လူသတ်မှု ထပ်မံဖြစ်ပွား

အေးချမ်းမြေ့ | စက်တင်ဘာ ၁၀၊ ၂၀၀၈


ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်းတွင် အသက် ၂၉ နှစ်ဝန်းကျင် အမျိုးသားတဦး မနေ့ည ၈ နာရီခန့်က အသတ်ခံခဲ့ ရကြောင်း ဒေသခံတဦးကပြောသည်။

“သူနဲ့အတူ အမျိုးသမီးတယောက်ပါတယ်။ အမျိုးသမီးကို ဘာမှမလုပ်သွားဘူး။ သတ်သွားတဲ့သူက ၄ ယောက်တဲ့။ ဘယ်သူ တွေဆိုတာ အဲဒီအမျိုးသမီးက မြင်လိုက်တယ်” ဟု သူက ပြောသည်။

၎င်း လူသတ်မှုမှာ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်၊ ပျံကျဈေးငယ် တခုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် သွားသည့် လူသတ်သမားများကို ဖမ်းမမိသေးကြောင်း သိရသည်။

“လည်ပင်းမှာ ဓားဒဏ်ရာနဲ့ သေသွားတာ။ ကျနော်ရောက်သွားတော့ အလောင်းကို ဆိုက်ကားနဲ့တင်ပြီး သယ်သွားပြီ” ဟု လှိုင်သာယာ ၉ ရပ်ကွက်နေ မျက်မြင်တဦးက ပြောသည်။

မကြာသေးမီကလည်း လှိုင်သာယာမြို့နယ်အတွင်းတွင်ပင် ဓားပြမှုတခု ဖြစ်ပွားခဲ့သေးကြောင်း ယင်း မြို့နယ်ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။

“ဒေးဒရဲက မုန်တိုင်းမိပြီးပြောင်းလာတဲ့ သူတွေကို သတင်းရလို့ ဝင်တိုက်တာ။ လူတွေ ဘာမှ မဖြစ်ပေမယ့် ရွှေ ၂၀ သား လောက် ပါသွားတယ်” ဟု ထို ရဲအရာရှိကပြောသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း၌ လှိုင်သာယာမြို့နယ်အတွင်းတွင် လစဉ် ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှု စသည့် အမှုသေး ၃၀ ကျော်ခန့် ရှိနေကြောင်း ၎င်း ရဲအရာရှိက ပြောသည်။

“ကျနော့်အိမ်ငှားတွေနေတဲ့ အိမ်လည်း အဖောက်ခံလိုက်ရတယ်။ မကြာသေးဘူး။ သူတို့က အိမ်ငှားပြီး ပစ္စည်းတွေပဲ အရင် ထားထားတာ။ ခု အကုန်ပါသွားပြီ။ ရေအိုးပါ မကျန်ခဲ့ဘူး” ဟု လှိုင်သာယာ

မြို့နယ်အတွင်း အိမ်ခန်းများဝယ်ယူကာ ငှားစား နေသူ အိမ်ရှင်တဦးက ပြောပြသည်။

ရန်ကုန်မြို့တွင်းတွင် ယခုနောက်ပိုင်း ရာဇဝတ်မှုခင်းများထူပြောလာပြီး အထူးသဖြင့် လူသတ်မှုများ ဆက်တိုက်ဆိုသလိုဖြစ် ပွားလာကြောင်း ရန်ကုန်မြို့နယ်အတွင်းရှိ ရဲဌာနတခုမှ ရဲအရာရှိတဦးက ပြောသည်။

ယခင်အပတ်ကလည်း ၃၇ လမ်း အထက်ဘလော့တွင် လူသတ်မှုတမှု ဖြစ်ပွားခဲ့သေး သည်။ သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ်ရှိ မြို့နယ်အခွန်ဦးစီးမှူး တဦးဖြစ်ပြီး ၎င်း၏ တိုက်ခန်းတွင် တဦးတည်း နေထိုင်သူဖြစ်သည်။

၎င်းမှာ လိင်တူဆက်ဆံသူ တဦးဖြစ်ပြီး အကြောင်းသိတဦးဦးက ပစ္စည်းလိုချင်သောကြောင့် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ရဲက သုံးသပ်သည်။ တရားခံကို ယခုထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

မကြာသေးမီက သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လင်မယား ၂ ဦးကို သတ်ဖြတ်သွားသည့်အမှုမှာ တရားခံတဦး သာ ဖမ်းဆီးရမိသေးကြောင်း ပြည်တွင်း အပတ်စဉ် သတင်းဌာနများတွင် ဖော်ပြထားသည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်းမှ ဖြစ်ပွားခဲ့သည့် လှည်းတန်းဈေးအတွင်း စောင့်အိပ်နေသော အဘွားအိုတဦးအား သတ်ကာ ငွေ ကျပ် ၃ သိန်း ယူဆောင်သွားသော အမှုအတွက်မူ ယခုအခါ 

တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း ဝိကလီး အလဲဗင်း ဂျာနယ်တွင် ရေးသားထားသည်။

၂၀၀၈ နှစ်ဦးပိုင်းကဖြစ်ပွားခဲ့သည့် အင်းလျားလမ်း ၅ လောင်းပြိုင်လူသတ်မှု၏ တရားခံကိုမူ ဖမ်းမိခြင်းမရှိသေးပေ။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်းတွင် ရန်ကုန်မြို့နယ်အတွင်း ရာဇဝတ်မှုခင်း အကြီးအသေးများ များစွာဖြစ်ပွားလျှက် ရှိသည်ကို ကြားသိရကြောင်း ရန်ကုန်အခြေစိုက် သတင်း သမား တဦးကပြောပြသည်။

“ကျနော်တို့ရပ်ကွက်ထဲမှာဆို တိုက်ခန်းအောက်လှေခါး သော့မခတ်ထားတဲ့ တိုက်ကို ရဲက ဘာဖြစ်ဖြစ် တာဝန်မယူဘူးလို့ ပြောထားတယ်” ဟု ၎င်း သတင်းသမားက ပြောပြသည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း ရန်ကုန်မြို့ပေါ်တွင် လုယက်မှုနှင့် ခါးပိုက်နှိုက် မှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွား လာပြီး အထူးသဖြင့် ဈေးများအတွင်းနှင့် ဆင်ခြေဖုံး ရပ်ကွက်များ အတွင်း ပိုမို များပြားလာကြောင်း ရဲအရာရှိတဦးက သုံးသပ်သည်။

Comments :

0 comments to “လူသတ်မှု ထပ်မံဖြစ်ပွား”