတယ်။ကားတွေကို CNG ပြောင်းတာပြောင်းခိုင်းထားတာ။ ကားတွေပေါ်မှာ ဂါတ်စ်အိုးတွေကို ဘယ်လို တပ်ထားတယ်၊ စံချိန်စံညွှန်းညီရဲ.လား၊ ဘာလားလဲ ညွန်ကြားထားပုံမရ၊ သေချာစစ်ဆေးပုံ မရပါဘူး။ကြည်.လိုက်ရင် ကားတွေပေါ်မှာ ထားထားတဲ့ ပုံစံတွေက အသည်းယားစရာတွေချည်းပဲ။ အိုးတွေကို ကာတော့ ကာထားပါရဲ.။ နို.ဆီခွက်သာသာ သံပြားတွေ သုံးပြီးတော့လေ။ အချို. ကားတွေပေါ်မှာများ သံပြားတွေက စုတ်ပြတ်သတ်နေလို. ကိုယ်.ကိုယ် မထိမိအောင် ရှောင်ရှားနေရတဲ့ အဖြစ်ပါ။ အထူးသဖြင့် (၁၀၅) ကားလိုင်းမှာပါ။ အဲဒီလိုင်းက ကားတွေက စုတ်တာများတယ်။ အဲ့ဒီတော့ အိုးတွေကို တင်ထားတာလဲ ဖြစ်သလိုပဲ ဆိုပါတော့။ အင်း တစ်နေ.တစ်နေ့ စီးသာ စီးနေရတယ်၊ ကြာရင်တော့ မြန်မာပြည်ကသူတွေ နတ်ပြည် တို. နိမ္ဗာန်တို. ရောက်ရချည်သေးရဲ.။(ရေးသားသူ - adaptor)။

အပြည့်အစုံ...>>

ဒီမိုကရေစီရေး လှုပ်ရှားသူလူငယ်များ ထပ်မံအဖမ်းခံရ

ဧရာဝတီ အောက်တိုဘာ ၁၃၊ ၂၀၀၈
မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave-GW) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦးကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ အိမ်တအိမ်တွင် ဖမ်းဆီးသွားကြောင်း GW အဖွဲ့က ပြောသည်။
GW တနှစ်ပြည့်တွင် ဖြန့်ဝေသည့်စာရွက်ပါပုံ
GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲသူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အပါအဝင် နေအိမ်ရှိအိမ်သားများနှင့် အလည် အပတ်ရောက်ရှိနေသည့် ဧည့်သည်များကို ယခုလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့ များတွင် ၎င်းတောင်ဥက္ကလာပနေအိမ်ကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီး သွားခြင်း ဖြစ်သည်။
GW ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက “လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတမ်းအပိုင်းတွေနဲ့ လှုပ်ရှားမှုမှတ်တမ်းတင်ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုပါ သိမ်းဆည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုလ ၉ ရက်နေ့က ရန်ကုန်နှင့် တခြားသော မြို့ကြီးများတွင် GW ဖွဲ့စည်းသည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို ဖြန့်ဝေခဲ့ကြရာ ရန်ကုန်ရှိအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
GW အဖွဲ့ကို စတင်တည်ထောင်သူများတွင် ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်လည်းပါဝင်ပြီး စစ်အစိုးရက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင် အပါအ၀င်အဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်အစိုးရက ဖမ်းဆီးထားသည်။
လွန်ခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့က အဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားသော GW အဖွဲ့ဝင် ကိုကျော်ဦးကိုလည်း မတရားအသင်း ဖွဲ့စည်းမှုနှင့် နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲဆိုထားပြီး ရန်ကုန် ဘားလမ်းရှိ ဗဟိုတရားရုံးတွင် ရုံးထုတ် ကြောင်း သိရသည်။ ၎င်းအား ကြည့်မြင်တိုင် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။
“အခြေခံ လူ့အခွင့်ရေးတွေမရှိဘဲ အခုလို အာဏာပိုင်တွေက တရားဥပဒေမဲ့ ဆက်တိုက် ဖမ်းဆီးနေတာဟာ လက်ရှိ နအဖရဲ့ လမ်းပြမြေပုံ ၇ ချက်နဲ့ ဒီမိုကကရေစီလမ်းစဉ်ကို ဖော်ဆောင်နေပါတယ် ဆိုတာဟာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိပါဘူး။ ဒီလိုပဲ ဒီဥပဒေအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ယုံကြည်နိုင်စရာမရှိပါဘူး” ဟု ကိုမိုဃ်းသွေးက ပြောသည်။ ယခုလို ဖမ်းဆီးနေသော်လည်း GW အဖွဲ့၏ အကြမ်းမဖက်လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ဆက်လက်၍အရှိန်မြှင့် တော်လှန်ဆန့်ကျင်သွားမည်ဖြစ်ဟု GW ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထားသည်။

အပြည့်အစုံ...>>

ကားပေါက်ကွဲမှုဖြစ် လူ ၇ ဦးသေဆုံး၊ တဦး အပြင်းအထန် ဒဏ်ရာရရှိ

ဧရာဝတီ အောက်တိုဘာ ၁၃၊ ၂၀၀၈
ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်သီရိမင်္ဂလာဈေး - တိုက်ကြီး အဝေးပြေး ဟိုင်းလတ်စ်ကားတစီး ပေါက်ကွဲမှု ဖြစ်ပြီး လူ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားသည်။
တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာဈေးသို့ ထွက်ခွာလာသော ယာဉ်လိုင်းအမှတ် ၁၃၂၊ ယာဉ် အမှတ် ပ/ ၁၆၀၂ အဝေးပြေး မော်တော်ယာဉ် ဟိုင်းလတ်စ်ကားသည် ရန်ကုန်တိုင်း အင်းစိန် မြို့နယ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးရုံးရှေ့ (FAO) နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (ယခင်စက်မှုတက္ကသိုလ်) ရှေ့အရောက် ပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစီးလုံး လွင့်စဉ် ထွက်သွားကြောင်း သတင်းရရှိသည်။
“အခုပဲသတင်းဝင်လာတယ်။ တိုက်ကြီးကားဖြစ်တာ။ ဗုံးလား၊ ဂတ်စ်အိုးပေါက်တာလား မသိသေးဘူး။ လူကတော့ ကားပေါ် ပါတာအကုန်သေတယ်လို့ သတင်းရထားတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးက နံနက် ၃ နာရီ ၅ မိနစ်တွင် ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး ၅ မိနစ်ကျော်ခန့် အကြာတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၄ လမ်း၌ နေထိုင်သူ တဦးက ပြောသည်။
“ဖြစ်တဲ့အချိန်က ၀ုန်း ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်။ ကြားကြားချင်းအိမ်က စက်ဘီးနဲ့ သွားကြည့်တာ တိုက်ကြီးကား ပေါက်ကွဲတာလို့ သိလိုက်ရတယ်။ အလောင်းတွေဆိုတာ FAO ရုံးရှေ့မှ ပြန့်ကျဲနေတာပဲ” ဟု ၎င်းရပ်ကွက်သားက ဆိုသည်။
ကားပေါ်တွင်ပါလာသည့် ခရီးသည်များမှာ တိုက်ကြီးမှ ရန်ကုန်သီရိမင်္ဂလာ ဈေးတွင် ကုန်များ လာရောက် ၀ယ်ယူသည့် ဈေးသည်များနှင့် ရန်ကုန်မြို့ထဲတွင် ဈေးရောင်း သွားမည့် ဈေးသည်များဖြစ်ကြသည်။
“အလောင်းတွေနဲ့ အတူ ပဲပြားတွေ၊ အမဲသားတွေက ပြန့်ကျဲနေတာပဲ။ လမ်းမပေါ်မှာ ပြန့်ကျဲ နေတဲ့ အလောင်းတွေမှာ ခေါင်းပြတ်တဲ့ အလောင်းတွေပြတ်နေတယ်။ ကားတခုလုံး ရစရာ မရှိအောင် ပေါက်ကွဲထွက်သွားတာ” ဟု ကြို့ကုန်း ရပ်ကွက်မှ မျက်မြင်သက်သေ တဦးက ဆိုသည်။
ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးသူများမှာ ယာဉ်မောင်း၊ စပယ်ယာ ၂ ဦးနှင့် ခရီးသည် ၅ ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မနက် ၇ နာရီတွင် ရန်ကုန်တိုင်းရဲအရာရှိထံ ထပ်မံမေးမြန်းစုံစမ်းရာ “အခင်းဖြစ် တဲ့ နေရာကိုတော့ လုံးဝရှင်းလင်း လိုက်ပြီ။ ပေါက်ကွဲမှု ဖြစ်တဲ့ကားနဲ့ အလောင်းတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးရှင်း ထားတယ်။ ကုလသမဂ္ဂ ရုံးရှေ့ဖြစ်နေတော့ ချက်ချင်းရှင်းလိုက်တာ။ သွေးတွေကို မီးသတ်ကားနဲ့ ရေပက်ပြီး ဆေးတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ ပုံစံက ဗုံးပေါက်သလိုမျိုးပါ။ ဒါပေမယ့် လောလောဆယ် စစ်ချက် အရကတော့ ဂက်စ်အိုးပေါက်တာဖြစ်ဖို့ များနေတယ်” ဟု ပြောသည်။
မျက်မြင်သက်သေများက ဗုံးပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။လွန်ခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ ကလည်း ရန်ကုန်မြို့ လှည်းတမ်းလမ်းဆုံအနီးတွင် ၄၅ ဘတ်စ်ကားကြီး တစီး ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အပြည့်အစုံ...>>

ဆိုင်တွင် အင်တာနက်သုံးသူများ လုံခြုံမှုမရှိ

ကိုသက် အောက်တိုဘာ ၈၊ ၂၀၀၈
“ကီးဘုတ်နဲ့ တပေလောက်ခွာလိုက်ပါ၊ မော်နီတာနဲ့ တပေလောက် ခွာလိုက်ပါ၊ လောလောဆယ်သုံးထားတဲ့ ဝက်ဘ်ဆိုက် တွေကို ဘာမှမလုပ်ပါနဲ့ … ထိုင်ခုံတွေကို အနောက်ဆုတ်ထိုင်ကြပါလို့အော်ပြီး ရဲတွေ ၀င်လာတော့တာပဲ” ဟု ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အင်တာနက်ကဖေး တခုအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ရှောင်တခင် ၀င်ရောက် စစ်ဆေးပုံကို ကြုံတွေ့ခဲ့သူတဦးက ရှင်းပြသည်။
ရန်ကုန်ရှိ အင်တာနက်ဆိုင်တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)
လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် တာမွေမြို့နယ်အတွင်းရှိ တခြားအင်တာနက်ဆိုင်တချို့ကို ရဲက ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။
“ပထမ ယူနီဖောင်းနဲ့ ရဲတပ်သားတွေဝင်လာတယ် … နောက်တော့ ၃ ပွင့်နဲ့တယောက်ဝင်လာတယ် … သူနဲ့အတူ အရပ်သား တယောက်ပါလာတယ်။ သူက ကွန်ပျူတာပညာ နိုင်နင်းတဲ့သူ ဖြစ်မယ်ထင်တယ်။ ဘယ်ဝက်ဘ်ဆိုက် တွေကြည့်တယ်၊ ဘာ တွေသုံးနေတယ်ဆိုတာ အဲဒီအရပ်သားက လိုက်ပြီးကြည့်တယ်။ တကယ်လို့ ကြည့်နေတာတွေထဲက နိုင်ငံရေး ဝက်ဘ်ဆိုက် ကြည့်တာမျိုးရှိရင် ဖမ်းတာဆီးတာတွေ ဖြစ်ချင်ဖြစ်လာနိုင်တယ်၊ ဖမ်းတာဆီးတာတော့ မတွေ့ရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးငြိစွန်းသည့် အင်တာနက်ဝက်ဘ်ဆိုက်များကို စစ်ဆေးသည့်အပြင် ၎င်းတို့မသင်္ကာသူများကိုလည်း စစ်ဆေးမေး မြန်းမှုများရှိကြောင်း သိရသည်။
“အန်တီကြီးတယောက် စင်ကာပူက သူ့ယောက်ျားနဲ့ အင်တာနက်မှာ စကားပြောနေတာကို ခင်ဗျားယောက်ျားဟုတ်ရဲ့လား ဆိုပြီးမေးတော့ အဲဒီအန်တီလည်း စိတ်ဆိုးသွားပြီး ငါ့ယောက်ျားငါ ဖုန်းမဆက်ရဘူးလားလို့ ပြန်ပြောတယ် … အင်ဂျင်နီယာ ကျောင်းသားတယောက်ဆိုလည်း သင်္ဘောတည်ဆောက်ပုံတွေလေ့လာနေတာ အဲဒီသင်္ဘောကြီးက ဘာလုပ်ဖို့လဲဆိုပြီး မေးတာမျိုး …” ဟု ကိုယ်တွေ့ကြုံခဲ့သူက ပြောသည်။
ရန်ကုန်ရှိ ကွန်ပျူတာပညာရှင်တဦးက စစ်အစိုးရသည် မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုမှုများကို နည်းပညာပိုင်းအရ ထိန်းချုပ်ထားခဲ့ပြီးနောက် ယခုတဖန် အင်တာနက်သုံးစွဲမှုကို အင်အားသုံးကာ ထိန်းချုပ်လာခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
“ကလေးတွေလည်း အင်တာနက်ဆိုင်တွေ သွားကြတာပဲ၊ ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်ရတာပဲ။ ကလေးတွေဆို အင်မတန် သွက်တယ်။ ဒါပေမယ့် တချို့က မသိဘဲဝင်ကြည့်မိတာမျိုးရှိတယ် … တဖြည်းဖြည်း ပိုကျပ်လာနိုင်ပါတယ်” ဟု ကွန်ပျူတာ ပညာရှင်က ပြောသည်။
စစ်အစိုးရက ၎င်းတို့၏ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တင်ပြကြသည့် အင်တာနက်ဝက်ဘ်ဆိုက် များနှင့် ဒီမိုကရေစီအတိုက်အခံများ၏ အင်တာနက် ဝက်ဘ်ဆိုက်များကို မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ ၀င်ရောက်ကြည့် ခွင့်မရအောင် ပိတ်ပင်ထားသည်။ ၎င်းအပြင် မည်သူမဆို အခမဲ့အသုံးပြုနိုင်သည့် ဂျီမေးလ် (www.gmail.com) အပါအ၀င် messenger ဝက်ဘ်ဆိုက်များကိုလည်း အများပြည်သူ အသုံးပြုခွင့်မရအောင် နည်းပညာဖြင့် ပိတ်ပင်ထားသည်။
လတ်တလောကြုံတွေ့နေရသော ရှောင်တခင် စစ်ဆေးမှုများနှင့်ပတ်သက်၍ “အင်တာနက်သုံးရတာ မပြေတပြေပဲဗျို့၊ သူတို့ (အာဏာပိုင်) က နိုင်ငံရေးသမားတွေကိုပဲဖမ်းချင်တာ … အခြေအနေက မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့ဗျာ” ဟု အန်အယ်လ်ဒီပါတီဝင် လူငယ်တဦးက ပြောသည်။
ရန်ကုန်မြို့ခံတဦးကလည်း “အခြေအနေ သိပ်မကောင်းဘူး။ အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) က တချိန်လုံးစောင့်ကြည့် နေတယ်။ အင်တာနက်သုံးတဲ့ လူကတော့ များနေတုန်းပါ” ဟု ပြောသည်။ရှောင်တခင် စစ်ဆေးခံရသည့် တာမွေမြို့နယ်မှ အင်တာနက်ဆိုင်တချို့ အပိတ်ခံရသည်ဟူသည့်သတင်းများ ယခုတပတ် အတွင်းထွက်ပေါ်ခဲ့သော်လည်း အဆိုပါဆိုင်များ ယနေ့နံနက်ပိုင်းအထိ ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။

အပြည့်အစုံ...>>

စက်မှု (၁) ၀န်ကြီးဌာနမှ ဒေါ်လာ (၅) သန်းကျော် ရရန်ရှိဟု ရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင်ပြော

NEJ/ ၈ အောက်တိုဘာ ၂၀၀၈။ ။
စက်မှု (၁) ၀န်ကြီးဌာနနှင့် တချိန်က မန္တလေးဘီယာ ဖက်စပ်လုပ်ကိုင်ခဲ့ပြီး တရားတဘောင်ဖြစ်ခဲ့သည့် ရောင်ခြည်ဦး ကုမ္ပဏီမှ ရရန်ငွေရှိနေသည့်အတွက် သက်ဆိုင်ရာ တရားရုံးတွင် စာရင်းရှင်း ဖျက်သိမ်းသူဖြင့် ရှင်းခိုင်းရန် ၀န်ကြီး ဦးအောင်သောင်း မကြာခင်က ညွှန်ကြားထားသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စက်ရုံအလုပ်ရုံများအား အောက်တိုဘာ (၃၁) ရက်မတိုင်ခင် စာရင်းပိတ်ရန် လုပ်ကိုင်နေစဉ်မှာ ၁၉၉၈ ခုနှစ်က အမှုဖြစ်ခဲ့သည့် စင်ကာပူအခြေစိုက် ရောင်ခြည်ဦးကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းမှ ငွေရရန်ရှိသည့်အတွက် စာရင်းရှင်း ဖျက်သိမ်းရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရောင်ခြည်ဦးကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ စက်မှု (၁) ၀န်ကြီးဌာနကသာ ဒေါ်ဝင်းဝင်းနုအား အမေရိကန်ဒေါ်လာ (၅) သန်းကျော် ပေးရန်ရှိသည်ဟု ပြောသည်။
၎င်းက “တရားဥပဒေဘောင်အတွင်းကနေ ကြည့်မယ်၊ ပြီးတော့ စာရင်းအင်း စည်းကမ်းနည်းလမ်းထဲကနေ ကြည့်ခဲ့ မယ်ဆိုရင်တော့ သူ့ဆီက ကျမက ရစရာရှိတာပါ။ သူတို့က မတရားလည်းသိမ်းသေးတယ်၊ ပိုက်ဆံလည်း ကျမကို ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံကိုလည်း ပြန်မပေးဘူး။ ပြီးတော့ စက်ရုံမှာ ကျမတို့ ထွက်လာစဉ်အခါက ဗမာကျပ်ငွေ အားဖြင့် အမြတ်ငွေသားချည်းသက်သက် ဘဏ်ထဲမှာ သိန်း (၆) ထောင်ကျော်ရှိတယ်။ နောက်ပြီးတော့ ယူအက်စ် ဒေါ်လာအားဖြင့် ဒေါ်လာ (၅) သန်းကျော်တယ်။ အဲဒီအချိန်တုန်းက စာရင်းအရ ကျမ ကြည့်ပြောနေတာ” ဟု ပြောသည်။
ဒေါ်ဝင်းဝင်းနုပိုင် စင်ကာပူအခြေစိုက် ရောင်ခြည်ဦးကုမ္ပဏီနှင့် စက်မှု (၁) ၀န်ကြီးဌာနတို့သည် ၁၉၉၂ ခုမှစပြီး မန္တလေးဘီယာလုပ်ငန်းကို ဖက်စပ်လုပ်ကိုင်ခဲ့ကာ ၁၉၉၈ ခု နိုဝင်ဘာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အရဆိုပြီး မြန်မာ့ရောင်ခြည်ဦး ဘီယာဖက်စပ်လုပ်ငန်းကို ပြည်သူပိုင်သိမ်းခဲ့သည်။ တရားလို ဒေါ်ဝင်းဝင်းနုက အာဆီယံ Investment Protection Regulation ဥပဒေအရ စက်မှု (၁) ၀န်ကြီးဌာနအား နိုင်ငံတကာ တရားရုံးသို့ တရားစွဲ ခဲ့သည်။
တရားတဘောင်ဖြစ်နေစဉ် ၀န်ကြီးဦးအောင်သောင်းက ကြေအေးရန် ဆောင်ရွက်ခဲ့ကြောင်းလည်း ဒေါ်ဝင်းဝင်းနုက ဆက်ပြောသည်။ “ဟိုတုန်းက ကျမကို သူတို့ ညှိတယ်။ ညှိတော့ ဦးအောင်သောင်းက အဲတုန်းက ဟိုဥစ္စာလုပ်နေတယ်။ liquidator လုပ်နေတဲ့ ဦးတင်ဝင်းကို။ ကျမ စင်ကာပူရောက်တော့ ဦးတင်ဝင်းက ကျမကို စင်ကာပူမှာ လာညှိတယ်။ သူက ဘာပြောလဲဆိုတော့ ကျမတို့ ရင်းနှီးမြှုပ်နှံထားတာက ဒေါ်လာ (၆.၅) သန်း ရှိတယ်ဆိုတာ လက်ခံပါတယ်တဲ့။ သူစာရင်းအရလည်း တွေ့ပါတယ်တဲ့ ။ ဒါပေမယ့် ၀န်ကြီးက ကျမကို (၂) သန်းခွဲလောက်ပေးရင် ကျေနပ်မလားလို့ သူက ကျမကို လာမေးတယ်။ အဲဒီအမှုတွေ ဖြစ်နေတဲ့အချိန်မှာ။ ဒါပေမယ့် ကျမရဲ့ ရသင့်ရထိုက်တဲ့ အမြတ်အစွန်းက ကျမပြောတယ်လေ ဒေါ်လာ (၅) သန်းကျော်တယ်ဆိုတော့ ကျမတို့ အဲမှာတင် ရစရာရှိတာ (၂) သန်းကျော်နေပြီ” ဟု ပြောသည်။
နောက်ဆုံး စက်မှု (၁) ၀န်ကြီးဌာနမှ အမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည့်ပြင် မြန်မာစစ်အစိုးရ သက်တမ်းတလျှောက် ဒေါ်ဝင်းဝင်းနုအား စစ်အစိုးရမှ တရားမစွဲတော့ကြောင်း စစ်အစိုးရ ရှေ့နေက လက်မှတ်ရေးထိုးခဲ့ရသည်။

အပြည့်အစုံ...>>

ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်

Sunday, October 5th, 2008
(မဇ္ဈိမသတင်းဌာန)
ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။
ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင် ကလေးထောင်မှတဆင့် ချင်းပြည်နယ်ရှိ ရဲဘက် အလုပ်ကြမ်း စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။
ရဲဘက်စခန်းအတွင်း လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် ထွက်ပြေး လွတ်မြောက်လာပုံကို သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းဌာနက တွေ့ဆုံလျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။
မေး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဇင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ ဘုရား။
ဖြေ။ ဦးဇင်းအနေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တယ်။
မေး။ ဘယ်လို အဖမ်းခံခဲ့ရလဲ ဘုရား။
ဖြေ။ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ၊ သံဃာ့တပ်ပေါင်းစုက ကိုယ်တော်တွေကို စစ်အစိုးရက ဖမ်းဝရမ်းထုတ်တဲ့ အချိန်မှာ ဦးဆောင် ဆရာတော်တွေဟာ ရှောင်တိမ်းနေရတယ်။ ဦးဇင်းလည်း အပါအဝင်ပေါ့။ အဲဒီလို ရှောင်တိမ်းချိန်မှာ ဦးဇင်းကျောင်းကို စရဖ (စစ်ဘက်လုံခြုံရေးတပ်)၊ ကြံ့ခိုင်ရေး၊ ရဲတို့က ၃ ကြိမ်လောက် လာရောက် စီးနှင်း ရှာဖွေခဲ့တယ်။ ကံကောင်း ထောက်မစွာဖြင့် ဦးဇင်းက အပြင်ကို ရောက်နေခဲ့တယ်။ ဒီသတင်းတွေကြားတော့ ဦးဇင်းလည်း မုံရွာမြို့ကို ရှောင်တိမ်းခဲ့ပါတယ်။
ဖမ်းတဲ့ အချိန်က အောက်တိုဘာက ၁၈ ရက်နေ့၊ ည ၇ နာရီလောက် ရှိမယ် ထင်ပါတယ်။ အဲဒီအချိန်မှာ မုံရွာမြို့က soft link internet café မှာ အင်တာနက် အသုံးပြုနေတုန်း အဲဒီမှာ ဆိုင်ပိုင်ရှင်က ဖုန်းဆက်ပြောပုံ ရတယ်။ ခဏနေတော့ ပြန်အထွက်မှာ ရဲတွေရောက်လာပြီး ဖမ်းဆီးခံလိုက်ရတာ။
မေး။ ဖမ်းတုန်းက ဘယ်သူတွေ ပါသလဲ ဘုရား။ ပြီးတော့ ဘယ်ကို ခေါ်ဆောင်သွားလဲ။
ဖြေ။ လုံထိန်းရဲတွေ ပါတယ်၊ စစ်သားတွေ ပါတယ်။ အစိတ် (၂၅ ယောက်) - ၃ဝ လောက်ရှိမယ် ထင်တယ်။ သူတို့က ဦးဇင်းကို မေးစရာရှိလို့ ဆိုပြီးတော့ စခန်းကို ခဏလောက် လိုက်ခဲ့ပါလို့ ပြောတယ်။ ဦးဇင်းက ‘မေးစရာရှိရင် ဒီနားမှာ မေးပါ၊ ဘာမေးစရာ ရှိလို့လဲ’ ဆိုတော့ ‘စခန်းရောက်မှ ဖြေပါ။ စခန်းကျမှ မေးပါလိမ့်မယ်’ ဆိုပြီးတော့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်။
မေး။ စစ်ဆေးတာကရော ဘယ်လိုလဲ ဘုရား။
ဖြေ။ ဦးဇင်းဖြေတဲ့ အဖြေက သူတို့ စိတ်တိုင်းကျ မဟုတ်ဘူး။ သူတို့ လိုချင်တဲ့ အဖြေမဟုတ်ဘူးဆိုတော့ အဆိုးဆုံးက စရဖ အရာရှိ ကိုကိုအောင်ရယ်၊ ဦးစန်းဝင်းရယ်က ဦးဇင်း ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်။ မျက်နှာကို စစ်ဖိနပ်နဲ့ ပေါက်တယ်။ နောက်ပြန် လက်ထိပ် ခတ်ထားတယ်။ မေးခွန်းတခု မေးတိုင်း ဦးဇင်းကို နားရင်းပါးရင်း ရိုက်တယ်၊ လက်သီးနဲ့ ထိုးတယ်။ ဦးဇင်းလည်း မေ့မြောသွားအောင် ခံစားရတယ်။ နောက်က ပြစ်ရိုက်တာ ရှေ့စားပွဲပေါ် မှောက်သွားတာပဲ။ နောက်ဆုံးတော့ ဦးဇင်းလည်း လုံးဝ မခံနိုင်တော့ဘူး။ ဦးဇင်းရဲ့ လက်အကြောတွေ၊ လက်တွေကို ချိုးတာပေါ့။ ကျဉ်ကြောတွေ နှိပ်တယ်။
နံကြားတွေကို ထောက်ပြီးတော့ မ’တာတွေ ရှိတယ်။ နားရင်းတွေကို ရိုက်တယ်။ နားရွက်တွေကို ဆောင့်ဆွဲတယ်။ နည်းမျိုးစုံနဲ့ စစ်ဆေးတယ်။ ခြေထောက်တွေကို တက်ကျိတ်တာက ဦးဇင်း ထောင်ကျတဲ့ အချိန်ထိ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေသန်းတွေမှာ သွေးခြေဥနေတယ်။ ဦးဇင်း လုံးဝ မခံနိုင်တော့တဲ့အတွက် ဘာလုပ်လဲဆိုတော့ ဒီဝေဒနာတွေ မေ့သွားတာ ကောင်းတယ်ဆိုပြီးတော့ ဦးဇင်းရှေ့က ရှေ့မှာ ရှိတဲ့ စားပွဲကို ခေါင်းနဲ့ ပစ်ဆောင့်လိုက်တယ်။ ဘေးမှာရှိတဲ့ ရဲစခန်းမှူး ဦးအောင်ဝင်းက အတင်း ဦးဇင်းကို ဖက်ပြီးတော့ ‘ဦးဇင်း … အဲဒီလို မလုပ်ပါနဲ့။ တပည့်တော်တို့က တာဝန်အရ လုပ်ရတာပါ။ အထက်က ညွှန်ကြားချက်အရ လုပ်ရတာပါ’ လို့ ပြောတယ်။
ဦးဇင်းက အဲဒီဟာမျိုး လုပ်လိုက်တော့ တဖြေးဖြေးနဲ့ လက်လျှော့ သွားတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိက နေ့ရော၊ ညပါ စစ်ဆေးတယ်။ ရေတောင် သောက်ခွင့်မပေးဘူး။ သူတို့အထက်က လူကြီးတွေ လာတဲ့အခါမှာ ခေါ်ပြီးတော့ စစ်ဆေးတယ်။ လူကြီးတယောက် လာလို့ရှိရင် တခြားအခန်းကို ပြောင်းပြီး စစ်ဆေးတယ်။ ‘လုံးဝ အဖြေမှန်မပေါ်ရင် အဖြေမှန်ပေါ်အောင်သာ စစ်ကွာ’ ဆိုပြီးတော့ အမိန့်ပေးတယ်။ နောက်ပိုင်းကျတော့ ဦးဇင်းကို ဘယ်လောက်ထိ ခြိမ်းခြောက်လဲဆိုတော့ ‘ဦးဇင်းရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ဖယောင်းတိုင် ထွန်းပြီးတော့ စစ်ဆေးမယ်’ ဆိုတာမျိုးထိ ပြောလာတယ်။
သူတို့ ဘာတွေ ထပ်မေးလဲဆိုတော့ ‘၈၈ ကျောင်းသားအုပ်စုကို သိလား၊ သူတို့နဲ့ အဆက်အသွယ်ရလား၊ NLD ပါတီက ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ၊ ဘယ်သူတွေ သိလဲ’ ဆိုတော့ ဦးဇင်းက ‘ဘယ်သူတွေနဲ့မှ မသိပါဘူး။ အဆက်အသွယ်လည်း မရှိပါဘူး’ ဆိုပြီး ဖြေလိုက်တယ်။ ‘ငါတို့က အချက်အလက်တွေ ရပြီးသား။ မင်း ဗကသ လား။ ဗကပ လား’ ဆိုပြီးတော့ မေးတယ်၊ စွပ်စွဲတယ်။
ပိုဆိုးတာက ဦးဇင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ အမေရိကန် စင်တာမှာ စာကြည့်တိုက် ကပ်ပြားလေး ပါတော့ သူတို့က ဘာမေးလဲဆိုတော့ ‘အမေရိကန် စင်တာမှာ နိုင်ငံရေးသင်တန်းတွေ တက်တာ မဟုတ်ဘူးလား။ အဲဒီမှာ နိုင်ငံရေး သင်တန်းတွေ ပို့ချနေတယ်၊ ဘာတွေ ပို့ချနေလဲ။ မပြောလို့ရှိရင် ဒီထက် ကြမ်းတမ်းတဲ့ စစ်ဆေးနည်းတွေနဲ့ စစ်ဆေးမယ်’ တဲ့။
‘အခုချိန်မှာ မင်းဟာ ငါတို့ လက်ခုပ်ထဲမှာ ရောက်နေတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်။ အဖြေမှန်ပေါ်အောင် မပြောလို့ရှိရင်၊ အဖြစ်မှန်ကို မပြောဘူးဆိုရင် ငါတို့ ရာထူးပြုတ်ရင် ပြုတ်သွား ပလေ့စေ၊ ဒဏ်ရာ အနာတရ မရှိဘဲနဲ့ သတ်တဲ့ နည်းတွေ အများကြီး ရှိတယ်’ လို့ ခြိမ်းခြောက် စစ်ဆေးတယ်။
‘နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ အစိုးရကို အကြည်အညို ပျက်စေတဲ့ ရေးသားမှု၊ တရားမဝင် ငွေကြေးကိုင်ဆောင်မှု - ပုဒ်မတွေ အများကြီး တပ်တယ်။ နောက်ဆုံးမှာ ဒီကောင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာ ပြချင်တာနဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ ပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဦးဇင်းကို မုံရွာထောင်ကို ပို့လိုက်တယ်။
မေး။ မုံရွာထောင်တွင်း အခြေအနေကို ပြောပြပေးပါလား ဘုရား။
ဖြေ။ မုံရွာ ထောင်ထဲတုန်းက ဦးဇင်း နောက်ကို အင်ဖော်မာ (သတင်းပေး) တွေ ထည့်ပေးထားတယ်။ ဦးဇင်းက လူတယောက်ကို စကားပြောမယ်ဆိုရင် နောက်ကနေ နားထောင်တာတို့၊ စောင့်ကြည့်တာတို့၊ အဲဒါတွေ လုပ်တယ်။ လူတယောက်နဲ့ စကားပြောပြီးတိုင်း ဦးဇင်းကို ရုံးကို ခေါ်ပြီးတော့မှ ‘သူ့ကို ဘာတွေ ပြောသလဲ၊ ဦးဇင်းနောက်မှာ တပည့်တော်လူတွေ ရှိတယ်၊ မဟုတ်တာတွေ မလုပ်ပါနဲ့၊ ဦးဇင်းကို သိက္ခာချမယ်’ လို့ ပြောတယ်။
မုံရွာထောင်ထဲ ရောက်တော့ စရဖ အရာရှိ ဦးစန်းဝင်းနဲ့ အက်စ်ဘီ ၂ ယောက်ရယ် မုံရွာမြို့ ရွှေကူကျောင်းတိုက်က သံဃနာယကဆရာတော် ဦးဇောတိကတို့ လာပြီးတော့မှ သိက္ခာ ချခိုင်းပါတယ်။ ဦးဇင်းကို သိက္ခာချခိုင်းတာ အနည်းဆုံး ၃-၄ ကြိမ်လောက် ရှိတယ်။
“မင်းရဲ့ သာသနာဝင် ကဒ်ပြားကို သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ထောင်ကနေ လွတ်လာလို့ရှိရင်လည်း ဘုန်းကြီးဝတ်လို့ မရဘူး။ အခုလိုအချိန်မှာ သိက္ခာချမယ်ဆိုရင် နောက်ပြန်ဝတ်ချင်ရင် ဝတ်ခွင့်ပေးမယ်” လို့ ဦးဇောတိက က ပြောသေးတယ်။
ဒုထောင်မှူးကလည်း မကြာခဏ ခေါ်ခေါ်ပြီးတော့မှ သိက္ခာချခိုင်းတာတွေ ရှိတယ်။ ဝိနည်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ နောက် သံဃတပ်ပေါင်းစုနဲ့ ဆက်နွယ်တဲ့ မေးခွန်းတွေ၊ ရွှေဝါရောင် သံဃတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်း မေးပါတယ်။ နောက်ပိုင်းမှ မေးတဲ့ ဒုထောင်မှူးဆိုသူဟာ စရဖ အရာရှိ ဦးစန်းဝင်းရဲ့ လူဆိုတာ သိလာတယ်။
မေး။ မုံရွာထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သံဃာတော်တွေ ဘယ်လောက်ရှိလဲ ဘုရား။
ဖြေ။ မုံရွာထောင်ထဲမှာ အများကြီးပဲ ဒကာကြီး။ အရပ်ဘက် အကျဉ်းသားတွေ ရှိတယ်။ ဘုန်းကြီးတွေ ၆ ပါးလောက် ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၁ဝ ယောက်လောက် ရှိမယ်။ သတိထားမိတာက မြစ်ကြီးနားဘက်က ဦးစောထွန်း ဆိုတဲ့ နိုင်ငံရေးသမားကြီး ရှိတယ်။ သူက တိုက်ပိတ် ခံထားရတယ်။
မေး။ ထောင်ထဲမှာရော ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတွေ ရှိလား။
ဖြေ။ ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတော့ ရှိတာပေါ့။ ရောက်သွားပြီး မကြာမီ ဆရာတော် ဦးဂမ္ဘီရတို့ အဖမ်းခံရတဲ့အတွက် ဦးဇင်းကို လာစစ်ဆေးတယ်။ ‘သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရှိသလဲ။ ဦးသြဘာသတို့ ဘယ်မှာ နေသလဲ၊ ရွှေဝါရောင်မှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်ဘုန်းကြီးတွေ သိသလဲ’ ဆိုတာတွေ မေးတယ်။ ‘မသိပါဘူး။ ပါလည်း မပါခဲ့ပါဘူး’ လို့ ဖြေလိုက်တယ်။ ဖြေပေမယ့် သူတို့က လုံးဝ လက်မခံဘူး။
မေး။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချပြီးနောက် ဘယ်တွေကို ထောင်ပြောင်းရွှေ့တာတွေ ရှိသေးလဲ ဘုရား။
ဖြေ။ ဦးဇင်းကို ၂၁ ရက်၊ မေလမှာ ကလေးထောင်ကို ပို့တယ်။ ကလေးထောင်မှာ တပတ်လောက်နေပြီး မေလကုန်ပိုင်းလောက်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် လင်တန် ရဲဘက်စခန်းကို ပို့လိုက်ပါတယ်။
မေး။ ကလေးမြို့ ထောင်မှာရော စစ်ဆေး မေးမြန်းတာတွေ ရှိသေးလား။
ဖြေ။ ကလေးထောင်ထဲမှာတော့ စစ်ဆေး မေးမြန်းတာတွေတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ရဲဘက်ပို့ဖို့ သံခြေကျင်းတွေ ခတ်ထားပြီလေ။ မုံရွာကနေ ပို့လိုက်တဲ့ အကျဉ်းသား ၁ဝဝ ရှိတယ်။ အားလုံးကို သံခြေကျင်းတွေ ခတ်ထားတယ်။ တချို့ ရဲဘက်ပြေးတွေ ပါတယ်။ စစ်ပေါ်တာတွေ ပါတယ်။ အသက်လုပြီး ပြေးခဲ့တဲ့ သူတွေကို သံခြေကျင်း နှစ်ခု ခတ်ထားတယ်။ မုံရွာထောင်ကနေ ကလေးထောင်ထိ သွားရတဲ့ဟာက သံခြေကျင်းတွေနဲ့ နှစ်ယောက် တတွဲ သွားရတယ်။
မေး။ ရဲဘက်စခန်းကို ဘယ်လိုပို့လဲ ဘုရား။ ဘာအလုပ်တွေ လုပ်ရလဲ။
ဖြေ။ မေလကုန်လောက် ရောက်တဲ့အချိန်ကစပြီး သံခြေကျင်းတွေ ခတ်ပြီးတော့ ဦးဇင်းတို့ကို အလုပ်ကြမ်းခိုင်းပါတယ်။ ထင်းတုံးကြီးတွေ ထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ၊ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို တနင်္ဂနွေနေ့ရက်တွေမှာလည်း ထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့ အခါမှာလည်း ရှေ့ကလူကို နောက်ကလူက မှီအောင် လိုက်ရတယ်။ မမှီတဲ့ လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကို မနိုင်လို့ လဲသွားတဲ့သူတွေကို ခြေတောက်နဲ့ ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။
မေး။ ရဲဘက်စခန်းမှာ အလုပ်ကြမ်းတွေ လုပ်နေရင်း ဦးဇင်းရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိခဲ့လဲဘုရား။
ဖြေ။ စားရတဲ့ အစားအစာကလည်း ပုံစံနဲ့ စားရပါတယ်။ ရဲဘက်စခန်းမှာ နာမည်ကြီးတဲ့ ဒံပေါက်ထမင်းပေါ့။ ထမင်းတွေထဲမှာ ကျောက်ခဲတွေ ပါတယ်၊ စပါးလုံးတွေ ပါတယ်။ တခါတရံမှာ ကြွက်ချေးတွေကလည်း ပါတယ်။ အဲဒီလို နီရဲနေတဲ့ ထမင်းတောင်မှ အဝ မစားရဘူး။ အကျဉ်းသားတွေက ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရပြီး ထမင်းကို ဝအောင်မစားရဘူး ဆိုတော့၊ အဲဒီ ရဲဘက်စခန်းကို ရောက်ပြီး နှစ်ပတ် သုံးပတ်လောက်လည်းကျရော လူတွေက မျက်တွင်းတွေ ချောင်ကျသွားတယ်။ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ တချို့ဆိုရင် ဖျားတယ်။ တချို့ဆိုရင် သံခြေကျင်းရဲ့ ဒဏ်ကြောင့် ခြေထောက်တွေမှာ အနာတွေ ပေါက်လာတယ်။ သွေးစုနာတွေ ပေါက်လာတယ်။ ဦးဇင်းကိုယ်တိုင်လည်း သွေးစုနာ ၃-၄ ကြိမ်လောက် ပေါက်ဖူးပါတယ်။ အဲလို အစားဆင်းရဲတဲ့ဒဏ် အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် မြစ်ကြီးနားက ကိုယ်တော်တပါးဆို ဒဏ်မခံနိုင်လို့ ဝါဆိုလပြည့်နေ့က ပျံလွန်တော်မူသွားရှာတယ်။
မေး။ ရဲဘက်စခန်းမှာ အလုပ်လုပ်လို့ လုပ်အားခရော ရတာမျိုးရှိလား ဘုရား။
ဖြေ။ ရဲဘက်စခန်းမှာ အကျဉ်းသားတဦးက အနည်းဆုံး တနေ့ကို အာဏာပိုင်တွေအတွက် တရက်ကို ၂ဝဝဝ သွင်းရတယ်။ ထောင်အလုပ်မရှိရင် အပြင်က ဝင်ငွေရတဲ့ အလုပ်တွေကို လိုက်လုပ်ရတယ်။ ၂ဝဝဝ ထက်ကျော်ရင်တော့ ထောင်သားတွေအတွက် စားစရာတွေ ဝယ်လို့ရတာပေါ့။
မေး။ ဘာကြောင့်မို့ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တာလဲဘုရား။
ဖြေ။ ဦးဇင်း ရောက်နေတဲ့ လင်တန် ရဲဘက်စခန်းကို အက်စ်ဘီ ၂ ယောက် ရောက်လာပြီး စစ်ဆေးပြန်တယ်။ ‘သံဃတပ်ပေါင်းစုမှာ ဦးဆောင်တဲ့သူတွေ သိလား’ ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဆက်တိုက်မေးတယ်။ အဲဒီနေ့မှာ ဆွမ်းမစားရဘူး။ မဖြေနိုင်ရင် ထိုးတာကြိတ်တာ လုပ်တယ်။ ဦးဇင်းကို ‘သံဃတပ်ပေါင်းစုမှာ ပါတယ် မဟုတ်လား။ သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရောက်နေလဲ’ ဆိုတာတွေ မေးတယ်။ ဒီလူတွေက ကလေးထောင်ကို ပြန်ပို့ပြီး ပုဒ်မ အသစ်တိုးပြီးတော့ ထောင်ကိုထပ်ပို့မှာ သိလိုက်ရတဲ့အတွက် ဒီည ထွက်မပြေးလို့ မဖြစ်တော့ဘူးလို့ တွေးပြီး ထွက်ပြေးခဲ့တယ်။
မေး။ တီးတိန်မြို့ လင်တန် ရဲဘက်စခန်းကနေ ဘယ်လိုမျိုး ထွက်ပြေးလာခဲ့လဲ ဘုရား။
ဖြေ။ အဲဒီ အလုပ်ကြမ်းစခန်းကို ပထမ တထပ်က ၁ဝ ပေလောက်ရှိတဲ့ သစ်တုံးကြီးတွေကို သံဆူးကြိုးတွေပတ်ပြီး ကာထားတယ်။ အဲဒီသစ်တိုင်ကြီးတွေကို ဖက်ပြီးတော့ ကျော်တက်ခဲ့ရတယ်။ ဟာ … သံဆူးကြိုးတွေက လက်တွေခြေထောက်တွေကို စူးလိုက်တာလည်း မပြောပါနဲ့တော့။ ဒါပေမဲ့ ဒီဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ အမြင့်ပေ ၁၅ ပေလောက်ရှိတဲ့ ဒုတိယသံဆူးကြိုးကို ကျော်ဖို့ ကြိုးစားရပြန်တယ်။ လက်တွေမှာလည်း သွေးအလိမ်းလိမ်းပေါ့။ ဟား ည အသက်အန္တရာယ် လွတ်ပြီဆိုတာနဲ့ ရင်ထဲမှာ နည်းနည်း ပေါ့သွားတာပေါ့။ အနာတရကို ဂရုမစိုက်အားဘဲ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်ပြီး ဂက်စ်မီးခြစ်က အလင်းရောင်လေးကို အားပြုပြီး တွေ့တဲ့လမ်းအတိုင်း စွတ်ပြီး ထွက်ပြေးလာခဲ့တယ်။
တချို့ ချောက်ကမ်းပါးတွေဆို ၄-၅ နာရီကြာအောင် ဂရုစိုက်ဆင်းရတယ်။ ရှင်းလို့မရတဲ့ ခြုံတွေဆို လှိမ့်ချလိုက်ရတာရှိတယ်။ တိုးလို့မရတဲ့ ဆူးခြုံတွေဆိုရင် တောကောင်သွားတဲ့ လမ်းလေးတွေကို အားပြုပြီး လေးဘက်ထောက် သွားခဲ့ရတာတွေလည်း ရှိတယ်။ သားရဲတိရစ္ဆာန် အန္တရာယ်ကို စိုးရိမ်မိပေမယ့် ရှေ့ခရီးတွင်ဖို့ပဲ အာရုံထား ပြေးရတာပေါ့။ အဲဒီအချိန် ဗိုက်ကလည်းဆာ၊ စားစရာလည်းမရှိ၊ ရေကလည်း ငတ်တော့ တွေ့တဲ့ ဆီးဖြူသီးလေးတွေ ခူးစားပြီး ၂ ရက်၊ ၂ ည တိတိ မနားမနေ ပြေးခဲ့ရပါတယ်။
တခါတရံ ချောက်ကမ်းပါးတွေကို မတက်နိုင်လောက်အောင် မောပန်းနေတော့၊ ချောင်းတွေအတိုင်း စုံဆင်းနေတော့ ခရီးတွေက မဝေးသင့်ဘဲ ဝေးခဲ့တဲ့ ခရီးတွေကလည်း အများကြီးပဲ။ ရွာတွေကို တွေ့ရပေမယ့် အဖမ်းခံရမှာ၊ ခွေးဟောင်မှာ စိုးတဲ့အတွက် မဝင်ရဲဘူး။ ပတ်ရှောင်သွားရတယ်။ လမ်းတွေကလည်း မသိတော့ မှန်းဆသွားရတဲ့အတွက် အဝေးကြီး ရောက်သွားတာတွေ ရှိတယ်။ ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားဂုဏ်တော်တွေကို အဖော်ပြုပြီး မေတ္တာပို့ရင်း ပြေးလွှားနေရတာပေါ့။ နောက်ပိုင်း မရွတ်နိုင်တော့တဲ့အဆုံး အာရုံပဲ ပြုနိုင်တော့တယ်။
ကံကောင်းထောက်မစွာနဲ့ အသက် ၂ဝ ပတ်ဝန်းကျင်ရှိတဲ့ ချင်းတိုင်းရင်းသားလေး တယောက်က ထမင်းထုပ်နဲ့ ရေဗူးလေး ပါလာတာကို ပေးတော့ အငမ်းမရ မြိန်ရည်ယှက်ရည် စားလိုက်တယ်။ သခွားသီး ၃ လုံး ရောပေးတော့ စားလိုက်တာနဲ့ ရေဆာလည်း ပြေသွားတယ်။ ဒါနဲ့နောက်ဆုံး လမ်းပြပေးဖို့ အကူအညီ တောင်းလိုက်တော့ သူက လမ်းကြောင်းမှန်ကို ပြပေးတယ်။ ဦးဇင်းလဲ ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပါတဲ့ငွေ ၂ဝဝဝ ပေးလိုက်တယ်။
အဲဒီနောက် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို ရောက်လာခဲ့တယ်။
မေး။ ထွက်ပြေးတုန်းက သံခြေကျင်းနဲ့ပဲလား ဘုရား။
ဖြေ။ အကျဉ်းစခန်းက တာဝန်ရှိသူတွေကို သြဂုတ်လလယ်လောက်မှာ ပိုက်ဆံ ၅ဝဝဝဝ ပေးလိုက်တော့ သံချေကျင်း ဖြုတ်ပေးပါတယ်။ ဒါနဲ့ ပြေးဖို့ လွယ်ကူသွားတာပေါ့။
မေး။ စစ်အစိုးရက သံဃာတော်တွေကို မတရား ဖမ်းဆီးမှုတွေအပေါ် ဘယ်လို ပြောလိုပါသလဲဘုရား။
ဖြေ။ ရက်စက်ယုတ်မာလှပါတယ်ဆိုတဲ့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တုန်းကတောင်မှ သံဃာထုအပေါ်မှာ ဒီလောက် ရက်ရက်စက်စက် မနှိပ်စက်ခဲ့ပါဘူး။ အခု ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ သာသနာ့ ဒါယကာလို့ ခေါ်နေတဲ့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကတော့ ကိုယ်တွေ့ကြုံလိုက်မှပဲ ပြောစရာစကားလုံး ရှာမရလောက်အောင် ရက်စက်ပါ့ပေ့လို့ သိလိုက်ရတယ်။
ဒီလိုမျိုး ရက်စက် ယုတ်မာမှုတွေကို ရပ်တန်းက ရပ်ပါ။ အဲလိုမှမဟုတ်ရင် သမိုင်းမှာ ဂျာမဏီက နာဇီဟစ်တလာတို့လို သမိုင်းဆိုး တင်ကျန်ခဲ့မှာ မလွဲပါဘူး။ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အာဏာရှင်တွေဟာ တယောက်ပြီးတယောက် ပြုတ်ကုန်ပြီ။ ကမ္ဘာမှာ ရှားရှားပါးပါး နအဖ စစ်အုပ်စုပဲ ကျန်ပါတော့တယ်။ နအဖ စစ်အုပ်စုသာ အမြင်မှန်ရမယ်ဆိုရင် အချိန်တွေ ကျန်ပါသေးတယ်။ သူတို့ရဲ့ နှလုံးသားမှာ စူးဝင်နေတဲ့ အမုန်းတရား၊ အာဃာတ တရားတွေဟာ သူတို့ကိုယ် သူတို့လည်း ဆင်းရဲဒုက္ခရောက်စေပြီး လူသားထု တရပ်လုံးကိုလည်း စိတ်မချမ်းမြေ့စရာတွေနဲ့ ရင်ဆိုင်နေရစေပါတယ်။ ဒီ အမုန်းတရား၊ အာဃာတ တရားတွေဟာ အမြင်မှန်ရတာနဲ့ ချက်ချင်း ပြောင်းပစ်လို့ ရပါတယ်။ ဒါမှမဟုတ်ရင် မြန်မာလူမျိုးတွေရဲ့ ဆင်းရဲတွင်းက နက်သည်ထက် နက်ပါလိမ့်မယ်။ အချိန်မီ ပြုပြင်ကြပါလို့ ဦးဇင်းအနေနဲ့ တိုက်တွန်းချင်ပါတယ်။
မေး။ ဦးဇင်းအနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စိတ်ကူးပါသလဲ ဘုရား။
ဖြေ။ ရွှေဝါရောင် အကြမ်းမဖက် တော်လှန်ရေးကြီးဟာ နအဖ စစ်အစိုးရအနေနဲ့ မတရား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်၊ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သံဃတပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့အတူ သံဃာ ၃ သိန်းကျော်၊ ၄ သိန်းနီးပါး ကျန်ပါသေးတယ်။ ဦးဇင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ နအဖ ဆိုတဲ့ အဓမ္မဝါဒီတွေကို အသက်ထက်ဆုံး ဓမ္မလမ်းကြောင်းပေါ်ကနေ အကြမ်းမဖက်တဲ့ နည်းတွေနဲ့ သံဃာထု၊ လူထုနဲ့အတူ ဆက်လက် လုပ်ဆောင်သွားမှာပါ။
အခု အနေအထားက အစွယ်နဲ့ ထိုးမယ့်ဆင်ဟာ နောက်တလှမ်းဆုတ် ဆိုတဲ့ အနေအထားပါ။ စက်တင်ဘာ လှုပ်ရှားမှုကြောင့် အာဇာနည် လူစွမ်းကောင်း ရဲရဲတောက် သတ္တိရှင်တွေ အများကြီး မွေးထုတ်ပေးခဲပါ့တယ်။ ဒီလူစွမ်းကောင်းတွေဟာ ဥပမာနဲ့ ပြောရမယ်ဆိုရင် ခြေစွမ်းထက်တဲ့ ဘောလုံးသမားကောင်းတွေ လိုပါပဲ။ ဒါကို အသင်းစုစည်းမှု တယောက်နဲ့တယောက် အပေးအယူ၊ အချိပ်အဆက်ရှိမှု၊ အောင်ကိုအောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ဦးဇင်းတို့ ပြန်လည် တည်ဆောက်နေပါတယ်။
အရေးကြီးဆုံးအချက်က ဘောလုံးပွဲတွေမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရောက်ပြီဆိုရင် တကိုယ်ကောင်းဆန်ပြီး တယောက်ထဲ ဆွဲမပြေးဖို့ အဲဒါ အရေးကြီးဆုံးပဲ။ နောက်ပြီး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီသဘောတရား၊ ဒီမိုကရေစီကျင့်စဉ်တွေကို စတင်ကျင့်သုံးဖို့ လိုနေပါပြီ။
ဒီမိုကရေစီဆိုတာ သူတပါးက လာပေးတာမဟုတ်ဘဲ ကိုယ်တိုင်ကျင့်သုံးရတာပါ။ အဲဒီတော့ နအဖ လက်ထဲမှာ ဒီမိုကရေစီမ ရှိဘူး၊ အဲဒါကို သွားတောင်းမနေနဲ့၊ အချိန်ကုန်တယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ် ရှိပြီးတော့ ငါတို့ဟာ တနေ့ မုချ အောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး သံဃာထု၊ ကျောင်းသားထုနဲ့ လက်တွဲကြပါ။ ဦးဇင်းလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်ပါ့မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

အပြည့်အစုံ...>>

ရွှေပြည်သာကြံ့ဖွံ့ရုံး ဗုံးခွဲမှု ဦးမြင့်အေးထံမှ ရဲက အဓမ္မ ဖြောင့်ချက်ရယူ

ပီတာအောင်/ ၂ အောက်တိုဘာ ၂၀၀၈။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို ရွှေပြည်သာကြံ့ဖွံ့ရုံး ဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲက ဖိအားပေးကာ အဓမ္မလက်မှတ်ထိုးခိုင်းခဲ့သဖြင့် ဦးမြင့်အေးက ၀န်ခံ ဖြောင့်ချက် ပေးခဲ့ရသည်ဟု HRDP အဖွဲ့က ပြောသည်။
ဗုံးကွဲမှုနှင့်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ဦးမြင့်အေးကို ရဲက စစ်ကြောရေး၌ (၇) နေ့၊ (၇) ညတိုင် ဆက်တိုက် စစ်ကြောမေးမြန်းခဲ့ပြီး ၎င်းနှင့်အမှုတွဲ ကိုရန်ရွှေ၊ ကိုမျိုးမင်း၊ ကိုသန်းဇော်မြင့်တို့အား ညှဉ်းပန်းနှိပ်စက်ပြကာ ရဲက ဦးမြင့်အေးထံမှ ဖြောင့်ချက်ရယူခဲ့ကြောင်း ယမန်နေ့က မြောက်ပိုင်းခရိုင်တရားရုံး၌ ဦးမြင့်အေးအား တွေ့ဆုံခဲ့သူ HRDP အဖွဲ့ဝင် ဦးမောင်မောင်လေးက ပြောသည်။
၎င်းက “ရိုက်နှက်စစ်ဆေးနေတာတွေကို ဦးမြင့်အေးကို ခေါ်ပြတယ်။ ခေါ်ပြပြီးတော့ သူတို့လိုချင်တဲ့ ထွက်ချက်အပေါ်မှာ ဦးမြင့်အေးကို လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအခါမှာ ဦးမြင့်အေးက သူ့ HRDP တွေနဲ့ တခြားပုဂ္ဂိုလ်တွေ မြင်မကောင်း၊ ရှုမကောင်းလောက်အောင် ရိုက်နှက်စစ်ဆေးခံနေရတဲ့ အခြေအနေကနေ သက်သာသွားရင်ပြီးရောကွာ၊ ကျန်တာတွေ တရားရုံးကျမှပဲ ရှင်းကြတာပေါ့ဆိုပြီး စာရွက် (၉) ရွက်ပေါ်မှာ ဦးမြင့်အေးက လက်မှတ်ရေးထိုးပေးလိုက်ရတယ်လို့ မနေ့က ကျနော့်ကို ပြောပြလို့သိရပါတယ်။ သူတို့လိုချင်တဲ့ ထွက်ချက်တွေကို ဦးမြင့်အေးက သူ့လက်ရေးနဲ့ ကိုယ်တိုင် ရေးပေးရတယ်။ ရေးပေးပြီးတော့ အဲဒီအပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်” ဟု ပြောသည်။
ဦးမြင့်အေးက ရဲထံ ဖြောင့်ချက်ပေးရာတွင် ဗုံးဖောက်ခွဲမှု၌ ပါဝင်ပတ်သက်ကြောင်း တိုက်ရိုက်ဝန်ခံထားခြင်းမရှိကြောင်း၊ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး အလှူငွေများ မည်သည့်နေရာမှရ ရှိခဲ့ကြောင်းနှင့် တရုတ်နယ်စပ် ကျယ်ဂေါင်သို့ သွားခဲ့ ကြောင်းတို့ကိုသာ ၀န်ခံလက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး ရဲထံပေးခဲ့သည့်ဖြောင့်ချက်သည် ဥပဒေအရ တရားရုံး၌ သက်သေခံ မ၀င်ကြောင်း ဦးမြင့်အေး၏ အမှုလိုက်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။
ဦးမြင့်အေးအား မြောက်ပိုင်းခရိုင်တရားရုံး၌ ဗုံးပေါက်ကွဲမှုကို အကူအညီပေးသည်ဟု စွပ်စွဲကာ ပေါက်ကွဲစေတတ်သော အရာဝတ္ထုများ အက်ဥပဒေ ပုဒ်မ (၆) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ယင်းပြစ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်း သို့မဟုတ် ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။
ဦးမြင့်အေး၏အမှုကို တရားခွင်၌ ပြန်လှန်မေးခွန်းများထုတ်၍ ဦးမြင့်အေးလွတ်မြောက်ရေး ဆက်ကြိုးပမ်းမည်ဟု ၎င်း၏ ရှေ့နေက ပြောသည်။ ဦးမြင့်အေးသည် ရွှေပြည်သာတရားရုံး၌လည်း တရားမ၀င်အဖွဲ့ အစည်းနှင့် ဆက်သွယ်မှု၊ တရား မ၀င်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့်လည်း တရားစွဲခံထားရသည်။
ယခုကဲ့သို့ ရဲက အဓမ္မဖိအားပေးကာ ဖြောင့်ချက်ရယူခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း HRDP အဖွဲ့မှ ဦးမောင်မောင်လေးက “ဖမ်းဆီးထိန်းသိမ်းထားတဲ့လူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကြောမှုတွေ၊ အဓမ္မ၀န်ခံ ခိုင်းတာတွေ၊ အဓမ္မဖိအားပေးတာတွေမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံးကို လူ့အခွင့်အရေး ချိုးဖောက် မှုတွေရှိခဲ့တယ်။ လူတယောက်ကို (၇) ရက်ဆက်တိုက် နေ့မအိပ်ရ၊ ညမအိပ်ရလောက်အောင် ဆက်တိုက်မေးမြန်းတာ။ အစာမကျွေးတဲ့ကိစ္စ၊ ရေမတိုက်တဲ့ကိစ္စ၊ စစ်ကြောရေးစခန်းတွေမှာ ဒီလိုညှဉ်းပန်း နှိပ်စက်မှုတွေဟာ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး အပိုဒ် (၇) အရ နိုင်ငံတကာ ရာဇ၀တ်မှုတွေ မြောက်နေပါတယ်” ဟု ပြောသည်။
ဇူလိုင် (၁) ရက် ရွှေပြည်သာကြံ့ဖွံ့ရုံးကို ဗုံးဖောက်ခွဲမှုကျူးလွန်ခဲ့သူများသည် ထန်းတပင် အန်အယ်လ်ဒီလူငယ် ရန်ရွှေ နှင့် ရွှေပြည်သာ အန်အယ်လ်ဒီ ဇော်ဇော်အောင်တို့ဖြစ်ကြောင်း၊ ဗုံးဖောက်ခွဲရန် ပြည်ပမှ အဓိကစီမံဆောင်ရွက်ပေးသူမှာ FDB ကိုကျော်ထက်ဖြစ်ပြီး ဗုံးပေးသူနှင့် ငွေကြေးတဆင့်ခံ ထောက်ပံ့ပေးသူမှာ ဦးမြင့်အေးဖြစ်သည်ဟု စက်တင်ဘာ (၇) ရက် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက စွပ်စွဲခဲ့သည်။
By NEJ

အပြည့်အစုံ...>>

အနဖ ရဲဘက်စခန်းမ သံဃာတစ်ပါးထွက်ပြေးလွတ်မြောက်

၁၊ ဗုဒ္ဓဟူး၊ ၂၀၀၈
ရွှေဝါရောင်တော်လှန်ရေးတွင် ခေါင်းဆောင်ခဲ့ပြီး အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော သံဃာတော်တစ်ပါး နအဖ အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက် လာခဲ့သည်။ထွက်ပြေး လွတ်မြောက်လာသူ အရှင်ပညာသီရိသည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု (ABMA)ကို တည်ထောင်ခဲ့သူ ဦးသြဘာသနှင့် တွဲဘက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ချင်းပြည်နယ် တီးတိန်မြို့ အနောက်ဘက် မိုင် (၂ဝ)ခန့်အကွာတွင်ရှိသော (လင်တန်)ရဲဘက်စခန်းမှ ယခုနှစ် စက်တင်ဘာ (၁၆) ရက်နေ့ နံနက် (၁)နာရီ အချိန်တွင် စတင်ထွက်ပြေးခဲ့ပြီး တောတွင်းခရီးကြမ်းကို (၂)ရက်နှင့် (၂)ညကြာ မနားမနေ ဖြတ်ကျော်လာခဲ့ကာ အိန္ဒိယနယ်စပ်သို့ လွတ်မြောက်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။၂ဝဝရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးအား နအဖ စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းပြီးနောက် ရှောင်တိမ်း လှုပ်ရှားနေစဉ် အောက်တိုဘာ ၁၈ ရက်နေ့တွင် မုံရွာမြို့အင်တာနက် ကဖေးဆိုင်တစ်ခု၌ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ၂၄ ရက်နေ့အထိ စစ်ထောက်လှမ်းရေးတို့၏ လူမဆန်စွာ စစ်ကြော နှိပ်စက် ညှဉ်းပမ်းမှုများကို ခံခဲ့ရကာ ၂ဝဝ၈ခုနှစ် မေလတွင် အဆိုပါအလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။သက်တော်(၂၅)နှစ်ရှိ အရှင်ပညာသီရိသည် ဆယ်တန်းအောင်ပြီးနောက် သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး စစ်အစိုးအဆက်ဆက်တို့၏ တိုင်းပြည်အပေါ် မတရားဖိနှိပ်အုပ်ချုပ်မှုကို မကျေနပ်၍ ကျရာနေရာမှ မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။ (Grassroots Human Rights Education and Development - http://ghre.org/mm/index.php?option=com_content&view=article&id=194:2008-10-01-05-18-22&catid=1:latest-news&Itemid=54 မှ ပြန်လည်ဖေါ်ပြပါသည်) (နစ်နေမန်း)

အပြည့်အစုံ...>>