တွံတေးဈေးကြီးမီးလောင်၊ သိန်းထောင်ချီ ဆုံးရှုံးမည်မှန်း

NEJ / ၁၁ စက်တင်ဘာ ၂၀၀၈


ရန်ကုန်တိုင်း တွံတွေးမြို့ ဈေးသစ်ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၂၄၅) ခန်း မီးထဲပါသွားသည်ဟု တွံတေးမြို့နယ် စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့် အင်္ဂါနေ့ည (၁၀) နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး သန်းခေါင်ကျော်မှ မီးငြိမ်းသွားကြောင်း၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ရန်ကုန်မှ မီးသတ်ကားများလည်း မီးငြိမ်းတော့မည့် အချိန်၌ ရောက်လာရှိလာကာ မီးကြွင်း မီးကျန်များကို ငြိမ်းသတ်ခဲ့ကြကြောင်း မြို့ခံတို့က ပြောသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏ တန်ဖိုး ကျပ်သိန်း ထောင်ဂဏန်းရှိမည်ဟု မြို့ခံတို့က မှန်းသည်။
ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်က ပြောကြားပြီး ဈေးဆိုင်ပိတ်ချိန်တွင် ဆိုင်လုံခြုံရေးအတွက် ညမီးလုံးထွန်းထားခဲ့ရာမှ ၀ါယာရှော့ခ်ဖြစ်ပြီး မီးစလောင်ခြင်းဖြစ်သည်ဟု မြို့ခံတို့ က ပြောသည်။
ဈေးရှေ့နေထိုင်သည့် တွံတေးမြို့ခံတဦးက “မီးသတ်ကားကလည်းပျက်၊ ရေကလည်းမလာတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတာပေါ့။ ဆိုင်ခန်းတွေ တ၀က်လောက်တော့ ပါသွားတယ်။ ဆိုင်ခန်းလေးတွေနဲ့ တွက်မယ်ဆိုရင်တော့ ရာနဲ့ချီပြီးရှိလိမ့်မယ်။ ဈေးရဲ့ ညာဘက်ခြမ်းပေါ့၊ အဲမှာ ဆေးဆိုင်ရှိတယ်။ အထည်ဆိုင် ရှိတယ်။ ရွှေပန်းတိမ်ဆိုင် ရှိတယ်။ ငှက်ပျောဆိုင် ရှိတယ်။ သံဆိုင် ရှိတယ်။ လျှပ်စစ်ပစ္စည်း ရှိတယ်။ အလှကုန်တွေလည်း ရှိတယ်။ ပျက်စီးဆုံးရှုံးတာကတော့ တဆိုင်ကို သိန်း (၅၀)၊ (၁၀၀)၊ (၅၀၀) အထိ ဆုံးရှုံးတဲ့သူတွေ ရှိတယ်” ဟု ပြောသည်။
ဈေးအတွင်းအထည်အလိပ် ရောင်းသူဆိုင်ရှင်တဦးက “ဆိုင်ခန်းဖောက်မှာ၊ ခိုးမှာကြောက်တာနဲ့ လူတွေက စိုးရိမ်နေကြတယ်။ ညဘက်အိမ်ကိုပြန်ရင် ဆိုင်မှာ လူကျန်နေသေးတယ်ဆိုတာမျိုး မီးလုံးကို မပိတ်ဘဲ ထားခဲ့တာ၊ တော်တော်များများ အဲ့လိုပဲလုပ်ကြတာ။ ဒါပေမယ့် မီးက ညတိုင်းရတာလည်း မဟုတ်ပါဘူး။ ၀ါယာကြိုးတွေက နာဂစ်ပြီးကတည်းက ပြန်တပ်ထားတာတွေ သေသေသပ်သပ် မရှိတာလည်းပါတယ်။ ဆိုင်ရှင်တဦးတည်း အပြစ်ကြောင့် မီးလောင်မှုဖြစ်တာ မဟုတ်ဘူး” ဟု ပြောသည်။
၂၀၀၈ ခု သြဂုတ်လအတွင်း မြန်မာနိုင်ငံ၌ မီးလောင်မှု (၂၄) ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း (၁,၁၀၀) ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ ရန်ကုန်တိုင်း၌ မီးလောင်မှု အကြိမ်အများဆုံးဖြစ်ပွားခဲ့ကြောင်း စစ်အစိုးရက သတင်း ထုတ်ပြန်ထားသည်။

Comments :

0 comments to “တွံတေးဈေးကြီးမီးလောင်၊ သိန်းထောင်ချီ ဆုံးရှုံးမည်မှန်း”