မန္တလေးမီး သိန်း (၂၀၀) ကျော်ဆုံးရှုံးအိမ်ခြေ (၃၂၀) ပြာကျ

၁၁ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
မန္တလေးတွင် ဖေဖော်ဝါရီ (၉) ရက်နေ့ မီးလောင်မှုဖြစ်ပွားရာတွင် (၁) နာရီကြာမှ မီးသတ်ကားများ ရောက်လာသည့်အတွက် နေအိမ် အလုံး (၃၂၀) မီးလောင်ပြာကျမှုဖြစ်ခဲ့ရကြောင်း သိရသည်။
“မီးလောင်တဲ့အချိန်က (၃) နာရီလောက်ကပါ။ ဒါပေမယ့် မီးသတ်ကားတွေက ရောက်လာပြီး မီးငြှိမ်းတာက (၄) နာရီလောက်မှဆိုတော့ ပြာကျပြီးမှ ရောက်လာတဲ့သဘောပေါ့” ဟု မန္တလေးမှ မီးလောင်မှုဖြစ်စဉ်ကို ကိုယ်တွေ့မြင်သိခဲ့သူတဦးက ပြောသည်။
အဆိုပါမီးလောင်မှုမှာ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ဗ-၁၄ အကွက်ငယ် အမှတ် (၂၃/က-ခ) နေအိမ်ငှားနေသူ ဦးမင်းမင်းစိုး၏ စိုးရာဇာ ဆိုင်ကယ်ပြင်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်ပြင်ဆိုင်ကို အိမ်မှာပဲ ဖွင့်ထားတာ။ ဆိုင်ကယ်ပြင်နေတဲ့အချိန်မှာ စက်ကိုလည်း နှိုးထားတယ်။ နှိုးထားရင်းနှင့် ဓာတ်ဆီထည့်လိုက်တာ လောင်ရော” ဟု မျက်မြင်တဦးက ပြောသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာ အိမ်အလုံးရေ (၃၂၀) မီးလောင်ပြီး လူဦးရေ (၁,၆၁၉) အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း အတည်ပြုပြောကြားသည်။
“အခု မီးလောင်ပြင်ရပ်ကွက်နဲ့ နီးစပ်တဲ့ ဗ-၂၄ အကွက်၊ ဗ-၂၅ အကွက်၊ ဗ-၁၀ အကွက်၊ ဗ-၂၁ အကွက်တွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ ဓမ္မာရုံတွေမှာ ထားတာတွေ့တယ်။ ဒုက္ခသည်တွေကို ရပ်ကွက်တွေက သွားပြီးလှူကြတယ်။ လောလောဆယ်ကတော့ အစိုးရက ဘာတွေလုပ်ပေးမယ်ဆိုတာ မသိရသေးဘူး” ဟု ဗ-၂၅ အကွက်နေ ပြည်သူတဦးက ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ဆုံးရှုံးမှုတန်ဖိုးကို ကျပ်သိန်း (၂၀၀) ကျော်ရှိသည်ဟု မီးသတ်ဦးစီးဌာနက သတ်မှတ်ထားကြောင်း သိရသည်။

Comments :

0 comments to “မန္တလေးမီး သိန်း (၂၀၀) ကျော်ဆုံးရှုံးအိမ်ခြေ (၃၂၀) ပြာကျ”