နေပြည်တော် ဥပ္ပါတသန္တိစေတီထီးတင်တဲ့နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျဆုံးတဲ့နေ့

၁၁ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ဒုတိယဆင့် ဌာပနာလှူဒါန်းပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြနေသော်လည်း အဆိုပါ စေတီတော်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပေါင်းလပြည့်နေ့ ထီးတင်ပြီးသည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ ကျဆုံးမည့်နေ့ဖြစ်သည်ဟု ဆရာတော် ရှင်ပညာသာမိက ဟောကိန်းထုတ်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရ ကျဆုံးမည့်အကြောင်းကို ဗေဒင်ကိန်းခန်းအရ တွက်ချက်ပြောရုံ သက်သက်မဟုတ်ဘဲ စေတနာမပါဘဲ ဥပ္ပါတသန္တိဂါထာကို အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ရောက်ရှိနေသည့် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးပညာသာမိက ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်သက္ကရာဇ်မှာ စစ်အစိုးရ ကျဆုံးခန်းရှိတာမို့ အဓိကကတော့ သန်းရွှေကို မောင်အေးသတ်ပါလိမ့်မယ်။ ဥပ္ပါတသန္တိဆိုတဲ့ တနင်္ဂနွေဘုရားကို အကြောင်းပြုပြီးတော့ သန်းရွှေပဲ ထီးတင်တင်၊ မောင်အေးပဲတင်တင် တပေါင်းလပြည့်နေ့မှာသာ တင်ပါစေ။ တင်တဲ့နေ့ဟာ စစ်အစိုးရ ကျဆုံးတဲ့နေ့ပဲလို့ ဦးဇင်းက မြင်တယ်။ ၂၀၀၉ ခုနှစ်မကုန်မီ မြန်မာ့နိုင်ငံရေး သေချာပေါက် အပြောင်းအလဲဖြစ်တော့မယ်ဆိုတာ ဦးဇင်းပြောချင်တယ်” ဟု ဆရာတော်က ဆက်လက်အမိန့်ရှိသည်။
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ဆောက်ရာတွင် ရှစ်မျက်နှာပတ်လည်လုံး မြေပြင်ညီ ရှိနေရမည့်အစား (၆) ဖက်သာညီပြီး ကျန် (၂) ဖက်က မညီသည့်အတွက် ပေါင်းလောင်းကွက်သစ်ဘက်ကနေ သံလမ်းကျော်၍ ၀င်လာကြည့်မည်ဆိုလျှင် စေတီတော်ကြီး ဘယ်ဘက်ငိုက်နေသည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။
ဥပ္ပါတသန္တိစေတီတော်ကြီး၏ ကွန်ကရစ်စေတီလုံးအတွက် မကွေးကုမ္ပဏီ၊ ညောင်ရမ်းကုမ္ပဏီနှင့် ဆန်းမစ် ကုမ္ပဏီ၊ စေတီထောင့် (၄) ထောင့်မှ ဓာတ်လှေကား (၄) ခုအတွက် OTIS ကုမ္ပဏီ၊ ဓာတ်လှေကား စောင်းတန်းအတွက် ရွှေဗိမာန်ဆောက်လုပ်ရေးနှင့် မြန်မာမှုအဖွဲ့တို့က တာဝန်ယူဆောက်လုပ်နေပြီး အမြန်ပြီးစီးနိုင်ရေးအတွက် ၀န်ထမ်း (၅,၀၀၀) ကျော်နှင့် နေ့ရောညပါ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။
ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည်ဖြစ်သည့်အတွက် ငှက်ပျောဖူးအတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။

Comments :

0 comments to “နေပြည်တော် ဥပ္ပါတသန္တိစေတီထီးတင်တဲ့နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျဆုံးတဲ့နေ့”