ထိုင်းရဲချုပ်ရာထူးကဖယ်ရှားခံရ

၂၈ နိုဝင်ဘာလ ၂၀၀၈။ ဗွီအိုအေ
ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲကို ထိုင်းဝန်ကြီးချုပ်က ရာထူးကဖယ်ရှားလိုက်ပါတယ်။ ဘန်ကောက်မြို့အဓိကလေဆိပ်ကြိးနှစ်ခုကို ဆန္ဒပြသူတွေသိမ်းထားတာနဲ့ပတ်သက်ပြီးဖြေရှင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလိုရဲချုပ်ကိုရာထူးကဖယ်ရှားလိုက်တာပါ။
အခုလိုထိုင်းရဲချုပ်ကို ရာထူးကဖယ်ရှားလိုက်တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ်ဆွန်ချိုင်းဝမ်ဆာဝတ် ရဲ့ ကြောငြာချက်ဟာ ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကို လုံထိန်းတပ်ဖွဲ့ဝင်တွေရောက်မလာခင်နာရီပိုင်းအလိုမှာထွက်ပေါ်ခဲ့တာပါ။ စောစောပိုင်းကတော့ ထိုင်းရဲအရာရှိတွေက ဆန္ဒပြသူတွေနဲ့စေ့စပ်ဆွေးနွေးနေတယ်လို့ပြောပါတယ်။ သူတို့ရည်ရွယ်ချက်က လေဆိပ်ကို သိမ်းထားတာတွေကို အကြမ်းမှုမရှိဘဲ အဆုံးသတ်အောင်လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးလို့မရရင်လိုအပ်သလိုအရေးယူဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။ ဆန္ဒပြသူတွေကတော့ ထိုင်းဝန်ကြီးချုပ်ရာထူးကမနုတ်ထွက်ဘူးဆိုရင် လေဆိပ်ကိုသိမ်းထားတာက ဖယ်ပေးမှာမဟုတ်ဘူးလို့ပြောဆိုနေပါတယ်။ ထိုင်းလူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆူနိုင်းဖာဆွတ်ခ် ကတော့ အာဏာပိုင်တွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေအကြား သွေးထွက်သံယိုမဖြစ်အောင် တိုးတက်မှုရှိလာအောင် ဆွေးနွေးကြဖို့တိုက်တွန်းလိုက်ပါတယ်။ ဆန္ဒပြသူတွေနဲ့အတူ ကလေးငယ်တွေ ပါလာသူတွေလည်းရှိတဲ့အတွက် သူတို့အတွက်လည်း ထပ်ပြီးစိုးရိမ်ရတယ်လို့ ဆူနိုင်းဖာဆွတ်ခ်က ပြောပါတယ်။

Comments :

0 comments to “ထိုင်းရဲချုပ်ရာထူးကဖယ်ရှားခံရ”