မြန်မာဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွား

ဧရာဝတီ နိုဝင်ဘာ ၃၊ ၂၀၀၈
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားရာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စစ်သင်္ဘောများ ပို့လွှတ် လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အရာရှိ အစ်ဖ်တီခါ အာမက် ချိုဒူရီက မနေ့ကပြောကြား လိုက်သည်ဟု ရိုက်တာသတင်းတွင် ရေးသားထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် အခြေအတင်ဆွေးနွေးမှုများကို နှစ်နှင့်ချီ၍ ပြုလုပ်ခဲ့ကြပြီးနောက် ဘင်္ဂလား ပင်လယ် အော်အတွင်းရှိ သဘာဝဓာတ်ငွေ့ကြွယ်ဝသော အငြင်းပွားရာ နယ်မြေကို နယ်နိမိတ် သက်မှတ် ပိုင်းခြားခဲ့ကြ၏။
သို့ရာတွင် မြန်မာစစ်အစိုးရက နယ်နိမိတ်သက်မှတ်ပြီးသော အငြင်းပွားရာ ဒေသတွင် သဘာဝဓာတ်ငွေ့ ရှာဖွေရန် အစဉ် ကြိုးပမ်းလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရာ အကြံပေးအရာရှိက ပြောသည်။
၎င်းအနေနှင့် နှစ်နိုင်ငံအငြင်းပွားနေသည့်ကိစ္စရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဆက်ပြော ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဒေသတွင်း သတင်းဝက်ဘ်ဆိုက်တခုဖြစ်သော bdnews24.com တွင်လည်း ယခုကဲ့သို့ ရေတပ်စစ်သင်္ဘော များ ချထားရခြင်းမှာ မြန်မာစစ်အစိုးရကို တရားဝင် တားဆီးကာကွယ်ခြင်းသာ ဖြစ်သည်ဟု ရေးသားထားသည်။
“ကျနော်တို့ အနေနဲ့ ဘင်္ဂလားပင်လယ်အော်ထဲက နှစ်နိုင်ငံ အငြင်းပွားရာ ရေပိုင်နက်ကို ရောက်နေတဲ့ မြန်မာ ဓာတ်ငွေ့ရှာ ဖွေရေး သင်္ဘောတွေကို ပြင်းပြင်းထန်ထန် တားဆီးသွားဖို့ စီစဉ်ပြီးပါပြီ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး အရာရှိက ပြောကြားသည်။
အောက်တိုဘာလ အတွင်းက ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက် ခဲ့ပြီး ပင်လယ် ရေပိုင်နက်အငြင်းပွားမှု ကိစ္စ အပါအဝင် တခြားသော သဘာဝ ဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင် သွင်းရေး စသော နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆွေးနွေးခဲ့သည်။အောက်တိုဘာ ၇ ရက်နေ့ကလည်း ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် အဖွဲ့သည် အခွန် ၂ ထပ်လျှော့ချရေးနှင့် ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

Comments :

0 comments to “မြန်မာဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွား”