သံဃာ့တပ်ပေါင်းစုအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လုံခြုံရေးကောင်စီကို တောင်းဆို

ကိုစိုး နိုဝင်ဘာ ၇၊ ၂၀၀၈
မြန်မာနိုင်ငံ လုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က မြန်မာ့ဒီမိုကရေစီ ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ယမန်နေ့က တိုက်တွန်း တောင်းဆိုလိုက်သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုပ်ဆောင် ချက်များကို တွန်းအားပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တောင်းဆိုသည့် အစီရင်ခံစာ တစောင်ကို မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ပူးတွဲ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာ စစ်အစိုးရသည် လုံခြုံရေးကောင်စီ ဥက္ကဌ ကြေညာချက်၊ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံက ချမှတ် သည့် ဆုံးဖြတ်ချက်များ ၊ ကုလသမဂ္ဂ အထူးသံတမန်များ၏ ဆွေးနွေး အကြံပြုချက်များကို အကောင် အထည်ဖော် ဆောင်ရွက်လိုသည့် အနေအထား မတွေ့ရှိရသည့်အတွက် လုံခြုံရေးကောင်စီသို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ ဦးဆောင် သံဃာတော်တပါးဖြစ်သည့် ဦးသြဘာသ က ပြောသည်။
“လက်ရှိ ဆိုရင် စစ်အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူ ၂၁၀၀ ကျော်ကိုဖမ်းဆီးထားဆဲ ဖြစ်တယ်၊ ရာပေါင်းများစွာသော အမှုအခင်းတွေကို တဖက်သတ် ရုံးတင်စစ်ဆေးနေဆဲ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဆိုးဝါး စွာ လုပ်နေဆဲ၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူကိုလည်း အစိုးရလူတွေက အပြင်းအထန်တိုက်ခိုက်နေတယ်၊ လူမျိုး စု ဒေသတွေကိုလည်း လက်နက်ကိုင် အစိုးရတပ်တွေက ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်၊ ကလေး စစ်သားစုဆောင်းမှုတွေလည်း ရှိနေတယ်၊ ဒါတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရေး အတွက် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို တွန်းအားပေးဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုတာ”ဟု ဦးသြဘာသ က ဧရာဝတီ သို့ ပြောဆိုသည်။
အဓိက အချက် ၅ ချက်ပါ အဆိုပါ ပူးတွဲ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကိုခြွင်းချက်မရှိ လွှတ်ပေးပြီး စစ်အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ၊ လူမျိုးစု ကိုယ်စား လှယ်များ စသည့် အားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝ၍ အချိန်အတိအကျရှိသည့် တွေ့ဆုံ ဆွေးနွေးရေး လုပ်ခြင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးတို့အတွက် အရေးကြီးဆုံး ဖြစ်သည်ဟု ပါရှိသည်။
ဦးသြဘာသက“တိုင်းပြည် အနာဂတ် အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်း ကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး”ဟုလည်း ပြောသည်။
မစ္စတာ ဘန်ကီမွန်းအနေနှင့် စစ်အစိုးရသည် နိုင်ငံရေး တိုးတက်မှုရရှိရန် ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ်များ ၏ အကြံပေးတိုက်တွန်းချက်များကို အရေးတယူ ဆောင်ရွက်ခြင်းမရှိကြောင်း မှန်မှန်ကန်ကန် ဖော်ပြပေးစေချင် ကြောင်း ဦးသြဘာသ က ဆက်လက်ပြောပြသည်။
ဦးသြဘာသသည် လွန်ခဲ့သည့်နှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ လိုက်လံ ဖမ်းဆီးမှုကို ယခုအချိန်အထိ ရှောင်တိမ်းနေခဲ့ရသည်။အထက်ပါ ပူးတွဲ ကြေညာချက်တွင် အန်အယ်လ်ဒီ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ ၊ လူမျိုးစု နိုင်ငံရေး ပါတီများနှင့် တခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ကို မြန်မာ့ရေးအတွက် အဓိကကျသည့် အဖွဲ့အစည်း များဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း နားလည် ထောက်ခံသည့်အတွက် မစ္စတာ ဘန်ကီမွန်းကို အထူးကျေးဇူး တင်ရှိကြောင်း တို့ကို လည်း ဖော်ပြထားသည်။

Comments :

0 comments to “သံဃာ့တပ်ပေါင်းစုအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လုံခြုံရေးကောင်စီကို တောင်းဆို”