သမ္မတသစ်အိုဘားမားကို ရုရှားသမ္မတ သတိပေးလိုက်

ရုရှားနိုင်ငံနိုင်ငံက ဒုတိယအကြိမ်မြောက် စစ်အေးတိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန် သမ္မတသစ် ဘာရတ်အိုဘားမားအား သတိပေးပြောကြားလိုက်သည်။ တာတိုပစ် အစ်စခန်ဒါ အမျိုးအစား ဒုံးကျည်များကို ဘော်လ်တစ်ပင်လယ်အတွင်း ဖြန့်ချထားပြီး နေတိုးအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပိုလန်နှင့် လစ်သူယေးနီးယားတို့ကို ရုရှားတို့က ချိန်ရွယ်ထားသည်။ နိုဝင်ဘာလ (၅)ရက်နေ့ အိုဘားမား သမ္မတဖြစ်ပြီဟု အတည်ပြုနိုင်ခဲ့သည်နှင့် ရုရှားတို့က အမေရိကန်၊ နေတိုးတို့နှင့် နောက်တစ်ကြိမ် စစ်အေးတိုက်ပွဲ စတင်ရန် အဆင်သင့်ရှိနေကြောင်း စိန်ခေါ်မှုတစ်ခု အိုဘားမားထံ ပေးပို့ခဲ့သည်။
ကရင်မလင် အကြီးအကဲ ဒီမီထရီ မက်ဗီဒက်ဗ်ကလည်း အမေရိကန် ဒုံးကျည်ကာကွယ်ရေး အခြေစိုက်စခန်းများ တည်ရှိနေသည့် ပိုလန်နှင့် ချက်ရီပတ်ဘလစ်တို့အား ချေမှုန်းရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ ယခုအဖြစ်အပျက်သည် နှစ်(၂၀)ကာလအတွင်း ရုရှားနိုင်ငံမှ အနောက်အုပ်စုထံ လက်နက်အရ ပထမဆုံးအကြိမ် ခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် သမ္မတသစ် အိုဘားမားအပေါ် ထားရှိသည့် ရုရှားနိုင်ငံ၏ သဘောထားကိုလည်း ထင်ဟပ်နေဖွယ်ရှိသည်။ မက်ဗီဒက်ဗ်က ရုရှားဒုံးကျည်များတွင် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်ထားခြင်း ရှိ၊ မရှိဆိုသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ ကျွမ်းကျင်သူများက ရုရှားဒုံကျည်များသည် ဗြိတိန်ထိ ရောက်ရှိနိုင်သော်လည်း အဓိကပစ်မှတ်မှာ ပိုလန်နှင့် ချက်တို့သာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ ရုရှားသည် လက်ရှိအမေရိကန် သမ္မတဖြစ်သူ ဂျော့ဘုရှ်နှင့် ဆက်ဆံရေး မပြေလည်မှုများ ရှိနေသည့်တိုင် စစ်ရေးအရ ခြိမ်းခြောက်မှုမျိုး မပြုလုပ်ခဲ့ဖူးပေ။ အိုဘားမားမှာမူ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို ကမ္ဘာ့လက်နက် အင်အားကြီးနိုင်ငံ ရုရှား၏ ရန်လိုသော ကြိုဆိုမှုနှင့် ကြုံခဲ့ရပြီဖြစ်သည်။ မက်ဗီဒက်ဗ်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ ပတ်ဝန်းကျင်တွင် ဒုံးကျည်ကာကွယ်ရေး စစ်အခြေစိုက်စခန်းများ ဖြန့်ကျက်ထားမှုအပေါ် ရုရှားနိုင်ငံက သည်းခံမည်မဟုတ်ဟု အိုဘားမားအား ရည်ညွှန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
http://www.true-myanmarnews.co.cc/

Comments :

0 comments to “သမ္မတသစ်အိုဘားမားကို ရုရှားသမ္မတ သတိပေးလိုက်”