ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီပြော

ကိုစိုး သြဂုတ် ၂၀၊ ၂၀၀၈(ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ ယနေ့ ညနေ ပိုင်းက စစ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံရာတွင် အားရကျေနပ်မှု မရှိဟု အန်အယ်လ်ဒီက ပြောသည်။
ယနေ့ ညနေ ၃ နာရီခန့်က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မစ္စတာ ဂန်ဘာရီနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ၀င်(စီအီးစီ) များဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း တို့ ၅ ဦးနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံ ဆွေးနွေးခဲ့သည် ဟု အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့မှ ဒေါက်တာ ၀င်းနိုင် က ပြောသည်။
“နာရီဝက် တွေ့ရမယ်ပြောပြီးတော့ တကယ်တွေ့ရတဲ့ အခါကျတော့ မိနစ် ၂၀ သာသာပဲ ပြောခွင့်ရတယ်၊ တွေ့တဲ့ အချိန်က နည်းတဲ့အတွက် မစ္စတာဂန်ဘာရီက နအဖ ကို သူတင်ပြမယ့် အချက် ၅ ချက် ကို ရှင်းပြတယ်၊ စီအီးစီ ကလည်း သူတို့ ပြောဆိုချင်တာကို ပြောတယ်၊ အပြန်အလှန် ဆွေးနွေးချိန် မရဘူး၊ ဒီအပေါ်မှာ ကျနော်တို့ စီအီးစီက အားရကျေနပ်မှုမရှိ ပါဘူး”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။
မစ္စတာ ဂန်ဘာရီ ရှင်းပြသည့်အချက်များမှာ (၁) ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး ရန်၊ (၂) ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖ တို့ တိုက်ရိုက်တွေ့ဆုံ စကားပြောရန်၊ (၃) တိုင်းပြည် အကြပ် အတည်း ဆိုက် ရောက်နေသော စီးပွားရေး အခြေအနေအရ အထက်ပါ အချက် ၂ ချက်ကို မဖြစ်မနေ ဆောင်ရွက်ပေးရန်၊ (၄) သူ့အနေနှင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် တကြိမ်နှင့် တကြိမ် အချိန်ကြာလွန်းသည့် အတွက် သူ့ကိုယ်စား စင်္ကာပူတွင် ကိုယ်စား လှယ်ထားရန်နှင့် အချက် (၅)မှာ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဒီဇင်္ဘာလ အကုန်တွင် နိုင်ငံရေးကိစ္စအတွက် သီးသန့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းတို့ သိရသည်။
အန်အယ်လ်ဒီ စီအီးစီ အဖွဲ့က ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်အပေါ် သဘောထားနှင့် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက် ပွဲ အသစ်တို့ကို လက်မခံကြောင်း မေးမြန်းပြောဆိုရာတွင် မစ္စတာ ဂန်ဘာရီက ပြန်လည်ဖြေ ကြား ခြင်း မရှိကြောင်း၊ နအဖ တွေ့ပေးသည့် အဖွဲ့အစည်းများနှင့်သာတွေ့ဆုံနေသော ၎င်း၏ ခရီးစဉ် ရည်ရွယ်ချက် ကို မေးမြန်းရာတွင်လည်း မည်သို့ မျှ ပြန်လည် ဖြေကြားခြင်း မပြုကြောင်း ဒေါက်တာ ၀င်းနိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံက်တွင် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အန်အယ်လ်ဒီ စီအီးစီ အဖွဲ့နှင့် တွေ့ဆုံချိန် အထိ မတွေ့ရသေးကြောင်း၊ တွေ့ခွင့်ရရန် ကြိုးပမ်းနေကြောင်း မစ္စတာ ဂန်ဘာရီ က ပြောကြားသည် ဟု လည်း ၎င်းက ဆိုသည်။
ယင်းသို့ အန်အယ်လ်ဒီ စီအီးစီ နှင့် တွေ့ဆုံနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဆိုးရွားနေသည် ဟု သတင်း များထွက်ပေါ်လာခဲ့ရာ မဟုတ်မှန်ကြောင်းလည်း ဒေါက်တာ ၀င်းနိုင်က ရှင်းလင်းသည်။
မစ္စတာ ဂန်ဘာရီသည် ယမန်နေ့က ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း နှင့် ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်တို့ ဦးဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့နှင့် ရန်ကုန်မြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့သေးသည်။
ဒုတိယနေ့ ခရီးစဉ်တွင် မစ္စတာဂန်ဘာရီသည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့သော်လည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရန် စီစဉ်ထားပြီး နောက် မိုးလေ၀သ အခြေအနေ ဆိုးရွားသောကြောင့် ယင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ တနင်္လာနေ့ နံနက်က ရောက်ရှိခဲ့ပြီး စစ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေအနီအဖွဲ့၊ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။
မစ္စတာ ဂန်ဘာရီ၏ ၅ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင် ရန် သွားရောက် ခြင်းဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုးရက နိုင်ငံ တ၀န်း ကယ်ဆယ် ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် သည်။မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်းခရီး စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

Comments :

0 comments to “ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီပြော”