၂၀၀၉ မြန်မာနိုင်ငံရေးဇာတာ ဟောစာတန်း

၁၄၊ ဇန္န၀ါရီလ ၂၀၀၉။
၂၀၀၉ ခုနှစ် (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဖြစ်ပေါ်လာသော ဂြိုလ်နက္ခတ်တို့၏အနေအထားကို နက္ခတဗေဒရှု့ထောင့်မှကြည့်လျှင် မြန်မာပြည်သူပြည်သားများအတွက်ထူးခြားကံကောင်းမည့်နှစ်ဖြစ်သည်ဟု ဟောရပါမည်။ဝဿဖလဟုခေါ်သော နှစ်ပတ်လည်ဇာတာလဂ်သည် မူလဇာတာလဂ်မှ ၉ တန့်သုဘသာဝ(ကံကောင်းမည့်ဘာဝ)တွင်ကျရောက်နေပြီး လဂ်သခင်စန်သည်လည်းသုဘဘာဝတွင်ပင်ကျရောက်နေခြင်းကြောင့် ပြည်သူပြည်သားများ ၀မ်းမြောက်ပျော်ရွှင်ရမည်၊ လိုအင်ဆန္ဒများပြည့်ဝမည်၊ ရန်အပေါင်းအောင်မြင်မည်၊ အခက်အခဲများကိုကျော်လွှားနိုင်မည်ဟုဟောရပေမည်။သို့သော် ၀ဿလဂ်မှ ၂တန့်ဘာဝတွင် စနေတည်ပြီး မူလဇာတာလဂ်မှ ၂ တန့်ဘာဝတွင် တနင်္ဂနွေ အင်္ဂါပလူတိုဂြိုလ်တို့တည်ခြင်းကား မကောင်း၊ ကမ္ဘာ့စီးပွားရေးကပ်တွင် ပြည်သူများလည်းကြုံရပြီးစီးပွားရေးအကြပ်အတည်းကြုံရမည် ထိုအကြပ်အတည်းကိုပြည်သူများကိုယ်တိုင် ဖြေရှင်းခွင့်မရလျှင် မပေးလျှင် အစိုးရမူကိုပြည်သူများကဆန့်ကျင်လိမ့်မည်၊ ဖိနှိုပ်လျှင် အစိုးရဘေးဒုက္ခကြီးရင်ဆိုင်ရမည်။
ထို့အပြင်တနင်္ဂနွေ အင်္ဂါ ပလူတို့ဂြိုလ်တို့မူခြင်းသည် နိုင်ငံတော်အကြီးအကဲဆိုသူများ၊ အစိုးရတာဝန်ရှိသူများ မမျှော်လင့်ဘဲသေဆုံးခြင်း၊ ဘေးရန်ကျရောက်ခြင်းများကြုံမည်။ ပလူတိုဂြိုလ် မူလ တနင်္ဂနွေကိုချဉ်းကပ်နေသည်။ အုပ်စိုးသူတို့ကံမကောင်းနိုင်၊ ဘေးဒုက္ခရောက်မည့်နှစ်ဖြစ်သည်။ သောကြာလည်း မရဏဘာဝတွင် ရောက်နေသဖြင့် နိုင်ငံအကြီးအကဲသေဆုံးမည့်နှစ်ဖြစ်သည်။
၇တန့်ဘာဝတွင် ရာဟု၊ ဗုဒ္ဓဟူး နိစ်မူသောကြာပတေး နကပကျွန်းဂြိုလ်တို့တည်သည်။ မဟာမိတ်ဆက်ဆံရေးပျက်မည်၊ နိုင်ငံရေး၊ စီးပွားရေး စသောသဘောတူညီချက်များပျက်မည်။ မူလဇာတာ လဂ်မှ ၃ တန့်ဘာဝတွင် ကျရောက်နေသောကြောင့် လက်နက်ကိုင်အင်အားစုများ ကံမကောင်း သဘောတူညီချက်များပျက်ပြီး ပဋိပက္ခရှိလာနိုင်သည်။
Lunation ခေါ် နေလ ၂ ပါးကြောင့်ဖြစ်သည့် နှစ်သစ်ဇာတာနှင့် လွတ်လပ်ရေးမူလဇာတာတို့ လဂ်ခြင်းတစ်ထပ်တည်းကျပြီး ကမ္မဘာဝတွင်စနေတည်သည်။ ကမ္မဘာဝသည် အာဏာနှင့်သက်ဆိုင်ပြီး စနေကား ပြည်သူပြည်သားနှင့်သက်ဆိုင်သည်။သို့ဖြစ်ခြင်းကြောင့် တိုင်းသူပြည်သားများ သြဇာအာဏာရှိလာမည်၊ ပြည်သူများက နိုင်ငံရေးကိုဆုံးဖြတ်မည်၊ တန်ခိုးသြဇာနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်မည်။
သဘာဝဘေးဒဏ်နှင့် ပတ်သက်ပြီး မီးဘေး၊ ငလျင်ဘေးများရှိနိုင်သည်။ မြန်မာ့မဟာသင်္ကြန်ဇာတာတွင် ကုမ်ရာသီလဂ်ဖြစ်ပြီး ယူရေးနပ်စ် အင်္ဂါ ပလူတို ဂြိုလ်တို့ပူးသည် အထူးသဖြင့် ယူရေးနပ်စ်နှင့် အင်္ဂါဂြိုလ်တို့ပူးခြင်းကြောင့် စစ်တပ်အတွင်းအပြောင်းအလဲကြီးဖြစ်မည်၊ တစ်ကြိမ်မကြေနပ်လျှင် အကြိမ်ကြိမ်ပြောင်းလဲကြလိမ့်မည်။
အထက်ပါအဟောများကို ယခုလွတ်လပ်ရေးနေ့မှ စတင်ကြုံတွေ့ရမည်ဖြစ်ပြီး ၂၀၀၉ မတ်လ ၂၆ ရက် Lunation ကဇာတာကျရောက်မည့်ကာလမှ သြဂုတ်လအတွင်းကြီးမားသောအပြောင်းအလဲများကြုံတွေရမည်ဖြစ်ကြောင်း တိုင်းသူပြည်သားများဝမ်းမြောက်ပျော်ရွှင်ဘွယ်ကာလကို ရောက်ရတော့မည်ဖြစ်ကြောင်း ဟောလိုက်ရပါသည်။မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းဝေးပြီး နှလုံးစိတ်ဝမ်း ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစသေတည်း။ ။
ဦးထွန်းကျော်

(နက္ခတ္တဗေဒ သုတေသီ)

Comments :

0 comments to “၂၀၀၉ မြန်မာနိုင်ငံရေးဇာတာ ဟောစာတန်း”