ရန်ကုန်တိုင်း သံဃာတော်များအား ညမထွက်ရအမိန့် ထပ်မံတင်းကျပ်

ခေတ်ပြိုင် သြဂုတ်၊ ၁၁၊ ၂၀၀၈

ရန်ကုန်တိုင်းတွင်းရှိ သံဃာတော်များကို ည (၇) နာရီမှ မနက် (၄) နာရီထိ ကျောင်းတိုက်ပြင်ပ မထွက်ရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က တားမြစ်လိုက်ပြီး တားမြစ်ချိန်အတွင်း ကျောင်းတိုက်ပြင်ပထွက်သည့် သံဃာတော်များကို အရေးယူမည်ဟု သြဂုတ် (၆) ရက်က အမိန့်ထုတ်ပြန်လိုက်သည်
ရန်ကုန်တိုင်း သက်ဆိုင်ရာမြို့နယ် သံဃာ့မဟာနာယကဥက္ကဌ ဆရာတော်များက အဆိုပါ သံဃာတော်များ ညမထွက်ရအမိန့်ကို ဖတ်ပြပြီး မြို့နယ်တွင်းရှိ ကျောင်းထိုင်ဆရာတော်များက သိရှိကြောင်း သြဂုတ် (၆) ရက်တွင် လက်မှတ်ရေးထိုးပေးရသည်ဟု ရန်ကုန်ကျောင်းထိုင် ဆရာတော် တပါးက အမိန့်ရှိသည်။
ညမထွက်ရအမိန့် သတ်မှတ်ကာလအတွင်း အရေးပေါ် ဆေးရုံသွားရမည်ဆိုလျှင်ပင် ရပ်ကွက် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်၏ လက်မှတ်နှင့် ရုံးတံဆိပ်ပါသည့် ထောက်ခံချက်၊ ကျောင်းထိုင်ဆရာတော်၏ ခွင့်ပြုချက်ဖြင့်သာ သွားရမည်ဟု အမိန့်တွင် ပါရှိကြောင်း ရန်ကုန် တိုက်အုပ်ဆရာတော်ကြီးတပါးက အမိန့်ရှိသည်။
နေ့ခင်းမှာလည်း ဆွမ်းခံထွက်ချိန်မှအပ သံဃာတော်များအား ကျောင်းတိုက်ပြင်ပ မထွက်ရန်နှင့် ဆွမ်းခံချိန်၌လည်း သပိတ်မပါလျှင် စစ်ဆေးအရေးယူသွားမည်ဟု အမိန့်တွင် ပါရှိသည်။ မြန်မာ တနိုင်ငံလုံးရှိ သံဃာတော်များ ဆန္ဒပြမှုကို စစ်တပ်က နှိမ်နင်းခဲ့သည့် အရေးအခင်း နှစ်ပတ်လည် နီးကပ်လာချိန်တွင် ရန်ကုန်တိုင်း သံဃာတော်များအား ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း သံဃာတော်များ ည (၇) နာရီမှ မနက် (၄) နာရီကြား ညမထွက်ရ အမိန့်ကို ၂၀၀၃ ခု အောက်တိုဘာ (၂၇) ရက်က စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၀၆ ခု အောက်တိုဘာ (၁၀) ရက်တွင် ည (၉) နာရီမှ မနက် (၄) နာရီထိ ပြင်ဆင်သတ်မှတ်ခဲ့ကာ (၂) နာရီ လျှော့ပေးခဲ့သည်။
ယခုတဖန် သံဃာ့အရေးအခင်း နှစ်ပတ်လည်မတိုင်မီ တလကျော်အလိုတွင် မူလ ညမထွက်ရ အမိန့်ကို ထပ်မံတင်းကျပ်ရုံမက နေ့ခင်း ကျောင်းတိုက်ပြင်ပထွက်သည့် သံဃာတော်များကိုပါ စစ်ဆေးမည်ဟု အာဏာပိုင်များက ထပ်မံတင်းကျပ်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က ထုတ်ပြန်သည့် သံဃာတော်များ ညမထွက်ရအမိန့်အရ သံဃာ တော်များသာမက ကျောင်းတိုက်သို့ လာရောက်တည်းခိုမည့် ဒါယကာ၊ ဒါယိကာမများကိုပါ နိုင်ငံရေးမလုပ်ကြောင်း လက်မှတ်ထိုးခိုင်းရမည်ဟု ပါရှိသည်။ ကျောင်းတိုက်တည်းခိုသူများ နိုင်ငံရေးနှင့် ပတ်သက်ပါက ကျောင်းထိုင်ဆရာတော်ကိုပါ အရေးယူမည်ဟု ပါရှိသဖြင့် ရန်ကုန် ကျောင်းထိုင်ဆရာတော်များနှင့် သံဃာတော်များ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
၂၀၀၆ ခု သံဃာတော်များ ညမထွက်ရ အမိန့်စာထဲတွင် အချို့မြို့နယ်တို့၌ သံဃာတော်များ ဝိကာလ ဘောဇန သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့ ဖျက်ဆီးခြင်း၊ အနိုင်ကျင့်ခြင်း စသည့် ကိစ္စများ ကျူးလွန်နေသည့်အတွက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ သို့သော် မည်သည့်မြို့နယ်၊ မည်သည့်ကျောင်းတိုက် သံဃာများ ကျူးလွန်သည်ဆို သည်ကိုမူ တိတိကျကျ အမိန့်စာတွင် ရှင်းလင်းထားခြင်း မရှိပေ။
၂ဝဝ၃ ခု ဘာသာရေး ဆူပူလှုပ်ရှားမှုများ၌ ရန်ကုန်တိုင်းတွင်းရှိ သံဃာတော်များ မပါဝင်ရန် အောက်တိုဘာ (၂၅) ရက်နေ့စွဲဖြင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ပြီး မကြာခင် ရန်ကုန်တိုင်းတွင်းရှိ သံဃာမှန်သမျှ ည (၇) နာရီမှ မနက် (၄) နာရီကြား ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၀၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ရန်ကုန်တိုင်း သံဃာတော်များ ညမထွက်ရအမိန့်မူရင်း
ပြည်ထောင်စု မြန်မာနိုင်ငံတော်နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မဟာနာယက ကျောင်းတော်ကြီးကမ္ဘာအေးကုန်းမြေရန်ကုန်မြို့

စာအမှတ်၊ ၃ဝဝ၊ ၁၅၊ သာ-ဝီ(သာ မဟန)ရက်စွဲ၊ ၁၃၆၈ ခု၊ သီတင်းကျွတ်လဆန်း (၇) ရက်၊ ၂ဝဝ၆ ခု၊ စက်တင်ဘာလ (၂၈) ရက်
ကျောင်းထိုင် ပဓာန နာယက ဆရာတော်များအားလုံး၊ ကျောင်းထိုင် ဆရာတော်များ အားလုံး
အကြောင်းအရာ။ ။ ဝိကာလေဂါမ ပဝေသန သိက္ခာပုဒ်ကို မကျူးလွန်ကြရန်နှင့် ပါသာဒိက ဂုဏ်ကို မစောင့်ထိန်းသည့် အမှုများ ကျူးလွန်ခြင်းမှ တားမြစ်ဆုံးမ သြဝါဒပေးရန်ကိစ္စ
ခုအချိန်အခါတွင် အချို့ မြို့ နယ်များအတွင်း၌ ရဟန်းသံဃာအချို့ သည် စားသောက်ဆိုင်များတွင် ဝိကာလ ဘောဇနသိက္ခာပုဒ်ကျူးလွန်ခြင်း၊ သုရာမေရယ သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့ ၍ ဖျက်ဆီးခြင်း၊ အနိုင်ကျင့်ခြင်း၊ ဆွမ်းခံချိန် မဟုတ်သောအခါ၌ ခွင့်ပြုချက်မပါရှိဘဲ အလှူခံခြင်း စသော သမဏသာရုပ္ပ မဖြစ်သော အမှုများကို ကျူးလွန်နေကြကြောင်း ကြားသိနေရပါသည်။
ယင်းအမှုများကို ကျူးလွန်ရာ၌ ကျောင်းတိုက်အတွင်းဖြစ်လျှင် ကျောင်းတိုက် ပဓာန နာယက ဆရာတော်များ တာဝန်ဖြစ်ပြီး ကျောင်းတိုက်ပြင်ပဖြစ်လျှင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များက အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။
ဤသို့သောအမှုများကို ကျူးလွန်သော ပုဂ္ဂိုလ်များအား ညွှန်ကြားလွှာအမှတ် (၇၅၊ ၈၅၊ ၉၁) များအရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅၊ ၂၉၅ (က) တို့ဖြင့် အရေးယူနိုင်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ ညွှန်ကြားထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းကြီးများနှင့် ကျောင်းတိုက် နာယက ဆရာတော်များ သည် မိမိတို့ကျောင်းတိုက်အတွင်းရှိ ရဟန်းသာမဏေများကို ဖော်ပြလတ္တံ့ပါ သမဏ သာရုပ္ပ မဖြစ်သော အမှုများကို ကျူးလွန်ခြင်းမှ တားမြစ်ဆုံးမ သြဝါဒပေးရန် ညွှန်ကြားလိုက်ပါသည်။
ညအချိန်မတော်၌ ည (၉) နာရီမှ မနက် (၄) နာရီထိ မြို့ရွာအတွင်း အကြောင်းမဲ့သွားလာခြင်း မပြုစေရန် ယင်းသတ်မှတ်ချိန်အတွင်း အရေးကြီးကိစ္စဖြင့် ကျောင်းတိုက်ပြင်ပသို့ မဖြစ်မနေထွက် ရမည်ဆိုပါက ကျောင်းထိုင် ပဓာန နာယက တိုက်အုပ်၊ တိုက်ကြပ် သို့မဟုတ် ရပ်ကွက် ကျေးရွာ သံဃာ့မဟာနာယကတို့၏ ခွင့်ပြုချက်လက်မှတ်ဖြင့် ထွက်ခွာကြရမည်။
အချိန်မတော် နေ့လယ် (၁၂) နာရီနောက်ပိုင်းတွင်၊ တပါးခြင်းသော်လည်းကောင်း၊ အုပ်စုလိုက် အဖွဲ့လိုက်သော်လည်းကောင်း စားသောက်ဆိုင်များ၌ ဝိကာလ ဘောဇနသိက္ခာပုဒ်ကို ကျူးလွန် စားသောက်ခြင်းများ မပြုလုပ်ကြစေရန် သုရာမေရယ သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့၍ ဖျက်ဆီးခြင်း၊ အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်း စသော သမဏသာရုပ္ပ မဖြစ်သော အမှုမျိုးကို ကျူးလွန်ခြင်းများ မပြုလုပ်ကြစေရန်၊ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိဘဲ တပါးခြင်းသော်လည်း ကောင်း၊ အုပ်စုအဖွဲ့လိုက်သော်လည်းကောင်း၊ မြို့ရွာအသီးသီး ဒေသအသီးသီးသို့ သွားလာအလှူ ခံခြင်းများ မပြုလုပ်ကြစေရန်၊ အထက်ပါအမှုများကို ကျူးလွန်ခြင်းကြောင့် သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းများက တရားဥပဒေအရ အရေးယူခဲ့လျှင် အရေးယူခံရသော မိမိတို့၏ တပည့်များ ဘက်မှ အကာအကွယ်ပေးခြင်း၊ အကူအညီပေးခြင်းများ မပြုလုပ်ကြရန် ဖြစ်ပါသည်။
xxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxဘဒ္ဒန္တ အာစိဏ္ဏာဘိဝံသ ဘဒ္ဒန္တ ဇာဂရာဘိဝံသ(အဘိဓဇ မဟာရဌဂုရု) အဂ္ဂမဟာ ပဏ္ဍိတ တိပိဋက ကောဝိဒဒုတိယ ဥက္ကဋ္ဌ ဆရာတော် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်

Comments :

0 comments to “ရန်ကုန်တိုင်း သံဃာတော်များအား ညမထွက်ရအမိန့် ထပ်မံတင်းကျပ်”