မစ္စတာ ဂန်ဘာရီ မြန်မာပြည်ခရီးစဉ် စတင်

ကိုစိုး | သြဂုတ် ၁၈၊ ၂၀၀၈


ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ယနေ့ နံနက်က ရန်ကုန်မြို့သို့ ရောက်ရှိကြောင်း ကုလသမဂ္ဂက ပြောသည်။


မစ္စတာ အီဗရာဟင် ဂန်ဘာရီ (ဓာတ်ပုံ - ရိုက်တာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးအေးဝင်းက “မစ္စတာဂန်ဘာရီ ဒီနေ့ မနက် ၉ နာရီက ရန်ကုန် လေဆိပ်ကို ရောက်ပါတယ်၊ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော့် အနေနဲ့ ဘာမှ မပြောနိုင်သေးပါဘူး၊ အခု သူ ရန်ကုန်မှာပဲ ရှိနေပါတယ်”ဟု ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

မစ္စတာ ဂန်ဘာရီ၏ ယနေ့စတင်သည့် ၅ ရက်ကြာခရီးစဉ်သည် ကုလ သမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည် များကိုဆက် လက် လုပ်ဆောင်နိုင်ရန်သွားရောက်ခြင်းဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေးအစုအဖွဲ့များအားလုံးနှင့် တွေ့ဆုံခွင့် ရရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)က မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် မျှော်လင့်ထားသော် လည်း စစ်အစိုးရ အပေါ်တွင်မူတည် ကြောင်းနှင့် ၎င်း၏ခရီးစဉ်အား ကြိုဆိုကြောင်း အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့မှ ဒေါက်တာ ၀င်းနိုင် က ပြောသည်။

“မစ္စတာ ဂန်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ လောလောဆယ်မှာ ထင်သာမြင်သာတဲ့ အကျိုးသက်ရောက်မှု တွေတော့ မတွေ့ရသေးပါဘူး၊ ဘာပဲဖြစ်ဖြစ် ကုလသမဂ္ဂကနေနဲ့ဦးဆောင်ပြီး တော့ မြန်မာနိုင်ငံအရေးကို အတတ် နိုင်ဆုံး ကိုင်တွယ်ဆောင်ရွက်နေတာကတော့ ၀မ်းသာစရာပါ၊ အခုလိုလာတာကို ကြိုဆိုပါတယ်”ဟု၎င်းကပြောဆို သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း မစ္စတာဂန်ဘာရီ၏ ခရီးစဉ်တိုင်းသည် စစ်အစိုးရ အစီအစဉ်အတိုင်း သာမန် လုပ်ဆောင်ချက်များကိုသာ တွေ့ရှိရကြောင်း၊ စစ်အစိုးရ၏ လမ်းပြမြေပုံ အတိုင်း ဆက်လက်လုပ်ဆောင်နေပါက ကုလသမဂ္ဂသည် မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဆောင်ရွက်နေသည်ဟု မယူဆ ကြောင်း ပြောသည်။

“ကုလသမဂ္ဂအနေနဲ့ အမှန်တကယ်လုပ်ရမှာက အထွေထွေညီလာခံမှာ အကြိမ်ကြိမ် ဆုံးဖြတ် တိုက်တွန်းထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလုပ်ရမှာ ဖြစ်ပါတယ်၊ စစ်အစိုးရပြောသမျှကိုလိုက်လုပ်နေပြီး ကျန်တဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်း သားတွေကိုပါ ပါဝင်ဖို့ ပြောနေမယ်ဆိုရင် ကုလသမဂ္ဂဆိုတာဘာလဲလို့မေးခွန်းထုတ် ရ မှာပါ၊ နအဖ ရဲ့ လမ်းပြမြေပုံအတိုင်း လိုက်လုပ်နေမယ်ဆိုရင် ကုလသမဂ္ဂ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရေး အတွက် ဆောင်ရွက်နေတယ်လို့ မယူဆဘူး၊ ကုလသမဂ္ဂအနေနဲ့ လုပ်ငန်းပြနေတယ်လို့ပဲ မြင်တယ်”ဟု ဦးအေးသာအောင် က ဆိုသည်။

မစ္စတာ ဂန်ဘာရီအနေနှင့် ယခင်အကြိမ်များတွင်လည်း တိုင်းရင်းသား ကိုယ်စားလှယ် အစစ်အမှန်များနှင့်တွေ့ဆုံခြင်း မရှိ သည့်အပြင် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များကို အောင်မြင်ရန် ကြိုးပမ်း လုပ်ဆောင်သည့်သဘောများ မတွေ့ရှိရသည့် အတွက် ယခုခရီးစဉ်ကိုလည်း လေးလေးနက်နက် မျှော်လင့်မထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုးရက နိုင်ငံတ၀န်း ကယ်ဆယ် ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် သည်။

မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်း ခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

Comments :

0 comments to “မစ္စတာ ဂန်ဘာရီ မြန်မာပြည်ခရီးစဉ် စတင်”