ဘိုကလေး အန်အယ်လ်ဒီ အဖွဲ့ဝင် (၆) ဦး ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

ပီတာအောင်/ ၂၈ သြဂုတ် ၂၀၀၈(ခေတ်ပြိုင်)

ယမန်နှစ် စက်တင်ဘာလက ဧရာဝတီတိုင်း ဘိုကလေးမြို့ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၆) ဦးကို ထောင်ဒဏ် (၂) နှစ်ခွဲ စီချမှတ်လိုက်ကြောင်း ၎င်းတို့၏ မိသားစုမှ သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူတို့မှာ ဘိုကလေး အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်၊ အတွင်းရေးမှူး ဦးခင်မောင်ချစ်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်မိမိစိန်၊ ဘဏ္ဍာရေးမှူးဒေါ်ခင်လေး၊ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင် ဦးသက်ထွန်းနှင့် ဦးသိန်းထွန်းတို့ ဖြစ်ကြသည်။
၎င်းတို့၏ မိသားစုဝင်တဦးက “ဒီနေ့ အမိန့်ချလိုက်ပြီ။ ပုဒ်မ (၁၄၃) တရားမ၀င် လူစုလူဝေးမှုကို အလုပ်ကြမ်းနဲ့ (၆) လ၊ ၅၀၅ (ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှုကို အလုပ်ကြမ်းမပါ (၂) နှစ်ဆိုတော့ (၂) နှစ်ခွဲ ချလိုက်တယ်။ ဖျာပုံ တရားရုံးမှာ တရားသူကြီး ဒေါ်တင်တင်စန်းက အမိန့် ချလိုက်တာ။ ထောင်ဒဏ်ကို သီးခြားစီကျခံရမယ် တပေါင်းတည်း မဟုတ်ဘူး” ဟု ပြောသည်။
အန်အယ်လ်ဒီပါတီဝင်များအတွက် အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းနှင့် ဦးမောင်မောင်လတ် တို့က ဆောင်ရွက်ပေးနေသော်လည်း ယနေ့ ရန်ကုန်၌ အခြားရုံးချိန်းများရှိနေ၍ မလာရောက်နိုင် ကြောင်းနှင့် ပြစ်ဒဏ်ကျခံနေရသူများအနေဖြင့် ချုပ်ရက်များကို လျော့ကာ ထောင်ဒဏ်ကျခံရ မည်ဟု သိရသည်။
နိုင်ငံငြိမ်ဝပ်ရေးကိုထိခိုက်သည်ဆိုပြီး အာဏာပိုင်တို့က တရားစွဲတင်လာသည့်အမှုတိုင်းလိုလိုကို တရားရုံးများက ယင်းသို့ ပြစ်ဒဏ်ချပေးလေ့ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်လျှင် အလျော့ပေးလေ့ မရှိကြောင်း၊ သို့သော် ခရိုင်၊ တိုင်း၊ ဗဟို တရားရုံးများအထိ အယူခံဝင်နိုင်ရန် ကြိုးစားသွားမည်ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ယင်းသို့ ထောင်ချခံရမှုနှင့် ပတ်သက်၍ မိသားစုဝင်တဦးက “ဆူပူအုံကြွမှုပေါ်ပေါက်တယ်ဆိုပြီး ချလိုက်တာ။ မိသားစုအနေနဲ့က မတရားလုပ်တာခံရတာပဲ။ အမှန်တရားကို ဖော်ထုတ်တဲ့နေရာမှာ အမှန်တရားကို ဖော်ထုတ်တဲ့လူတွေ မတရားဖမ်းဆီးထောင်ချခံရတာလို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ် ဦးဆောင်သည့် အန်အယ်လ်ဒီပါတီ ၀င်များသည် ယမန်နှစ် စက်တင်ဘာ (၅) ရက်က ကုန်ဈေးနှုန်းကျဆင်းရေး၊ လောင်စာဆီဈေး နှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ပိုစတာ များကိုင်၍ မြို့မဈေးအနီး လမ်းလျှောက်ဆန္ဒပြကြပြီး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်ကတည်းက ၎င်းတို့ကို ဖျာပုံမြို့ အကျဉ်း ထောင်၌ (၁) နှစ်နီးပါးဖမ်းဆီးထားခဲ့ပြီး ယခုမှ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။ထို့အတူ အင်းစိန်ထောာင်၌ ယမန်နှစ်ကတည်းက ဖမ်းဆီးထားသည့် သံဃာ့တပ်ပေါင်းစု ခေါင်း ဆောင် ဦးဂမ္ဘီရ၊ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်၊ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူရွှင်တော် ဇာဂနာတို့ကိုလည်း ရုံးထုတ် စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း ၎င်းတို့အား အမြန်တရားစီရင်ပြီး အမြန်အပြစ်ဒဏ်များချမှတ်ရန် အာဏာပိုင် များက အစီအစဉ်ရှိနေသည်ဟုမှန်းဆနိုင်ကြောင်း ၎င်းတို့၏အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း ကပြောကြားသည်။ ။

Comments :

0 comments to “ဘိုကလေး အန်အယ်လ်ဒီ အဖွဲ့ဝင် (၆) ဦး ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ”