ဗိုလ်ချုပ်မှူးကြီးက ဂန်ဘာရီကို ပညာပြ

၎ ဖေဖော်ဝါရီ ၂၀၀၉။ ဇာနည်ဝင်း (ဧရာဝတီ)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မရှိသော်လည်း အာရှတိုက်မှ သံတမန်များကိုမူ ယမန်နေ့က လက်ခံ တွေ့ဆုံခဲ့သည်။ဗိုလ်ချုပ်မှူးကြီးနှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ် နိုင်ငံတို့မှ သံအမတ်များ မြို့တော်သစ် နေပြည်တော်တွင် တွေ့ဆုံသည့် ဓာတ်ပုံများကို ယနေ့ထုတ် မြန်မာသတင်းစာများတွင် ဖော်ပြထားသည်။ အာရှသံတမန်များနှင့် တွေ့ဆုံမှုမှာ ကြိုတင်စီစဉ် ထားခြင်းဖြစ်ပြီး မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မပြုရန်လည်း ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်မည်ဟု မြန်မာ့အရေး လေ့လာသူ တဦးဖြစ်သည့် ဦးဝင်းမင်းက သုံးသပ်သည်။
“ဂန်ဘာရီကတဆင့် တောင်းဆိုလာမယ့် အချက်တွေကို အကြောင်း မပြန်ချင်လို့၊ မလိုက်လျော ချင်လို့ပေါ့။ ဘန်ကီမွန်း (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်) လာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ စီစဉ်သင့်တာ တွေကို သူမလုပ်ချင်ဘူး ဆိုတဲ့ လက္ခဏာ ပြတာပေါ့” ဦးဝင်းမင်းက ဧရာဝတီသို့ ပြောပြသည်။ဗိုလ်ချုပ်မှူးကြီးသည် ဒီဇင်ဘာ လကုန်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေးတိုင်းရှိ မြို့များသို့ လှည့်လည် သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီး နောက်ပိုင်းတွင် ၎င်း၏ လှုပ်ရှားမှုများ သတင်းစာများတွင် တလကြာ ပျောက်ကွယ် နေခဲ့ရာမှ ယနေ့ထုတ် သတင်းစာများတွင် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရနှင့် အတိုက်အခံ တို့အကြား ဝင်ရောက် စေ့စပ်ပေးရန် အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အထူးကိုယ်စားလှယ် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ခွင့် ရသော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ခွင့် မရခဲ့သည့် ၎င်း၏ ၄ ရက်ကြာ ခရီးစဉ်ကို ယမန်နေ့ ညနေက အဆုံးသတ် ခဲ့သည်။ခရီးစဉ်အတွင်း မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့နှင့် တွေ့ခွင့်ရခဲ့သည်။ ဝန်ကြီးချုပ်က ၎င်းအား နိုင်ငံတကာ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ် မှုများကို ရုပ်သိမ်းရေးအတွက် ကုလသမဂ္ဂက ဆောင်ရွက်ပေးရန် ပြောကြားလိုက်သည်။ဗိုလ်မှူးချုပ် ကျော်ဆန်းကလည်း ၎င်းတို့အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်းမှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ပြီးခဲ့သည့် ၅ လအတွင်း ဆက်ဆံရေး ဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံနိုင်ရေး အတွက် ၂ ကြိမ်တိတိ ကမ်းလှမ်းခဲ့ သော်လည်း ဒေါ်စုက လက်ခံခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ဗိုလ်မှူးချုပ် ကျော်ဆန်း၏ ပြောကြားချက်များမှာ တရားမျှတမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုသည်။“ဒေါ်အောင်ဆန်းစုကြည်က ပြောတာက ဘယ်သူနဲ့ တွေ့ဆုံမယ်ဆိုတာ သူငြင်းတာ တခုမှ မရှိဘူးတဲ့၊ ဒါပေမယ့် အကျိုးမရှိတဲ့ တွေ့ဆုံခြင်းကိုတော့ သူမလိုလားဘူးတဲ့။ ဦးအောင်ကြည်ကို လက်ခံဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ ဆရာဝန်နဲ့ ချိန်းထားတယ်၊ အဲဒီ ချိန်းတဲ့ရက် နောက်ပိုင်းမှာ ဆိုရင် ဖြစ်နိုင်တယ်လို့ ဒီလို ဖြေထားတာ။ ရှေ့နေကိုယ်တိုင် သူတို့ သတင်းတပ်ဖွဲ့ကို ပြောထားတာ”ဟု ဧရာဝတီသို့ ရှင်းပြသည်။

Comments :

0 comments to “ဗိုလ်ချုပ်မှူးကြီးက ဂန်ဘာရီကို ပညာပြ”