သတိ ခွေးကိုက်တတ်သည်။

၁၁၊ နိုဝင်ဘာလ၊ ၂၀၀၈။
ပြည်နယ်တိုင်း၊ မြို့နယ်၊ ရပ်ကွက်လူ့အသိုင်းအ၀န်း ပတ်ဝန်းကျင်မှာ မတွေ့ဖြစ်တွေ့မြင်နေရမယ်၊ ရပ်ကွက် တွင်းက အချို့အိမ်တွေမှာ၊ အများဆုံးမြင်တွေ့နိုင်တာကတော့ ရပ်ကွက် ကျေးရွာတွေမှာရှိတဲ့ဘုန်းတော်ကြီး ကျောင်းတွေမှာပါ။
အဲ့ဒါကတော့ ခွေးတွေပါ။ ရပ်ကွက်တွင်းမှာ ခွေးလေခွေးလင့်တွေရှိသလိုဘဲ စနစ်တကျမွေးမြူထားတဲ့ အိမ်မွေးခွေးတွေလည်းရှိကြပါတယ်။ တစ်ချို့ခွေးတွေဆို မွေးမြူထားတဲ့ခွေးပိုင်ရှင်က ချစ်စနိုးနဲ့ ခွေးအမည်နာမည်ကို သူတို့ချစ်တဲ့ ရုပ်ရှင်မင်းသားနာမည်တွေနဲ့ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ တစ်ချို့ခွေးလေခွေးလင့်တွေဆို အနာတွေပေါက် သန်းတွေများလို့ သန်းရွှေလို့ ခေါ်ဝေါ်တာမျိုးလည်းရှိကြပါတယ်။ ကျေးရွာ ရပ်ကွက်တွေမှာ ခွေးကိုမွေးကြတာ အဓိကအိမ်လုံခြုံဖို့အတွက်ဖြစ်ပါတယ်။ အိမ်လုံခြုံအောင်မလုပ်နိုင်တဲ့ခွေးတွေဆို ရိုက်နှက်ခံရတာမျိုး စွန်ပစ်ခံရတာမျိုးခံကြရပါတယ်။ အဲ့ဒီ့လို စွန့်ပစ်ခံရတဲ့ခွေးတွေဟာနောက်ဆုံးတော့ ဘုန်းကြီးကျောင်းတွေ ရပ်ကွက် ဓမ္မာရုံတွေ လမ်းဘေးတွေဆီမှာနေရတဲ့ဘ၀ကိုရောက်ခဲ့ကြပါတယ်။ အဲ့ဒီ့လိုခွေးလေခွေးလင့်တွေများလာတဲ့အခါမျိုးဆိုရင် စည်ပင်သာယာ ၀န်ထမ်းတွေဟာအင်မတန်မှဝင်ငွေကောင်းလှပါတယ်။ ရပ်ကွက်တွင်းခွေးလေခွေးလင့်တွေကို သုတ်သင်ပြီး နောက်နေ့မနက်ဆို စည်ပင်သာယာဈေးမှာ ဟောင်ကောင်သားဟုဆိုကာ ရောင်းချပါတယ် ခွေးသားတွေလှိုင်လှိုင်ပေါပါတယ်။ အိမ်မွေးထားတဲ့ခွေးဘယ်လောက်ထိ စိတ်ချရတယ်အားကိုးရတယ်ဆိုတာကို အိမ်ရှေ့တွေ ခြံတံခါးဝတွေမှာ သတိပေးဆိုင်းဘုတ်ကလေးတွေချိတ်ဆွဲထားတာကို မြင်မိကြမှာပါ။ `သတိ ခွေးကိုက်တတ်သည်။`ဒီစာသားလေးဟာ အိမ်ကိုအလည်လာတဲ့သူတွေ သတိပြုမိဖို့လည်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှစပြီးတော့ မြန်မာနိုင်ငံတွင်းရှိ တိုင်းနှင့်ပြည်နယ် မြို့နယ်ရပ်ကွက် ကျေးရွာများတွင် ခွေးများမွေး မြူခြင်းတဖြည်းဖြည်းကျဆင်းလာပြီး ၂၀၀၇ စက်တင်ဘာလ နောက်ပိုင်းမှစကာ ခွေးများကိုလုံးဝ မမွေးကြ တော့ပေ။ ထိုသို့ခွေးများမွေးမြူမှုကျဆင်းခြင်းသည် ခွေးကြောင့်ြ့ဖစ်တတ်သော ဆိုးကျိုးများနှင့် ခွေးရှုး အန္တရာယ်မှကင်းဝေးရန် ပြည်သူလူထုသည် မိမိတို့ရပ်ရွာများတွင်ခွေးများမမွေးကြတော့ပါ။ ယခုအခါ နအဖ စစ်အစိုးရမွေးထားသောခွေးများသည် အစာရေစာငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်နေလျှက်ရှိကာ နအဖခွေးများအတွက်အစားအသောက်များဖူလုံမှုမရှိသောကြောင့် နအဖခွေးများသည် ရပ်ကွက်ကျေးရွာများ အတွင်းသို့တိတ်တဆိပ်ဝင်ကာ မိဘပြည်သူများမသိအောင် ခိုးယူစားသောက်ခြင်း အလစ်သုတ်သွားခြင်းများ၊ စားကြွင်းစားကျန်မျးမကြွေးသောသူများကို လိုက်ကိုက်ခြင်း စသည့်အပြုမူများဖြင့် လူများကိုတုန့်ပြန် တတ်ပါသည်။ နအဖခွေးများသည် စနစ်တကျမွေးမြူထားခြင်းမဟုတ်သောကြောင့် အကိုက်အခံရသောလူသည် ဆေးမမှီပါက အသက်ဆုံးရုံးမှုများလည်းရှိတတ်ပါသည်။ နအဖခွေးများသည် အစာရေစာပြတ်ငတ်မှုနှင့် ရပ်ကွက်လူများရိုက်သတ်မှုကြောင့် မကြာခဏသေဆုံးရပြီး အချို့ခွေးများဆိုရင် ခွေးကင်ဆာရောဂါဖြင့် သေဆုံးခြင်းများလည်းရှိပါသည်။ နအဖသည် ခွေးများလျော့နည်းလာမှုကိုစိုးရိမ်ပြီး ခွေးများထပ်မံမွေးမြူရန် အမိန့်ထုတ်ပြန်ကာ ခွေးများကိုစနစ်တကျဖြင့် ခွေးဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်များ ထုပ်ပေးပြီး လည်ပတ်ကြိုးတစ်ချောင်းနှင့် ထမင်းခဲ တစ်ခဲ ပုံမှန်ကြွေးမွေးမည်ဟုလည်းဆိုပါသည်။ နအဖခွေးများသည် အင်မတန်မှလိမ္မာယာဉ်ကျေးပြီး ရပ်ကွပ်တွင်း ခိုးဆိုးလုယက် စသည့်အရည်အချင်းများနှင့်ပြည့်ဝပြီး ရပ်ကွက်တွင်းပြည်သူလူထုက နအဖခွေးများကို အင်မတန်ချစ်ခင်ကြကာ ချစ်စနိုးဖြင့် အရမ်းမီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မသူတော်၊ ကြွက်၊ စသဖြင့်ခေါ်ဝေါ်ကြပါသည်။ ခွေးများသည်လည်း မိဘပြည်သူလူထုကို အဝေးမှနေကြည့်ရှု့ကြပါသည်။ သို့ပေငြားလည်း ရပ်ကွက်တွင်းတွင် ခွေးသခိုးများ ခွေးလေခွေးလင့်များ ခွေးဝဲစားများ တဖြည်းဖြည်းများပြားလာလျက်ရှိပါသည်။ ရပ်ကွက်နေ ပြည်သူလူထုမှာ ခွေးကိုက်ခံရမှာကို အင်မတန်ကြောက်ရွံ့လျှက်ရှိနေကြပါသည်။ တစ်ချို့ရပ်ကွက်များတွင် လမ်းထိပ်များ ဓမ္မာရုံများ ဘုန်းကြီးကျောင်းနံရံများတွင် ဖြတ်သွားဖြတ်လာလူများအား သတိ ခွေးကိုက်တတ်သည်ဟု သတိပေးစာတန်းများလည်း အများအပြားချိတ်ဆွဲထားကြပါသည်။ တစ်ချို့အိမ်များဆိုခွေးမမွေးဘဲ ခွေးအန္တရာယ်သတိပြုဖို့ အိမ်ရှေ့တွင် အလားတူစာတန်းများချိတ်ဆွဲထားလျက်ရှိပါသည်။ မိဘပြည်သူများသည် တစ်ဦးနှင့်တစ်ဦးကူညီသမှုဖြင့် သတိပေးမှုများရှိနေကြပါသည်။ သတိ ခွေးကိုက်တတ်သည်။ သင့်ကြောင့်ခွေးကိုက်မခံရပါစေနှင့်။
ကမာမြေ


Comments :

0 comments to “သတိ ခွေးကိုက်တတ်သည်။”