လုံခြုံရေးများ ပိုမိုတိုးမြှင့်မည်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား

အောင်သက်ဝိုင်း/ရန်ကုန် သြဂုတ် ၁၅၊ ၂၀၀၈ (ဧရာဝတီ)

ရန်ကုန်နှင့် နေပြည်တော်အပါအဝင် မြို့ကြီးများတွင် ချထားသည့် လုံခြုံရေးများကို ပိုမို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၁၃ ရက်နေ့က ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံသည့်ပွဲတွင် ရန်ကုန်မြို့တော်ဝန်က အတည်ပြုပြောကြားလိုက်သည်။
၈ လေးလုံးအရေးတော်ပုံ နှစ် ၂၀ ပြည့် ကျော်လွန်လာသည့် အချိန်ထိ လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားရခြင်းမှာ ဗုံးဖောက်ခွဲမှုများ ပြုလုပ်မည် ဆိုသည့်သတင်းများ ရရှိထားခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချူပ် အောင်သိန်းလင်းက ပြောကြားသည်။
“ကြည့်ရတာ စက်တင်ဘာ သံဃာ့အရေးအခင်း နှစ်ပတ်လည် အတွက်ပါ လုံခြုံရေးဆက်ယူထားတာထင်တယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
၈၈ နှစ်ပတ်လည်မတိုင်ခင်က စစ်သားများနှင့်ရဲများသည် ၀တ်စုံပြည့် ၀တ်ဆင်ကာ သေနတ်၊ ရော်ဘာတုတ်၊ ဒိုင်း အစရှိ သည့် လက်နက်ကိရိယာများ ကိုင်ဆောင်၍ လုံခြုံရေး ယူခဲ့သော်လည်း ၈ ရက်နေ့ ကျော်လွန်ချိန်တွင်မူ အရပ်ဝတ်များဖြင့် လူစည်ကားရာ လမ်းဆုံ လမ်းခွများ၊ ဘုရားပုထိုးစေတီများနှင့် တက္ကသိုလ် ကျောင်းများ၊ ဘုန်းကြီးကျောင်းများ အပါအ၀င် နေရာအနှံ့အပြားတွင် စောင့်ကြည့်လျှက်ရှိနေကြောင်း သိရသည်။
ရွှေတိဂုံ၊ ကမ္ဘာအေးနှင့် ကျိုက္ကဆံ စေတီ များတွင်မူ အရပ်ဝတ်သာမက ယူနီဖောင်းဝတ် စစ်သားနှင့် ရဲများအား စောင့်ကြည့် နေစေသည်ကို တွေ့ရကြောင်း ဒေသခံ တဦးက ၎င်း စေတီများသို့ သွားရောက်လည်ပတ်ခဲ့စဉ် တွေ့ကြုံခဲ့ရသည်ကို ပြန်လည် ပြောပြသည်။
“ဒီနေရာတွေက စက်တင်ဘာ သံဃာ့ အရေးတော်ပုံတုန်းက အဓိက စုရပ်နေရာတွေ” ဟု သူက ဆိုသည်။
စက်တင်ဘာသံဃာနှင့်လူထု ပူးပေါင်း ဆန္ဒပြမှုများ စတင်လှုပ်ရှားရာ ရွှေတိဂုံစေတီတွင် လုံခြုံရေးများ တိုးမြှင့်ထားပြီး ဆန္ဒပြ သံဃာများနှင့် ပြည်သူလူထု စုဝေးရာ ရွှေတိဂုံအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီး နေရာတွင်လည်း အရပ်ဝတ်ရဲနှင့် စစ်သားများ ချထားလျှက်ရှိသည်ကို တွေ့ရကြောင်း ရွှေတိဂုံဘုရားအနီး၊ ရေတာရှည်လမ်းဟောင်းတွင်နေထိုင်သူ ဒေသခံများကပြောသည်။
တာမွေမြို့နယ်တွင် နေထိုင်သူ တဦးကလည်း စက်တင်ဘာ သံဃာ့ အရေးတော်ပုံ အချိန်ကာလက နေ့လယ် ၁ နာရီတွင် သံဃာများနှင့် လူထုမှာ ရွှေတိဂုံ အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးနေရာတွင် စုဝေးကာ ဘုရားပေါ် တက် ၀တ်ပြုပြီးမှ မြို့ထဲသို့ လှည့်လည်ကြောင်း ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
“နေပူပူ၊ မိုးရွာရွာ သံဃာတွေက ဖိနပ်မစီး၊ ထီးမဆောင်းဘဲ တမြို့လုံးပတ် မေတ္တာပို့ကြတာတွေ။ ပြည်သူတွေက လက်ချင်း ချိတ်ဝန်းရံ လမ်းလျှောက်ခဲ့ကြတာတွေကို ဘယ်လိုမှ မေ့လို့ မရနိုင်ဘူး” ဟု သူက ဆက်ပြောသည်။ ၎င်းသည် စက်တင်ဘာ သံဃာ့ အရေးတော်ပုံတွင် ကိုယ်တိုင် ပါဝင်ခဲ့သူဖြစ်ပြီး အရေးတော်ပုံ နောက်ပိုင်းတွင် ၁၀ ရက်ကြာ အဖမ်းခံခဲ့ရသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ရှိ ကြေးသွန်းဘုရားကြီးနေရာတွင် ယခင်က အစောင့် လုံခြုံရေးများ မရှိသော်လည်း ယခုအခါ ဘုရားဂေါပကအဖွဲ့ ပုံစံဖြင့် စားပွဲချ၍ “လုံခြုံရေး” ဆိုသည့် စာတန်းဖြင့် စောင့်ကြပ် နေသော အရပ်ဝတ်များကို တွေ့မြင်လာရသည်ဟုလည်း သူက ဆိုသည်။
ဗုံးဖောက်ခွဲ မည့်သူများကြောင့် လုံခြုံရေးတိုးမြှင့်သည်ဆိုသော အကြောင်းပြချက်မှာ စစ်အစိုးရ၏ လုပ်ကြံဖန်တီးမှုသာဖြစ်ပြီး လူထုလှုပ်ရှားမှုဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။
နိုင်ငံအတွင်းတွင် ဗုံးဖောက်ခွဲမည့်သူ ၄ ဦး ရောက်ရှိနေပြီး ထိုသူတို့ကို ဖမ်းဆီးပေးသူ သို့မဟုတ် သတင်းပေးသူအား ဆုငွေ ကျပ် ၂၅ သိန်း ချီးမြှင့်မည်ဟု ဇူလိုင်လအတွင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားခဲ့သည်။
“ဒီလို နှစ်ပတ်လည် အထိမ်းအမှတ်နေ့တွေရောက်လာတိုင်း ဗုံးဖောက်ခွဲမယ့်သူတွေ ရောက်လာပြီ၊ လုံခြုံရေးသတိ ရှိကြပါ ဆိုပြီး လုံခြုံရေးတွေချတဲ့စနစ်က မဆလ လက်ထက်ကတည်းက လုပ်ခဲ့တာပါ” ဟု ရန်ကုန်မြို့နေ အသက် ၅၈ နှစ်အရွယ် တရားရုံးချူပ်ရှေ့နေ တဦးကပြောသည်။စစ်အစိုးရသည် စက်တင်ဘာသံဃာအရေးအခင်း နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်အပါအ၀င် တခြားသော မြို့ကြီးများရှိ ဘုန်းတော်ကြီးကျောင်းများကို စောင့်ကြည့်မှုများ ပြုလုပ်လာပြီး သံဃာတော် အများစု ကလည်း စစ်အစိုးရ အပေါ် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း ဆက်လက် ပြုလုပ်နေကြောင်း ရန်ကုန်သံဃာတော်များက မိန့်ကြားသည်။

Comments :

1
Scott McLean said...
on 

Hello, I wish you the best there.