နောက်တကြိမ် မုန်တိုင်းဝင်မည်ဆိုသည့် သတင်းကြောင့် လူအများထိတ်လန့်နေ


အောင်သက်ဝိုင်း | စက်တင်ဘာ ၁၇၊ ၂၀၀၈

ဧရာဝတီတိုင်းအတွင်း နောက်တကြိမ် မုန်တိုင်းဝင်မည်ဟူသောသတင်း ထွက်ပေါ်လာသဖြင့် ဒေသခံများမှာ ကြောက်လန့် တကြားဖြင့် ရန်ကုန်မြို့ပေါ်နှင့် ကုန်းတွင်းပိုင်းဒေသများသို့ ပြောင်းရွှေ့နေကြကြောင်း ကြားသိရသည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် မုန်တိုင်းဝင်မည်ဟူသော သတင်း ဖြစ်ပေါ်နေသဖြင့် ကွမ်းခြံ ကုန်း၊ ဟိုင်းကြီးကျွန်း ပြင်ခရိုင်၊ လပွတ္တာကျေးရွာများ၊ ဘိုကလေး နှင့် တခြားဧရာဝတီတိုင်း အတွင်းမှ ရွာအတော်များများရှိ လူအများ ထွက်ပြေးကြခြင်း ဖြစ်ကြောင်း ကြားသိရသည်။

အထူးသဖြင့် ကွမ်းခြံကုန်းဒေသတွင် ထိုသတင်းပျံ့နှံ့စွာ ထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တွင် မိုး ၆ ရက်ဆက်တိုက် သည်းထန်စွာ ရွာသွန်းနေသောကြောင့်လည်း ယခုကဲ့သို့ မုန်တိုင်းသတင်း ထွက်ပေါ်လာခြင်းကို ကြောက် လန့်နေကြခြင်း ဖြစ်သည်။

“မိုးလေဝသကို ဖုန်းဆက်မေးကြည့်တော့ မုန်တိုင်းမရှိပါဘူးလို့ ဖြေပါတယ်” ဟု ရန်ကုန် အခြေ စိုက် သတင်းထောက် တဦးကပြောသည်။ ကောလာဟလ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ် နေသောကြောင့် မြန်မာ့အသံကပင် မုန်တိုင်း မရှိကြောင်း ကြေညာပေးခဲ့သည် အထိ ဖြစ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“မုန်တိုင်း ဝင်မယ်မဝင်ဘူး ဆိုတာထက် လူတွေက လန့်နေကြတယ်။ အစိုးရက မုန်တိုင်း မဝင်ဘူး ဘယ်လောက်ပြောပြော မယုံကြတော့ဘူး” ဟု ကွမ်းခြံကုန်းဒေသခံ တဦးက ပြောသည်။

လပွတ္တာတဝိုက်ရှိ ရွာများမှ ပြန်လာသူတဦးကမူ ထိုဒေသတွင် မုန်တိုင်းသတင်း ဖြစ်ပေါ် နေသော်လည်း လူအများစုမှာ အစိုးရ၏ ကြေညာချက်ကို ဂရုမစိုက်ဘဲ အေးအေး သက်သာ နေထိုင်သွားလာလျှက်ရှိသည်ဟု ပြောပြသည်။

“သူတို့ကိုကြည့်ရတာ အားလုံးကိုမေ့ထားပုံရတယ်။ အစိုးရက ဘာပဲကြေညာ ကြေညာ ဂရုကို မစိုက်တဲ့ပုံပဲ။ နောက်တခါ မုန်တိုင်းလာမလား ဘာလားလည်း စိတ်ဝင်စားပုံမရဘူး” ဟု သူက ဆိုသည်။

နိုင်ငံပိုင်သတင်းစာများထဲတွင် ပါရှိသည့် မိုးလေ၀သသတင်းများ၌ အိန္ဒိယပင်လယ်ပြင်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသည့် အနေအထားများကို အသေးစိတ် ရှင်းပြထားကြောင်း တွေ့ရှိရသည်

Comments :

0 comments to “နောက်တကြိမ် မုန်တိုင်းဝင်မည်ဆိုသည့် သတင်းကြောင့် လူအများထိတ်လန့်နေ”