မြန်မာနိုင်ငံရေးတိုက်မှုမရှိသည့်အပေါ် ကုလသမဂ္ဂ စိတ်ပျက်

Agencies / ၁၂ စက်တင်ဘာ ၂၀၀၈။ ။

မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာသေးသဖြင့် စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂဌာနချုပ်တွင် ယမန်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာစစ်အစိုးရအနေဖြင့် အများယုံကြည်လက်ခံပြီး အားလုံးပါဝင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တခု လုပ်ဆောင် ရန်နှင့် လူ့အခွင့်အရေးအခြေအနေတိုးတက်အောင် သိသာထင်ရှားသည့် ခြေလှမ်းများလှမ်းသည်ကို မြင်တွေ့ လိုကြောင်း အတွင်းရေးမှူးချုပ်က ပြောသည်။

မစ္စတာဘန်ကီမွန်းက “မြန်မာနိုင်ငံကိစ္စအပေါ်မှာ ခင်ဗျားတို့လိုပဲ ကျနော်လည်း စိုးရိမ်ပူပန်မိတယ်။ ပြီးတော့ လူတိုင်းလိုပဲ ကျနော်လည်း စိတ်ပျက်မိပါတယ်” ဟု ၀န်ခံပြောကြားသည်။

သို့သော် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်ကို မအောင် မြင်ဟုမမှတ်ယူကြောင်းနှင့် မအောင်မြင်ဟုယူဆပါက သံတမန်ရေးအရ ဆောင်ရွက်မှုများအားလုံးကို ရပ်ဆိုင်း လိုက်မည်ဖြစ်ပြီး ထိုသို့ ရပ်လိုက်မှသာ မအောင်မြင်ဟု မှတ်ယူနိုင်မည်ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေကို ယမန်နေ့က လုံခြုံရေးကောင်စီ၌ အစီရင်ခံခဲ့သည့် မစ္စတာ ဂမ်ဘာရီ ကမူ ၎င်း၏ နောက်ဆုံးခရီးစဉ်၌ မျှော်လင့်ထားသလို သိသာထင်ရှားသည့် ရလဒ် မရရှိခဲ့သဖြင့် မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မစ္စတာဂမ်ဘာရီက “ကျနော်တို့ရဲ့ အဓိကစိုးရိမ်ပူပန်မှုတွေနဲ့ အကြံညဏ်တွေကို တုံ့ပြန်ပြီးတော့ သိသာ ထင်ရှားတဲ့ရလဒ်ရအောင် လုပ်ဖို့ဆိုတဲ့အချက်ဟာ မြန်မာအစိုးရအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပြီးတော့ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည့်တို့ တွေ့ဆုံဆွေးနွေးရေး ဆက်လုပ်ဖို့ပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မတွေ့ဆုံခဲ့မှုသည် အားလုံးအတွက် စိတ်ပျက်စရာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏အမြင်ကို ယခင်ခရီးစဉ်များအတွင်းက ရခဲ့သကဲ့သို့ ယခု အသေအချာမသိရှိခဲ့ရကြောင်း၊ အခွင့်အရေး အမြန်ရသည်နှင့် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာဂမ်ဘာရီက ပြောသည်။

အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ် မစ္စတာ ဇလ်မေခါလီဇတ်ကမူ လုံခြုံရေးကောင်စီအနေဖြင့် မစ္စတာဂမ်ဘာရီ ဦးဆောင်ပြီး ဆောင်ရွက်နေသည့် ကုလသမဂ္ဂ၏ ကြားဝင်ဆောင်ရွက်နေမှုကို ပြန်လည်ဆန်း စစ်သင့်ကြောင်းနှင့် မြန်မာစစ်အစိုးရဆီမှ ရလဒ်များထွက်ပေါ်လာအောင် ဖိအားပေးရမည်ဟု ယမန်နေ့ လုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးပွဲ၌ ပြောသည်။

မစ္စတာ ခါလီဇတ်က “ စစ်အစိုးရက နိုင်ငံတကာအသိုင်းအ၀န်းကို အာခံနေတယ်။ ဘယ်နည်းလမ်းဟာ ပိုပြီးတော့ ထိရောက်မယ်ဆိုတာ ကျနော်တို့ ဆွေးနွေးငြင်းခုန်မှုတွေ လုပ်သင့်တယ်လို့ ကျနော်တို့ ယုံကြည် တယ်”ဟုပြောသည်။

ဗြိတိသျှ သံအမတ်ကြီး ဂျွန်ဆာဝါးစ်ကလည်း အမေရိကန်သံအမတ်၏ ပြောကြားချက်ကို သဘောတူကြောင်း ပြောကြားပြီး ဒီမိုကရေစီရေးတိုးတက်အောင် တောင်းဆိုနေမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုနေမှုတို့အား ငြင်းဆန်နေသည့် မြန်မာအစိုးရကို ဖိအားပိုမို ပေးကြရန် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က တောင်းဆိုသည်။

မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေး တို့အတွက် ဆောင်ရွက်မှုများကို လက်လျှော့မည်မဟုတ်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ကုလသမဂ္ဂ သံအမတ်ကြီးများပါဝင်သည့် မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ယနေ့တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် မြန်မာနိုင်ငံအပေါ် သြဇာရှိသည့်နိုင်ငံများနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်၍ တတ်နိုင်သလောက် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

Comments :

0 comments to “မြန်မာနိုင်ငံရေးတိုက်မှုမရှိသည့်အပေါ် ကုလသမဂ္ဂ စိတ်ပျက်”