ကုလသမဂ္ဂတာဝန်ပေးသည့်အတိုင်း လုပ်ဆောင်ရန် မစ္စတာဂမ်ဘာရီအား တိုင်းရင်းသားနှင့်ဝါရင့်အဖွဲ့ တိုက်တွန်း

NEJ/ ၈ စက်တင်ဘာ ၂၀၀၈။       

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်များအတွင်း ယခုတိုင် သိသာထင်ရှားသည့် ရလဒ်တစုံတရာကို မဖော်ထုတ်နိုင်ခဲ့သဖြင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် ကုလသမဂ္ဂက ပေးအပ်ထားသည့် လုပ်ပိုင် ခွင့်နှင့်အညီ မလုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့(UNA) က ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ စက်တင်ဘာ (၈) ရက် နေ့စွဲဖြင့် ပေးပို့သည့် UNA ၏ စာတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါစာတွင် ကုလသမဂ္ဂ အထူးအကြံပေးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ အကြံပြုတင်ပြထားခြင်းဖြစ်ပြီး ဂမ်ဘာရီသည် နအဖ၏ ၂၀၁၀ ခုတွင်ပြုလုပ်မည့် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုမည့်အစား မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် ၎င်းအား တာဝန်ပေးထားသည့် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အတိုင်း ပြုမှုလုပ်ဆောင်ရန် တာဝန် ရှိသည်ဟုလည်း ဖော်ပြထားသည်။

၂၀၀၅ ခုမှစ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ (၆) ကြိမ် ရောက်ရှိခဲ့ပြီး အစိုးရအာဏာပိုင်များ၊ ၎င်းတို့နှင့်ဆက်နွယ်နေသည့် အဖွဲ့အစည်းများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို တွေ့ဆုံခဲ့ခြင်းမရှိဟုလည်း စာတွင်ဖော်ပြထားသည်။

ထို့ကြောင့် UNA ၏ သဘောထားကို အသိပေးရန် စာပို့ရခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တဦးဖြစ်သည့် ဇိုမီးအမျိုးသား ကွန်ဂရက်ဥက္ကဋ္ဌ၊ စီအာပီပီအဖွဲ့ဝင် ပူကျင့်ရှင်းထန်က ပြောသည်။

၎င်းက “ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေစုပေါင်းနေထိုင်တဲ့ တိုင်းပြည်ဖြစ်နေတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လာညှိတဲ့အချိန်အခါမှာ ဒီလူတွေရဲ့သဘောထားကို ဘာလို့ မမေး တာလဲ။ အဲဒါတွေ့ဖို့ကောင်းတယ်၊ ပါတီအနေနဲ့ ပယ်ဖျက်ပြီးသား ပါတီတွေပါပေမယ့် တရားဝင်ပါတီ (၂) ပါတီ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ရှမ်းပါတီရှိသေးတယ်။ အဲဒါကို ချန်ထားပြီး မတွေ့တော့ ကျနော်တို့ကို ကိုယ်စားပြုတဲ့ ပြည်သူလူထုက မပါဘူးလိုဖြစ်နေတော့ အဲဒါ သူတို့က သိသွားရင် အကြံဥာဏ်ထုတ်တဲ့နေရာမှာ၊ လာပြီးတော့ ဖျန်ဖြေတဲ့နေရာမှာ ပိုပြီးတော့ လွယ်မလား ဆိုတဲ့အနေနဲ့ ပို့တာပါ။ စာကော်ပီကို မစ္စတာဂမ်ဘာရီကိုလည်း ပေးထားပါတယ်။ ယူအန်က မင်းဒိတ်ရတဲ့ အတိုင်း လုပ်မလာဘူးဆိုတဲ့သဘောပါ” ဟုပြောသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စ ကိုင်တွယ်ဖြေရှင်းပေးရန် သြဂုတ် (၁၈) ရက်မှ (၂၃) ရက်အထိ (၆) ရက်တာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် စစ်အစိုးရ၀န်ကြီးအချို့၊ အန်အယ်လ်ဒီ စီအီးစီအဖွဲ့၊ အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး နအဖနှင့်တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ကျွမ်းကျင်မှု အကူအညီပေးရေး ပြောကြားခဲ့သည်ဟု သိရသည်။

“ကျနော်တို့ ယူဆတာကတော့ အခုလို မကျေနပ်တဲ့အကြောင်းတွေ တဖွဖွပြောပေမယ့် တကယ်တော့ လုံခြုံရေး ကောင်စီတို့၊ ယူအန်တို့ကနေပြီးတော့ သူလုံလောက်တဲ့ ပါဝါကို ဂမ်ဘာရီကို မပေးလို့ သူမလုပ်နိုင်တာလား။ သူလိုအပ်တာကို ယူအန်အစည်းအဝေးကပဲ ဖြစ်ဖြစ်၊ လုံခြုံရေးကောင်စီကပဲဖြစ်ဖြစ် သိလိမ့်မယ်ဆိုပြီးတော့ အဲဒါကို ဖော်ပြနေတာပါ ” ဟု ပူကျင့်ရှင်းထန်က ဆက်လက်ပြောသည်။

နိုင်ငံရေးတည်ငြိမ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအ၀င် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတော်အာဏာပိုင်တို့ အကြား တွေ့ဆုံဆွေးနွေးမှုမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ရန် နအဖစစ်အစိုးရကို ကုလသမဂ္ဂက ဖိအားပေးသင့်သည်ဟုလည်း UNA ၏ စာတွင် ဖော်ပြထားသည်။

အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း စက်တင်ဘာ (၅) ရက် နေ့စွဲဖြင့် စာတစောင်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါစာတွင် မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်များအတွင်း ကြိုးပမ်းမှု တစုံတရာအောင်မြင်သည်ကို မတွေ့ရဘဲ ကုလသမဂ္ဂကချမှတ်သည့် ဆုံးဖြတ်ချက်များကို အောင်မြင်စွာ အကောင်အထည်မဖော်နိုင်ရုံသာမက မြန်မာနိုင်ငံတွင် အခြေအနေကို ပိုမိုရှုပ်ထွေးလာစေနိုင်ပါသည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂ၏ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လုပ်ကိုင်မည့်သူမျိုးကိုသာ ၎င်း၏အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်သင့်ကြောင်းလည်း ၀ါရင့်နိုင်ငံရေး သမားကြီးများက တောင်းဆိုထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးတဦးဖြစ်သူ ဦးမင်းလွင်က “အဓိကကတော့ ကုလသမဂ္ဂကို စိန်ခေါ်တာမဟုတ်ဘူး။ ကုလသမဂ္ဂကို ယုံကြည်တယ်။ ကိုးစားတယ်။ ကုလသမဂ္ဂကလုပ်ပေးနိုင်မယ်လို့မျှော်လင့်တယ်။ ယူအန်က လည်းပဲ အထွေထွေညီလာခံမှာ နှစ်စဉ် ၁၉၉၄ ကစပြီး မြန်မာပြည်အရေးကို ပြဋ္ဌာန်းပေးထားတာရှိတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ်က လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ကြေညာချက်ကရှိတယ်။ ရှိရဲ့သားနဲ့ မစ္စတာဂမ်ဘာရီက လက်တွေ့ကျတော့ အဲလိုဖြစ်မြောက်အောင် ဘာမှမလုပ်ဘဲနဲ့ မဆိုင်တဲ့ကိစ္စတွေ၊ ဗမာပြည်မှာ အငြင်းပွားစရာ ကိစ္စတွေ ပြောတဲ့အတွက် ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စတွေလာပြီးပြောသွားတယ်။ အဲဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး လုပ်ကိုင်နိုင်တဲ့ ပိုမိုသင့်တော်တဲ့ပုဂ္ဂိုလ်တယောက် အသစ်ခန့်အပ်ပြီး စေလွှတ်ဖို့နဲ့ ဘန်ကီးမွန်းလာမယ့်ကိစ္စလည်း ကြိုဆိုတဲ့အကြောင်း ထုတ်ပြန်တာပါ ” ဟုပြောသည်။

ကုလသမဂ္ဂကမူ အထွေထွေညီလာခံ ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်အတိုင်း မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက် စေ့စပ်ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အထွေထွေညီလာခံဥက္ကဋ္ဌ မစ္စတာ ဆာဂျန်ကီရင်မ်က ပြောကြားသည်။

Comments :

0 comments to “ကုလသမဂ္ဂတာဝန်ပေးသည့်အတိုင်း လုပ်ဆောင်ရန် မစ္စတာဂမ်ဘာရီအား တိုင်းရင်းသားနှင့်ဝါရင့်အဖွဲ့ တိုက်တွန်း”