ဘားအံမှာ ရေကြီး

ပီတာအောင်/ ၁၂ သြဂုတ် ၂၀၀၈ ခေတ်ပြိုင်

ကရင်ပြည်နယ် ဘားအံမြို့၌ သံလွင်မြစ်ရေလျှံပြီး မြို့ထဲရေ၀င်သဖြင့် နည်းပညာတက္ကသိုလ်အပါအ၀င် စာသင်ကျောင်းများအားလုံး ပိတ်လိုက်ရသည်ဟု မြို့ခံတို့က ပြောသည်။
ပြီးခဲ့သည့် တနင်္ဂနွေမှစ၍ မြစ်ရေများ မြို့တွင်းလျှံတက်လာခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၁၁) ရပ် ကွက်ရှိသည့်အနက် အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၃) ရပ်ကွက်တို့မှာ အဆိုးရွားဆုံး ရေ နစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
ဘားအံမြို့ခံတဦးက “ဘားအံမြို့ (၃) ပုံ တပုံလောက် မြုပ်သွားပြီ။ ရန်ကုန်သွားတဲ့လမ်းတွေရော လမ်းတွေ အကုန်လုံး ရေကျော်နေပြီ။ မိန်းလမ်းမကြီးတခုပဲ ရေသိပ်မကျော်တာ။ ဒီနေ့ပါဆို (၃) ရက်လောက်ရှိသွားပြီ။ ရေနက်တဲ့နေရာတွေဆို ခါးလောက်ရောက်နေပြီ။ တချို့အိမ်တွေဆို အောက်ထပ်တထပ်လုံး မြုပ်သွားပြီ။ မိုးလည်းများတယ်၊ မြစ်ရေလည်းတိုးတယ်၊ နှစ်ခုလုံးပေါင်း တော့ ပိုဆိုးတာပေါ့” ဟုပြောသည်။
ရေကြီးမှုကြောင့် ဘားအံတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ယမန်နေ့ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထား လိုက်ကြောင်းသိရသည်။
ထို့အပြင် ဘားအံမြို့ ဈေးရုံကြီးအတွင်း ရေများ ၀င်ကုန်သဖြင့် ဈေးသည်နှင့် ဈေးဝယ်များ အခက် အခဲတွေ့နေပြီး ဘားအံမြို့အနီးနားရှိ လယ်ကွင်းများလည်း ရေမြုပ်ကာ စပါးခင်းများပျက်စီးမှုရှိ သည်ဟုလည်း ဒေသခံတဦးကပြောသည်။
ဘားအံမြို့သည် မြစ်ရေကြီးမှု နှစ်တိုင်းလိုလို ကြုံရသည့်မြို့ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းမှစ၍ သံ လွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ရောက်ရှိခဲ့ပြီး လက်ရှိ စင်တီမီတာ (၉၀၀) ခန့် အထိ ရောက်ရှိနေသည်ဟု သိရသည်။
အလားတူ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းတိုက်နယ် သံလွင်မြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများ၌လည်း ပြီးခဲ့သည့်သတင်းပတ်အတွင်းက ကမ်းပါးပြိုမှု ဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းနား ဘေးရှိ လူနေအိမ်အချို့ ရွှေ့ပြောင်းခဲ့ရသည်။ ။

Comments :

0 comments to “ဘားအံမှာ ရေကြီး”