ဂျပ်စတစ်စ်အဖွဲ့ဝင်များကို ထောင်နှစ်ရှည်ချ


၆ ဇန်န၀ါရီ ၂၀၀၉။ (ဘီဘီစီမြန်မာပိုင်း)
မြန်မာနိုင်ငံမှာ လျှို့ဝှက်လှုပ်ရှားနေတဲ့တရားမျှတရေးအတွက် မျိုးဆက်သစ်လူငယ်အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ဝင်းကို ထောင်ဒဏ် ၁၀ နှစ်ချလိုက်ပါတယ်။Justice အဖွဲ့လို့လည်း လူတွေသိကြတဲ့ (New Generation Movement for Justice) အဖွဲ့ကို စက်တင်ဘာအရေးအခင်းပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ လူငယ်တွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။မြန်မာအစိုးရက နိုင်ငံရေးတက်ကြွသူတွေကို ဖိနှိပ်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ကိုခင်မောင်ဝင်းကို ဒဂုံတောင် အမှတ်၁ တရားရုံးမှာ တနင်္လာနေ့ကထောင်ချလိုက်တာပါ။ သူ့ကိုချလိုက်တဲ့အမှုတွေထဲမှာ မတရားအသင်းဖွဲ့စည်းမှုအတွက် ၅ နှစ်နဲ့ မလေးရှားကနေမြန်မာနိုင်ငံပြန်လာရာမှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုနဲ့ ၅ နှစ် စုစုပေါင်း ၁၀ နှစ်ချခံရတာဖြစ်ပါတယ်။
ထောင်ကျတဲ့နေ့နဲ့ လက်ထပ်တဲ့နေ့အတူတူ
ကိုခင်မောင်ဝင်းဟာ သူ့ရဲ့ချစ်သူ မပန်းဝါနဲ့လည်း သူထောင်ကျတဲ့နေ့မှာလက်မှတ်ရေးထိုးလက်ထပ်ခဲ့ပါတယ်။ အမိန့်ချတဲ့တရားရုံးမှာ လက်ထပ်ခွင့်တောင်းပေမယ့် ခွင့်မပြုခဲ့တဲ့အတွက် ကိုခင်မောင်ဝင်းရဲ့လက်မှတ်ကိုယူခဲ့ပြီးနောက် ရပ်ကွက်ရုံးရောက်မှပဲ လက်မှတ်ရေးထိုးရတယ်လို့ ဇနီးသည် မပန်းဝါက ဘီဘီစီကိုပြောပါတယ်။ လက်ထပ်တဲ့နေ့နဲ့ ခင်ပွန်းသည်ထောင်ကျသွားတဲ့နေ့ အတူတူဖြစ်နေတဲ့အတွက်စိတ်မကောင်းဖြစ်မိပေမယ့် ကိုခင်မောင်ဝင်းဟာ ကိုယ်ကျိုးထက် တိုင်းပြည်အတွက်လုပ်နေတယ်လို့ခံယူပြီး ဂုဏ်ယူမိတယ်လို့ဇနီးသည်က ပြောပါတယ်။ကိုခင်မောင်ဝင်းကို အမိန့်ချပြီးနောက် ပဲခူးထောင်ကိုခေါ်သွားတယ်လို့ သိရပါတယ်။
အဖွဲ့ဝင်များရှောင်တိမ်းနေရ
ကိုခင်မောင်ဝင်းဟာ Justice အဖွဲ့ထဲက ဒုတိယမြောက်ဖမ်းဆီးထောင်ချခံရသူဖြစ်ပါတယ်။ ကိုကိုခေါ် ကိုဝဏ္ဏနွယ်ကိုလည်းပြီးခဲ့တဲ့လက ထောင် ၁၀ နှစ်ချပြီး နောက်ထပ်အမှုတွေဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။ တခြား Justice အဖွဲ့ဝင်တော်တော်များများလည်း တိမ်းရှောင်နေရတယ်လို့ အဖွဲ့ဝင်တစ်ဦးကပြောပြပါတယ်။

Comments :

0 comments to “ဂျပ်စတစ်စ်အဖွဲ့ဝင်များကို ထောင်နှစ်ရှည်ချ”