ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများအကြောင်း မြန်မာဘာသာဖြင့်ဝက်ဘ်ဆိုက်လွှင့်တင်

၂၈ ဇန္န၀ါရီ ၂၀၀၉။
ကမ္ဘာတဝှမ်း ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည့် ရာသီဥတုဖြစ်စဉ်များကို မြန်မာဘာသာဖြင့် ဖော်ပြပေးထားသည့် “ဥတုရာသီပြောင်းခဲ့ပြီ” အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စ၍လွှင့်တင်ခဲ့ကြောင်း သိရသည်။ ထိုဝက်ဘ်ဆိုက်တွင် ရာသီဥတုနှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ၊ ရာသီဥတုပြောင်းလဲလာမှု လက္ခဏာများ၊ ရာသီဥတု ပြောင်းလဲလာရခြင်း အကြောင်းတရားများ၊ ပြောင်းလဲလာသည့် ရာသီဥတုကို ရင်ဆိုင်နိုင်ရန် ကြိုးပမ်းနေမှုများ စသဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်ထားသည်ကို တွေ့ရသည်။ ထို့အပြင် ကမ္ဘာ့ရာသီဥတုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်လင့်ခ်များကိုလည်း ဖော်ပြပေးထားသည်။
http://www.changingclimate.asia/Default.aspx
“ဥတုရာသီပြောင်းခဲ့ပြီ” ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများကို တင်ပြပေးသူ “ကျော်ဦး”သည် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့နှင့် နယ်သာလန်နိုင်ငံ ဟိုက်ဒရောလစ်နှင့် ပတ်ဝန်းကျင်ရေးရာ အင်ဂျင်နီယာတက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာတို့ကို ရရှိခဲ့သူဖြစ်သည်။ ရေပေးဝေရေးနှင့် သန့်ရှင်းရေးအင်ဂျင်နီယာအဖြစ် နှစ်ပေါင်း(၂၀)ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ စာနယ်ဇင်းများတွင် ၁၉၆၈ ခုနှစ်မှ စ၍ သိပ္ပံဆိုင်ရာဆောင်းပါးများ ရေးသားခဲ့ပြီး ယခုထက်တိုင်လည်း ရေးသားနေဆဲဖြစ်ပြီး ဆောင်းပါးပုဒ်ရေ(၃၀၀)ခန့် ဖော်ပြပါရှိခဲ့သည်။ သိပ္ပံဆိုင်ရာ စာအုပ်နှစ်အုပ်ကိုလည်း ရေးသားခဲ့ပြီး “အနန္တစကြဝဠာ၏အနားစွန်းပေါ်သို့” စာအုပ်သည် ၂၀၀၃ ခုနှစ်အတွက် အမျိုးသားစာပေ(ရိုးရိုးသိပ္ပံ) ဆုကိုလည်းကောင်း၊ “နေသူရိန်၏အရှိန်အဝါအောက်မှာ” စာအုပ်သည် ၂၀၀၆ ခုနှစ်အတွက် အမျိုးသားစာပေ(ရိုးရိုးသိပ္ပံ) ဆုကိုလည်းကောင်း ရရှိခဲ့သည်။ “တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် အကြီးမားဆုံးပြဿနာဖြစ်သော ရာသီဥတုပြောင်းလဲမှုအကြောင်း အခြေခံသိပ္ပံမှ နောက်ဆုံးဖြစ်ထွန်းမှုအထိ”ဟု ဝက်ဘ်ဆိုက်တွင် ညွှန်းဆိုထားသည်။
myanmar planet

Comments :

0 comments to “ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများအကြောင်း မြန်မာဘာသာဖြင့်ဝက်ဘ်ဆိုက်လွှင့်တင်”