မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင်တွေ့ရှိ

၇ ဇန်န၀ါရီ ၂၀၀၉။ (ဗွီအိုအေမြန်မာပိုင်း)
ရာဂဏိန်းချီရှိတဲ့သူတွေ အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်မြောက်ပိုင်း အာချေးပြည်နယ်က ကျွန်းလေး တကျွန်းပေါ်မှာ တွေ့လိုက်ရတယ်။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံက လူတွေလို့ ယူဆရတယ်လို့ ဆိုပါတယ်။ စက်လှေနဲ့ ခရီးထွက်လာခဲ့ကြသူတွေ ဖြစ်ကြပြီး အားလုံးဟာ ယောင်္ကျားတွေပဲ ဖြစ်ပါတယ်။ အများစုကတော့ အစာရေစာ ပြတ်လတ် အားအင်ချည့်နဲ့ နေကြလို့ တချို့ကို ကျွန်းပေါ်က ဆာဗက် ဆေးရုံကို အာချေးပြည်နယ် တာဝန်ခံများက တင်ပေးထားရတယ်လို့လည်း သတင်းထဲမှာ ပါရှိပါတယ်။
ဂျကာတာ သတင်းစာက အဲဒီ လူ ၃၀၁ ယောက်ဟာ မလေးရှားနိုင်ငံကို ဦးတည်ထွက်ပေါ်လာတဲ့ စက်လှေပေါ်က ဗမာတွေ ဖြစ်ကြတယ်။ စစ်အစိုးရရဲ့ ဒဏ်ကို မခံနိုင်လို့ မြန်မာပြည်က စွန့်ခွာထွက်ပြေးလာကြသူတွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အကြောင်းအရင်း အခြေအနေမှန်ကို အာချေးပြည်နယ်ရဲက ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း အဲဒီလို မလေးရှားနိုင်ငံကို စက်လှေနဲ့ သွားတဲ့ မြန်မာ၂၀၀လောက် အာချေးပြည်နယ်မှာ ရဲက ဖမ်းမိခဲ့ပါတယ်။ အရင်လထဲမှာ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံက လူ ၃၀၀လောက်ဟာ ဘင်္ဂလားပင်လယ်အော်အတွင်း လှေပျက် မြောနေပြီး အစာငတ်၊ ရေငတ်လို့ ကပ္ပလီကျွန်းနဲ့ နကာဗာရီ ကျွန်းတို့နား ရောက်တဲ့အခါ ရေထဲခုန်ချပြီး သေဆုံးကုန်ကြတယ်လို့ စိုးရိမ်ရကြောင်း အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။ အသက်မသေ ရှင်ကျန်သူများက သူတို့ကို ပြန်လည်ပြောပြတာလို့ အိန္ဒိယ ကမ်းခြေစောင့်များက ရှင်းလင်းပြောဆိုပါတယ်။

Comments :

0 comments to “မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၀၀ပါ သင်္ဘောတစင်း အင်ဒိုနီးရှား အာချေးကမ်းတွင်တွေ့ရှိ”