အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်

၂၇ ဖေဖော်ဝါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းမှာဒီနေ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲဖွင့်လှစ်တဲ့အခါ စီးပွားရေးနဲ့ ငွေကြေးကိစ္စရပ်များကို ထိပ်ဆုံးထား ဆွေးနွေးကြမယ်လို့ ခန့်မှန်းနေကြပါတယ်။
အာဆီယံအသင်းဝင် ၁၀ နိုင်ငံကခေါင်းဆောင်များ စည်းဝေးပွဲ တက်ရောက်ကြဖို့ ကြာသပတေးနေ့ကတည်းက စတင်ရောက်ရှိနေကြပါပြီ။
ကမ္ဘာ့ခြိမ်းခြောက်မှုများကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့ ကိစ္စနဲ့ ၂၀၁၅ ခုနှစ်မှာ ဒေသကုန်သွယ်ရေးအုပ်စု ထူထောင်ရေးကိုလည်း ဆွေးနွေးကြဖွယ်ရှိပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း ထိုင်းနိုင်ငံကို စုဝေးရောက်ရှိလာကြပြီးလူ့အခွင့်အရေးကိစ္စရပ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက လှေစီးထွက်ပြေးလာကြတဲ့ဒေသတွင်း ဒုက္ခသည်စခန်းများမှာ၊ ပင်လယ်ထဲမှာ အတိဒုက္ခရောက်နေကြတဲ့ရိုဟင်ဂျာများကိစ္စ အာရုံစိုက်ကြဖို့လည်း ဖိအားပေး တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရေး ဖိအားပေးကြဖို့ အရှေ့တောင်အာရှနိုင်ငံများက ပါလီမန်အမတ်များအဖွဲ့ကလည်း အာဆီယံခေါင်းဆောင်များကို တိုက်တွန်းနေကြပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေက အာဆီယံအသင်းရဲ့ ဂုဏ်သိက္ခာကိုထိပါးစေနေပြီ၊ အဲဒါကြောင့် အာဆီယံခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့သြဇာကိုသုံးပြီးလုပ်ဆောင်ပေးကြပါလို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆယ် (Scott Marciel) ကလည်း သတိပေးထားပါတယ်။

Comments :

0 comments to “အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်”