ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့်တွေ့ခွင့်ရသည်ကို မြန်မာ့အလင်းတွင် ဖော်ပြ

ကိုသက် စက်တင်ဘာ ၃၊ ၂၀၀၈ (ဧရာဝတီ)

တာဝန်ရှိသူများက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏တင်ပြချက်အရ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့်ပြုခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာ့အလင်းသတင်းစာ၏ နောက်ဆုံးစာမျက်နှာတွင် “ဒေါ်အောင် ဆန်းစုကြည်က ရှေ့နေ ဦးကြည်ဝင်းနှင့် တတိယအကြိမ်တွေ့ဆုံ လိုကြောင်း တင်ပြသည့်အတွက် စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီတွင် ဦးကြည်ဝင်းအား ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ၀င်ရောက်တွေ့ဆုံနိုင်ရန် တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်” ဟု ဖော်ပြထားသည်။
ရှေ့နေကြီး ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်ချခံရခြင်း နှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အယူခံ ၀င်ရန် သြဂုတ်လ ၈ ရက်၊ ၁၇ ရက်နှင့် ယခုလတရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၃ ကြိမ် တွေ့ဆုံခဲ့သည်။
အာဏာပိုင်တို့က စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲတနာရီ၌ ဆက်ဆံ ရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံရန် စီစဉ်ထားကြောင်းနှင့် စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲတနာရီတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား ဒေါက်တာတင်မျိုးဝင်းက ကျန်းမာရေး စစ်ဆေးရန် လာရောက်မည်ဖြစ်ကြောင်းကို ဦးကြည်ဝင်းကတဆင့် မှာကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးကြည်ဝင်းမှလွဲ၍ မည့်သူ့ကိုမျှမတွေ့လိုသေးကြောင်း မှာကြားလိုက်သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။
၎င်းဖော်ပြချက်နှင့်ပတ်သက်၍ ရှေ့နေကြီး ဦးကြည်ဝင်းက “အဲဒီနေရာလေးမှာ သူတို့ (သတင်းစာ) နည်းနည်း ကျန်သွား လိမ့်မယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို ကျနော်ပြန်ပြောပြမယ် … ဦးအောင်ကြည်နဲ့ တွေ့ဆုံလိုသောဆန္ဒ ရှိပါတယ်။ သို့သော် မပြေလည်သေးတဲ့ကိစ္စတွေ ရှိတယ်။ ဒါတချက် ... သူကိုယ်တိုင်ကလည်း ပင်ပန်းနေတယ်လို့ ပြောတယ်။ ဒါကို သဘောပေါက်နားလည် ခွင့်လွှတ်ပေးပါရန် ပြောပြပါတဲ့” ဟု သတင်းစာပါ အကြောင်းအရာကို ဖြည့်စွက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒေါက်တာ တင်မျိုးဝင်းနှင့် လွန်ခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နောက်ဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးခွင့် ရခဲ့သဖြင့် မလိုအပ်သေး၍ မတွေ့ခြင်းဖြစ်နိုင်သည်ဟုလည်း ဦးကြည်ဝင်းက ဧရာဝတီကို ပြောသည်။
ယခုလတရက်က ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန် မိနစ် ၃၀ သာ ရရှိခဲ့ပြီး ထပ်မံတွေ့ဆုံရန် အကြောင်းကိစ္စများ ရှိနေသေးကြောင်း၊ အာဏာပိုင်တို့ကလည်း တွေ့ခွင့်ပေးမည်ဟု မျှော်လင့်ကြောင်း ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်းရှိ ခြုံနွယ်များနှင့် မြက်ပင်များကို ရှင်းလင်းထားခြင်းမရှိသည့်အပြင် ခြံဝန်းတံခါးမှ နေအိမ်သို့ သွားရာလမ်းတလျှောက်တွင်လည်း ရေညှိများတက်နေကြောင်း၊ ၎င်းအတွက် အလုပ်သမားငှားရမ်းရန် ကိစ္စကို လည်း အကျိုးဆောင်ပေးရန်ရှိသည်ဟု ဦးကြည်ဝင်းက ဆက်ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

Comments :

0 comments to “ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့်တွေ့ခွင့်ရသည်ကို မြန်မာ့အလင်းတွင် ဖော်ပြ”