တစ်နာရီ မိုင်တစ်ရာနှုန်းခန့် စိုက်ဆင်းလေပြင်း ယခုလအတွင်းကျရောက်နိုင်

၁၅ ဖေဖော်ဝါရီ ၂၀၀၉။ the voice
စိုက်ဆင်းလေပြင်းသည် အများအားဖြင့် မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါလေပြင်း၏ သဘောသဘာဝမှာ အောက်အနိမ့်ပိုင်းနှင့် မြေပြင်အထက်ပေတစ်ထောင်ခန့်တို့တွင် တစ်နာရီလျှင် မိုင် ၁၅၀ မှ မိုင် ၂၀၀ အထိ မြန်ဆန်တတ်ကြောင်း၊ ယင်းကြောင့် ရေကြောင်းနှင့် လေကြောင်းဖြင့် ခရီးသွားမည့်သူများအထူးသတိထားသင့်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ဘက်စွန်းဒေသ၌ လွန်ခဲ့သည့်နှစ်အတွင်း စိုက်ဆင်းလေပြင်းကျရောက်၍ လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ဖူး ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောကြားသည်။
ရေကြောင်းခရီးစဉ်များနှင့် ပတ်သက်၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူပုဂ္ဂိုလ်တစ်ဦးက စိုက်ဆင်းလေပြင်းကျရောက်မှုကို ရေကြောင်းခရီးစဉ်များတွင်လည်း ကြုံခဲ့ဖူးကြောင်း၊ လွန်ခဲ့သည့် ၂၅ နှစ်ဝန်းကျင်က စိုက်ဆင်းလေပြင်းမိ၍ သင်္ဘောနစ်မြုပ်ခဲ့ဖူးကြောင်း၊ အလားတူ ၂၀၀၈ ခုနှစ်အတွင်း မြစ်ဝကျွန်းပေါ်ခရီးစဉ်တွင်ပြေးဆွဲနေသော ဗန္ဓုလရေယာဉ်သည်စိုက်ဆင်းလေကျရောက်မှုကြောင့် သွပ်ပြား ချပ်ရေ ၅၀ လန်သွားဖူးကြောင်း၊သို့ဖြစ်၍ စိုက်ဆင်းကျရောက်နိုင်သည့်ယခုကဲ့သို့ရာသီတွင် ရေကြောင်းခရီးစဉ်များကို အထူးသတိထား၍ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။မုန်တိုင်းကျရောက်ပါက ရေယာဉ်များ အရေးပေါ်ပြောင်းရွှေ့ရမည့်နေရာသုံးနေရာမှာ ပုဇွန်တောင်မြို့နယ်နှင့်ဒေါပုံမြို့နယ် ဆက်သွယ်ထားသောတံတား (မဟာဗန္ဓုလတံတား)နှင့်မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ် ဆက်သွယ်ထားသောတံတား(သာကေတတံတားဟောင်း) အကြားနေရာ၊ လှိုင်မြစ်အထက်ပိုင်း ပန်းလှိုင်စက်မှုဇုန်နှင့် ပန်းလှိုင်တံတားအကြားနေရာနှင့် ကရင်ချောင်းအတွင်းတို့ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်အဆင့်(၃) (လေတိုက်နှုန်း တစ်နာရီ ၁၁၁ မိုင်မှအထက်) တိုက်ခတ်လျှင် အထက်ပါနေရာများ၌ ရေယာဉ်များအားလုံး ပြောင်းရွှေ့ရပ်နားရမည်ဖြစ်ကြောင်း၊ခရီးစဉ်အတွင်း ရောက်ရှိနေသည့်ရေယာဉ်များသည် သဘာဝဘေးအန္တရာယ်ကင်းမည့်နေရာတွင် ကမ်းပြုအခြေပြုရမည်ဖြစ်ပြီး ရေပြင်ကျယ်တွင်ရောက်ရှိနေပါက ကျောက်ချထားပြီးလေတိုက်ရာအရပ်သို့ ဦးတည်၍ စက်မောင်းထားရမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှသိရှိရ (သတင်းဖော်ပြပြီး The Voice Weekly Vol 4 No. 7) သည်။


Comments :

0 comments to “တစ်နာရီ မိုင်တစ်ရာနှုန်းခန့် စိုက်ဆင်းလေပြင်း ယခုလအတွင်းကျရောက်နိုင်”