MAI မြန်မာလေကြောင်းလိုင်း ဘန်ကောက်မဆင်းနိုင်

ကိုဝိုင်း/၂၆ နိုဝင်ဘာ ၂၀၀၈။
ထိုင်းအစိုးရ နုတ်ထွက်ပေးရန် ဖိအားပေးသည့်အနေဖြင့် ထိုင်းပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစုက ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်အား ပိတ်ဆို့ထားသဖြင့် မြန်မာ MAI လေကြောင်းပိုင် လေယာဉ်အနေဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လာရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့လေကြောင်း၏ ဘန်ကောက်ရုံးခွဲမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။
MAI ဘန်ကောက်ရုံးခွဲမှ တာဝန်ရှိသူတဦးက “လေဆိပ်က ပိတ်တော့ လေယာဉ်ပျံက လာလို့မရတာ။ လေဆိပ်ပြန်ဖွင့်မှပဲ ကျမတို့ လေယာဉ်ပျံကလာမယ်။ ရန်ကုန်ကနေလာတဲ့ လေယာဉ်ပျံပေါ့နော်။ ဒီကနေ့ကတော့ မရှိဘူး။ ထိုင်းမှာ ပေးလည်းမဆင်းဘူး။ တက်လည်း မတက်ဘူးပေါ့နော်” ဟု ပြောသည်။
ကြိုတင်လက်မှတ်ဝယ်ထားသူများကိုလည်း ငွေပြန်အမ်းမည်မဟုတ်ဘဲ လေဆိပ်ပြန်ဖွင့်ချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
၎င်းက “ငွေပြန်အမ်းဖို့ မရှိပါဘူး။ လေယာဉ်ပျံရှိတဲ့ရက်ပဲ စောင့်ရမှာပေါ့နော်။ လေဆိပ်ဖွင့်တဲ့ရက်ပဲစောင့်ရမှာပေါ့။ အမတို့ လေယာဉ်ပျံက cancel ဖြစ်တာမှ မဟုတ်တာ။ လေဆိပ်လည်းဖွင့်နေတယ်၊ လေယာဉ်ပျံက cancel ဖြစ်မှပဲ အမတို့က တာဝန်ယူ တာပေါ့နော်။ အစားထိုးပေးတာပေါ့။ ခုဟာက လေဆိပ်ပိတ်တာကိုး” ဟု ပြောသည်။
ထို့အပြင် သုဝဏ္ဏဘူမိလေဆိပ်အား မနက်ဖြန်တွင်လည်း ဖွင့်ဦးမည်မဟုတ်ကြောင်း၊ ဘန်ကောက်မှ ရန်ကုန်ပြန်ရန် လက်မှတ် ၀ယ်ထားသူ (၂၀) ဦးခန့်ရှိပြီး ၎င်းတို့အနေဖြင့် ဘန်ကောက်-မြန်မာလေကြောင်းရုံးသို့ ဆက်သွယ်ကြရန်လိုကြောင်း သိရသည်။
မြန်မာလေကြောင်း လက်မှတ်ခများမှာ ခရီးစဉ်တကြောင်းအတွက် ဘတ်ငွေ (၆,၂၆၀) ဖြစ်ပြီး၊ အသွားအပြန်ခရီးစဉ်အတွက် (၉,၂၂၀) ဘတ်ဖြစ်ကြောင်း သိရသည်။


Comments :

0 comments to “MAI မြန်မာလေကြောင်းလိုင်း ဘန်ကောက်မဆင်းနိုင်”