မဟာဗန္ဓုပန်းခြံတွင် ဗုံးပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ

ကိုသက် စက်တင်ဘာ ၂၅၊ ၂၀၀၈
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားရာ လူငယ်တဦး အပါအ၀င် ၃ ဦး ဒဏ်ရာရသည်ဟု မျက်မြင်သက်သေ တဦးက ဧရာဝတီကို ပြောဆိုသည်။
မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ ကားမှတ်တိုင် အနောက်ခြမ်း၌ ဗုံးပေါက်ကွဲသည် (ဓာတ်ပုံ - ဧရာဝတီ)
“ပန်ခြံရှေ့ဗျ ... ဘတ်စ်ကားမှတ်တိုင်ရဲ့အနောက်နဲ့ကပ်နေတဲ့ ပန်းခြံစည်းရိုးအနောက်မှာ ကပ်ထောင်သွားတာဗျ ... သံပန်းခြံစည်းရိုးပြိုသွားတယ်။ ၃ ယောက်ဒဏ်ရာရသွားတယ် ... တယောက်ကတော့ အသက် ၁၆၊ ၁၇ လောက်ရှိမယ် လက်မှာသွေးတွေချည်းပဲ ... လူအသေအပျောက်တော့ မရှိဘူး” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။
ယခုအခါ အခင်းဖြစ်ပွားသည့် ရန်ကုန်မြို့တော်ခန်းမရှေ့နှင့် ဆူးလေဘုရားပတ်ဝင်းကျင်ကို ရဲနှင့် လုံထိန်းများက ပိတ်ဆို့ ထားကြောင်း သိရသည်။
လွန်ခဲ့သည့် ၂၁ ရက်နေ့ညကလည်း ရန်ကုန်မြို့ရှိ တာမွေ ရဲစခန်းတွင် ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး တစုံတရာ ထိခိုင်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ယခုလ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ဗီဒီယိုရုံတရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာက ရေးသားထားသည်။

Comments :

0 comments to “မဟာဗန္ဓုပန်းခြံတွင် ဗုံးပေါက်ကွဲမှုဖြစ် ၃ ဦး ဒဏ်ရာရ”