အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်

၂၇ ဖေဖော်ဝါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းမှာဒီနေ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲဖွင့်လှစ်တဲ့အခါ စီးပွားရေးနဲ့ ငွေကြေးကိစ္စရပ်များကို ထိပ်ဆုံးထား ဆွေးနွေးကြမယ်လို့ ခန့်မှန်းနေကြပါတယ်။
အာဆီယံအသင်းဝင် ၁၀ နိုင်ငံကခေါင်းဆောင်များ စည်းဝေးပွဲ တက်ရောက်ကြဖို့ ကြာသပတေးနေ့ကတည်းက စတင်ရောက်ရှိနေကြပါပြီ။
ကမ္ဘာ့ခြိမ်းခြောက်မှုများကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့ ကိစ္စနဲ့ ၂၀၁၅ ခုနှစ်မှာ ဒေသကုန်သွယ်ရေးအုပ်စု ထူထောင်ရေးကိုလည်း ဆွေးနွေးကြဖွယ်ရှိပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း ထိုင်းနိုင်ငံကို စုဝေးရောက်ရှိလာကြပြီးလူ့အခွင့်အရေးကိစ္စရပ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက လှေစီးထွက်ပြေးလာကြတဲ့ဒေသတွင်း ဒုက္ခသည်စခန်းများမှာ၊ ပင်လယ်ထဲမှာ အတိဒုက္ခရောက်နေကြတဲ့ရိုဟင်ဂျာများကိစ္စ အာရုံစိုက်ကြဖို့လည်း ဖိအားပေး တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရေး ဖိအားပေးကြဖို့ အရှေ့တောင်အာရှနိုင်ငံများက ပါလီမန်အမတ်များအဖွဲ့ကလည်း အာဆီယံခေါင်းဆောင်များကို တိုက်တွန်းနေကြပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေက အာဆီယံအသင်းရဲ့ ဂုဏ်သိက္ခာကိုထိပါးစေနေပြီ၊ အဲဒါကြောင့် အာဆီယံခေါင်းဆောင်များအနေနဲ့ သူတို့ရဲ့သြဇာကိုသုံးပြီးလုပ်ဆောင်ပေးကြပါလို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆယ် (Scott Marciel) ကလည်း သတိပေးထားပါတယ်။

အပြည့်အစုံ...>>

စစ်အစိုးရကို အာစီယံ က ဖိအားပိုပေးဖို့ အမေရိကန် တိုက်တွန်း

၂၆ ဖေဖော်ဝါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲ တိုးတက်ရေးအတွက် စစ်အစိုးရကို ထိုင်းနိုင်ငံမှာ စည်းဝေးတဲ့အခါ ဖိအားပေးကြပါလို့ အာစီယံအသင်းကို အမေရိကန် က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထားရှိတဲ့ အဆက်အသွယ်များကို အသုံးချပြီး မြန်မာနိုင်ငံကို ပိုမို ပွင့်လင်းမှု ရှိတဲ့ နိုင်ငံရေး တိုးတက်မှု ရရှိရေးအတွက် အတွေးအခေါ်သစ်နဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ စစ်အစိုးရကို အားပေးကြပါလို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး စကော့ မာဆီးယား က ဗီယက်နမ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က သတင်းထောက်များနဲ့ တွေ့ဆုံရင်း အာစီယံ အသင်းဝင်နိုင်ငံများအား တိုက်တွန်းပြောကြားသွားပါတယ်။
မြန်မာနိုင်ငံပါဝင်တဲ့ အာစီယံ အသင်းဝင် ၁၀နိုင်ငံ ထိပ်သီးစည်းဝေးပွဲ သောကြာနေ့ ထိုင်းနိုင်ငံမှာ စတင် ကျင်းပမှာပါ။ မကြာသေးခင်က အတည်ပြုလိုက်တဲ့ အာစီယံ ပဋိဥာဏ် စာတမ်းမှာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ မူများ ပါဝင်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတရပ် ထူထောင်ရေးလည်း ပါဝင်ပေမဲ့ အာစီယံအသင်းရဲ့ အတွင်းရေးမှူးချုပ် စူရင် ပတ်ဆူဝန်ကတော့ နိုင်ငံအားလုံး သဘောတူမှသာ လုပ်ဆောင်လို့ ရတယ်လို့ ပြောဆိုပါတယ်။ အဲဒါကြောင့် အာစီယံ အသင်းဝင် နိုင်ငံ တနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွတ်စွဲခံရရင် မြန်မာနိုင်ငံက ဒါမှမဟုတ် တခြား တနိုင်ငံက ဗီတိုသုံး ပယ်ချခွင့် ရှိပါတယ်။အမေရိကန်နဲ့ အနောက်တိုင်း က စစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်အရေးယူထားပြီး တချို့နိုင်ငံတွေ ကတော့ ပြည်တွင်းရေးမှာ ၀င်မစွက်ရေး ဆက်ဆက်ဆံဆံ လုပ်ရေး ၀ါဒ ကျင့်သုံးကြပါတယ်။ အဲဒီ ၂နည်းစလုံး အရာမရောက် အလုပ်မဖြစ်လို့ နည်းလမ်းသစ်နဲ့ ချည်းကပ်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒအသစ် ပြန်လည် စဉ်းစားသုံးသပ်နေပြီလို့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် တပေါင်းလပြည့်မှာ လွတ်မည်

၂၆ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
လူတဦးတယောက်၏ ကံအနိမ့်အမြင့်သည် ကုသိုလ်၊ အကုသိုလ်နှင့်ဆိုင်သလို ထိုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ဇာတာ (ကံ) က ပြုလုပ်ပေးတတ်ပါသည်။ လောကသဘောအရလည်း မြဲသောတရား သဘောတို့သည်ကား မရှိကြကုန်ရာသာ ဖြစ်သည်။
မြန်မာစစ်အာဏာရှင်တို့ကလည်း ထာဝရကိုသာ ယုံကြည်ကာ အာဏာတည်မြဲရေးအတွက် ကြိုးစားနေကြရာ တပေါင်းလပြည့်နေ့မှာ အကျဉ်းသား လွတ်မည်ဟု ကျွန်ုပ်ပြောတော့ ကျွန်ုပ်ကို ရူးများနေပြီလားဟု လူတွေက ပြောကြသည်။ပြောမည်ဆိုလည်း ပြောကြမည်သာ။ ဗေဒင်ကို ပညာရှင်ဘွဲ့ တတ်ခြင်းမခံရသော ကျွန်ုပ်လို လူက ကမြောက်ကချောက် လျှောက်တွက်နေတော့ မယုံတာလည်း အကြောင်းတော့ မဟုတ်ပါ။ သို့သော်လည်း လွတ်မယ့်လွတ်တော့ အကျဉ်းသားတွေက ကြိုလွတ်လာတယ်။ အကျဉ်းသားလွတ်တော့လည်း ဝမ်းသာရတာပေါ့။ ဝမ်းသာသာနဲ့ ဟိုတွက်ဒီတွက် လျှောက်ချက်တွက်တာ ဒီတခါ ဒေါ်စု လွတ်ကိန်းကိုပါ တွေ့နေပြန်သည်။
ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်သည် ထူးခြားသော နှစ်တခုဟုဆိုရပါမည်။ အထူးသဖြင့် အုပ်ချုပ်သူအစိုးရကို ဒုက္ခပေးသော နှစ်လည်းဖြစ်သည်။
၁၃၇၀ ကိုတည် ခုနှစ် (၇) ဖြင့်စားလျှင်၊ (၅) ကြွင်းသည်။ မဟာဘုတ်ထူလျှင် တနင်္ဂနွေမရဏတွင် ကျနေသဖြင့် လူကြီး မင်းအစိုးရတို့ အပြောင်းအလဲရှိသည်။ မင်းအစိုးရကျဆုံးမည်။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သောကြာသားသည် ပုတိတွင်ရောက်နေခြင်းကြောင့် အောက်လူတို့၏ အတိုက်အခိုက် ခံရမည်။ မြန်မာ၏ ကံကြမ္မာသက်ရောက်မှာလည်း စနေသက်ရောက် ဖြစ်နေခြင်းကြောင့် ကိုးကွယ်ရာမရ ဖြစ်ရမည်။
၁၃၇၀ ကို အကြေပေါင်းလျှင် (၂) ရသဖြင့် မဟာဘုတ်အလို သန်းရွှေအား အောက်လက်ငယ်သားများက တော်လှန်ပြီး အာဏာသိမ်းရန်လည်း ရှိနေပြန်သည်။
မြန်မာ၏ ဂြိုဟ်မှာလည်း တနင်္လာဂြိုဟ်၊ တနင်္လာသက်ရောက် ဖြစ်နေ၍ မိန်းမဂြိုလ် ဖြစ်သဖြင့် တနင်္လာ၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟူးသား တို့၏ အာဏာလု အာဏာသိမ်းယူခြင်းကို ခံရတတ်သည်။
သန်းရွှေ၏ နန်းစံသက်မှာလည်း (၁၇) ဖြစ်နေပြန်၍ ဂြိုလ်မိန်းမ ဖြစ်သလို ရာဟုကြီးစိုးကာ မိန်းမကို ဦးစားပေးကိုးကွယ်မှ အသက်ချမ်းသာရမည့် ကိန်းဆိုက်နေသည်။
ထိုအချက်ကိုသိသော သန်းရွှေတို့ကလည်း နန်းသက်ကိုဆက် အကျဉ်းလွှတ်ဆိုပြီး စနေနေ့၊ တနင်္လာ အချိန် ညနေ လေးနာရီမှ စတင်ပြီး အကျဉ်းသား (၆,၃၁၃) ဦးကို လွှတ်ပေးခြင်းဖြစ်သည်။
(၂၆.၁.၂၀၀၉) တပို့တွဲလဆန်း (၁) ရက် တနင်္လာနေ့တွင် နေကြတ်ခြင်းကို ကြည့်ပြန်လျင်လည်း ထိုနေ့မှာ ပြဿဒါးဖြစ်ခြင်း၊ နေကြတ်ချိန် ညနေ (၄) နာရီ ဖြစ်သဖြင့် နေ့အလိုအခါကို ကြည့်သော် ဗုဒ္ဓဟူး အခါဖြစ်ပြီး ညနေဆိုသောကြောင့် ရာဟုသာဖြစ်ခြင်း၊ နေကြတ်ခြင်းတို့ကို ဖော်ပြသော အိန္ဒိယ ဗြိုဟဇ်သံကဟိတကျမ်း အလိုနှင့် မြန်မာ့သရ တွက်ရိုးကျမ်းအလိုအရ အုပ်ချုပ်သော မင်းတို့ နာအံ့။ စစ်သူကြီးများ ကျဆုံးအံ့။ စစ်သားများ ပုန်ကန်အံ့ ဟု ဆိုထားသဖြင့် စစ်အစိုးရအဖို့ တပူပေါ်နှစ်ပူဆင့်ကာ ပိုပြီး အရေးတကြီး စဉ်းစားရကိန်း ဆိုက်လာနေတော့သည်။(၁) မြန်မာ့ မူလဇာတာနှင့် ခုနှစ်ဇာတာကို နှိုင်းယှဉ်သော် ဇာတာနှစ်ခုစလုံးတွင် မင်းဇာတာမှာ အပျက်တွင်ရှိနေပြီး ပြည်သူတို့၏ သြဇာ လွှမ်းမိုးနေခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ် အတွင်းတွင် ပြည်သူအများ ဆူပူအုံကြွမည်။ အစိုးရကို ဆန့်ကျင့်မည့် ကိန်းအရတခု။(၂) မြန်မာသက္ကရာဇ် ၁၃၇၁ ခု နှစ်ဆန်းတစ်ရက်သည် သောကြာဖြစ်ပြီး သင်္ကြန်ကျချိန်မှာ အင်္ဂါနေ့ နံနက် (၃) နာရီ (၁၅) မိနစ် (၃၆) စက္ကန့် ဖြစ်ပြီး တက်ချိန်မှာ ကြာသပတေးနေ့ နံနက် (၇) နာရီ (၂၀) မိနစ် (၁၇) စက္ကန့် ဖြစ်နေပြန်ရာ ကျချိန်မှာ စနေအခါ ဖြစ်နေခြင်း၊ တက်ချိန်မှာလည်း ကြာသပတေးအခါတွင် တက်နေခြင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှ သောကြာဆိုသည်မှာ ရက်အလိုသာဖြစ်၍ သင်္ကြန် တက်ပြီးချိန်မှ နောက်အချိန် သည်နှစ်ဆန်းအချိန် (ရက်) ဖြစ်သဖြင့် (ကြာသပတေးနှင့် စနေ) မှာ ပြဿဒါးဖြစ်ကာ ဇာတာခွင်အလို တိုင်းကားပြည်ရွာပျက်စီးခြင်း၊ ရေဘေးကြုံရခြင်း။
(၃) ကောဇာ ၁၃၇၁ ခု၏ ဇာတာအရ သောကြာသား၊ စနေသား၊ တနင်္လာသား မင်းတို့ ကျဆုံးကိန်းတွင် ရှိနေပြန်ပြီး၊ ပြည်သူတို့ ထကြွကာ လက်အောက်ငယ်သားတို့၏ တော်လှန်မှုကိုခံရမည်။ တိုင်းတစ်ပါး၏ အတိုက်အခံကြောင့် ကျဆုံးရမည့် ကိန်းဆိုက်နေခြင်း။
ဖော်ပြပါ ဇာတာသဘောကို နှိုင်းယှဉ်ပြီး ထိုကိန်းတို့မှ လွတ်မြောက်နိုင်ရေးကို ကြည့်လျှင် “အင်္ဂါကယ်မှ ပြည်ငြိမ်မည်။ တနင်္လာလွတ်မှ ရန်ငြိမ်းမည်" ဟူသော အယူကိုမသုံးလျင် အကုန်ကျဆုံးရမည်ဖြစ်၍-
-အင်္ဂါအလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်။ -တနင်္လာအလို ခွန်ထွန်းဦးကို လွှတ်ရန်ရှိသည်။အင်္ဂါအလို နေ့နမ်ကိုတွက်သော် ဇာဂနာ၊ စုစုနွေး တို့လည်း ပါနိုင်ပြီး၊ တနင်္လာအလို ကိုကိုကြီး တို့ကိုပါ စဉ်းစားရမည်။ ခွန်ထွန်းဦးကို လွှတ်ခြင်းမှာ တိုင်းတစ်ပါးရန်ကို ကာကွယ်ရန် လူမျိုးခြားကို လွှတ်ပြီး ဓာတ်တူနမ်တူ ပြုခြင်းဖြစ်သည်။
ဘယ်လတွင် လွှတ်မည်ဆိုလျင် "တပေါင်းလပြည့် အင်္ဂါနေ့တွင် လွှတ်မည်”။
အကယ်၍ တပေါင်းလပြည့် မလွှတ်သော် ၁၃၇၁ ခုဆန်းပြီး ခြောက်လ (သီတင်းကျွတ်လထိ)အတွင်း လွှတ်ရမည်။(အကျယ်ရေးလျင် ရှည်မည်စိုးသဖြင့် သဘောတရားကို အကျဉ်းချုံး ဖော်ပြခြင်းဖြစ်သည်။ )ပညာကျော်(သတ္တဝါမှန်သမျှ ချမ်းသာရာ ရနိုင်ကြပါစေ။)

အပြည့်အစုံ...>>

မနှစ်က မြန်မာလူ့အခွင့်အရေးပိုဆိုးလာလို့ အမေရိကန်ပြော

၂၆ ဖေဖော်ဝါရီ ၂၀၀၉။ ဘီဘီစီမြန်မာပိုင်း
မြန်‌မာနိုင်‌ငံက နအဖ စစ်‌အစိုးရဟာ အစိုးရနဲ့ အမြင်‌မတူပဲ အစိုးရကို ဆန့်ကျင်‌သူ‌တွေကို ရက်‌ရက်‌စက်‌စက်‌ ဖိနှိပ်‌‌နေပြီး ၂၀၀၈ ခုနှစ်‌အတွင်း မြန်‌မာနိုင်‌ငံတွင်းက လူ့ အခွင့်‌အ‌ရေး အ‌ခြေအ‌နေ‌တွေဟာ ပိုဆိုးလာတယ်‌လို့  အ‌မေရိကန်‌ နိုင်‌ငံခြား‌ရေး ဝန်‌ကြီးဌာနက ထုတ်‌ပြန်‌တဲ့ နှစ်‌ပတ်‌လည်‌ အစီရင်‌ခံစာက ဆိုပါတယ်‌။
နိုင်‌ငံခြား‌ရေး ဝန်‌ကြီးဌာနရဲ့  လူ့ အခွင့်‌အ‌ရေး အစီရင်‌ခံစာကတဆင့်‌ သက်‌ဆိုင်‌ရာ နိုင်‌ငံ‌တ်ေအပေါ်‌ အ‌မေရိကန်‌အစိုးရက ထားရှိလာနိုင်‌တဲ့ သ‌ဘောထားကို မှန်းကြည့်‌လို့ ရနိုင်‌တာမို့  လူ့ အခွင့်‌အ‌ရေး အစီရင်‌ခံစာထဲ ‌ဖော်‌ပြချက်‌‌တွေဟာ အ‌ရေးကြီးတယ်‌လို့ ‌လေ့လာသူ‌တွေက ဆိုပါတယ်‌။ဥပ‌ဒေ ပြင်‌ပမှာ သတ်‌ဖြတ်‌မှု၊ ‌နောက်‌ နယ်‌စပ်‌‌ဒေသ‌တွေမှာ အဓမ္မကျင့်‌မှု ကျူးလွန်‌သူ‌တွေကိုလည်း ထိထိ‌ရောက်‌‌ရောက်‌ အ‌ရေးယူ အပြစ်‌‌ပေးမှု မရှိဘူးလို့  အစီရင်‌ခံစာက ဆိုပာတယ်‌။မနှစ်‌က နိုင်‌ငံ‌ရေးတက်‌ကြွ လှုပ်‌ရှားသူ‌တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ပတ်သက်လို့လည်း အာဏာပိုင်တွေဟာ ပြည်သူလူထုရဲ့အစိုးရတရပ်ကို ပြုပြင်ပြောင်းလဲပိုင်ခွင့်ကို တားဆီးပိတ်ပင်နေတယ်လို့ဆိုပါတယ်။မနှစ်က မေလတုံးက လူပေါင်းသိန်းချီသေဆုံးဒါမှမဟုတ် ပျောက်ဆုံးခဲ့တဲ့ နာဂစ်ဆိုင်ကလုံးမုန်တိုင်း အပျက်အစီးတွေနဲ့ပတ်သက်လို့လည်း စစ်အစိုးရဟာ ကိုယ်နိုင်ငံသားတွေရဲ့အသက်ကို မထေမဲ့မြင်ပြုနေပြီး မုန်တိုင်းကြောင့်အတိဒုက္ခအကြီးအကျယ်ရောက်နေချိန်မှာဘဲ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲကို အတင်းကျင်းပခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။နောက်တခါအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို နေအိမ်အကျယ်ချုပ်ဆက်လက်ချာထားတာဟာလည်း လက်ခံနိုင်စရာမရှိဘူးလို့ ပြစ်တင်ဝေဖန်သွားပါတယ်။

အပြည့်အစုံ...>>

အကောင်းဆုံးမြေသြဇာ လူငယ်သုံးဦးရန်ကုန်တိုင်းရဲရုံးမှာ ဖမ်းထားဆဲ

၂၅ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်၊ ကိုအောင်ထက်မင်းတို့ ဖေဖော်ဝါရီ (၁၄) ရက်၌ မြောက်ဥက္ကလာပမြို့နယ် အထက (၃) ရှေ့တွင် နှင်းဆီပန်း လူထုလှုပ်ရှားမှုအဖြစ် ပိုစတာများ ကပ်နှံခဲ့ခြင်းကြောင့် အာဏာပိုင်များက နေအိမ်သို့လာရောက် ဖမ်းဆီးခဲ့ပြီး၊ ယခုအခါ ရန်ကုန်တိုင်းရဲရုံးတွင် ဖမ်းဆီးနှိပ်စက် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ဝင်လူငယ်တဦးက ပြောသည်။အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်ရဲရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။လူထုအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ သင်္ကေတအထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ (၁၄) ရက်တွင် လူထုလှုံ့ဆော်ရေးတရပ် ပြုလုပ်ခဲ့ကြသည်။အဆိုပါ လှုပ်ရှားမှုအတွက် အဖမ်းခံလူငယ် (၃) ဦး ပိုစတာကပ်နှံသည်ကို စွမ်းအားရှင် ဆိုက္ကားသမားတဦး မြင်သွားကာ အာဏာပိုင်များထံ သတင်းပေးခဲ့ခြင်းကြောင့် အိမ်အထိ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းတို့သုံးဦးကို မြို့နယ်မယကရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ (၁၆) ရက်တွင် တိုင်းရရုံးသို့ ပြောင်းရွေ့ လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်လူငယ်က ပြောသည်။“ကျနော်တို့ အဖွဲ့ဝင် လူငယ်တွေဟာ ဘယ်လောက်ပဲ အဖမ်းခံနေရပါစေ။ နောက်တွန့်သွားမှာ မဟုတ်ဘူး ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ လှုပ်ရှားမှုတွေနဲ့ သက်သေပြနေပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေမပါဘဲနဲ့ လုပ်ဆောင်နေမယ်ဆိုရင်လည်း အခုလိုလှုပ်ရှားမှုတွေနဲ့ လူထုကို နားလည်အောင်ပြောပြ ဆွဲခေါ်တင်ပြီး ဖယ်ရှားသွားမှာပါခင်ဗျ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးပါ။ ကျနော်တို့ လူငယ်တွေရဲ့ ရင်ထဲကဆန္ဒတွေ ဖော်ထုတ်ပြသတာကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးပါ။ ဖမ်းတာဆီးတာတွေရပ်ပါ။ ကျနော်တို့အဖွဲ့က အဖမ်းခံလူငယ်တွေကိုလည်း ချွင်းချက်မရှိ ပြန်လွတ်ပေးပါ” ဟု အဖွဲ့ဝင်လူငယ်က တောင်းဆိုသည်။ယင်းကဲ့သို့ ဖမ်းဆီးမှုများရှိနေသော်လည်း အဖွဲ့အနေဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ နယ်မြို့များတွင်ပါ တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းလူငယ်က ဆက်လက်ပြောဆိုသည်။

အပြည့်အစုံ...>>

ဆင်းရဲသားများ ရုပ်ရှင်မှာမပါရ

၂၅ ဖေဖော်ဝါရီ ၂၀၀၉။ ကြည်ဝေ (ဧရာဝတီ)
မြန်မာ့ ဗီဒီယို၊ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရေး လုပ်ငန်းများအား သက်ဆိုင်ရာ အာဏာပိုင်များက ဆင်းရဲသည့် ဇာတ်ဝင်ခန်းများ ပါဝင်သော ဇာတ်လမ်းများ မရိုက်ကူးကြရန် တားမြစ် ကြောင်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း သမားများထံမှ သိရှိရသည်။
မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများအား ရိုက်ကူးရာတွင် ဇာတ်လမ်းသဘောအရ ဆင်းရဲသား ပါဝင်သောအခန်းကို မဖြစ်မနေ ရိုက်ကူးခဲ့ရပါက အတိအကျ လိုက်နာရမည့် အချက်များကိုလည်း သက်ဆိုင်ရာမှ ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်း ၊ မြန်မာ့ရုပ်ရှင် အစည်းအရုံး ရုံးတွင်လည်း အဆိုပါ ကြေငြာချက်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထား ကြောင်း ရုပ်ရှင်လောကသားများက ပြောသည်။
ရုံတင်ပြသနေသော မြန်မာ့ရုပ်ရှင် ဗီဒီယို ဇာတ်ကားများတွင် အခြေခံလူတန်းစား၊ ဆင်းရဲသား သရုပ်ဖော်မှုများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြည်သူ၏ ဂုဏ်သိက္ခာအား သေးနုပ်သိမ်ဖျင်း စေသည့် သရုပ်ပြကွက်များကို တွေ့မြင်နေရသောကြောင့် အဆိုပါ ဆင်းရဲသားများနှင့် ပတ်သက်သော ဇာတ်ဝင်ခန်းများ၊ ဆင်းရဲသား လူတန်း စားဘ၀များအား ပေါ်လွင်စေသောဇာတ်ဝင်ခန်းများ မရိုက်ရဟု တားမြစ်ထားရခြင်း ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ၀န်ထမ်းတဦးက ဆိုသည်။ “ဇာတ်လမ်းတွေကို ဆင်ဆာတင်ကတည်းက ဆင်းရဲသားဇာတ်လမ်းဆိုရင်ခွင့်မပြုဖို့ပြောထားတယ်၊ ဇာတ်ညွှန်းမှာ လည်း ဆင်းရဲသားတွေနဲ့ ပတ်သက်တဲ့ ရိုက်ညွှန်းမျိုးကအစ မပါအောင်သေချာစိစစ်ပြီးမှ ခွင့်ပြုရမယ်လို့ညွှန်ကြား ချက်ထုတ်ထားတယ်”ဟု အဆိုပါ ၀န်ထမ်းက ပြောဆိုသည်။ အာဏာပိုင်များမှဖိအားပေးသောကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများအနေနှင့် ၄င်းတို့နှင့်လုပ်ငန်းပိုင်းဆက်စပ် နေ သော ဒါရိုက်တာများနှင့်ဇာတ်ညွှန်းရေးဆရာများအား ဆင်းရဲသားဇာတ်လမ်းမျိုးနှင့် ဆင်းရဲသားသရုပ်ဖော်မှု ပါဝင် သောဇာတ်လမ်းများအားလုံးဝမရေးရန်နှင့်မရိုက်ရန် ပြောဆိုတားမြစ်လျက်ရှိကြောင်း ဒါရိုက်တာတဦးကပြော သည်။“ကျနော်တို့ကို ပြောတာကတော့ ဆင်းရဲသားဇာတ်ရုပ်တွေပါတဲ့ ဇာတ်လမ်းမျိုးတွေကို အတတ်နိုင်ဆုံး လုံးဝ မရိုက်ဘဲ ရှောင်ဖို့ ပြောတယ်၊ နောက်ဆုံးဘယ်လောက်ထိ ပြောထားလဲဆိုတော့ ဇာတ်ဝင်းခန်းရိုက်တဲ့ ပတ်ဝန်း ကျင်မှာကိုက ဆင်းရဲသားတွေ နေတဲ့ရပ်ကွက်မျိုးမဖြစ်ရဘူးလို့ ပြောတယ်” ဟု နယ်ကြိုက်ကားများကို ရိုက်ကူး နေသော လူငယ် ဒါရိုက်တာ တဦးက ဆိုသည်။မြန်မာ့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားဈေးကွက်မှာ နယ်ကိုသာအားကိုးပြီး ထုတ်လုပ်နေကြရသောကြောင့် နယ်ကြိုက် ကားများဖြစ်သော နယ်ဒေသများမှ ဒေသခံလူထုကိုယ်စားပြုဇာတ်လမ်းများ၊ တောင်သူဇာတ်လမ်း ဇာတ်အိမ်များ၊ အခြေခံလူတန်စားတို့၏ ဘ၀ကိုပေါ်လွင်စေသော ဘ၀သရုပ်ဖော်ဇာတ်လမ်းများကို အသားပေးရိုက်ကူးလာကြ ခြင်းကြောင့် ယခုကဲ့သို့ တားမြစ်ခံရသည်ဟု ထင်ကြောင်း ဇာတ်ညွှန်းဆရာတဦးက ပြောဆိုသည်။“ကျနော်တို့မှာ ရိုက်စရာဆိုလို့ ဟာသကားပဲ ရှိတော့တယ်၊ ဟာသကားမှာတောင် ဆင်းရဲသား မပါရ၊ သူဌေးသား နှင့် သူဌေးများသာ ပါသော ဟာသ ကားဖြစ်ရမှာ”ဟု သူက ပြောသည်။
မြန်မာ့ရုပ်ရှင်ဗီဒီယိုများအား အစိုးရက တားမြစ်မှုများ၊ ကန့်သတ်မှုများ မကြာခဏပြုလုပ်လျက်ရှိသောကြောင့် ဇာတ်ကားများမှာ သဘာဝကျမှုနည်းပါးကာ အရည်အသွေးကျဆင်းနေခြင်းဖြစ်ကြောင်း၊ အနုပညာလုပ်ငန်းများ မှာ လွတ်လပ်မှုရှိမှ တိုးတက်နိုင်ကြောင်း၊ ယခုကဲ့သို့ သရုပ်ဆောင်မှုကိုပါ ကန့်သတ်နေခြင်းမှာ အနုပညာ လုပ်ငန်းများအားထိခိုက်စေကြောင်း ၀ါရင့်ဒါရိုက်တာကြီးတဦးက သုံးသပ်ဝေဖန်သည်။“ကြုံရတာတော့ အံ့သြစရာကြီးပဲ၊ ဆင်းရဲသား မပါဘဲနဲ့ ရုပ်ရှင်ရိုက်ရမယ်ဆိုတော့ ဘယ့်နဲ့ လုပ်ရမလဲ၊ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်တုန်းကလည်း အမျိုးသမီးတွေကို အဓိကထားရိုက်တဲ့ ဇာတ်လမ်းမျိုးမဖြစ်ရဘူးဆိုလို့ အမျိုး သားဇာတ်တွေချည်းပဲ ရှာရိုက်ကြရတယ်၊ အလုပ်လုပ်ရတာ တဖြည်းဖြည်းနဲ့ ဘောင်ကျဉ်းကျဉ်းလာတယ်”ဟု အဆိုပါ ဒါရိုက်တာကြီးက ပြောဆိုသည်။၂၀၀၇ ခုနှစ်တွင် မြန်မာ့ရုပ်ရုင်လုပ်ငန်းမှာ ဇာတ်ကား ၁၀ ကားသာ ထုတ်လုပ်ပြသနိုင်ရခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်ဗီဒီယို ဇာတ်ကားများ၏ အရည်အသွေးကိုမြှင့်တင်ရန် လိုအပ်နေပြီဆိုသည်ကိုပြသလိုက်ခြင်းဖြစ် ကြောင်း၊မြန်မာ့ရုပ်ရှင်ထုတ်လုပ်မှုနှုန်းကျဆင်းနေခြင်းမှာ ဇာတ်လမ်းအရည်အသွေးများကျဆင်းသောကြောင့် ပရိ သတ်အားပေးမှုလည်း ကျဆင်းလာရာမှ ဇာတ်လမ်းထုတ်လုပ်မှုနှုန်းနည်းပါးလာရခြင်းဖြစ်ကြောင်းလည်း ဒါရိုက်တာကြီးက သုံးသပ်သည်။၂၀၀၇ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆု ပေးရာတွင်လည်း ထူးချွန်သော အမျိုးသမီးများအား စင်ပေါ် မတက် စေရဟူသော ယတြာကြောင့် အမျိုးသမီးထူးချွန်းဆုကိုမပေးဘဲချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်း ရုပ်ရှင် အသိုင်း အ၀န်းက ပြောဆိုကြသည်။ယခုကဲ့သို့ ဆင်းရဲသားဇာတ်လမ်းများ၊ ဆင်းရဲသားအရေးကိစ္စများ ပါသော ဇာတ်ကားများအား ရိုက်ကူးပြသ ခြင်းကို တားမြစ်ကန့်သတ်ခြင်းမှာလည်း ယတြာရာ ချေခြင်း ဖြစ်နိုင်ကြောင်း ရုပ်ရှင်လောကသများအကြား ပြောဆိုလျက်ရှိသည်။

အပြည့်အစုံ...>>

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထောင်စုသို့သွားမည်

စစ်အာဏာရှင်ကြီးသန်းရွှေတယောက် သားမက်ဖြစ်သူ နေစိုးမောင်(ကထိက၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်) ကိုအမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ဘို့စီစဉ်ဆောင်ရွက်နေပါတယ်။ နေစိုးမောင်ဟာစစ်ဆေးရုံမှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်မင်းလည်း အတူလိုက်ပါသွားမယ်လို့သိရှိရပါတယ်။အမေရိကန်ပြည်ထောင်စု ဟားဘတ်(စ်)တက္ကသိုလ်မှာ "သင်ကြားရေးအထောက်အကူပြုလေ့လာရေး"အတွက် အကြောင်းပြပြီး အမေရိကန်ပြည်ဝင်ခွင့် လျှောက်ထားမယ်လို့ သိရှိရပါတယ်။ http://www.harvard.edu/.
နေစိုးမောင် ဟာစစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီး၊ ကြည်ကြည်ရွှေ (ခေါ်) မသြ ရဲ့ခင်ပွန်းဖြစ်သလို၊ ဆိုးသွမ်းအကြမ်းဖက်လူငယ် နေရွှေသွေးအောင် (ခ) ဖိုးလပြည့် ရဲ့ဖခင်ဖြစ်ပါတယ်။ မသြ ဟာခင်ပွန်းဖြစ်သူ နေစိုးမောင်နဲ့အဆင်မပြေဖြစ်နေတာကြောင့်၊ မသြရဲ့စိတ်ချမ်းသာမှုအတွက် နာမည်ကြီးစီး ပွားရေးလုပ်ငန်းရှင်ကြီး တေဇ ကအစွမ်းကုန်ပြုစုဂရုစိုက်ပေးလျှက်ရှိနေပါတယ်။ အဲဒီလိုအခြေအနေဖြစ်ရတဲ့ အကြောင်းအရင်းက နေစိုးမောင်ဟာ ယောင်္ကျားကိုယ်နဲ့မိန်းမစိတ် ( မိန်းမလျှာ ) ဖြစ်နေလို့ပါ။ စစ်ဆေးရုံ အသိုင်းဝိုင်းနဲ့ဆေးဘက်ဆိုင်ရာ လောကမှာ သူကိုယ်တိုင်ကြေငြာခဲ့တာပါ။ဘာဘဲဖြစ်ဖြစ်၊လူ့အခွင့်အရေးအဆက်မပြတ်ချိုးဖောက်နေတဲ့ တရားမဝင်အာဏာသိမ်းစစ်အစိုးရရဲ့ မိသားစုဝင် တဦးကို၊အမေရိကန်ပြည်ထောင်စုက ဝင်ခွင့်ပြုမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ၊ ဒီမိုကရေစီအတွက်၊ အသက် ပေးဆောင်ရွက်နေကြတဲ့ မြန်မာပြည်သူလူထုတရပ်လုံးကို လှည့်စားဘို့ကြိုးစားတဲ့လုပ်ရပ်တခုအဖြစ်သတ်မှတ် ရမှာပါ။မြန်မာနိုင်ငံရှိ၊ အမေရိကန်သံရုံးက နေစိုးမောင်ရာဇဝင် မသိဘဲတော့မနေပါဘူး။ ဗီဇာထုတ်ပေး၊မပေး စောင့် ကြည့်ရမှာပါ။ သမ္မတသစ် အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒတွေ အပြောင်းအလဲရှိ၊မရှိ ဒီကိစ္စက အသေးငယ်ဆုံး အချက်ပြချက်တခုအဖြစ် ပေါ်ထွက်လာနိုင်စရာရှိပါကြောင်း။
လေးစားစွာဖြင့်သူရဲကောင်း။.

အပြည့်အစုံ...>>

ဒူဘိုင်းကရွှေမြန်မာရဲ့အဖြစ်

ဖေဖော်ဝါရီ ၂၀၀၉။
၂၀၀၉ ခုနှစ် ဖေဖ၀ါရီလ ၁၅ ရက်နေ့ တွင် ဒူဘိုင်း မြို့ မှာ အလုပ်လာ လုပ်သော မြန်မာ မိန်း ခလေးတစ်ယောက် ပျောက်သွားပါသည်။ ဒူဘိုင်း ရဲမှ စုံစမ်း ရာ သတင်း မရရှိဘဲ။ ၂၂ ၊ ၂ ၊ ၂၀၀၉ ရက် နေ့ တွင် မထင်မှတ်ဘဲ ဆောက်လုပ်ရေး လုပ်သား တစ်ဦး မှ ၄င်း ၏ ရုပ်အလောင်း အား တွေ့ရှိခဲ့ပါသည်။အသေးစိတ်မှာ၎င်း အမျိုး သမီး ဒူဘိုင်း ကို ရောက်သည်မှာ ၆ လ ခန့်သာ ရှိပါသေးသည်။ လေဆိပ်အတွင်း ရှိ ခရီး သည်များ နားနေ ခန်း တွင် စားပွဲထိုး အလုပ် ကို လုပ် ပါသည်။ ၄င်း အမျိုး သမီး တွင် ၆ နှစ်အရွယ် သမီး တစ်ယောက် ရှိပြီး ၊ မြန်မာနိုင် ငံ တွင် အဖိုး အဖွား များ နှင့် နေပါသည်။ ၄င်း ၏ ခင်ပွန်း သည်မှာ မလေး ရှားနိုင်ငံ တွင် အလုပ်လုပ်လျှက် ရှိသည်ဟုသိ ရပါသည်။ သေဆုံး သူ အမျိုး သမီး သည် အိန္ဒိ ယ နိုင် ငံ သား တစ်ယောက် နှင့် ချစ် ကြိုက် နေပါသည်။ ပျောက် ဆုံး မည့် ညနေ ၄ နာ ရီ ခန့် တွင် နေထိုင်ရာ အဆောင်မှ တစ်ဦးတည်း ထွက် သွား ပါသည်။ အိန္ဒိယ နိုင် ငံ သား နှင့် တွေ့ ဆုံရန်ဖြစ်ပါသည်။ သို့သော် အိမ်ပြန်ချိန်တွင် ပြန်ရောက်မလာနိုင်ခဲ့ပါ။ ထို့ကြောင့် အတူနေ သူငယ်ချင်း များ သည် ကုမ္ပဏီရှိတာဝန် ရှိသူများ ထံ သတင်း ပို့ခြင်း ၊ တာဝန်ရှိသူများမှ ဒူဘိုင်း ရဲအား အကြောင်း ကြား ခြင်း အား တတ်အားသ၍ ဆောင်ရွက်ကြပါသည်။
သို့သော် ဘာသတင်း အစအန မျှ မရခဲ့ပါ။၎င်း နှင့် နောက် ဆုံး တွေ့ ဆုံ သူအဖြစ် ၄င်း နှင့် ရည်ငံနေသူ အိန္ဒိယ နိုင်ငံသား အား မေးမြန်း ရာ ၄င်း တို့ တွေ့ ဆုံပြီး နောက် အဆောင် အနီး သို့ပြန်ပို့ခဲ့ကြောင်း ပြောပါသည်။ ၄င်း ပြောသော နေရာနှင့် အဆောင် သည် လမ်း လျှောက်ပြန်လျှင် ၁၀ မိနစ် ၊ ၁၅ မိနစ် ခန့် လျှောက် ရပါသည်။ ထို့ကြောင့် ၄င်း အချိန် အတွင်း ပျောက် ဆုံး သွား ခြင်း ဖြစ်ပါသည်။ ၂၂ ၊ ၂ ၊ ၂၀၀၉ နေ့တွင် ဆောက်လုပ်ရေးလုပ်သား တစ်ဦး မှ သူမ ၏ အလောင်း ကို တွေ့ ရှိခြင်း ဖြစ်ပါသည်။ အလောင်း မှာ ၀တ်လစ်စလစ် နှင့် ပုတ်ပွနေပါသည်။ သေဆုံးသူ အမျိုး သမီး မှာ ငယ်ငယ် ရွယ်ရွယ် ဖြစ်ပါသည် ။ အသား ဖြူပါသည် ။ အရပ်မှာ ၅ပေကျော် လောက်ဖြစ်ပါသည်။ကျွန်တော် နှင့် သေဆုံးသူ အမျိုးသမီး သည် ကုမ္ပ ဏီ တစ်ခုတည်း ၏ လက်အောက်တွင်အလုပ် လုပ်နေကြသော်လည်း ဌာန မတူသော ကြောင့် မတွေ့ဖြစ်ကြပါ။ ၄င်း တို့ ရောက်ခါ စ အချိန် က ကျွန်တော် ကိုယ်တိုင် အားလုံး ကို ကုမ္ပဏီမှာ အရင် က ဒီလိုမျိုး ဇာတ်လမ်း တွေ ရှိခဲ့ဖူး ကြောင်း ၊ ထို့ကြောင့် အသွား အလာ အနေအထိုင် ဆင်ခြင် ကြစေလိုကြောင်း ၊ အထူးသဖြင့် နိုင်ငံခြား သား နှင့် ဇာတ်လမ်း မရှုပ်ကြဖို့ ကျွန်တော် ကိုယ် တိုင် သူတို့ အားသတိပေး စကား ပြောခဲ့ဖူးပါသည်။ ( picnic တစ်ခု စီစဉ်ပေးပြီး အားလုံးလူ (၄၀ )ကျော် ကို သတိပေးစကား ပြောခဲ့တာပါ )အဘယ်ကြောင့် ဆိုသော် ကုမ္ပဏီ မှာ အလုပ်လုပ် လျှက် ရှိသော ကပ္ပလီ မတစ် ယောက် လည်း ထိုကဲ့သို မုဒိမ်း ကျင့် ခံ ရဖူးသော သာဓက ရှိသောကြောင့် ဖြစ်ပါသည်။ ကုမ္ပဏီမှ အပြန် တရားမ၀င် TAXI ငှား စီးပြီး ပြန်သွားရာ ၆ ရက်လောက် မုဒိမ်း ကျင့်ခံလိုက်ရလေသည်။သို့သော် အသက်မသေပါ။ယခုပြောနေသော အကြောင်း အရာတို့ မှာ ကျွန်တော်အလုပ် လုပ်လျှက်ရှိသော ကုမ္ပဏီ မှ ၀န်ထမ်းများ ၏ ဇတ်လမ်း များ ဖြစ်ပါသည်။ ကျွန်တော် ကြားယုံသား ကြားရသော ဇတ်လမ်း များ မှာ ဒုနှင့် ဒေး။ယခု ဒီစာကို ရေးရခြင်း အကြောင်း အရင်း မှာ ပုဂ္ဂိုလ်ရေး အရ စော်ကား လိုစိတ် လုံး ၀ မရှိပါ။မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ ရောက်ရှိနေကြသော မြန်မာ နိုင်ငံသူ ၊နိုင်ငံသား များ မြန်မာ ပြည်မှ ဒူဘိုင်း DUBAI သို့ လာ လတ္တံ့ ဖြစ်သော မြန်မာနိုင်ငံသူ ၊ နိုင်ငံ သား များ မိမိတို့နှင့် ပတ်သတ်သော သူငယ်ချင်း မိတ် ဆွေများ အား သတိပေး စကား ပြောကြားလိုသော မြန်မာနိုင်ငံသူ ၊ နိုင်ငံ သား များ ၏ ကိုယ်စား ယခုစာကို ရေးသား ရခြင်း ဖြစ်ပါသည်။ကျွန်တော် ရေးသော စာ အတွက် ကျွန်တော့် တွင် တာဝန် အပြည့် ရှိပါသည်။ မကျေလည် သည်များ ရှိခဲ့သော် နေစိုးနိုင် nsnaing@gmail.com သို့ဆက်သွယ်နိုင်ပါသည်။ဒူဘိုင်း သို့ရောက်နေသော သူငယ်ချင်းများ နှင့် ဒူဘိုင်း ကို လာ အလုပ်လုပ် လိုသော မြန်မာနိုင်ငံသူ၊ သား များ သိထား သင့် သည် ဟု သင် ယုံကြည်လျှင် ယခု စာ အား forward လုပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ယနေထုတ် သတင်း စာ Gulf News ပါသတင်း အား ဖတ်လိုလျှင် http://www.gulfnews.com/nation/Police_and_The_Courts/10288679.html ကို ၀င်ရောက် ဖတ်ရှူနိုင်ပါသည်။
လေးစားစွာဖြင့်
နေစိုးနိုင်၂၃ ၊ ၂ ၊ ၂၀၀၉

အပြည့်အစုံ...>>

မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကျင်းပ

၂၀ ဖေဖော်ဝါရီ ၂၀၀၉။ ရိုးမ၃
မယ်တော်ဆေးခန်း နှစ် (၂၀) ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ထူးချွန်ဝန်ထမ်းများကို ရွေးချယ်၍ ဆုပေးခြင်းများ ပြုလုပ်ခဲ့သည်။အခမ်းအနားတွင် အနာဂတ် မြန်မာဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်းအားစုများနှင့်အတူ ပူးပေါင်းပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အနာဂတ်တွင် လုပ်ဆောင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဒေါက်တာ စင်သီယာမောင်က ပြောသည်။
နှစ်ပေါင်း (၂၀) အတွင်း မယ်တော်ဆေးခန်းအနေဖြင့် လုပ်ဆောင်နိုင်ခဲ့မှုအခြေအနေများကို ဒေါက်တာ စင်သီယာမောင်က “ အခြေခံအကျဆုံးက မိခင်တွေ လုံခြုံစိတ်ချတဲ့နေရာမှာ မီးဖွားခွင့်ရခဲ့တယ်၊ ငှက်ဖျားတိုက်ဖျက်ရေးကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်၊ တချိန်တည်းမှာ စစ်ဘေးဒဏ်ကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေအတွက် ခြေတုလက်တုတွေ၊ မျက်စိဝေဒနာသည်တွေကို အလင်းပြန်ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်၊ ကျန်းမာရေး ပညာရေးအတွက် စုပေါင်းလုပ်ဆောင်ခြင်းတွေကို အားလုံးက အသိမှတ်ပြုလာတဲ့အတွက် အောင်မြင်မှုရခဲ့ပါတယ်” ဟု ပြောသည်။မယ်တော်ဆေးခန်း စတင်တည်ထောင်စဉ်က တနှစ်လျှင် လူနာ (၁၈၀၀) ခန့်သာ ဆေးကုသပေးခဲ့ရာမှ ၂၀၀၈ ခုနှစ်အတွင်း လူနာတသိန်းခန့်ကို ကုသပေးနိုင်ခဲ့ပြီး ထက်ဝက်ခန့်သည့် မြန်မာနိုင်ငံအတွင်းပိုင်းမှ လာရောက်ကုသသည့် လူနာများဖြစ်သည်။ “လူနာတွေများလာတာက အရင်ထက်စာရင် ပိုဆိုးလာတယ်၊ ၂၀၀၅ နောက်ပိုင်းမှ ရွာတွေစွန့်ခွာလာတာတွေ၊ ပြန်ဖို့ မျှော်လင့်ချက်မထားနိုင်တာတွေ ရှိတယ်၊ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ ရောဂါတွေကြောင့် များလာခြင်းဖြစ်တယ်၊ အခြေခံကတော့ ကျန်းမာရေးစောင့်ရှောက်မှုအရ ပြည်တွင်းပြည်ပမှာဖြစ်စေ ပြည့်ဝတဲ့ စောင့်ရှောက်မှုမရှိတဲ့အတွက် အခုလို တိုးလာတာပါ၊ ကျမတို့နိုင်ငံရဲ့ ထောက်ပံ့မှုက လူထုအတွက် အကျိုးမပြုနိုင်လို့ပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။မယ်တော်ဆေးခန်းအတွက် ပုံမှန်ရရှိသည့် အကူအညီအထောက်အပံ့များသည် လူနာ (၆၀) ရာခိုင်နှုန်းအတွက်သာ လုံလောက်မှုရှိပြီး အခြားလိုအပ်ချက်များကို နိုင်ငံတကာနှင့် ပုဂ္ဂလိကအလှူရှင်များက ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။အခမ်းအနားသို့ လူမှုအခြေပြုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားလူငယ်များ စုစုပေါင်း (၂၀၀၀) နီးပါး တက်ရောက်ခဲ့ပြီး ကရင့်ရိုးရာ ဒုံးယိမ်အကနှင့် ကျဘမ်းစကားပြောပြိုင်ပွဲများအပါအ၀င် ဖျော်ဖြေရေးအစီအစဉ်များကို ညပိုင်းအထိ ကျင်းပခဲ့သည်။မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရောက် ၈၈ မျိုးဆက်ကျောင်းသားများ ကူညီပံ့ပိုးမှုအပါအဝင် ဒေါက်တာ စင်သီယာမောင်၊ ဦးသိုက်စိုး၊ ဦးဝဏ္ဏ၊ ဦးချစ်ဝင်း၊ ဆရာမနော်ထူးနှင့် ဦးစိန်ဟန် စသည့်ပုဂ္ဂိုလ် (၆) ဦးက စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

အပြည့်အစုံ...>>

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေနိုင်ငံခြားပို့မည့် ပွဲစားခြေချင်းလိမ်

၁၉ ဖေဖော်ဝါရီ ၂၀၀၉။ NEJ

တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက်လာသည့် လူသစ်များကို အခကြေးငွေယူပြီး နိုင်ငံခြားထွက်ခွာခွင့်ရရန် စီစဉ်ပေးသူများထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူအချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင်ဒုက္ခသည်ကော်မတီ KRC မှ ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ပြောသည်။
မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကိုကိုင်တွယ်ဖို့ ပြီးခဲ့တဲ့အပတ်က KRC အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေလိုက်နာဖို့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေးအတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲဖြစ်တယ်" ဟုပြောသည်။
လက်ရှိ မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၇၀၀) ခန့်ရှိပြီး စာရင်းမဝင်သေးသည့် လူသစ်ဦးရေမှာ (၂၁,၁၁၈) ဦး ရှိသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အသစ်ဝင်ရောက်လာသူ (၁၃,၀၀၀) ထဲမှ (၈,၀၀၀) ခန့်ကိုသာ ရိက္ခာပေးနိုင်မည့် အနေအထား ရှိသည့်အတွက် ဒုက္ခသည် တာဝန်ရှိသူများမှ စခန်းအတွင်း ကွင်းဆင်း၍ ရိက္ခာပေးရန် သင့်မသင့်စီိစစ်သွားမည် ဖြစ်သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။
တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်း (၃) ခုတွင် ပြည်တွင်းမှ ငွေကြေးတတ်နိုင်သူများကြောင့် စခန်းတွင်း အကျင့်ပျက်ခြစားမှုများ တနေ့ထက် တနေ့ ပိုမိုဆိုးဝါးလာပြီး အဂတိလိုက်စားမှုနှင့် ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ သို့သော် ထိရောက်သည့် အရေးယူမှုများ လုံးဝမရှိသေးကြောင်း၊ ပြည်တွင်းမှလူများ အိုးအိမ်ခြံမြေ ရောင်းပြီး ငွေထုပ်ပိုက်ကာ ပွဲစားများအစီအစဉ်ဖြင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရ ရေး ကြိုးပမ်းကြရာမှ ဒုက္ခသည်စခန်းသမိုင်းတွင် မဖြစ်ပေါ်ဖူးသည့် အရှုပ်အရှင်းများ ဖြစ်ခဲ့ရ သည်ဟု ဒုက္ခသည်စခန်းတခုမှ ဘာသာရေးဆရာတဦးကပြောသည်။
ဒုက္ခသည်စခန်း ဝင်ရန်အတွက် မယ်လနှင့် အုံးဖျန်ဒုက္ခသည်စခန်းများတွင် လူတဦးလျှင် အနည်းဆုံး ဘတ် (၁၀,၀၀၀) ပေးရသည်ဟု စုံစမ်းသိရသည်။ ငွေပေးပြီးစာရင်းမဝင်သူ တဦးက "ကျနော်တို့အဖွဲ့ တယောက်တသောင်းပေးတာ စာရင်းဝင်တဲ့လူ ရှိသလို၊ စာရင်းမဝင်ဘဲ ငွေကုန်ပြီး ဖွတ်မရ ဓားမဆုံးဖြစ်သူတွေ အများကြီးပဲ။ (၁၀,၀၀၀) ဆိုတာက စာရင်းဝင်ဖို့ပဲ။ စာရင်းဝင်ပြီး ရိက္ခာစကေး ရရှိဖို့ကျတော့ (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ပေးရတာတွေရှိတယ်။ ကိုယ်ကလည်း ခိုးကြောင်ခိုးဝှက်လုပ်ထားတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းတောင် မသိဘူး" ဟုခေတ်ပြိုင်သို့ပြောသည်။
အထူးသဖြင့် တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု အများဆုံးစခန်းများမှာ အုံးဖျန်နှင့် မယ်လစခန်းများဖြစ်သည်။ မကြာမီ အမေရိကန်သို့ ထွက်ခွာတော့မည့် အုံးဖျန်စခန်းတွင် လူစားထိုး ဒုက္ခသည်စာရင်းဝင်ထားသူတဦးက "နိုင်ငံခြားထွက်တဲ့အဆင့်ထိ ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ (၅၀,၀၀၀) လောက်ရှိမယ်ဆိုရင် လုပ်ပေးတဲ့ပွဲစားတွေ စခန်းထဲမှာ အရန်သင့်ရှိတယ်။ ငွေရှိဖို့ပဲ လိုတယ်" ဟုပြောသည်။
လူစားထိုးခြင်း ဆိုသည်မှာ ဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်သူအချို့မှာ တတိယနိုင်ငံသို့ ထွက်ခွာလိုခြင်း မရှိသည့်အတွက် ရပ်ကွက်မှူးများနှင့် ပွဲစားများကငွေပေးပြီး ဒုက္ခသည်အမည် ပေါက်စာရင်းကို မြန်မာနိုင်ငံမှလာရောက်သည့် ငွေရှင်များနှင့် နေရာအစားထိုးပေးခြင်းဖြစ် သည်။ တနည်းဆိုရလျင် ဒုက္ခသည်စခန်းတွင် အစောပိုင်းထဲက ရောက်နေသည့် ကရင်ဒုက္ခ သည် အစစ်တဦး၏ စခန်းတွင်းနေသည့် သက်တမ်းကာလကို အရောင်းအ၀ယ်လုပ်သည့် သဘော ဖြစ်သည်။
နှစ်ရှည်ဒုက္ခသည်တဦးဖြစ်သူ စောတကော်က "ငါတို့မိသားစု (၃) ဦး နာမည်ရောင်းဖို့ ရပ်ကွက်လူကြီးက ဘတ် (၁၅,၀၀၀) ပေးတယ်။ လူကြီးပြောတာက ငွေလည်းရမယ်၊ စခန်းကထွက်စရာမလိုဘူး၊ အရင်လို ရိက္ခာလည်း ဆက်ရမယ်ဆိုလို့ ရောင်းလိုက်တာ။ ရပ်ကွက်လူကြီး ကတိတည်တယ်၊ အားလုံးအဆင်ပြေတယ်။ ကိုယ်ကတော့ နာမည်အသစ်နဲ့ နေရတာတော့ ရှိတယ်" ဟုပြောသည်။
ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ ထွက်ခွာခွင့်ရရန် ကြိုးပမ်းနေကြသူများ ထဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှလာရောက်သူများသာမက စင်ကာပူ၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့တွင် အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသား အချို့လည်း ပါဝင်နေပြီး မြန်မာနိုင်ငံကူး ပတ်စ်ပို့ကိုင်ဆောင်နေသူများပါ စခန်းအတွင်းမှာ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်းအာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြန်မာဒုက္ခသည်များကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှ လူများသည် ငွေထုပ်ပိုက်ကာ တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ကြိုးပမ်းကြ ရာမှ စခန်းတာဝန်ရှိသူများနှင့် ဝန်ထမ်းများကြားတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်း ဖြစ်သည်။

အပြည့်အစုံ...>>

အွန်လိုင်း Skype သုံး၍ ရာဇဝတ်မှုများ ပိုမိုပြုလုပ်လာ

၁၇ ဖေဖော်ဝါရီ ၂၀၀၉။ လူထုအသံ

အီတလီ ရဲအရာရှိများက Skype ကို အသုံးပြုပြီး အင်တာနက်မှ တဆင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ် နေသည့် ရာဇ၀တ်မှုများ ပိုမို တိုးပွား လာကြောင်း နိုင်ငံတကာသို့ သတိပေး ပြောကြား လိုက်သည်။
ဂြိုဟ်တုဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှု တခုဖြစ်သည့် Skype ကို အသုံးပြုပါက ခြေရာခံ နိုင်ခြင်း မရှိသည်ကို ရာဇ၀တ်ကောင် များက အခွင့်ကောင်း ယူကာ အသုံးချ နေသည်ဟု မီလန် ရဲတပ်ဖွဲ့က ၀န်ခံခဲ့ကြသည်။
အထူးသဖြင့် လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အတွက် Skype ကို ပိုမို အသုံးချနေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ Skype ကုမ္မဏီသည် အသုံးပြုသူ များ၏ Privacy ကို အထိပါး မခံနိုင်ဟူသည့် အကြောင်းပြချက်ဖြင့် အာဏာပိုင်များက အချက်အလက် မျှဝေရန် တောင်းဆိုမှုကို ငြင်းပယ် ထားခြင်းကြောင့် ယခုလို မှုခင်းများ ဖြစ်ရသည်ဟု အီတလီ ရဲတပ်ဖွဲ့မှ ဆိုသည်။
Skype ကို အသုံးပြုသူ ဦးရေသည် ပြီးခဲ့သော နှစ်များအတွင်း သိသိသာသာ တိုးပွားလာခဲ့ပြီး အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့များသည်လည်း Skype ကို အသုံးပြုကာ တယ်လီဖုန်း ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု အမေရိကန် စစ်တပ်ကလည်း ပြောကြားခဲ့ဖူးသည်။
အီတလီ ၀န်ကြီးချုပ် ဆီဗီယို ဘာလူစကိုနီက Skype သည် ရည်ရွယ်ချက် ကောင်းမွန်သော်လည်း ဒုစရိုက်သမားများ အတွက် အထောက်အကူ ဖြစ်လာနိုင်သည်ကို သတိပြုသင့်ကြောင်း ကမ္ဘာသို့ ထပ်လောင်း အသိပေး ပြောကြားလိုက်သည်။

အပြည့်အစုံ...>>

ရိုဟင်ဂျာ ဘယ်သူလဲ ဘာလဲ

၁၇ ဖေဖော်ဝါရီ ၂၀၀၉။ အောင်တင်
မြန်မာပြည်ရဲ့ နယ်စပ်တနံ တလျားမှာ နှစ်နိုင်ငံကိုခွပြီး နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေ ရှိနေပါတယ်။ မြို၊ ခမီး၊ လူချိုင်း၊ မရမာကြီး၊ ရခိုင်၊ ချင်း၊ နာဂ၊ မီဇို၊ ကချင်၊ ရှမ်း၊ ၀၊ ပအို့၊ ပလောင်၊ လီဆူး၊ ပဒေါင်၊ ကရင်၊ မွန်၊ စသဖြင့် တိုင်းရင်းသားအသီး သီးသည် မြန်မာနိုင်ငံဘက်မှာ နေထိုင်ကြသူများရှိသလို တဘက်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ လာအို၊ ယိုးဒယားနိုင်ငံတို့မှာ နေထိုင်ကြသူများလည်း ရှိပါတယ်။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို မိမိအခြေချနေထိုင်သောနိုင်ငံတွေမှာ ရရှိနေပါတယ်။ ရလဲရသင့်ပါတယ်။ ရပိုင်ခွင့်လဲ ရှိပါတယ်။အဲဒီတိုင်းရင်းသားတွေလိုပဲ မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နှစ်တွေရာထောင်ချီပြီး နေထိုင်ခဲ့ကြတဲ့ ပသျှူးလူမျိုးများ ရှိ နေပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေထိုင်တဲ့ ပသျှူးတွေကို ထိုင်းနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော် လည်း၊ မြန်မာနိုင်ငံဘက်မှာနေထိုင်တဲ့ ပသျှူးတွေကိုတော့၊ မူလတိုင်းရင်းသား(၁၄၃)မျိုးမှာ တရားဝင်အသိအမှတ်ပြုထားခဲ့ ပေမယ့် မဆလ ခေတ်ကစပြီး ယနေ့တိုင်စစ်အစိုးရအဆက်ဆက်က တိုင်းရင်းသားအဖြစ်က ပယ်ဖျက်ပစ်လိုက်ပါပြီ။ ဘာကြောင့် ပါလဲ။
ရခိုင်ပြည်မှာနေတဲ့ ကမန်လူမျိုးတွေဟာ သမိုင်းအထောက်အထားတွေအရ ဘယ်လိုမှငြင်းမရတဲ့တိုင်းရင်းသားစစ်စစ်တွေ ပါ။ ကမန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံမှအပ တခြားဘယ်နိုင်ငံမှာမှ နေထိုင်သူများလည်း မဟုတ်ကြပါဘူး။ မဆလခေတ်အထိ တိုင်းရင်းသားအဖြစ် အသတ်မှတ်ခံထားရပေမယ့် အခု န၀တ၊ နအဖလက်ထက်ကျမှ ဒီလောက်သမိုင်း စဉ်လာအရ အထင်ကရ တိုင်းရင်းသားတွေဖြစ်ကြတဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုတော့ ပါဘူး။ သူတို့ကို မှတ်ပုံတင် မထုတ်ပေးတော့ဘူး။ ခရီးသွားလာခွင့် ကန့်သတ်ထားတယ်။ သေမလို့ဖြစ်နေရင်တောင် ရန်ကုန်ကို ဆေးသွားကုဖို့ ခရီးသွားလက်မှတ်ကအစ အင်မတန်ခက်ခဲနေပါတယ်။ ဘာကြောင့်ပါလဲ။ကိုးကန့်လူမျိုးသည် မြန်မာ့သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါမှ တိုင်းရင်းသား မဟုတ်ခဲ့ပါ။ ရှမ်းလူမျိုး အတိုက် အခံ ခေါင်းဆောင်တဦးက ကိုးကန့်ဟာ ရာခိုင်နှုန်းပြည့် တရုတ်လူမျိုးစစ်စစ်ဖြစ်တယ်လို့ ပြောပြခဲ့ဖူးပါတယ်။ န၀တ၊ နအဖတို့က ကိုးကန့်ကို တိုင်းရင်းသားအဖြစ် ထပ်တိုးသတ်မှတ်လိုက်တော့၊ အမျိုးပျောက်မှာ စိုးကြောက်တတ်သူများ ကန့်ကွက်သံ မကြားလိုက်ရပါဘူး။ ဘာကြောင့်ပါလဲ။ကမန်နဲ့ ပသျှူးလူမျိုးတွေမှာ တူညီမှုတခု ရှိနေတာကိုတော့ ပြောဖို့လိုမယ်ထင်ပါတယ်။ သူတို့တွေဟာ အစ္စလမ်ဘာသာ ကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါတယ်။ ကိုးကန့်တို့သည် အစ္စလမ်ဘာသာဝင်များ မဟုတ်ပါ။နိုင်ငံသားတိုင်းလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသည်ကို လက်မခံနိုင်သေးသူများရှိနေပါသလား။ ဒါမှမဟုတ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစ္စလမ်ဘာသာမှလွဲ၍ အခြားဘာသာများကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိ သည်လို့ ပြဌာန်းဖို့လိုအပ်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ကျနော်တို့သည် အမေရိကန်သမ္မတ အိုဘားမားပြော သလို ၂၁ ရာစုအတွက် အဆင်သင့် မဖြစ်သေးသူများလား။ဒီနေရာမှာ စကားညှပ်အနေနဲ့ ထည့်သွင်းပြောကြားလိုတာက ကျနော်သည် ကိုးကန့်ဆန့်ကျင်ရေး၊ တရုတ်မုန်းတီးရေး သမား မဟုတ်သလို တိုင်းချစ် ပြည်ချစ် မြန်မာတရုတ်များကို ချစ်ခင်လေးစားသူလည်းဖြစ်ပါတယ်။ ကျနော်တို့ မြန်မာ မွတ်စလင်များသည် မြန်မာတရုတ်များကဲ့သို့ တိုင်းရင်းသားသွေးပါသူများဖြစ်ပြီး တိုင်းချစ်ပြည်ချစ်များ၊ တိုင်းပြည်အတွက် အသက်စွန့်ကာကွယ်တတ်သူများ ဖြစ်ကြပါတယ်။ မြန်မာပြည်ကို မြန်မာတိုင်းရင်းသားတွေကလွဲလို့ တရုတ်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ် လွှမ်းမိုးလာမှာကို မြန်မာမွတ်စလင်ကော၊ မြန်မာတရုတ်ကော လက်မခံနိုင်ပါဘူး။ရိုဟင်ဂျာ ဘာလဲရိုဟင်ဂျာကိစ္စကို စမပြောခင် စာဖတ်သူများကို မေတ္တာရပ်ခံလိုတာက ရိုဟင်ဂျာကိုဘယ်လိုမြင်ပါသလဲဆိုတာကို ကိုယ့်ဘာ သာမေးပြီး ကိုယ့်ဘာသာအရင်စမ်းပြီးဖြေကြည့်ပေးစေချင်ပါတယ်။ ရိုဟင်ဂျာတွေကိုလူအဖြစ်အသိအမှတ်ပြုနိုင်ပါသလား။ မေးခွန်းက သိပ်ရင့်သီးတယ်၊ အပြစ်တင်လိုသူများရှိလျင် ယနေ့ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံမှာ လှေပျက်ထဲထည့်ပြီး ပင်လယ် ထဲမျှောချတာကို တွေ့နိုင်ပါတယ်။ အဲဒါက ထိုင်းပဲ။ ကျုပ်တို့မြန်မာပြည်မှာ ဒါလောက်တော့ မဆိုးသေးပါဘူး ဆိုလာရင် ဆက်ဖတ်ကြည့်စေချင်ပါတယ်။ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာတွေကို ခွေးဆိုး၊ ခွေးရူးတွေထက်ပိုဆိုးတဲ့ ဗိုင်းရပ်စ်ရောဂါပိုးလိုသဘောထားတဲ့ ပညာရှင်များ၊ ခေါင်းဆောင်များ ရှိနေပါသေးတယ်။ သူတို့ရေးပြီး လူသိရှင်ကြား ကြေညာထုတ်ဝေတဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး Influx Virus ဆိုတဲ့စာအုပ်အမည်ဟာ ရိုဟင်ဂျာတွေကို ရွံရှာမုန်းတီးစရာ ကောင်းတဲ့၊ အင်မတန်အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ်ပိုးတွေ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို မပြန့်ပွားခင်အချိန်မီအလျင်အမြန် ဖျက်ဆီးပစ်ရသလို ရိုဟင်ဂျာ တွေကို မျိုးတုန်း ဖျက်ဆီးပစ်ရမယ်လို့ ပွင့်ပွင့်လင်းလင်း လှုံ့ဆော်လိုက်ခြင်းဖြစ်ပါတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ် တဲ့ အတွေးအမြင်ပါ။ လူမျိုးတွေရဲ့ အမည်ပေးပုံကို ဆက်လက်ဆွေးနွေးလိုပါတယ်။ရခိုင်လူမျိုးတွေကို မာဂဓဆိုတဲ့စကားက ဆင်းသက်လာတဲ့ မောက်လူမျိုးလို့ခေါ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်။ အာရကန် လူမျိုးလို့လဲ သမိုင်းမှာ အထင်အရှားရှိနေခဲ့ပါတယ်။ သို့သော် အမျိုးကို ချစ်ခြင်း၊ အမျိုးဂုဏ်ကို စောင့်ရှောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ရခိုင်(ရက္ခိုင်)လူမျိုးလို့ခေါ်မှ နှစ်သက်ကြတာမို့ မောက်၊ အာရကန်လို့မခေါ်တော့ဘဲ အားလုံးက ရခိုင် လူမျိုးလို့ခေါ်ကြပါတယ်။တောင်သူက ပအို့၊ တလိုင်းက မွန်၊ ဂျိန်းဖောက ကချင်၊ ဆီရမ်(Siam)က ထိုင်း(Thai)၊ ဆီလုံ(Ceylon)က သီရိလင်္ကာ (Srilanka)၊ အက်စကီးမိုး(Eskimo)က အိနွတ်(Inuit)လူမျိုး စသဖြင့် မိမိအမျိုးအမည်၊ မိမိနိုင်ငံအမည်ကို မိမိစိတ်ကြိုက် ပြောင်းကြတဲ့အခါ တခြားဘယ်လူမျိုး၊ တခြားဘယ်နိုင်ငံကမှ ငါသဘောမတူရင် ပြောင်းခွင့်မရှိဘူးလို့ မကန့်ကွက်နိုင်ပါဘူး။ ကန့်ကွက်ခွင့် မရှိပါဘူး။ သဘောထားကြီးစွာ၊ နားလည်မှုထားကာ ကာယကံရှင် ကြိုက်နှစ်သက်တဲ့အတိုင်း သတ်မှတ်ခေါ် ဝေါ်ပေးရတာပါပဲ။ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားလား၊ နိုင်ငံသားလား၊ နိုင်ငံခြားသားလားဆိုတာကို ခဏဘေးဖယ်ထားပြီး သူတို့က သူတို့ ကို ရိုဟင်ဂျာလို့ ခေါ်စေချင်တာကို မခေါ်နိုင်ပါဘူးလို့ ငြင်းသင့်ပါသလား။ ငြင်းခွင့်ကော ရှိပါသလား။ သူတို့ကို သမိုင်း မှာ စစ်တကောင်းသားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဘင်္ဂါလီကုလားလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ခေါ်တောလို့ ခေါ်ခဲ့သည်ဖြစ်စေ၊ ဒီနာ မည်တွေကို မကြိုက်လို့၊ ဒီနာမည်တွေဟာ နှိမ့်ချခေါ်ဝေါ်တာမို့ မခေါ်ပါနဲ့လို့ တောင်းဆိုတာကို မရဘူး၊ မင်းတို့ နာတာ၊ မကြိုက်တာ ငါဂရုမစိုက်ဘူး။ ငါခေါ်ချင်တာ ငါခေါ်မယ်လို့ တဘက်သားကို နှိမ့်ချပြီး ဆိုသင့် ဆိုထိုက်ပါသလား။အာဖရိကန်အမေရိကန်တွေကို သမိုင်းတလျှောက်လုံးမှာ အမည်းကောင်(Nigger) လို့ပဲခေါ်ခဲ့ကြပါတယ်။ အမည်းကောင် (Nigger)လို့ပဲ သမိုင်းမှတ်တမ်းတွေမှာ အထင်အရှား မှတ်တမ်းတင်ထားရှိခဲ့တာမို့ အမဲကောင်(Nigger)လို့ပဲ ခေါ်နိုင်မယ် လို့ ခုနေခါမှာ ပြောရဲသူများရှိပါသလား။ သူများတွေရဲ့ နှလုံးသားကို နာကျင်စေတဲ့ စကားလုံးမျိုး၊ အပြုအမူမျိုးကို ရှောင်ရှား ခြင်းသည် စာနာတတ်ခြင်း၊ လူသားဆန်ခြင်း ဖြစ်ပါတယ်။ ဘာသာတရားတွေရဲ့ အဆုံးအမများမှာ ပါရှိပါတယ်။ မြန်မာ့ယဉ် ကျေးမှုနဲ့လည်း ကိုက်ညီပါတယ်။ရိုဟင်ဂျာသည် တိုင်းရင်းသားလောမူလကသတ်မှတ်ထားသော တိုင်း ရင်းသားလူမျိုး ၁၄၃ မျိုးထဲမှာ ရိုဟင်ဂျာလူမျိုးက တရားဝင်ပါရှိထားပြီးဖြစ်တယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာလည်း၊ တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးဆိုပြီး ရေးသားပြဌာန်းထားတာတွေ ရှိခဲ့တယ်။ ရိုဟင် ဂျာတွေက လွတ်လပ်စွာ မဲပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ရိုဟင်ဂျာလွှတ်တော်အမတ်တွေ လွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ လွှတ်တော်ထဲမှာ အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ဗဟိုအစိုးရထဲမှာ ကျန်းမာရေးဌာန ပါလီမန်အတွင်းဝန်အဆင့် အထိ တာဝန်ယူခဲ့တာရှိခဲ့တယ်။ မြန်မာ့အသံက တိုင်းရင်းသားအသံတွေကို လွှင့်တဲ့အခါ ရိုဟင်ဂျာအစီအစဉ်ဆိုပြီး ၁၉၆၁ ခုနှစ်ကနေ ၁၉၆၅ခုနှစ် အထိ ရိုဟင်ဂျာဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့ တယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းလက်ထက် မှာ မှ အသံလွှင့်အစီအစဉ်သာမက တိုင်းရင်းသားအဖြစ်ကပါ ပယ်ဖျက်ခံခဲ့ရ တယ်လို့ အထောက်အထားများနှင့်ပြဆိုပါ တယ်။ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်က ရခိုင်ပြည်က မွတ်စလင်တွေဟာ တိုင်းရင်းသား အစစ်အမှန်တွေဖြစ်တယ်။ မြန်မာပြည်မှာ ရာခိုင်နှုန်းပြည့် သွေးမစပ်တဲ့ လူမျိုးဆိုတာ မရှိဘူး။ သူတို့ဟာ တိုင်းရင်းသား မဟုတ်ဘူး ဆိုရင် ငါတို့ (ရှမ်း)တွေလဲ တိုင်းရင်းသား မဟုတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ တဘက်က အပြန်အလှန် တင်ပြတာက ပြည်ထောင်စုအစိုးရက ဖဆပလတွေ မဲရအောင် ရိုဟင်ဂျာတွေကို တိုင်းရင်းသား အဖြစ် လာဘ်ထိုးတဲ့အနေနဲ့ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ ရိုဟင်ဂျာတွေဟာ တဘက် နိုင်ငံက မကြာသေးခင်ကာလကမှ အလုံးအရင်းနဲ့ စီးပွားရေးအရ ပြောင်းရွှေ့လာတဲ့ ဘင်္ဂါလီများသာဖြစ်တယ်။ သူတို့ကိုလက်ခံလိုက်ရင် သူတို့နောက်က ဘင်္ဂါလီ တွေဆက်ဝင်လာပြီး ရခိုင်တပြည်နယ်လုံးတွင်သာမက မြန်မာတပြည်လုံးမှာ ဘင်္ဂါလီတွေ လွှမ်းမိုးသွားနိုင်တယ် ဆိုတာဖြစ်ပါတယ်။မြန်မာပြည်ကို လူဦးရေပေါက်ကွဲမတတ်ဖြစ်နေတဲ့ အိမ်နီးချင်း လူမျိုးကြီးနှစ်မျိုးက ၀ါးမျို ဖုံးလွှမ်းသွားမှာကို မဖြစ်မနေတား ဆီးကာကွယ်ဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတာမို့ အင်မတန်သဘာဝကျပြီးစိုးရိမ်စရာကောင်းတဲ့ထောက်ပြမှုဖြစ်ပါတယ်။ ဒီတာဝန်ကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ဖို့က နယ်စပ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး အထူးသဖြင့် ရိုဟင်ဂျာနဲ့ ကိုးကန့်တို့ထံမှ ပြည့်ဝပြတ်သားသော စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှု (Uncompromised Commitment to cooperate)ကို မဖြစ်မနေလိုအပ်ပါတယ်။ အုပ်ချုပ်သူအစိုးရများဘက်ကလည်း နယ်စပ်ဒေသအားလုံး မှာ တိကျသောသန်းကောင်စာရင်း(Census)များကို ကောက်ယူ ထိန်းချုပ်နိုင်သော အနေအထား တရပ်ကို ဖေါ်ဆောင် နိုင်ဖို့လိုပါတယ်။နောက်အရေးကြီးတဲ့ အချက်တခုက ရိုဟင်ဂျာတွေမှာ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေး အစွန်းရောက် အဖွဲ့အစည်း တွေရှိခဲ့တယ်။ တိုင်းပြည်ကို ခွဲထုတ်ဖို့ ကြိုးစားခဲ့တဲ့၊ မွတ်စလင်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ အထောက်အထား တွေ ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါတယ်။ နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည်မပြိုကွဲရေးတွေနဲ့ ပတ်သက်နေတာမို့ အင်မတန်အရေးကြီးတဲ့ ထောက်ပြချက်ဖြစ်ပြန်ပါ တယ်။ ဒီတရားမျှတတဲ့ စိုးရိမ်ချက်(Legitimate Concern)ကို ရိုဟင်ဂျာ တွေဘက်က အဖြေပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးတွေ၊ ဒီလိုအစွန်းရောက် အယူအဆတွေ ရှင်သန်လှုပ်ရှား နေတုန်းပဲလား။ ရှိနေရင် ဘယ်လို ပူးပေါင်း တိုက်ဖျက်မလဲ။ မရှိတော့ပါဘူးဆိုရင်တောင် နောင်တချိန်ချိန်မှာ ပေါ်ပေါက် လာနိုင်သလား။ မပေါ်ပေါက်လာအောင် ဘယ်လို ပူးပေါင်းကာကွယ်သွားမလဲဆိုတာတွေ ဖြစ်ပါတယ်။သို့သော် ရိုဟင်ဂျာဆိုတာ မိမိတသက်မှာ လုံးဝမကြားဖူးပါဘူး၊ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ စကားကုန် ဆိုလာသူများကတော့ မိမိညံ့တာ၊ ဗဟုသုတနည်းတာ၊ မြန်မာ့နိုင်ငံရေးကို နားမလည်တာကို လူမသိ သိအောင် လူလည် ခေါင်မှာ မရှက်မကြောက်နဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြနေသလို ဖြစ်နေပါတယ်။မဟာပညာကျော်တချို့ကလည်း ရိုဟင်ဂျာတွေဟာ မြန်မာစကားမပြောတတ်တာကြောင့် မြန်မာတိုင်းရင်းသား၊ မြန်မာ နိုင်ငံသားဖြစ်ဖို့နေနေသာသာ မြန်မာ ပြည်မှာတောင် နေထိုင်ကြသူများ မဟုတ်ဘူးလို့ မျက်စိစုံမှိတ် ငြင်းတတ်ပြန်ပါတယ်။ မြန်မာပြည်မှာ မြန်မာစကားကိုလူတိုင်းမပြောတတ်တဲ့တိုင်းရင်းသား ကရင်၊ ချင်း၊ ရှမ်း၊ နာဂ၊ မွန်၊ ကချင်၊ ကယား၊ပလောင်၊ လီဆူး၊ ၀၊ လူချိုင်း စတဲ့ တိုင်းရင်းသားတွေအများအပြား စေ့စေ့ပေါက်ပေါက်ဆိုရင် အမျိုးတရာကျော်လောက်တောင် ရှိနေ နိုင်တာကို သိဟန် မတူကြပါဘူး။ရိုဟင်ဂျာတွေ ဘယ်တုန်းက ဘယ်လို မြန်မာနိုင်ငံထဲ ၀င်ရောက်လာတယ်ဆိုတာကို ဆွေးနွေးနိုင်တဲ့ စွမ်းရည် ကျနော့်မှာ မရှိပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသင့်၊ မပြုသင့်ဆိုတာကိုလည်း မဆွေးနွေးလိုပါဘူး။ ဆွေးနွေးသင့်သော အချိန်ကာလ ရောက်ပြီလို့လည်း မထင်သေးပါဘူး။ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို နောင်ဒီမိုကရေစီနိုင်ငံတော်ခေတ်ရောက်သောအခါ၊ ဒေါက်တာ ဦးအေးချမ်း၊ ဒေါက်တာ ဦးအေးကျော်တို့လို ရခိုင်ပညာရှင်တွေ၊ ရခိုင်ခေါင်းဆောင်တွေ၊ ရိုဟင်ဂျာ ပညာရှင်တွေ၊ ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ တခြားလိုအပ်သော နိုင်ငံခေါင်းဆောင်တွေ၊ ပညာရှင်တွေပါဝင်တဲ့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးဆုံးဖြတ်ခြင်းကသာ အကောင်းဆုံးနှင့် အမှန်ကန်ဆုံးဖြစ်မယ် ထင်ပါတယ်။ရိုဟင်ဂျာသည် နိုင်ငံသားလောဒီနေရာမှာ လူတွေမျက်စိလျှမ်းနေတတ်တဲ့ အရေးကြီးတဲ့ အခြေအနေတရပ်ကို ထပ်ထောက်ပြဖို့လိုနေသေးတယ်လို့ ထင်ပါတယ်။ ရိုဟင်ဂျာတွေကို တဘက်နိုင်ငံက တရားမ၀င်ခိုးဝင်လာသူတွေဆိုပြီး စစ်ဆင်ရေးအမျိုးမျိုးလုပ်လာတဲ့ အပေါ်မှာ ဒီရို ဟင် ဂျာ အမည်ခံ ဘင်္ဂါလီတွေက တဘက်နိုင်ငံသားတွေဖြစ်ကြတာမို့ အစစ်အဆေးမခံနိုင်ဘဲ တဘက်က သူတို့နိုင်ငံထဲကို ထွက်ပြေးသွားတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ ဒါဖြင့်ရင် ဘင်္ဂါလီတွေသာဖြစ်တဲ့ ရိုဟင်ဂျာတွေကို စစ်ဆင်ရေး အကြိမ်ကြိမ်လုပ်ပြီးတိုင်း ဘာလို့အကြိမ်ကြိမ် ပြန်လက်ခံနေ ရတာလဲ။ ကိုယ့်နိုင်ငံသားမဟုတ်ဘူးဆိုရင် ပြန်လက်ခံစရာမလိုပါဘူး။ ပြန်လက်ခံရတယ်ဆိုကတည်းက ထွက်ပြေးသွားတဲ့ တဘက်နိုင်ငံသားဆိုသူတွေဟာ တကယ် တော့ နဂိုကတည်းက ကိုယ့်နိုင်ငံသား ဖြစ်နေလို့ပဲပေါ့။ ရှင်းရှင်းလေးပါ။ သို့သော် ဒီနေရာမှာ တဘက်နိုင်ငံသားတွေ က တရားမ၀င် ခိုးဝင်နေထိုင်နေတာတွေလဲ ရှိနေနိုင်ပါတယ်။ မှန်မှန်ကန်ကန်ဖြစ်အောင် တရားဥပဒေနဲ့အညီ စိစစ်နိုင်ဖို့ လိုပါတယ်။ဒီအခါမှာ နောက်မေးခွန်းတခုက မေးစရာဖြစ်လာပါတယ်။ ပြန်လက်ခံရမှာကို သိနေရက်နဲ့ ဘာလို့ မောင်းထုတ်တာတွေကို အကြိမ်ကြိမ်လုပ်နေရသလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေနှစ်ချက်ကို စဉ်းစားမိပါတယ်။တခုကတော့ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း တတိုင်းပြည်လုံး ရန်ကုန်ကအစ နယ်စပ်တွေအဆုံး မတည်မငြိမ်မှုတွေကို ဖန်တီးထားနိုင်မှ စစ်အာဏာရှင်ဆိုတာမျိုးက သက်ဆိုးရှည်တတ်တာမျိုးဖြစ်လို့ ဖြစ်ပါတယ်။နောက်တချက်စဉ်းစားမိတာက၊ တိုင်းရင်းသားလူမျိုးတွေထဲက လွတ်လပ်ရေးစိတ်ဓာတ်အပြင်းထန်ဆုံး လူမျိုးစုတွေထဲမှာ ရခိုင်အမျိုးသားက ထိပ်ဆုံးက အုပ်စုထဲမှာပါတယ်လို့ ကျနော်လေ့လာမိသလောက်အရ ထင်မိပါတယ်။ (လူမျိုးစုတွေ လွတ် လပ်ရေးလိုချင်တာ၊ ကိုယ့်လူမျိုးကိုယ်အုပ်ချုပ်ချင်တာ အပြစ်မဟုတ်ပါဘူး။ သဘာဝပါ။ ဒါကြောင့် စစ်မှန်သော ပြည်ထောင် စုကို ဖွဲ့လိုရင်၊ တကယ်ပဲ တိုင်းပြည်အေးချမ်းဖွံ့ဖြိုးလိုရင် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်ကို မဖြစ်မနေ အခြေခံ ရမှာဖြစ်ပါတယ်)။ ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်နောက်တခုက ပြည်မကနေပြီး ဆက်သွယ်ရ အခက်ခဲဆုံး ပြည်နယ်ဖြစ်ခြင်းအပြင် မိမိဘာသာ ရပ်တည်မယ်ဆိုရင် ရပ်တည်နိုင်တဲ့ ပထ၀ီအနေအထားရှိနေခြင်းတို့ကလည်း အထောက်အကူပြုသလိုဖြစ်နေပါတယ်။ဒီတော့ မဆလအပါအ၀င် စစ်အစိုးရအဆက်ဆက်က ဒီရခိုင်အမျိုးသားတွေကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းစုံကို အသုံးပြုတဲ့ အခါမှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်ဖို့၊ ရခိုင်လူမျိုးတွေ အားနည်းစေဖို့ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပဋိပက္ခ(Constant in-fighting)ကို အစဉ်မပြတ်ဖြစ်ထွန်းနေအောင် ဖန်တီးခြင်း က လည်း နည်းလမ်းတခုအဖြစ် သုံးစွဲခဲ့ တယ်လို့ ထင်ပါတယ်။ဒေါက်တာ ဦးအေးချမ်းက သူငယ်ငယ်က ဘူးသီးတောင်က ရိုဟင်ဂျာတွေထဲမှာ ကြီးပြင်းလာကြောင်း၊ အင်မတန် ချစ် ကြည်အေးချမ်းစွာနေခဲ့ကြရကြောင်းကို ပြောပြဖူးပါတယ်။ အေးချမ်းတယ်ဆိုလို့ ရိုဟင်ဂျာနဲ့ ရခိုင်ကြားမှာ ပြဿနာလုံးဝ မရှိဘူးလို့ပြောနေတာတော့ မဟုတ်ပါဘူး။ ဘာသာတူ၊ လူမျိုးတူ၊ စကားတူတဲ့ တရွာတည်းသားတွေတောင် ရွာတောင်ပိုင်း နဲ့ ရွာမြောက်ပိုင်း ဓားခုတ်ပွဲဖြစ်တတ်သေးတာပါပဲ။ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ် အကူးအပြောင်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ အမြင်မကျယ်မှုတွေကြောင့် ဖြေရှင်းနိုင်တဲ့ ဖြစ်ရိုးဖြစ်စဉ် လူမှုပဋိပက္ခတွေကို ထိန်းမနိုင် သိမ်းမရဖြစ်သွားအောင် တွန်းပို့လေခဲ့သလားလို့ ဆင်ခြင်မိပါတယ်။ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့အမြင်ပေါ်မှာ ဆက်လက်ဆွေးနွေးသွားလိုပါတယ်။နောင်ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေး၊ တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ အခြေခံအချက်ကြီး (၃)ရပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးချင်ပါတယ်။ ဒီအခြေခံ အချက်ကြီး (၃)ရပ်ကို လက်မခံနိုင်သူများကတော့ ကျနော့်ဆွေးနွေးချက်တွေကို လက်ခံနိုင်မယ်မထင်ပါဘူး။ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်မခံသေးသရွေ့ လူမျိုးစုလွှတ်တော်လို လွှတ်တော်မျိုးမှာ ရိုဟင်ဂျာတွေက လူ မျိုးစုကို ကိုယ်စားပြုပြီး တက်ရောက်ခွင့် မရှိနိုင်ပါဘူး။ သို့သော် လူဦးရေကို အခြေခံတတ်တဲ့ ပြည်သူ့လွှတ်တော်တွင်း မှာ တော့ နိုင်ငံသားဖြစ်တဲ့ ရိုဟင်ဂျာတွေက လွှတ်တော်အမတ်တွေအဖြစ်ပါဝင်နိုင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြ မှာဖြစ် ပါတယ်။လူမျိုးစုလွှတ်တော်ဆိုတာ လူဦးရေပေါ်မှာ မူမတည်ဘဲ တိုင်းရင်းသားလူမျိုးစုဖြစ်ခြင်းပေါ်မှာ အခြေခံပါတယ်။ သန်းသုံး ဆယ်ကျော်နိုင်တဲ့ မြန်မာလူမျိုးက လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်တက်ခွင့်ရှိရင် သိန်းဂဏန်းလောက်ရှိတဲ့ လူမျိုးငယ် တခုကလည်း နှစ်ယောက်တက်ခွင့်ရတတ်တဲ့ လွှတ်တော်မျိုးပါ။ လူမျိုးစုတွေရဲ့ မူလရပိုင်ခွင့်တွေကို တာဝန်ခံထိန်းသိမ်း ကာကွယ်မယ့် အထက်လွှတ်တော်ပုံစံမျိုးဖြစ်ပါတယ်။ အမေရိကန်က ဆိနိတ်(Senate)လိုအဖွဲ့မျိုးနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ လူဦးရေအချိုးအလိုက် တက်ခွင့်ရတတ်တဲ့၊ တကယ့်ကို လူထုအခြေခံတဲ့၊ တနိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုတဲ့၊ လုပ်ပိုင်ခွင့်အာဏာပိုများတတ်တဲ့ လွှတ်တော်ဖြစ်ပါတယ်။အနာဂတ်တိုင်းပြည်ခေါင်းဆောင်များ၊ အထူးသဖြင့် ရခိုင်အမျိုးသားခေါင်းဆောင်များအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းသာယာရေး၊ အထူးသဖြင့် တရားမ၀င်နိုင်ငံခြားသားများ ၀င် ရောက်လာမှု တားဆီးရေး၊ လုံခြုံရေးတို့ကို ရခိုင်ပြည်နယ်က့ ရိုဟင်ဂျာတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်ခံမှုမရဘဲ အကောင်အထည်ဖော်နိုင်မယ် ထင်ပါသလား။ ဖော်သင့်တယ်လို့ကော ထင်ပါသလား။ နောင်တိုင်းပြည်တည်ထောင်ရေးကို အရှည်မျှော်ပြီး ကိုယ်ကနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့၊ ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်ကိုးစားမှုကို ရနိုင်သမျှရလာအောင် အခုကတည်းက ကြိုးးစားစည်းရုံးဖို့ မသင့်ပေဘူးလား။ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူအဆတွေနှင့် ကင်းကွာသွားအောင် အကူ အညီပေးသင့်သလား။ ဒါမှမဟုတ် သာမန်ရိုဟင်ဂျာပြည်သူတွေကို အစွန်းရောက် ခေါင်းဆောင်တွေ၊ အစွန်းရောက် အယူ အဆတွေဆီ တွန်းပို့သင့်ပါသလား။ ရိုဟင်ဂျာပြည်သူတွေထဲက အလယ်အလတ်ကျတဲ့(Liberal and Moderate) ခေါင်း ဆောင်တွေ ပေါ်ထွန်းလာအောင် စနစ်တကျ အကူအညီပေးသင့်ပါသလား။ ဒါမှမဟုတ် အဲဒီအလယ်အလတ်ခေါင်းဆောင် တွေကို စိတ်ပျက်အားလျော့အောင် စိတ်ရှုပ်ထွေးအောင် စနစ်တကျ ပိတ်ဆို့ထားသင့်ပါသလား။အစွန်းရောက် ခေါင်းဆောင်တွေ၊ အယူအဆတွေကို တိုက်ဖျက်ဖို့ အကောင်းဆုံးနည်းက သာမန်ရိုဟင်ဂျာပြည်သူတွေကို ပညာပေး စည်းရုံးလက်တွဲရမယ်၊ အလယ်အလတ် သဘောထားရှိတဲ့ခေါင်းဆောင်တွေကို ဖော်ထုတ်ပေးရမယ်ဆိုတာ နိုင်ငံရေး အခြေခံသင်ပုန်းကြီး ကကြီး၊ ခခွေး ဖြစ်ပါတယ်။ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတောင် မကြားချင်တတ်တဲ့ အစွန်းရောက်ပုဂ္ဂိုလ်များကို တချက်လောက် ထပ်ထောက်ပြလိုပါ သေးတယ်။ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်က တယောက်မကျန် မောင်းထုတ်တာမျိုးကို လုပ်နိုင်မယ် ထင်ပါသလား။ မလုပ်နိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းစွာအတူနေနိုင်ဖို့ ဦးဆောင်မှုပေးချင်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတာကို အချင်းချင်းကြားမှာရှိနေတဲ့ သံသယတွေ၊ စိုးရိမ်မှုတွေကို အပြန်အလှန် လေးစားမှုနဲ့ ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက်နိုင်ပါတယ်။ အမိန့်ပေးခြင်းဖြင့် မတည်ဆောက်နိုင်ပါဘူး။ မိမိပြည်နယ်ထဲမှာ ရှိတဲ့ ဒုတိယအင်အားအကြီး ဆုံးဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ လက်မတွဲဘဲနဲ့တော့ ရခိုင်ပြည်နယ် အေးချမ်းတိုးတက်ရေး၊ လုံခြုံ ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မတိုးတက်ရင် ရခိုင်ပြည်သူတွေလည်းတိုးတက်လာမှာမဟုတ်ပါ။ နိဂုံးချုပ်အနေနှင့် ရိုဟင်ဂျာလှေစီးဒုက္ခသည်တဦးရဲ့ ရေဒီယိုအင်တာဗျူးကို တင်ပြလိုပါတယ်။ သူက “ဗမာပြည်မှာ ဘယ် လိုမှလဲနေလို့ မရတော့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစိုးရက ဒုက္ခပေးနေတာပဲ။ ပင်လယ်ထဲမှာ တခါတည်း သေရင်လည်း သေပစေတော့ဆိုပြီး ထွက်လာခဲ့တယ်” လို့ပြောခဲ့ပါတယ်။ သာမန်ရိုဟင်ဂျာပြည်သူတွေရဲ့ နိစ္စဓူဝ ဒုက္ခကို မည်သူမဆို စာနာနိုင်မယ်လို့ ယုံကြည်ပါတယ်။
စာရေးသူသည် ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် အခြေစိုက်နေထိုင်သော မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်ပါသည်။

အပြည့်အစုံ...>>

လူ့အခွင့်အရေး စုံစမ်းသူ ကင်တာနား နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံ

၁၇ ဖေဖော်ဝါရီ ၂၀၀၉။ ဗွီအိုအေ မြန်မာပိုင်း
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနား(Tomas Ojea Quintana) ဟာ ဒီကနေ့ ရန်ကုန်အင်းစိန်ထောင်ကို သွားရောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။မွန်းလွဲပိုင်းလောက်က ရန်ကုန်အင်းစိန်ထောင်ထဲက ကျန်းမာရေးမကောင်းသူတွေ အပါအ၀င်နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ဆုံခဲ့တာပါ။လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးကတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့ ရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနားက သူ့ရဲ့ ၆ ရက်ကြာခရီးစဉ် တစိတ်တပိုင်းအဖြစ် နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့တာပါ။ ရန်ကုန်မြို့အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပြီး မကြာသေးခင်ကမှ နှစ်ရှည်ထောင်ဒဏ်၁၅ နှစ် ကျခံခဲ့ရတဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်၊ ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကိုကျော်ကိုကို၊ နောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေမှာ လိုက်ပါဆောင်ရွက်ရင်း ကိုယ်တိုင် ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရတဲ့လူငယ်ရှေ့နေ ကိုညီညီထွေး အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံဖြစ်တဲ့အကြောင်း ရန်ကုန် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ ပြန်ကြားရေးတာဝန်ခံဦးအေးဝင်းက ပြောပါတယ်။
“ဒီနေ့တွေ့တာ ဒေါက်တာတင်မင်းထွဋ် အန်န်အယ်လ်ဒီ လွှတ်တော်အမတ်ရယ်၊ဦးကျော်ကိုကိုရယ် တွေ့တယ်။”
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းမှတ်တမ်းတင်ဖို့ နိုင်ငံတ၀န်းသွားရောက်ဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ အခုလို နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာ၊ အထူးသဖြင့် ကျန်းမာရေး ချို့တဲ့နေသူတွေနဲ့တခြား နိုင်ငံရေးအကျဉ်းသားတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဖို့ပါ အကျဉ်းသားမိသားစုဝင်တွေကတော့ ဆန္ဒရှိနေကြပါတယ်။ အခု မစ္စတာကင်တာနား တွေ့ဆုံခဲ့တဲ့အထဲက အသည်းရောင်ရောဂါဝေဒနာ ခံစားနေရပြီး အင်းစိန်ထောင်တွင်းဆေးရုံမှာကုသမှုခံယူနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုရဲ့မိခင် ဒေါ်စိုးစိုးသော်ရဲ့ဆန္ဒကတော့ ဒီလိုပါ။
“တွေ့စေချင်တာပေါ့။ ဒါမှ သူတို့အနေနဲ့လည်း သိသွားမှာပေါ့။ ကျမကလေးကအစတုန်းက ဘာမှမဖြစ်ပါဘူး။ ထောင်ထဲရောက်တော့မှ အနေအထိုင်၊ အစားအသောက်လေးတွေ လိုသွားလို့ဖြစ်မှာပေါ့။ ဘာတခုခု ချို့ယွင်းသွားလဲတော့ မသိဘူး။အဲဒါကြောင့်။ ရောဂါအနေနဲ့ကြတော့ ပြင်းတယ်၊ ရှင်းရှင်းပြောရရင်။ ဒီတခေါက်ကျမတို့သွားတော့ သူက ဆေးစစ်ရမယ်တဲ့။ ဆေးစစ်ဖို့ကိစ္စမှာ ပထမတခေါက်တုန်းကသူ့ကို ဆေးစစ်ပေးထားတဲ့အတွက် နည်းနည်းလိုနေသေးတာပေါ့၊ သူ့တို့အနေနဲ့ငွေရေးကြေးရေး လိုနေသေးတာပေါ့။ အဲဒါကြောင့် ကျမတို့က သူ့ကို စရိတ်မျှပေးကျန်းမာရေးပေါ့လေ။ အဲဒီအတွက်ကြောင့် သူ့ကို စရိတ်ပေးရမယ်ပေါ့၊ ဆေးစစ်ခလေးပေါ့။ အဲဒါကြောင့် ၁၈,၀၀၀ ကျရင် ကျမတို့က ၉,၀၀၀ စိုက်ရတာပေါ့လေ။”
အထူးကိုယ်စားလှယ်ဟာ ခရီးစဉ်အစအဖြစ် တနင်္ဂနွေနေ့တုန်းကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ဘက်ကိုလည်းသွားရောက်ခဲ့တာပါ။ အခုလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားရောက်မယ့် သူ့ရဲ့ခရီးစဉ် အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်က သွားရောက်ခဲ့တဲ့နောက်ပိုင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာဖို့ပဲဖြစ်တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားတာပါ။
ဒီခရီးစဉ်မှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ပြီးမြောက်အောင်ဆောင်ရွက်ဖို့ကုလသမဂ္ဂက တိုက်တွန်းထားတဲ့ ပြည်တွင်းဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ထဲမှာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းဖို့၊ ယုံကြည်မှုကြောင့် အကျဉ်းချခံနေရသူတွေကိုလွှတ်ပေးဖို့၊ စစ်တပ်အတွင်းမှာ လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့နဲ့ တရားစီရင်ရေး လွတ်လပ်မှုရှိစေဖို့ စတဲ့ကိစ္စတွေမှာ အာဏာပိုင်တွေဘက်က ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာအရာရှိတွေနဲ့ ဆွေးနွေးဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် မစ္စတာကင်တားနားဟာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့လည်း လွတ်လပ်စွာ တွေ့ဆုံခွင့်ရဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အတိုက်အခံနိုင်ငံရေးအသိုင်းအ၀န်းကတော့ သူတို့နဲ့ တွေ့ဖို့ဆုံဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့အခုအထိတော့ ဘာမှမသိရသေးဘူးလို့လည်း ပြောကြပါတယ်။

အပြည့်အစုံ...>>

လူ့အခွင့်အရေးကိုယ်စားလှယ် ဖားအံထောင်ကိုသွာရောက်

၁၆ ဖေဖော်ဝါရီ ၂၀၀၉။
ဘီဘီစီမြန်မာပိုင်းကုလသမဂ္ဂရဲ့ မြန်‌မာနိုင်‌ငံဆိုင်‌ရာ လူ့အခွင့်‌‌ အရေးအထူးကိုယ်‌စားလှယ်‌ တိုးမတ်‌စ်‌အို‌ဟေးကင်‌တားနား ဟာ ဒီက‌နေ့ ဖားအံမြို့ကို ‌ရောက်‌သွားခဲ့ပြီး ဖားအံ‌ထောင်‌က နိုင်‌ငံ‌ရေး အကျဉ်းသား တချို့နဲ့ ‌တွေ့ဆုံ ခဲ့တယ်‌ လို့သိရပါတယ်‌။
ဖားအံ‌ထောင်‌မှာ ကို‌နေဘုန်းလတ်‌ ၊ ကိုသန့်‌ဇင်‌‌အောင်‌ နဲ့ ကိုဝဏ္ဏစိုး တို့ အပါအဝင်‌ နိုင်‌ငံ‌ရေး အကျဉ်းသား အနည်းဆုံး ၉ ဦးရှိပြီး မစ္စတာ ကင်‌တားနားဟာ ဘယ်သူတွေနဲ့တွေ့ပြီး ဘ်ာတွေဆွေးနွေးခဲ့တယ်ဆိုတာကို အသေအချာမသိရပါဘူး။ မစ္စတာ ကင်‌တားနား ဖားအံကိုမရောက်ခင်မှာ အကျဉ်းသားနေရာချထားမှုကို အပြောင်းအလဲတွေလုပ်ခဲ့ပြီး ထောင်တွင်းသန့်ရှင်းရေးကိုအထူးလုပ်ဆောင်ခဲ့တယ်လို့ ကိုနေဘုန်းလတ်ကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ သူ့မိခင်က ဘီဘီစီကိုပြောပြခဲ့ပါတယ်။နေ့လယ်ပိုင်းမှာတော့ မစ္စတာ ကင်‌တားနား ဖားအံထောင်ကနေ DKBA ဌာနချုပ်ဖြစ်တဲ့ မြိုင်ကြီးငူကိုသွားရောက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ တနင်္လာနေ့မှာ သူဟာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကိုသွားရောက်နိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။မစ္စတာ ကင်‌တားနား မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ ၆ ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့ကို စနေနေ့ကရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူ့ခရီးစဉ်အတွင်း မစ္စတာ ကင်‌တားနားဟာ ကချင်ပြည်နဲ့ ရခိုင်ပြည်နယ်တွေဆီကိုလည်းသွားရောက်ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက မစ္စတာ ကင်‌တားနား ပထဆုံးအကြိမ် ရန်ကုန်ကိုရောက်ရှိစဉ်က သူဟာနေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ခွင့်တောင်းခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေကခွင့်မပြုခဲ့ပါဘူး။ဒီတစ်ခေါက်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေး ထပ်ပြီးတောင်းဆိုလိမ့်မယ်လို့သိရပါတယ်။

အပြည့်အစုံ...>>

မြ၀တီလက်နက်ကြီးပေါက်ကွဲမှုကေအန်ယူငြင်းဆို

၁၆ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
စနေနေ့ နံနက် ၂ နာရီခန့်က ကရင်ပြည်နယ် မြဝတီမြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည်ဟု နအဖ၏စွပ်စွဲမှုသည် အခြေအမြစ်မရှိသည့် စွပ်စွဲမှုသာဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က ငြင်းဆိုလိုက်သည်။
ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီက "ဒီကိစ္စ ကေအန်ယူ လုပ်တာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောရဲပါတယ်။ ဒါမျိုးလုပ်ဖို့ ကေအန်ယူမှာ မူမရှိဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တာတော့ ရှိတယ်။ အရင်သွားတိုက်တာမျိုးတော့ မလုပ်ဘူး။ သူတို့ အရင်လာတိုက်ရင်တော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်သွားရမှာပဲ။ ကေအန်ယူက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရပဲဖြေရှင်းရမယ့် မူချထားတာရှိတယ်။ မြဝတီမြို့ပြင် မိုင် (၂၀) ပတ်လည်လောက်မှာ ဒီကေဘီအေအဖွဲ့ရှိတယ်၊ ငြိမ်းချမ်းရေး အဖွဲ့ရှိတယ်၊ ပြည်သူ့စစ်ရှိတယ်၊ နအဖတပ်တွေရှိတယ်။ အဲဒီနေရာတွေကို သူတို့က အဖြူရောင်နယ်မြေ သတ်မှတ်ထားတယ်။ (၆၀) မမ (၈၁) မမ တို့နဲ့ မိုင် (၂၀) အကွာကနေ မြဝတီမြို့ကိုပစ်ရင် ဘယ်လိုမှမရောက်နိုင်ဘူး။ မြဝတီမြို့နဲ့ ကျနော်တို့တပ်စခန်းရှိတဲ့ နေရာတွေဟာ အနည်းဆုံး မိုင် (၂၀) မိုင် (၃၀) လောက်မှာရှိတယ်။ ကျနော်တို့မှာ တာဝေးပစ်ဒုံးကျည်လည်း မရှိဘူး" ဟု ခေတ်ပြိုင်သို့ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) တပ်မဟာ ရုံးမှ ဒုတိယဗိုလ်မှူးကြီးတဦးက ပြောကြားရာ တွင် "မြဝတီ-ဖားအံ ကားလမ်းမရဲ့ တောင်ဘက်မှာ တပ်မဟာ (၆) အခြေစိုက်ပြီး မြောက်ဘက်မှာ တပ်မဟာ (၇) အခြေစိုက်တယ်။ မြဝတီမှာရှိတဲ့ ကျနော်တို့လူတွေရဲ့ အဆိုအရ အခုကျတဲ့ကျည်ဟာ (၆၀) မမကျည်ဖြစ်တယ်လို့ သိရတယ်။ ကျနော်တို့ တပ်တည်နေရာနဲ့ဆိုရင် (၆၀) မမနဲ့ပစ်လို့ ဘယ်လိုမှရောက်စရာ အကြောင်းမရှိ ဘူး။ မြဝတီမြို့ အနီးပတ်ဝန်းကျင်ကို ပြောက်ကျားနည်းနဲ့ ဝင်တိုက်တာတွေတော့ရှိတယ်" ဟုပြောသည်။
ယခုဖြစ်ရပ်နဲ့ပတ်သက်၍ ဒီကေဘီအေ အဖွဲ့မှ အရာရှိတဦးက "ဒီကိစ္စ ပြောရမယ် ဆိုရင် နိုင်ငံရေးဆိုတာ ကောက်ကျစ် ညစ်ပတ်မှု၊ မဟုတ်ရင် ဘယ်မြဲမှာလဲ။ ဘယ်သူဘယ်ဝါ လုပ်သလဲဆိုတာ သိချင်ရင် ကိုယ့်ဖာသာကိုယ် စဉ်းစားကြ" ဟု ပြောသည်။
မြဝတီမြို့ခံတဦးက အမှတ်(၅) ရပ်ကွက် ဇေ တည်းခိုခန်းအနီးတွင် လက်နက်ကြီးကျည်ကျသဖြင့် တည်းခိုခန်းအနီး ရပ်ထားသည့် တောင်းအေ့စ် ကားတစီး အနည်းငယ်ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ အစိုးရမှ ကေအန်ယူ လက်ချက်ဟု ဆိုသော်လည်း မြို့ခံများမှာ စိတ်ဝင်စားမှုနှင့် ယုံကြည်မှု မရှိကြောင်း ပြောကြားသည်။
ယခင်ကလည်း မြဝတီမြို့ ချစ်ကြည်ရေးတံတားထိပ်ရှိ မွန်ပြည်သစ်ပါတီမှ မွန်မြင့်အောင်ပိုင်သည့် ရွှေပြည်စံရာ တည်းခိုခန်းတွင် လူမရှိသည့်အခန်းအတွင်းမှ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယနေ့ထိ လက်သည်ဖမ်းဆီးရမိခြင်း မရှိဘဲ မြန်မာအာဏာပိုင်များ က မြန်မာအတိုက်အခံအဖွဲ့အစည်းများနှင့် ကေအန်ယူကို အပြစ်ပုံချ စွပ်စွဲထားသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကေအန်ယူအကြမ်းဖက်သောင်းကျန်းသူများ သည် ကရင်ပြည်နယ် မြဝတီမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အဝေးမှ (၄) ချက်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် (၂) လုံးသည် မြို့နှင့် အနောက်တောင်ဘက် (၇) မိုင်အကွာတွင်လည်းကောင်း၊ လက်နက်ကြီးကျည် (၁) လုံးသည် မြဝတီမြို့ ဇေ တည်းခိုခန်း အနီးတွင်လည်းကောင်း၊ ကျန်လက်နက်ကြီး (၁) လုံးသည် တောရဘုန်းကြီးကျောင်းဝင်း အတွင်း၌လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိကြောင်း သိရသည်ဟု ဖော်ပြထားသည်။

အပြည့်အစုံ...>>

တစ်နာရီ မိုင်တစ်ရာနှုန်းခန့် စိုက်ဆင်းလေပြင်း ယခုလအတွင်းကျရောက်နိုင်

၁၅ ဖေဖော်ဝါရီ ၂၀၀၉။ the voice
စိုက်ဆင်းလေပြင်းသည် အများအားဖြင့် မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါလေပြင်း၏ သဘောသဘာဝမှာ အောက်အနိမ့်ပိုင်းနှင့် မြေပြင်အထက်ပေတစ်ထောင်ခန့်တို့တွင် တစ်နာရီလျှင် မိုင် ၁၅၀ မှ မိုင် ၂၀၀ အထိ မြန်ဆန်တတ်ကြောင်း၊ ယင်းကြောင့် ရေကြောင်းနှင့် လေကြောင်းဖြင့် ခရီးသွားမည့်သူများအထူးသတိထားသင့်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ဘက်စွန်းဒေသ၌ လွန်ခဲ့သည့်နှစ်အတွင်း စိုက်ဆင်းလေပြင်းကျရောက်၍ လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ဖူး ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောကြားသည်။
ရေကြောင်းခရီးစဉ်များနှင့် ပတ်သက်၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူပုဂ္ဂိုလ်တစ်ဦးက စိုက်ဆင်းလေပြင်းကျရောက်မှုကို ရေကြောင်းခရီးစဉ်များတွင်လည်း ကြုံခဲ့ဖူးကြောင်း၊ လွန်ခဲ့သည့် ၂၅ နှစ်ဝန်းကျင်က စိုက်ဆင်းလေပြင်းမိ၍ သင်္ဘောနစ်မြုပ်ခဲ့ဖူးကြောင်း၊ အလားတူ ၂၀၀၈ ခုနှစ်အတွင်း မြစ်ဝကျွန်းပေါ်ခရီးစဉ်တွင်ပြေးဆွဲနေသော ဗန္ဓုလရေယာဉ်သည်စိုက်ဆင်းလေကျရောက်မှုကြောင့် သွပ်ပြား ချပ်ရေ ၅၀ လန်သွားဖူးကြောင်း၊သို့ဖြစ်၍ စိုက်ဆင်းကျရောက်နိုင်သည့်ယခုကဲ့သို့ရာသီတွင် ရေကြောင်းခရီးစဉ်များကို အထူးသတိထား၍ ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။မုန်တိုင်းကျရောက်ပါက ရေယာဉ်များ အရေးပေါ်ပြောင်းရွှေ့ရမည့်နေရာသုံးနေရာမှာ ပုဇွန်တောင်မြို့နယ်နှင့်ဒေါပုံမြို့နယ် ဆက်သွယ်ထားသောတံတား (မဟာဗန္ဓုလတံတား)နှင့်မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ် ဆက်သွယ်ထားသောတံတား(သာကေတတံတားဟောင်း) အကြားနေရာ၊ လှိုင်မြစ်အထက်ပိုင်း ပန်းလှိုင်စက်မှုဇုန်နှင့် ပန်းလှိုင်တံတားအကြားနေရာနှင့် ကရင်ချောင်းအတွင်းတို့ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်အဆင့်(၃) (လေတိုက်နှုန်း တစ်နာရီ ၁၁၁ မိုင်မှအထက်) တိုက်ခတ်လျှင် အထက်ပါနေရာများ၌ ရေယာဉ်များအားလုံး ပြောင်းရွှေ့ရပ်နားရမည်ဖြစ်ကြောင်း၊ခရီးစဉ်အတွင်း ရောက်ရှိနေသည့်ရေယာဉ်များသည် သဘာဝဘေးအန္တရာယ်ကင်းမည့်နေရာတွင် ကမ်းပြုအခြေပြုရမည်ဖြစ်ပြီး ရေပြင်ကျယ်တွင်ရောက်ရှိနေပါက ကျောက်ချထားပြီးလေတိုက်ရာအရပ်သို့ ဦးတည်၍ စက်မောင်းထားရမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှသိရှိရ (သတင်းဖော်ပြပြီး The Voice Weekly Vol 4 No. 7) သည်။


အပြည့်အစုံ...>>

သတင်းထောက်များအတွက် အထောက်အကူပြု ဆော့်ဖ်ဝဲလ်

၁၃ ဖေဖော်ဝါရီ ၂၀၀၉။ ပုလဲနက်
မိုဘိုင်းဖုန်းများတွင် Recording များအား အလွယ်တကူပြုလုပ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်သော Total Record မိုဘိုင်း Recording software အား ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

၎င်းဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုပါက ဖုန်းများအတွင်းတွင် Recording များအား ကန့်သတ်ချက်ဖြင့်ထည့်သွင်းရန်မလိုအပ်ပဲ မိမိဖုန်းအတွင်းတွင် memory ရှိသလောက်ထိ Recording များအား ပြုလုပ်နိုင်မည်ဖြစ်ပြီး ဖုန်းအတွင်း တွင်ထပ်မံထည့်သွင်းထားသော memory ရှိသလောက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ ပြင်ယင်းဆော့ဖ်ဝဲအားအသုံးပြုပါက ဖုန်းလာသည့်အချိန်တွင် ဆော့ဖ်ဝဲမှအလိုလျောက် Recording ပြုလုပ်ပေးထားမည်ဖြစ်ပြီး ဖုန်းပြောပြီးပါက မိမိပြောခဲ့သောစကားများအား ဖုန်းမှ save လုပ်ချင်ပါက save လုပ်ထားနိုင်မည်ဖြစ်ပြီး မလုပ်ချင်ပါကဖျတ်ပစ်နိုင်မည်ဖြစ်သည်။၎င်းဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုမည်ဆိုပါက မည်သည့်ဖုန်းတွင်မဆို ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်မှတဆင့် download ပြုလုပ်ကာ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး Mr.Fone မိုဘိုင်းဖုန်းအရောင်းဆိုင်မှလည်း ၀န်ဆောင်မှုပေးကာ ထည့်သွင်းပေးလျက်ရှိကြောင်းသိရသည်။
Written By - ကိုသက်

အပြည့်အစုံ...>>

မရမ်းကုန်းဓာတ်အားခွဲရုံ မီးလောင်သိန်း (၃၀၀) ဖိုးဆုံးရှုံး

၁၃ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံ မီးလောင်ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မီးလောင်မှုကြောင့် ထရန်စဖော်မာတလုံး ပျက်စီးခဲ့ပြီး မြို့နယ်လျှပ်စစ်ရုံးတာဝန်ခံတဦး၏ ပြောပြချက်အရ မီးလောင်မှုကြောင့် သိန်း (၃၀၀) ဖိုး ဆုံးရှုံးသွားသည်ဟု သိရသည်။
မီးလောင်ရခြင်းအကြောင်းရင်းမှာ ထရန်စဖော်မာကိုသွားသော မြေအောက်ကြိုးရှော့ခ်ဖြစ်၍ မီးပွားများထွက်ရာကတဆင့် ထရန်စဖော်မာထဲရှိ လောင်စာဆီကို ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။
အငြိမ်းစားလျှပ်စစ်အင်ဂျင်နီယာတဦး၏ပြောပြချက်အရ ရန်ကုန်မြို့ရှိ လျှပ်စစ်ထရန်စဖော်မာများ အားလုံးမှာ ဟောင်းနေသည့်အတွက် အန္တရာယ်ရှိကြောင်း၊ ယခုလျှပ်စစ်ပေးဝေမှုပြုလုပ်ရာတွင်လည်း လုံလောက်သော ဓာတ်အားကို မပေးဝေနိုင်ခြင်းမှာ ယင်းသို့ ထရန်စဖော်မာများ ကာလရှည်ကြာဟောင်းနေသည့်အတွက် ဖြစ်ကြောင်း ပြောသည်။
(၁၂) ရက်နေ့က လောင်သော ထရန်စဖော်မာမှာ ကမ္ဘာအေးဗီလာနဲ့ နီးသည့်အတွက် အမြန်ပြန်လည် တပ်ဆင်ကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“အဲဒီကမ္ဘာအေးဗီလာထဲမှာက အိမ်တလုံးကို သိန်းပေါင်း သောင်းနဲ့ ချီတန်တယ်။ နေတဲ့သူတွေကလည်း ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေနေတာဗျ။ အဲဒီတော့ အမြန်လုပ်ရမှာပဲ။ ရပ်ကွက်အတွင်းမှာ ထရန်စဖော်မာ ၀ါယာကြိုးပေါက်နေတာလောက်ကျတော့ အနည်းဆုံးတပတ်ကျော်ကြာတယ်ဗျ” ဟု ရန်ကုန် သားတဦးက ပြောသည်။
အဆိုပါမီးလောင်သော ထရန်စဖော်မာမှာ တနေ့လျှင် ဗို့အား (၁) သောင်းခန့် ထုတ်ပေးနေကြောင်း သိရသည်။

အပြည့်အစုံ...>>

ဗွီအိုအေ အသံလွှင့်ဌာနမှ ရုပ်မြင်သံကြားထုတ်လွှင့်မှုတိုးချဲ့

၁၃ ဖေဖော်ဝါရီ ၂၀၀၉။
မြန်မာနိုင်ငံပြည်သူလူထုအတွက် သတင်းမှန်များကို ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ ဗွီအိုအေ သတင်းဌာနမှ အသံလှိုင်းအပြင် တိုးချဲ့ ရုပ်သံအစီအစဉ်အသစ်ကို စတင်လိုက်ပါပြီ သတင်းအမှောင်ချထားတဲ့ မြန်မာစစ်အစိုးရဖို့ မီးဖျက်လိုက်လို့ မီဒီယာပျက်မသွားဘူးဆိုတာ သိစေချင်ပါတယ် ဗွီအိုအေက ထုတ်လွှင့်မယ့်အစီအစဉ်တွေကတော့
ဗွီအိုအေမြန်မာရုပ်မြင်သံကြားအစီအစဉ် (ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင်စတင်မည်)
ထုတ်လွှင့်ချိန် ။ ။ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၇) နာရီ - (၇) နာရီခွဲ (တနင်္ဂနွေနေ့တိုင်း အစီအစဉ်သစ် တင်ဆက်ပြီး ကျန်ရက်များတွင် ပြန်လည်ထုတ်လွှင့်မည်)။ ဖမ်းယူကြည့်ရှုရန် ။ ။ အိန္ဒိယသမုဒ္ဒရာဒေသတွင်း ဆက်သွယ်ရေးဂြိုလ်တု (IOR) နဲ့ အေရှားဆက် အမှတ် (၃) ဆက်သွယ်ရေးဂြိုလ်တု (AsiaSat-3) တို့မှ ဖမ်းယူကြည့်ရှုနိုင်ပါတယ်။

အပြည့်အစုံ...>>

ဗိုလ်ချုပ်အောင်ဆန်းကို ပစ်ပယ်နေလို့ မြန်မာ့သမိုင်း ထိခိုက်

၁၃ ဖေဖော်ဝါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့ကို မြန်မာနိုင်ငံရဲ့ ကလေးများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေကို မြန်မာနိုင်ငံတ၀န်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလေ့ရှိခဲ့ပေမယ့် စစ်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း ဗိုလ်ချုပ်ရဲ့မွေးနေ့ဆိုင်ရာ အခမ်းအနားတွေ တဖြည်းဖြည်းမှေးမှိန် ကွယ်ပျောက်လာခဲ့ရပါတယ်။ အခုလိုအရေးပါတဲ့ နိုင်ငံခေါင်းဆောင်တယောက်ရဲ့ မွေးနေ့နဲ့သူ့ရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ထားတဲ့အတွက် သမိုင်းကို ဘယ်လောက်ထိခိုက်စေပါသလဲ၊အကြောင်းစုံကို မစုမြတ်မွန်က သုံးသပ်တင်ပြထားပါတယ်။

မြန်မာ့တပ်မတော်ရဲ့ဖခင်ကြီး ဖြစ်ရုံမက မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို အမှတ်တရပွဲတွေ မြန်မာနိုင်ငံမှာ တရားဝင်မကျင်းပတော့တာတော်တော်ကြာခဲ့ပါပြီ။ အရင်ကဆိုရင် ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ဗိုလ်ချုပ်မွေးနေ့မှာ ကဗျာရွတ်ပြိုင်ပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေကို ကျောင်းတွေ၊ရပ်ကွက်တွေမှာ ကျင်းပခဲ့ကြတာပါ။ အခုတော့ အဲဒီလို ပြိုင်ပွဲတွေလုပ်ဖို့ဝေးလို့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်တွေကိုတောင် တရားဝင်ထုတ်ဖော်ပြောတာ ရှားသွားပါပြီ။
ဒီတော့ နောင်လာနောက်သားတွေအနေနဲ့ ကိုယ့်နိုင်ငံ လွတ်လပ်ရေးရအောင်လုပ်ပေးခဲ့တဲ့ ခေါင်းဆောင်တယောက်ရဲ့ အကြောင်းတွေကို သိဖို့ ဘယ်လောက်အရေးကြီးပါသလဲ။ မြန်မာနိုင်ငံမှာ သမိုင်းကထိက လုပ်ခဲ့ဖူးပြီး အခုတော့ အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင် (Judson) တက္ကသိုလ်မှာ သမိုင်းပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်းက ဘာကြောင့်အရေးကြီးတယ်ဆိုတာခုလိုပြောပြပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကိုတော့ တိုင်းပြည်က သိသင့်တယ်၊ ကလေးတွေလည်း သိသင့်တယ်၊ ပညာတတ်တွေလည်း သိသင့်တယ်။ ကိုယ့်ရဲ့သမိုင်းအမွေအနှစ်ကိုကိုယ်က ထုတ်ဖော်ပြီးတော့ သိမှသာ၊ ပြောနိုင်မှသာလျှင် အခြား ကမ္ဘာမှာရှိတဲ့တိုင်းပြည်တွေကလည်း ကိုယ့်လူမျိုးကို ရိုသေမယ်၊ အသိအမှတ်ပြုမှာပေါ့။ ကိုယ်ကမှအသိအမှတ်မပြုရင် အခြားလူတွေကလည်း ကိုယ့်ကို ဘယ်လိုအသိအမှတ်ပြုမလဲ။ဗိုလ်ချုပ်အောင်ဆန်းတောင်မှ မသိခဲ့လို့ရှိရင် ဒီတိုင်းပြည်က ဘယ်သူထောင်ခဲ့မှန်းတောင် သူတို့ သိမှာမဟုတ်ဘူး။ ကိုယ့်ရဲ့သမိုင်းအစကိုလည်း သူတို့ မသိဘူးဖြစ်မယ်။
“ဗိုလ်ချုပ်အောင်ဆန်းထူထောင်တဲ့ မြန်မာနိုင်ငံဟာ တကယ်တော့ အရေးကြီးတဲ့ကဏ္ဍမှာ ပါခဲ့တယ်။ အဲဒါကြောင့် ကိုယ့်တိုင်းပြည်မှာ ကလေးတွေက ဒါကို သိခဲ့လို့ရှိရင်နိုင်ငံရဲ့ ရှေ့ရေးအတွက် အလားအလာ ပိုကောင်းနိုင်တယ်၊ ပြီးတော့ ဒီတိုင်းပြည်ကိုလည်း ပိုချစ်ပြီးတော့ ပိုပြီးတော့ တိုးတက်အောင် လုပ်ချင်စိတ်တွေ ရှိလာမယ်ပေါ့။သူတို့ကို နောက်ကနေ တွန်းအားပေးတဲ့သဘော ဖြစ်နိုင်မယ်။
“ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိရင်တော့ သူတို့အတွက်က ကြည့်စရာ နမူနာစံပြလူ မရှိဘူး။ ကျန်တဲ့လူတွေကို လျှောက်ကြည့်ပြီး ပတ်ဝန်းကျင်မှာ ကိုယ့်လူမျိုးထက်အခြား ကောင်းတဲ့လူမျိုးရဲ့ ခေါင်းဆောင်တွေကိုပဲ အားကိုး အထင်ကြီးပြီး အဲဒီလူမျိုးတွေကို ပိုအထင်ကြီးသွားမှာလည်း ဖြစ်နိုင်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်ကလည်းလျော့သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ လူတော်လူကောင်းရှိတယ်ဆိုတာ သူတို့ မြင်ချင်မှမြင်တော့မယ်။”
ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခဲ့ချိန်ကစလို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်းနဲ့ မှေးမှိန်အောင်လုပ်လာတယ်လို့ သမိုင်းလေ့လာသူတွေက ပြောကြပါတယ်။
သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းကစလို့ တက္ကသိုလ်ကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အကြောင်းတွေကိုလည်း ကျမ်းပြုခွင့် မပေးတော့ပါဘူး။ ဒါဟာ မြန်မာ့သမိုင်းအတွက် ဘယ်လောက်ထိခိုက် နစ်နာစေပါသလဲ၊ Aung San and thestruggle for Burmese Independence ဆိုတဲ့ စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့တဲ့သမိုင်းပညာရှင် ဒေါက်တာ နော်အိန်ဂျလင်းကတော့ ခုလိုသုံးသပ်ပါတယ်။
“ပညာတတ်အဆင့်တွေမှာပါ လုံးဝမသိရဘူးဆိုကတည်းက ဒီတိုင်းပြည်ကိုတည်ထောင်ခဲ့တဲ့လူရဲ့ သမိုင်းက လုံးဝပျောက်သွားပြီပေါ့။ တိုင်းပြည်တည်ထောင်တဲ့လူရဲ့ သမိုင်းပျောက်ရင် တိုင်းပြည်ပျောက်တာနဲ့ အတူတူပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ့်သမိုင်းကို ကိုယ်ဖျောက်ပစ်တဲ့ဟာက ကိုယ့်ရဲ့ဇာစ်မြစ်က ပျောက်သွားတာပေါ့။အမွေအနှစ် ပျောက်သွားတဲ့သဘောပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်မှာဆိုရင်သူက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို စည်းရုံးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
“အဲလို တိုင်းရင်းသားအားလုံးကို တန်းတူရည်တူ အခွင့်အရေးအတူတူပေးဖို့ စည်းရုံးနိုင်ခဲ့လို့ လူတွေကလည်း သူ့ကို ယုံကြည်ခဲ့တယ်၊ အားကိုးခဲ့တယ်။ အဲဒီလို ယုံကြည်အားကိုးခဲ့တဲ့ လူကြီးမျိုးကို တိုင်းပြည်မှာရှိဖို့ အစိုးရအဖွဲ့အစည်းမျိုးနဲ့ အဲဒီလိုလူမျိုးနဲ့တည်ထောင်နိုင်ဖို့ဆိုတာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်။
“အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မသိဘဲနဲ့ သမိုင်းကိုလည်းမသိတော့ဘူး။ ဗမာပြည်ဟာ ဘယ်လောက်အထိ ကမ္ဘာမှာ တန်းတူရှိခဲ့တယ်ဆိုတာလည်း မသိဘူးဆိုရင်တော့ ဒီလိုအခြေအနေမျိုး ပြန်ရောက်အောင် လုပ်ချင်စိတ်လည်းရှိမှာမဟုတ်တော့ဘူး။ ခေတ်ကမ္ဘာ တိုးတက်နေပေမယ့် မြန်မာပြည်ကတော့ ဆက်ပြီးတိုးတက်စရာလမ်း မရှိတော့ဘူးပေါ့။”
Aung San and the struggle for Burmese Independence ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပြီး လက်ရှိ အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ဂျတ်ဒ်ဆင်တက္ကသိုလ်မှာ သမိုင်းပါမောက္ခလုပ်နေတဲ့ ဒေါက်တာ နော်အိန်ဂျလင်း ပြောပြသွားတာဖြစ်ပါတယ်။

အပြည့်အစုံ...>>

စစ်အစိုးရ ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲပြောကြား လိုက်ပြန်ပြီ

၁၂ ဖေဖော်ဝါရီ ၂၀၀၉။ လူထုအသံ
မြန်မာနိုင်ငံ စစ်အစိုးရ အာဏာပိုင်များက အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ နိုင်ငံရေးကို မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော်နေကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။
ယမန်နေ့က စစ်အစိုးရ၏ ကြေငြာချက်များတွင် ဖော်ပြထားချက်များ အရ နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ အကြား နားလည်မှု လွဲမှားအောင် ဒေါ်အောင်ဆန်းစုကြည်က သွေးထိုး လှုံ့ဆော်နေသည်ဟု ပါရှိခဲ့သည်။
ယခုကြေငြာချက်သည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ ရန်ကုန်မှ စင်္ကာပူသို့ ထွက်ခွာ သွားပြီးနောက် စစ်အစိုးရက ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော် အစိုးရအပေါ် အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်စေရန် ဒေါ်အောင်ဆန်းစုကြည်က သွေးထိုး လှုံ့ဆော်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက သတင်းထောက်များအား ပြောကြားလိုက်သည်။ ဗိုလ်မှူးချုပ် ကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေများကို လုပ်ကြံ လီဆည်ပြီး မြန်မာ အစိုးရနှင့် ကုလသမဂ္ဂ အကြား နားလည်မှု လွဲမှားစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ပါကြောင်း အတိအလင်း စွပ်စွဲသွားသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အပြည့်အစုံ...>>

ရှမ်းပြည်နယ် တပ်မတော် (SSA) ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံ

၁၁ ဖေဖော်ဝါရီ ၂၀၀၉။ လူထုအသံ
မြန်မာ စစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသည့် ရှမ်းအမျိုးသား အဖွဲ့အစည်း တခုဖြစ်သော ရှမ်းပြည်နယ် တပ်မတော် (SSA) က (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲကို မထောက်ခံပါကြောင်း တနင်္ဂနွေနေ့က ကြေငြာလိုက်သည်။
SSA ခေါင်းဆောင် ဗိုလ်မှူးကြီး ရွက်ဆစ်တို့အား စစ်အစိုးရက သူပုန်အဖြစ် ကြေငြာထားပြီး (၂၀၁၀) ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို ဆန္ဒပြ သပိတ်မှောက်သည့် လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ခုတို့တွင် SSA လည်း ထိပ်တန်းမှ အပါအ၀င် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီလ (၈) ရက်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်Post သတင်းစာကြီးမှ တဆင့် ဗိုလ်မှူးကြီး ရွက်ဆစ်က ယခုကဲ့သို့ သတင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ SSA နှင့် အတူ မွန်ပြည်သစ်ပါတီ (N.M.S.P) နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ကြီး (K.I.O) စသည့် လက်နက်ကိုင် အဖွဲ့များလည်း တစိတ်တ၀ှမ်းတည်း ရပ်တည်နေပါကြောင်း ရွက်ဆစ်က ပြောကြားသွားခဲ့သည်။
မြန်မာ စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများ နှေးကွေးနေမှု နှင့် အာဏာကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားလိုမှု များကြောင့် စစ်အစိုးရ၏ အရင်းနှီးဆုံး လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သည့် '၀'လူမျိုးများ ပြည်ထောင်စု တပ်မတော် (U.W.S.A) ကပါ (၂၀၁၀) ရွေးကောက်ပွဲအား ထောက်ခံခြင်း မပြုနိုင်ပါဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

အပြည့်အစုံ...>>

မန္တလေးမီး သိန်း (၂၀၀) ကျော်ဆုံးရှုံးအိမ်ခြေ (၃၂၀) ပြာကျ

၁၁ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
မန္တလေးတွင် ဖေဖော်ဝါရီ (၉) ရက်နေ့ မီးလောင်မှုဖြစ်ပွားရာတွင် (၁) နာရီကြာမှ မီးသတ်ကားများ ရောက်လာသည့်အတွက် နေအိမ် အလုံး (၃၂၀) မီးလောင်ပြာကျမှုဖြစ်ခဲ့ရကြောင်း သိရသည်။
“မီးလောင်တဲ့အချိန်က (၃) နာရီလောက်ကပါ။ ဒါပေမယ့် မီးသတ်ကားတွေက ရောက်လာပြီး မီးငြှိမ်းတာက (၄) နာရီလောက်မှဆိုတော့ ပြာကျပြီးမှ ရောက်လာတဲ့သဘောပေါ့” ဟု မန္တလေးမှ မီးလောင်မှုဖြစ်စဉ်ကို ကိုယ်တွေ့မြင်သိခဲ့သူတဦးက ပြောသည်။
အဆိုပါမီးလောင်မှုမှာ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ဗ-၁၄ အကွက်ငယ် အမှတ် (၂၃/က-ခ) နေအိမ်ငှားနေသူ ဦးမင်းမင်းစိုး၏ စိုးရာဇာ ဆိုင်ကယ်ပြင်ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်ပြင်ဆိုင်ကို အိမ်မှာပဲ ဖွင့်ထားတာ။ ဆိုင်ကယ်ပြင်နေတဲ့အချိန်မှာ စက်ကိုလည်း နှိုးထားတယ်။ နှိုးထားရင်းနှင့် ဓာတ်ဆီထည့်လိုက်တာ လောင်ရော” ဟု မျက်မြင်တဦးက ပြောသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာ အိမ်အလုံးရေ (၃၂၀) မီးလောင်ပြီး လူဦးရေ (၁,၆၁၉) အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း အတည်ပြုပြောကြားသည်။
“အခု မီးလောင်ပြင်ရပ်ကွက်နဲ့ နီးစပ်တဲ့ ဗ-၂၄ အကွက်၊ ဗ-၂၅ အကွက်၊ ဗ-၁၀ အကွက်၊ ဗ-၂၁ အကွက်တွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ ဓမ္မာရုံတွေမှာ ထားတာတွေ့တယ်။ ဒုက္ခသည်တွေကို ရပ်ကွက်တွေက သွားပြီးလှူကြတယ်။ လောလောဆယ်ကတော့ အစိုးရက ဘာတွေလုပ်ပေးမယ်ဆိုတာ မသိရသေးဘူး” ဟု ဗ-၂၅ အကွက်နေ ပြည်သူတဦးက ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ဆုံးရှုံးမှုတန်ဖိုးကို ကျပ်သိန်း (၂၀၀) ကျော်ရှိသည်ဟု မီးသတ်ဦးစီးဌာနက သတ်မှတ်ထားကြောင်း သိရသည်။

အပြည့်အစုံ...>>

နေပြည်တော် ဥပ္ပါတသန္တိစေတီထီးတင်တဲ့နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျဆုံးတဲ့နေ့

၁၁ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ဒုတိယဆင့် ဌာပနာလှူဒါန်းပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြနေသော်လည်း အဆိုပါ စေတီတော်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပေါင်းလပြည့်နေ့ ထီးတင်ပြီးသည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ ကျဆုံးမည့်နေ့ဖြစ်သည်ဟု ဆရာတော် ရှင်ပညာသာမိက ဟောကိန်းထုတ်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရ ကျဆုံးမည့်အကြောင်းကို ဗေဒင်ကိန်းခန်းအရ တွက်ချက်ပြောရုံ သက်သက်မဟုတ်ဘဲ စေတနာမပါဘဲ ဥပ္ပါတသန္တိဂါထာကို အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ရောက်ရှိနေသည့် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးပညာသာမိက ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။
“ဒီနှစ်သက္ကရာဇ်မှာ စစ်အစိုးရ ကျဆုံးခန်းရှိတာမို့ အဓိကကတော့ သန်းရွှေကို မောင်အေးသတ်ပါလိမ့်မယ်။ ဥပ္ပါတသန္တိဆိုတဲ့ တနင်္ဂနွေဘုရားကို အကြောင်းပြုပြီးတော့ သန်းရွှေပဲ ထီးတင်တင်၊ မောင်အေးပဲတင်တင် တပေါင်းလပြည့်နေ့မှာသာ တင်ပါစေ။ တင်တဲ့နေ့ဟာ စစ်အစိုးရ ကျဆုံးတဲ့နေ့ပဲလို့ ဦးဇင်းက မြင်တယ်။ ၂၀၀၉ ခုနှစ်မကုန်မီ မြန်မာ့နိုင်ငံရေး သေချာပေါက် အပြောင်းအလဲဖြစ်တော့မယ်ဆိုတာ ဦးဇင်းပြောချင်တယ်” ဟု ဆရာတော်က ဆက်လက်အမိန့်ရှိသည်။
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ဆောက်ရာတွင် ရှစ်မျက်နှာပတ်လည်လုံး မြေပြင်ညီ ရှိနေရမည့်အစား (၆) ဖက်သာညီပြီး ကျန် (၂) ဖက်က မညီသည့်အတွက် ပေါင်းလောင်းကွက်သစ်ဘက်ကနေ သံလမ်းကျော်၍ ၀င်လာကြည့်မည်ဆိုလျှင် စေတီတော်ကြီး ဘယ်ဘက်ငိုက်နေသည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။
ဥပ္ပါတသန္တိစေတီတော်ကြီး၏ ကွန်ကရစ်စေတီလုံးအတွက် မကွေးကုမ္ပဏီ၊ ညောင်ရမ်းကုမ္ပဏီနှင့် ဆန်းမစ် ကုမ္ပဏီ၊ စေတီထောင့် (၄) ထောင့်မှ ဓာတ်လှေကား (၄) ခုအတွက် OTIS ကုမ္ပဏီ၊ ဓာတ်လှေကား စောင်းတန်းအတွက် ရွှေဗိမာန်ဆောက်လုပ်ရေးနှင့် မြန်မာမှုအဖွဲ့တို့က တာဝန်ယူဆောက်လုပ်နေပြီး အမြန်ပြီးစီးနိုင်ရေးအတွက် ၀န်ထမ်း (၅,၀၀၀) ကျော်နှင့် နေ့ရောညပါ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။
ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည်ဖြစ်သည့်အတွက် ငှက်ပျောဖူးအတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။

အပြည့်အစုံ...>>

ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ကာကွယ်ရေး အမေရိကန် ကူညီမည်

၉ ဖေဖော်ဝါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေကြောင်းပိုင်နက်ကို လုံခြုံအောင် ကာကွယ်ရေးမှာ အမေရိကန်ပြည်ထောင်စုက အကူအညီ ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန တောင်အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Richard Boucher က ပြောဆိုပါတယ်။
မြန်မာ၊ အိန္ဒိယ နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ရေကြောင်းပိုင်နက်ကို လုံခြုံအောင် ကာကွယ်ရေးနဲ့ စစ်ရာဇ၀တ် သားတွေကို နှိမ်နှင်းရေး ကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုက အကူအညီပေးမယ်ဆိုပြီး Richard Boucher က ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina ကို ကတိပေးပြောဆိုပါတယ်။

တောင်အာရှ ဒေသ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ဒေသတွင်း တပ်ဖွဲ့တွေ ပူးပေါင်းပြီး တာဝန်ယူရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဆိုပြုထားတာကိုလည်း အမေရိကန်ပြည်ထောင်စုက ထောက်ခံ ပြောဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မမ်ဘိုင်းမြို့ တိုက်ခိုက်ခံခဲ့ရတာကို ကြည့်မယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး မှာ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဘို့ လိုအပ်နေတယ်ဆိုတာ ပြသနေတယ်လို့ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Richard Boucher က သတင်းထောက်တွေကို ပြောပါတယ်။ ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းတပ်ဖွဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဆွေးနွေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက် ကြုံခဲ့ရပါတယ်။ ၀န်ကြီးချုပ် Sheikh Hasina ကိုယ်တိုင် လူထုစည်းဝေးပွဲအတွင်း လက်ပစ်ဗုံးနဲ့ ဖေါက်ခွဲ တိုကိခိုက်တာကို ခံခဲ့ရဘူးပြီး နားအကြားအာရုံ တချို့ ထိခိုက်ခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Richard Boucher က မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို စိတ်ပူတဲ့အကြောင်းနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်မှုတွေ အဆုံးသတ်ဘို့ လိုတဲ့အကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

အပြည့်အစုံ...>>

ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းအမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းကို လစာမပေးဘဲထား

၆ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
ဘဏ္ဍာရေးဝန်ကြီးတာဝန်ယူထားသည့် ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ယခုလအတွက် လစာမပေးဘဲ ရပ်ဆိုင်းထားသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံသို့ ခေတ္တရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအား မေးမြန်းရာ လစာမပေးဘဲထားသည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့်အတွက် ယခုကဲ့သို့ လစာမပေးဘဲထားသည်ကို မသိပါကြောင်း ခေတ်ပြိုင်သို့ ပြောသည်။
အမ်ပီယူ ဒု-ဥက္ကဋ္ဌ၏ ဒေါ်စန်းစန်း လစာမရရှိသည့်ကိစ္စနှင့် ပတ်သက်၍ အဖွဲ့၏အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးကို မေးမြန်းရာ အခြေအနေအမှန်ကိုသိရှိရန် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ထံသို့ အဆိုပါကိစ္စ ရှင်းလင်းပေးရန် အကြောင်းကြားထားသည်ဟု ခေတ်ပြိုင်သို့ပြောသည်။
“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်စန်းစန်းဟာ ဒီလလစာမရ ဘူးဆိုတာက ဒီလစာတွေကို အဓိကပေးတာကတော့ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) အဖွဲ့ကနေ လစဉ်ပေးတာဖြစ်ပါတယ်။ ဒီတစ်ပတ်လစာတွေပေးတဲ့အခါမှာ ဒေါ်စန်းစန်းနဲ့ပတ်သက်ပြီးတော့ Suspended လို့ ရေးထားတာဖြစ်ပါတယ်။ ရပ်ဆိုင်းထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ ဘာကြောင့် ရပ်ဆိုင်းထား တယ်ဆိုတာ ဘယ်သူ့မှမသိပါဘူး။ ဒီနေ့ အမ်ပီယူနဲ့ အန်စီဂျီယူဘီ အလုပ်အမူဆောင်အဖွဲ့က ဒီကိစ္စကို အဓိကဆွေးနွေးကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် တဦးတယောက်မှမသိကြဘူး။ ဘာကြောင့်မို့ ဒီကိစ္စ ဒီလိုဖြစ်တာလဲဆိုတာကို မေးဖို့အတွက်ကို အစည်းဝေးက ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ အကြောင်းအရာကိုသိမှ ပြောလို့ဆိုလို့ရမယ်။ အကြောင်းအရာကို မသိတဲ့အတွက်ကြောင့်မို့လို့ ဒီအစည်း အဝေးမှာတော့ ဘာကြောင့် အဲ့လို Suspend လုပ်ထားရတာလဲ၊ ရပ်ဆိုင်းထားရတာလဲ ဆိုတာကိုတော့ မေးဖို့ အစည်းအဝေးက ဆုံးဖြတ်ထားပါတယ်။ သိပြီးလို့ရှိရင်တော့ တစုံတရာ အဖြေကတော့ ရလာမှာပဲလို့ နားလည်တယ်” ဟု ဦးသိန်းဦးက ခေတ်ပြိုင်သို့ ပြောသည်။
ထိုအတောအတွင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း၏ သားဖြစ်သူ ကိုကျော်သိန်းက အမ်ပီယူရုံးသို့ သွားရောက်မေးမြန်းရာ ဒေါ်စန်းစန်းနုတ်ထွက်လွှာတင်သွားသည့်အတွက် လစာဖြတ်တောက်ခြင်းဖြစ်ကြောင်း ရုံးအုပ်က ဖြေကြားသည်ဟု ပြောသော်လည်း နုတ်ထွက်စာတင်ကြောင်း သက်သေမပြနိုင်ဟု ပြောသည်။
သို့သော် နုတ်ထွက်ကြောင်း ဟုတ်မဟုတ် ဒေါ်စန်းစန်းကို ခေတ်ပြိုင်က မေးမြန်းရာ အမ်ပီယူ ဒု-ဥက္ကဋ္ဌရာထူးမှ မိမိ နုတ်ထွက်စာတင်သည်ဟု ပြောဆိုခြင်းမှာ မမှန်မကန်ပြောဆိုခြင်းဖြစ်ကြောင်း၊ နုတ်ထွက်ရန်လည်း မလိုကြောင်းနှင့် မိမိတာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ခေတ်ပြိုင်သို့ ပြန်လည်ဖြေကြားသည်။
သို့သော် အိုင်ယာလန်ညီလာခံကာလအတွင်း မြန်မာစစ်အစိုးရ ကုလသံအမတ်ဖယ်ရှားရေး မဲခွဲရာတွင် မအောင်မြင်သည့်အဖွဲ့က နုတ်ထွက်သင့်ကြောင်း ဒေါက်တာသောင်းထွန်းနှင့် ဒေါ်စန်းစန်းတို့ အခြေအတင် စကားများခဲ့သည်ဟု အမ်ပီယူ အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးက ခေတ်ပြိုင်သို့ ပြောသော်လည်း ဒေါ်စန်းစန်း နုတ်ထွက်ခြင်းမဟုတ်ကြောင်း အတည်ပြုပြောဆိုသည်။
“ကျနော်ပြောနိုင်တာကတော့ ဒေါ်စန်းစန်းကနေပြီးတော့ ဒီထွက်မယ်လို့ ပြောတဲ့ဟာက အခြေခံအားဖြင့်တော့ ဆွေးနွေးပွဲမှာ တဖက်နဲ့တဖက် ပြောတဲ့ အပြောအဆိုတွေပေါ့နော်။ ဥပမာဆိုပါတော့ ဒီဟာနဲ့ပတ်သက်လို့ ဘယ်သူက စပြောတာလဲဆိုလို့ရှိရင် ဒေါက်တာသောင်းထွန်းက စပြောပါတယ်။ CC ကိစ္စမှာ အဆိုရှုံးသွားလို့ ရှိရင် ဒေါက်တာစိန်ဝင်းတို့၊ ဦးဘိုလှတင့်တို့၊ စိုင်းဝင်းဖေတို့က နုတ်ထွက်မယ်လို့ပြောထားတယ်။ သူတို့အဆို နိုင်သွားတဲ့အတွက် နုတ်မထွက်တော့ဘူး။ အဲ့ဒါဆိုလို့ရှိရင် အဆိုကိုရှုံးသွားတဲ့ အဖွဲ့ကလည်း ကိုယ့်တာဝန်ကို ကိုယ်နားလည်တဲ့အနေနဲ့ နုတ်ထွက်သင့်တယ်ဆိုပြီး ဒေါက်တာသောင်းထွန်းက စပြီးပြောတယ်။ ဆိုတော့ အဲ့ဒါတွေက သူ့အနေနဲ့စပြောတဲ့အခါကြတော့ ကျနော့်အနေနဲ့ ဒါကို တိုက်ရိုက်ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် ဒါမျိုးက မပြောသင့်တဲ့ကိစ္စပါ။ အဲ့လိုပြောတဲ့အခါကြတော့ ဒေါ်စန်းစန်းက ဘာခံစားရလဲဆိုတော့ သူကိုယ်တိုင်က လက်မှတ်ရေးထိုးပြီးတော့ CC ကိစ္စကို တင်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူ့ကို တိုက်ရိုက်ပြော တယ်လို့ သူနားလည်သွားတယ်။ အဲ့လို တာဝန်ရှိတယ်ဆိုရင်တော့ သူနုတ်ထွက်မယ်ဆိုပြီး ပြောတာဖြစ်တယ်။ ကျနော်တို့ အခုမြင်တာ အဲ့ဒါမျိုးမဟုတ်ဘူး။ ဒီမှာဆုံးဖြတ်တဲ့ဟာက ကုလသမဂ္ဂမှာ ဖြစ်ခဲ့တဲ့ကိစ္စက တကဏ္ဍ ပြီးသွားပြီ။ ဒီမှာဖြစ်ခဲ့တဲ့ကိစ္စက ဒီမှာတကဏ္ဍပဲ။ အဲ့ဒီမှာကတည်းက ဒေါက်တာစိန်ဝင်းတို့၊ ဦးဘိုလှတင့်တို့၊ စိုင်းဝင်းဖေတို့ နုတ်ထွက်မယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ကပြောတယ်။ ဒါနုတ်ထွက်စရာမလိုဘူး။ ဒါအကြောင်းအရာကိစ္စတခုနဲ့ ပတ်သက်ပြီးတော့ အများဆုံးဖြတ်တဲ့ဟာကို လိုက်ပြီးလုပ်ပေးဖို့ဟာပဲရှိတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်နားလည်သလောက် ဒေါက်တာ သောင်းထွန်းပြောခဲ့တဲ့ ပြောပြချက် အပေါ်မှာ ဒေါ်စန်းစန်းက ပြန်ပြီးတော့ Reply လုပ်တာပဲဖြစ်တယ်။ ကျနော်တို့က အဲ့ဒါကိုလက်မခံပါဘူး။ ဒါက အဖြစ်မှန်ပဲ” ဟု ဆက်လက်ပြောကြားသည်။
ဦးသိန်းဦးရှင်းပြသည့် အချက်နှင့် ပတ်သက်ပြီး အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့၏ ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းပိတ်ထားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) တွင် အဖွဲ့ဝင် (၃၄) ဦးရှိပြီး ပဲခူးတိုင်း က၀မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးဝင်းမှာ ယမန်နှစ်က ကွယ်လွန်သွားသဖြင့် လွှတ်တော်အမတ် (၃၃) ဦးကျန်ရှိပြီး ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင် နေထိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို တလလျှင် ဒေါ်လာနှစ်ရာနှုန်းဖြင့် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့က ထောက်ပံ့ကြေးပေးသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) တွင် ဥက္ကဋ္ဌ ဒေါ်လာ (၄၅၀)၊ ဒု-ဥက္ကဋ္ဌ ဒေါ်လာ (၄၀၀)၊ အထွေထွေအတွင်းရေးမှူး ဒေါ်လာ (၃၅၀) နှုန်းဖြင့် ထောက်ပံ့ကြေးရရှိကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ)ကို ၁၉၉၆ ခုနှစ် မေလ (၁၅) ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ကို ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့သည်။
လက်ရှိစင်ပြိုင်အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီး (၇) ဦးရှိပြီး ဒေါက်တာစိန်ဝင်း ၀န်ကြီးချုပ်၊ ဒေါက်တာတင့်ဆွေ ပြန်ကြားရေးဝန်ကြီး၊ ဦးထွန်းဝင်း ပညာရေးဝန်ကြီး၊ ဦးဘိုလှတင့် နိုင်ငံခြားရေးဝန်ကြီး၊ ဦခွန်မြင့်ထွန်း အလုပ်သမားရေးရာဝန်ကြီး၊ ဦးခွန်မားရ်ကိုဘန်း ဖက်ဒရယ်ရေးရာဝန်ကြီးနှင့် ဦးဝင်းလှိုင် ၀န်ကြီးချုပ်ရုံးဝန်ကြီးတို့ဖြစ်သည်။

အပြည့်အစုံ...>>

ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို လူထုမထောက်ခံ စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို

၆ ဖေဖော်ဝါရီ ၂၀၀၉။ NEJ

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရအနေဖြင့် ထိရောက်သည့် ခေါင်းဆောင်မှု မပေးနိုင်ဟု ယူဆသည့်အတွက် ပြည်ပတွင် စင်ပြိုင်အစိုးရဖွဲ့မည့်အစား ပြည်တွင်း၌သွားပြီး စင်ပြိုင်အစိုးရဖွဲ့ရန်လိုသည်ဟု သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်တဦးက အကြံပေးမိန့်ကြားသည်။
စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းဆိုသည့် အမည်ကိုပင် ပြည်ပမီဒီယာများက မကြာခဏပြောနေ၍ သဲ့သဲ့ကြားဖူးရုံရှိသော်လည်း အဝေးရောက် စင်ပြိုင်အစိုးရ၏လုပ်ရပ်ကို မြန်မာပြည်တွင်းက ပြည်သူများ မသိသည့်အတွက် လူထုထောက်ခံမှုမရှိဟု ယုံကြည်ကြောင်း အမေရိကန်နိုင်ငံရောက် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိက ခေတ်ပြိုင်နှင့် သီးခြားဆက်သွယ်မေးမြန်း ခန်းတွင် မိန့်ကြားလိုက်ခြင်းဖြစ်သည်။
ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအပါအ၀င် ပြည်ပရောက် အမတ်များအားလုံး ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့၍ အဖမ်းခံရပါက ပြည်သူများ၏ စာနာမှု၊ ထောက်ထားမှု အပြည့်ရနိုင်ပြီး သံဃာထု၏ ထောက်ခံမှုပါ တခဲနက် ရနိုင်မည်ဟုလည်း ဆရာတော် ရှင်ပညာသာမိက ယူဆသည်။
ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အမတ်များ ပြည်တွင်းဝင်မည်ဆိုလျှင် ပြည်ပရောက် သံဃာများပါ လိုက်ဝင်မည်ဖြစ်ကြောင်း ရှင်ပညာသာမိက အာမခံသည်။

အပြည့်အစုံ...>>

အန်ဂျလင်းနာ ဂျိုးလီနှင့် ခင်ပွန်း ကရင်နီဒုက္ခသည်စခန်းသို့ ရောက်ရှိလာ

၅ ဖေဖော်ဝါရီ ၂၀၀၉။ ကိုကို
ယမန်နေ့က ထိုင်းနယ်စပ်မှာရှိသည့် ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းကို အမေရိကန် နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အန်ဂျလင်းနာ ဂျိုးလီနှင့် သူမ၏ခင်ပွန်း ဘရဲပစ်တို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ၎င်းတို့သည် ထိုင်းနယ်မှာ သောင်တင် နေသည့် ဒုက္ခရောက်နေသူများကို လာရောက်လည်ပတ်ခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် စခန်းထဲရှိ မသန်မစွမ်းရုံးကို သွားရောက်ခဲ့ပြီး မသန်မစွမ်း သူများ နှင့်လည်း စကားပြောခဲ့သည်ဟု သိရသည်။

မသန်မစွမ်းရုံးမှ လိုအပ်သည့် အထောက်အကူ ပစ္စည်းများကိုလည်း ကြိုးစားကူညီ သွားမည် ဖြစ်ကြောင်းလည်း သူမပြောခဲ့သည်ဟု မသန်မစွမ်း ပြန်လည်ထူထောင်ခြင်းမှ ကြီးကြပ်ကွပ်ကဲသူ ဆရာမ ဒါးရီကပြောသည်။ " ခင်ဗျားတို့ရုံးမှာဘာတွေလိုအပ်လဲ၊ မေးတယ်။ ကျမတို့လည်း အထောက်အကူပစ္စည်းရှိရင် သူတို့ တိုးတက်မြန်တယ် လို့ပဲ ပြောတယ်။
ဘာဖြစ်လို့လဲဆိုတော့ အထောက်အကူပစ္စည်းတွေနဲ့ ပြန်ကောင်းလာကြတာ များတယ်။ အဲဒါကြောင့် သူမက ပြောတယ် သူမပြန်ကြလို့ရှိရင် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေကို ကြိုးစားကူညီမယ်လို့ ပြောတယ်။ " ဟု ပြောသည်။ စခန်းသူ စခန်းသားများသည် နာမည်ကျော် ရုပ်ရှင်မင်းသမီးလာသည်ကို ပြေးလွှားကြည့်နေကြသည်။
သို့သော် ထိုင်းအာဏာပိုင်များက ပါရှိသည့်အတွက် စုံတွဲ မင်းသား၊ မင်းသမီးကို စကားပြောချင်သော်လည်း အာဏာပိုင်ကို ကြောက်၍ စကားပြောဆိုခွင့် မရရှိခဲ့သည်ဟု စခန်းသူတဦးက ပြောသည်။ " ကျမဟင်းချက်မလို့ ရုပ်ရှင်မင်းသမီးလာတယ် ပြောတာနဲ့ ပြေးသွားတာ။ ဟင်းမချက်တော့ဘူး။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေရှိလို့ သူတို့နဲ့ စကားမပြောရဲဘူးလေ။ " အဘယ်ကြောင့် စခန်းထဲသို့ ရောက်ရှိလာသည်ကို မင်းသား၊ မင်းသမီး စုံတွဲများနှင့် မေးခွင့်မကြုံခဲ့ပါ။ သို့သော် မယ်ဟောင်ဆောင် အခြေ စိုက် ယူအဲန်အိတ်ခ်ျစီအာရ် ရုံးမှ အကြီးအကဲတဦးက " ဘာကြောင့် ဒုက္ခသည်စခန်းဆီကို လာရသလဲ ဆိုတော့ သူမရဲ့ လှုပ်ရှားမှုတခုပဲ " ဟု ဆိုပါသည်။ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်သည်လည်း သူမ၏ရုပ်ရှင်လောကမှာ တိုးတက်ဖို့သက်သက်သာ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းကို လာရောက် လည်ပတ်ခဲ့ဖူးသည်။

http://myochitmyanmar.org/news/2008-07-25-07-37-31/1708-2009-02-05-07-20-54

အပြည့်အစုံ...>>

ပဲခူးတိုင်းမှာ ကြက်၊ ဘဲ မရောင်းရ

၅ ဖေဖော်ဝါရီ ၂၀၀၉။ အောင်သက်ဝိုင်း (ဧရာဝတီ)
ပဲခူးတိုင်း အတွင်းရှိ မြို့နယ် ၁၅ ခုတွင် ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥ ရောင်းဝယ်ခွင့်များကို ယခုလဆန်း ၁ ရက် နေ့မှစတင်၍ ပိတ်ပင်ထားကြောင်း ပဲခူးဒေသခံများနှင့် ပဲခူးတိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ စုံစမ်းသိရှိရသည်။ပဲခူးတိုင်း သာယာဝတီ ခရိုင်၊ ပြည် ခရိုင် အတွင်းရှိ မြို့နယ် ၁၅ ခုတွင် အပြင်းစား ကြက်လည်လိမ် ရောဂါ ကူးစက်ခြင်းကြောင့် ထိုသို့ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ရခြင်းမှာ ဖြစ်ကြောင်း ပဲခူးတိုင်း မွေးမြူနေနှင့် ကုသရေး ဦးစီးဌာန အရာထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၁ ရက်နေ့က ပြည်မြို့ရှိ ကြက်ကောင်ရေ တထောင်နီးပါး မွေးမြူထားသော ကြက်ခြံ တခုတွင် ကြက်ကောင် ရေ ၂၆၀ နီးပါး စတင်သေဆုံးခဲ့ရာမှ အနီးပတ်ဝန်းကျင်ရှိ ကြက်မွေးမြူရေး ခြံများတွင်ပါ ရောဂါကူးစက်ပြီး ကြက်ကောင်ရေ ရာချီသေဆုံးမှုများ ရှိလာကြောင်းလည်း သိရသည်။ "ကြက်ငှက် တုပ်ကွေး ရောဂါ မဟုတ်ပါဘူး။ ကြက် လည်လိမ်ရောဂါ အပြင်းစား ရောဂါပါ။ လောလောဆယ်တော့ကြက်သား၊ ကြက်ဥ၊ ဘဲသား၊ ဘဲဥ ရောင်းဝယ်တာတွေကို တရားဝင် ပိတ်ထားပါတယ်"ဟု အဆိုပါအရာရှိက ဆိုသည်။ယခုအခါ ကြက်လည်လိမ် ရောဂါကြောင့် ကြက်ကောင်ရေ တသောင်းနီးပါး သက်ဆိုင်ရာက သုတ်သင် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ကြက်ဥ၊ ကြက်သား၊ ဘဲဥ၊ ဘဲသား ရောင်းဝယ်မှုများကို မပြုလုပ်ရန် သာယာဝတီ ခရိုင်နှင့် ပြည်ခရိုင်အတွင်း ဈေးများအားလုံးတွင် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အာဏာပိုင်များက တရားဝင် လိုက်လံ အကြောင်း ကြားထားသည်။ထိုသို့ ပိတ်ပင် ထားသော်လည်း ဈေးများတွင် ဆက်လက်၍ ခိုးဝှက်ရောင်းချနေဆဲ ဖြစ်ပြီး စားသုံးသူများကလည်း စားသုံးနေကြဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။“ကြက်သားက တချို့ဈေးတွေမှာ တပိဿာ ကျပ် ၃၀၀၀၊ တချို့နေရာတွေနဲ့ မတူဘူး။ ရောဂါဖြစ်တဲ့ ပြည်မြို့နဲ့ နီးတဲ့ နေရာမှာဆို ပိုပြီးတော့ ကြက်၊ ဘဲ ဈေးပိုကျတယ်။ ကြက်ဥ၊ ဘဲဥက အရင်က ၁၅၀ ကနေ အခု ၈၀၊ ၇၀ ပဲရှိတယ်။ ငုံးဥက အရင်က ၆ လုံးကို ၂၀၀ ကနေ အခု ၆ လုံး ၁၀၀ နဲ့ ရောင်းပေမယ့် ၀ယ်စားတဲ့သူ မရှိဘူး”ဟု အုတ်ဖို ဒေသခံ တဦးက ပြောသည်။ကြက်လည်လိမ် ရောဂါဖြစ်ပွားသည့် ကြက်ဘဲကို စားသုံးပါက နမိုးနီးယား အဆုတ်ရောဂါ တမျိုး ဖြစ်ပွားနိုင်သည်ဟု တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဆိုင်ရာ စာအုပ်စာတမ်း များတွင် ဖော်ပြထား သော်လည်း ရောဂါ ဖြစ်ပွားသည့် ကြက်ဘဲကို မစားသုံးသင့်ဟု ဖော်ပြထားခြင်း မရှိကြောင်း၊ သို့ရာတွင် ကြက်လည်လိမ် ရောဂါမှာ ကြက်၊ ဘဲများတွင် ကူးစက်မှု မြန်ဆန်သည့်အတွက် မစားသုံး သင့်ကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် ဆေးကု ဆရာဝန်တဦးက ပြောသည်။

အပြည့်အစုံ...>>

ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များ မလုံလောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ်

၎ ဖေဖော်ဝါရီ ၂၀၀၉။ လူထုအသံ ပြည်တွင်းသတင်းမှ
မြန်မာနိုင်ငံ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂမှ ဆောင်ရွက်နေမှု များသည် မလုံလောက်သေးကြောင်း ပြောကြားခဲ့သည်။
ဇန်န၀ါရီလ (၂) ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖွဲ့သည် မြန်မာ စစ်အာဏာပိုင်များအား နိုင်ငံတော် အာဏာကို မောင်ပိုင် စီးထားခြင်းအား စွန့်လွှတ်ရန် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့မှုကို ရည်ညွန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လက်ရှိ အချိန်အထိ မြန်မာအစိုးရ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒါဏ် ချမှတ်မှုကို ခံနေရဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီ NLD မှ ပြောရေး ဆိုခွင့်ရှိသူ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း အစည်းအဝေးတခု အတွင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘာရီကို ဒေါ်အောင်ဆန်းကြည်က တွေ့ဆုံလိုခြင်း မရှိသောကြောင့် မဟုတ်ပါကြောင်း၊ သို့သော်လည်း သူမ အနေနှင့် မှတ်တမ်းတင်ရုံ အဆင့်ထက်ပိုပြီး မည်သည့် အကျိုးကျေးဇူးမှ မရရှိနိုင်သော အစည်းအဝေးမျိုးကိုမူ အလိုမရှိကြောင်း ထုတ်ဖော် ပြောကြားသွားသည်။
ကုလသမဂ္ဂ ကမူ ယခုတခေါက် ဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဒီမိုကရေစီ ဖော်ဆောင်ရေး ရလဒ်ကောင်းများ ပေါ်ပေါက်လာမည်ဟု ယုံကြည် နေဆဲဖြစ်ကြောင်း သိရှိ ရသည်။

အပြည့်အစုံ...>>

ဗိုလ်ချုပ်မှူးကြီးက ဂန်ဘာရီကို ပညာပြ

၎ ဖေဖော်ဝါရီ ၂၀၀၉။ ဇာနည်ဝင်း (ဧရာဝတီ)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မရှိသော်လည်း အာရှတိုက်မှ သံတမန်များကိုမူ ယမန်နေ့က လက်ခံ တွေ့ဆုံခဲ့သည်။ဗိုလ်ချုပ်မှူးကြီးနှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ် နိုင်ငံတို့မှ သံအမတ်များ မြို့တော်သစ် နေပြည်တော်တွင် တွေ့ဆုံသည့် ဓာတ်ပုံများကို ယနေ့ထုတ် မြန်မာသတင်းစာများတွင် ဖော်ပြထားသည်။ အာရှသံတမန်များနှင့် တွေ့ဆုံမှုမှာ ကြိုတင်စီစဉ် ထားခြင်းဖြစ်ပြီး မစ္စတာ ဂန်ဘာရီကို တွေ့ဆုံခြင်း မပြုရန်လည်း ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်မည်ဟု မြန်မာ့အရေး လေ့လာသူ တဦးဖြစ်သည့် ဦးဝင်းမင်းက သုံးသပ်သည်။
“ဂန်ဘာရီကတဆင့် တောင်းဆိုလာမယ့် အချက်တွေကို အကြောင်း မပြန်ချင်လို့၊ မလိုက်လျော ချင်လို့ပေါ့။ ဘန်ကီမွန်း (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်) လာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့ စီစဉ်သင့်တာ တွေကို သူမလုပ်ချင်ဘူး ဆိုတဲ့ လက္ခဏာ ပြတာပေါ့” ဦးဝင်းမင်းက ဧရာဝတီသို့ ပြောပြသည်။ဗိုလ်ချုပ်မှူးကြီးသည် ဒီဇင်ဘာ လကုန်ပိုင်းတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေးတိုင်းရှိ မြို့များသို့ လှည့်လည် သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီး နောက်ပိုင်းတွင် ၎င်း၏ လှုပ်ရှားမှုများ သတင်းစာများတွင် တလကြာ ပျောက်ကွယ် နေခဲ့ရာမှ ယနေ့ထုတ် သတင်းစာများတွင် ပြန်လည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရနှင့် အတိုက်အခံ တို့အကြား ဝင်ရောက် စေ့စပ်ပေးရန် အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စေလွှတ်လိုက်သည့် အထူးကိုယ်စားလှယ် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ခွင့် ရသော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ခွင့် မရခဲ့သည့် ၎င်း၏ ၄ ရက်ကြာ ခရီးစဉ်ကို ယမန်နေ့ ညနေက အဆုံးသတ် ခဲ့သည်။ခရီးစဉ်အတွင်း မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့နှင့် တွေ့ခွင့်ရခဲ့သည်။ ဝန်ကြီးချုပ်က ၎င်းအား နိုင်ငံတကာ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ် မှုများကို ရုပ်သိမ်းရေးအတွက် ကုလသမဂ္ဂက ဆောင်ရွက်ပေးရန် ပြောကြားလိုက်သည်။ဗိုလ်မှူးချုပ် ကျော်ဆန်းကလည်း ၎င်းတို့အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်းမှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ပြီးခဲ့သည့် ၅ လအတွင်း ဆက်ဆံရေး ဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံနိုင်ရေး အတွက် ၂ ကြိမ်တိတိ ကမ်းလှမ်းခဲ့ သော်လည်း ဒေါ်စုက လက်ခံခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ဗိုလ်မှူးချုပ် ကျော်ဆန်း၏ ပြောကြားချက်များမှာ တရားမျှတမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုသည်။“ဒေါ်အောင်ဆန်းစုကြည်က ပြောတာက ဘယ်သူနဲ့ တွေ့ဆုံမယ်ဆိုတာ သူငြင်းတာ တခုမှ မရှိဘူးတဲ့၊ ဒါပေမယ့် အကျိုးမရှိတဲ့ တွေ့ဆုံခြင်းကိုတော့ သူမလိုလားဘူးတဲ့။ ဦးအောင်ကြည်ကို လက်ခံဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်၊ ဆရာဝန်နဲ့ ချိန်းထားတယ်၊ အဲဒီ ချိန်းတဲ့ရက် နောက်ပိုင်းမှာ ဆိုရင် ဖြစ်နိုင်တယ်လို့ ဒီလို ဖြေထားတာ။ ရှေ့နေကိုယ်တိုင် သူတို့ သတင်းတပ်ဖွဲ့ကို ပြောထားတာ”ဟု ဧရာဝတီသို့ ရှင်းပြသည်။

အပြည့်အစုံ...>>

နိုင်ငံရေးအကျဉ်းသား ကူညီသူများ ခြိမ်းခြောက်ခံရ

၎ ဖေဖော်ဝါရီ ၂၀၀၉။ NEJ
နိုင်ငံရေးမှုဖြင့် အကျဉ်းကျနေသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပါက ဖမ်းဆီးအရေးယူ ထောင်ချမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေကြောင်း ခြိမ်းခြောက်ခံရသူ၏ ဇနီးတဦးက ပြောသည်။
၎င်းက “ကျမယောက်ျားဟာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းတုန်းက ဒါရိုက်တာ ကိုသူရခေါ် ဇာဂနာ ဦးဆောင်တဲ့ သံဃာတော်တွေကို ဆွမ်းကွမ်း ကပ်လှူရေးအဖွဲ့မှာ တတပ်တအား ပါဝင်ခဲ့တယ်။ အဓိက ငွေလှူတာပါ။ နောက်ပိုင်း ကိုသူရကို ဖမ်းဆီးပြီးနောက် ကျမယောက်ျားလည်း ခေါ်ယူစစ်ဆေးခံရတယ်။ ဒါပေမယ့် အဖမ်းတော့ မခံရပါဘူး။ ခု ကိုသူရကို ထောင် (၅၉) နှစ်ချ၊ မြစ်ကြီးနားထောင်ကို ပို့လိုက်ပြီးနောက်ပိုင်း ခေါ်ခေါ်ပြီး စစ်ပြန်တယ်။ အခု အဓိက စစ်တာက ကိုသူရ မိသားစုကို ငွေကြေး ရုပ်ဝတ္တု ကူညီတာ ရှိသလားပေါ့။ ကူညီခဲ့တယ်ဆိုရင် အရင် ၂ဝဝ၇ ခုနှစ်က ဆွမ်းကပ်ရာမှာ ပါတဲ့ အမှုနဲ့ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချတာ ခံရမယ်။ လောလောဆယ် ဗီဒီယို ရိုက်တာ၊ ရုပ်ရှင်ရိုက်တာ၊ ကြော်ငြာရိုက်တာ စတဲ့ လုပ်ငန်းတွေမှာလည်း ကန့်သတ်တာ ခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဒါနဲ့ ကျမတို့ မိသားစု ကိုသူရတို့ မိသားစုနဲ့ ဘယ်လောက်ရင်းနှီးရင်းနှီး ကိုသူရ သတင်းကိုမေးဖို့ ဖုန်းတောင် မဆက်ရဲဘူး” ဟု ပြောသည်။
အဆိုပါကိစ္စ ကိုသူရနှင့် ရင်းနှီးသည့် ရုပ်ရှင်ဗီဒီယိုနယ်မှ လုပ်ဖော်ကိုင်ဖက် အချို့ကို ဆက်သွယ်ကြည့်ရာ မှန်ကန်ကြောင်း ပြောပြသည်။
ရုပ်ရှင်သရုပ်ဆောင် တဦးကမူ ၎င်းကို ခြိမ်းခြောက်ရုံမက ကိုသူရ မိသားစု၏ လှုပ်ရှားမှုများကို သတင်းပေးရန် စည်းရုံးခြင်းမျိုးလည်း ခံရကြောင်း၊ သို့သော် ၎င်းအနေဖြင့် တသက်လုံး အဆိုပါကိစ္စမျိုး လုပ်မည် မဟုတ်ကြောင်း ပြောသည်။
နိုင်ငံရေးပြစ်မှုဖြင့် နှစ်ရှည်ပြစ်ဒဏ် ခံခဲ့ရဖူးသည့် ဝါရင့်သတင်းစာဆရာကြီး တဦးကမူ “နအဖ စစ်အစိုးရဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ကိုသူရခေါ် ဇာဂနာ အပါအဝင် နာဂစ်အရေး ကူညီကယ်ဆယ်သူတွေကို မတရားသဖြင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း အဲဒီ တက်ကြွလှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေဟာ ဦးကျိုးမသွားဘဲ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ကြတဲ့အတွက် နယ်စွန်နယ်ဖျား ထောင်တွေကို ပို့ခဲ့ပြန်ကြောင်း၊ ဒါလည်း မိသားစုဝင်တွေ ကြောက်ရွံ့ နောက်တွန့်တာ မရှိသေးတဲ့အတွက် ထောင်ဝင်စာ ပိတ်ပင်တဲ့အထိ ညစ်ပတ်မိုက်မဲစွာ လုပ်ဆောင်လာကြောင်း၊ အခု အကူအညီပေး သတင်းမေးတဲ့ လူတွေကို ခြိမ်းခြောက်တာအထိ ကမ်းကုန်အောင် လုပ်လာကြောင်း၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်တွင်းပြည်ပ ပြည်သူတွေအားလုံးက အခုလို မတရား အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမားတွေကို အဖက်ဖက်က အားပေး ကူညီထောက်ပံ့သင့်ကြောင်း” ဝေဖန်ပြောဆိုသည်။
အန်အယ်လ်ဒီ ပါတီကမူ ပြီးခဲ့သည့်အပတ်က ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် တောင်းဆိုလှုပ်ရှားကြရန် ပန်ကြားချက် ထုတ်ပြန်ထားသည်။

အပြည့်အစုံ...>>

ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းပေးဖို့ ဂမ်ဘာရီကို စစ်အစိုးရ ပြော

၎ ဖေဖော်ဝါရီ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း။
မြန်မာနိုင်ငံက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်အာဏာရှင်တွေကြား တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေး ကြားဝင်စေ့စပ်ပေးတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ သူ့ရဲ့ဆောင်ရွက်မှု မအောင်မမြင် ဖြစ်ခဲ့ပြန်ပြီး ဒီတကြိမ်လည်း လက်ဗလာနဲ့ မြန်မာနိုင်ငံက မနေ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ရန်ကုန်ကနေ စင်ကာပူကို မနေ့ညနေက မထွက်ခွာခင် မစ္စတာဂမ်ဘာရီဟာ မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုကို တွေ့ချင်ရင် နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပြီး စစ်အစိုးရ ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာတွေကိုလည်း ပယ်ဖျက်ပေးဖို့လိုတယ်လို့ မစ္စတာဂမ်ဘာရီကို ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားတဲ့အကြောင်း မြန်မာစစ်အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာ ဖတ်ကြားသွားခဲ့ပါတယ်။
တနင်္လာနေ့ကတော့ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ခံရရေးဟာ အနာဂတ် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လိုအပ်ချက် ဖြစ်နေဆဲပဲလို့ မစ္စတာဂမ်ဘာရီကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေပါတယ်။
၎ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာဂမ်ဘာရီဟာ ဗိုလ်မှူးချုပ်ကျော်ဆန်း ဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီဟာ နေပြည်တော်ကိုလာရောက်ဖို့ ဖိတ်ကြားခြင်း မခံခဲ့ရဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တခြား စစ်ကောင်စီဝင် ထိပ်တန်းဗိုလ်ချုပ်ကြီးတွေနဲ့လည်း တွေ့ဆုံခွင့် မရခဲ့ဘဲ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

အပြည့်အစုံ...>>

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ

၃ ဖေဖော်ဝါရီ ၂၀၀၉။
လတွေထဲမှာ ကျမအချစ်ဆုံးက ဒီဇင်ဘာလပါပဲ ။မနက်မိုးလင်းတာနဲ့ ကန်ဘောင်ပေါ်ကျမရောက်နေတတ်ခဲ့ တယ်။ကျမအပျော်ဆုံးကလဲ ဒီဇင်ဘာပါပဲ မနက်အစောကြီး ဆိတ်ဖလူးပန်းတွေ ကောက်ခဲ့ ရတဲ့ နေ့ တွေ ကျမဘယ်တော့မှ မေ့ပစ်ဘို့ မကြိုးစားခဲ့ပါဘူး ။ ကျမ မသေခင်အထိ ဒီဇင်ဘာလရောက်ချိန်တွေကို မျှော်နေမှာပဲ ။ဒီဇင်ဘာလတိုင်း ရန်ကုန်မြေကို နင်း ခွင့်ရဘို့ ကျမကြိုးစားနေမှာပါပဲ။ရန်ကုန်ရဲ့ဒီဇင်ဘာကို ကျမသေမှ ခွဲချင်ခဲ့တယ်။မနှစ်ကဒီဇင်ဘာအကြောင်းကျမရေးမလို့ပါ ။ အရမ်းအေးတယ်...။
မှတ်မှတ်ရရ ကျမတို့ ညအိပ်ရင်တောင် အဲကွန်းပိတ်ထားရတဲ့အထိ ရန်ကုန်ဆောင်းပီသ ခဲ့တာပါ။ ကျမတို့ မနက် လေးနာရီထိုးတာနဲ့ သူငယ်ချင်းတွေအကုန် ချိန်းထားတယ် ။ ရွှေတိဂုံဘုရားကို တက်ကြဘို့ ပေါ့ ။ သူတို့က မြို့ ထဲကနေ ကျမကို ကမ္ဘာအေးမှာ လာခေါ်မယ်ပေါ့ ။ ကျမက ၀ီရိယလွန်ပြီး မနက်လေးနာရီထိုးဘို့ မိနစ်နှစ်ဆယ် လောက်အလိုထဲက ခြံရှေ့ မှာ ။ အဆင့်သင့်ပိုက်ဆံအိတ်လွယ်ပြီး ကမ္ဘာအေးလမ်းမ ပေါ်ထွက်ရပ်နေတဲ့ ကျမရှေ့  ကို အငှါးကားတွေတစ်စီးပြီး တစ်စီးထိုးရပ်လာတယ် ။ ကျမကလဲ ကောင်းကောင်းမွန်မွန်ပဲ ကျမ ကားမငှါးပါဘူးပေါ့ တစ် ချို့ကားက ထွက်သွားတယ် တစ်ချို့ ကားက လမ်းကြုံလို့ ပါ ပို့ ပါရစေတဲ့။ အဲဒီတော့မှကျမ ခေါင်းနပန်းကြီးသွားတယ် ဒါပေမဲ့ လမ်းပေါ်မှာ ကျမတစ်ယောက်ထဲ မဟုတ်ဘူးနော် လမ်းလျောက်တဲ့သူတွေ တဖွဲဖွဲရှိတယ် ။ ဒါပေမဲ့ ကျမက တော့အငြိမ်ပေါ့ ။ ရပ်စောင့်နေရတာကိးု ...။ အမေက ပြောတယ် လမ်းမှာ ကိုယ့်ကို မခန့် လေးစား ပြောခံရရင် ကိုယ့်ဝတ်စား ဆင်ယင်ပုံကို အရင်ပြန်ကြည့်တဲ့ ။ နောက်တစ်ခု မျက်နှာပေးတဲ့ ။ကျမကိုယ်ကျမ ပြန်လေ့လာတော့ ပထမဦးဆုံးဘုရား တက်မဲ့နေ့ လေ ။ ကချင်အနက်ပေါ် ချည်အစိမ်းနဲ့ဖေါက်ထားတဲ့ ထမိန်စကဒ်နဲ့ စပို့ ရှပ်ခေါင်းစွပ်အစိမ်းလက်ရှည်နဲ့  ပုဝါအစိမ်းလေး ပခုံးပေါ်တင်လို့  ပိုက်ဆံအိတ် လွယ်ထားတယ် စွတ်ရချွတ်ရလွယ်တဲ့ ညှပ်ဘိနပ်အဖြူရောင်နဲ့ ။ ဘာ များမှားလို့  တုန်း ကျမတွေးရင်း တော်တော်တင်းနေပြီ။ လာခဲ့တွေ့ မယ်လို့ တေးထားတဲ့ ကျမနား အငှါးကားတစ်စီး ထိုးရပ်လာတယ် ပထမတစ်စီး နှစ်စီးလောက်သာ ကျမကောင်းကောင်းဖြေတာ နောက်ကားတွေလာရင် ကျမကြည့်ကို မကြည့်တော့တာပါ ။ အခုရပ်လာတဲ့ကားသမားလဲ ပြီတီတီပဲ အဲဒီကားသမားကို သူမမေးခင် ရှင့်ကိုမတားပဲဘာကိစ္ဓ ကျမအနားရပ်တာလဲ ဆိုတော့ ညီမလိုက်မလားတဲ့ ကျမက ဘယ်ကိုလိုက်ရမှာလဲဆိုတော့ လိုက်ပို့ မယ်လေတဲ့....။ ရှင်ကဘယ်ကိုပို့ မှာလဲဆိုတော့ တက်ပါ ကားပေါ်ကျမှ ပြောမယ်တဲ့ အနားကအုတ်ခဲကျိုးတစ်ခုကိုကောက်ပြီး လာရှင့် ဆင်းခဲ့ စမ်းပါ ကားအောက်က အခုဆင်းဆိုတော့အဲဒီလူက ကားကိုဘီးလှိမ့် ယုံလိမ့်တယ် အုတ်ခဲကျိုးကိုင်ထားတဲ့ ကျမကို အနားက ဖြတ်လာတဲ့  လူတွေကြားအောင် ရိုးရိုးသားသားမေးတာ စိတ်ဆိုးစရာမလိုဘူးလို့ လူကြားကောင်းအောင် အော်သွားတယ်။ မကြာပါဘူး နောက်တစ်စီးရပ်လာတယ် မေးပုံကိုက ညီမလေး လမ်းကြုံတယ်လိုက်မလား တဲ့  ဘယ်ကိုကြုံတာလဲ ဆိုတော့တောင်ဥက္ကလာတဲ့ လာပါ တက်ပါ အကိုက ကားသိမ်းတော့မှာတဲ့ ခဏဆိုပြီးကျမသူ့  ကားနံပတ်ကိုသေသေချာချာသွားကြည့်တယ် ပြီးတော့ဘုရားပေါ်မှာရိုက်ဘို့ ဆောင်ထားတဲ့ ဒီဂျစ်တယ် ကင်မရာ အသေးလေးနဲ့ အပီအပြင်ချိန်တယ် ရှင်နဲ့ ပါဆို ဆယ့်တစ်စီးရှိသွားပြီ မနက်အာရုဏ်တက်မှာ အမျိုးကောင်းသားသမီး တွေကိုကာယိနြေ္ဓ ပျက်အောင် ဒီအနားမှာ နှောက်ယှက်နေတယ် တိုင်ထားလို့ ရှင့် ဆိုတော့ကားသမား ပြူးတူးပြာတာ နဲ့ ကျနော်ဘာလုပ်လို့ လဲတဲ့  ရှင်ရုံးရောက်မှ ရှင်းတော့ဆိုတော့ ကျနော်တောင်းပန်ပါတယ် နောက်ဒါမျိုးမဖြစ်စေရ ပါဘူးတဲ့ .....။ ကျမလဲခပ်တည်တည်ပဲ သူ့ကို...သွားမှာသွားစမ်းပါ နောက်ကားတွေ ဖမ်းရမယ်ဆိုတော့...။ သူက ကျမကို ဒီအချိန်လမ်းမမှာ တစ်ယောက်ထဲရပ်နေမှတော့ မေးမှာပဲတဲ့..။မေးတာကျမလက်ခံပါတယ် ။ မဟုတ်ပါဘူး ပြောနေတာ ထပ်ကွန့် ပြီးခေါ် နေတာတော့မဟုတ်ဘူးရှင့်...။ လုပ်စားတဲ့ သူက ရှင်မေးရင် ၀မ်းသာအားရရှိမှာပေါ့...။ ကျမက မဟုတ်ပါဘူးဆိုမှ မဟုတ် လို့ ပေါ့ရှင့်...။ ရှင်တို့ လူရှာတာ လမ်းဘေးရပ်သမျှ မိန်းကလေး လိုက်မေးတာတော နည်းမကျဘူးဆိုတော့ တောင်းပန် ပါတယ် နောက်မဖြစ်စေရပါဘူးတဲ့ ။ ကျမလဲ လမ်းလျှောက်သူတွေ များလာတော့ လမ်းလျောက်တော့မယ် ဆိုပြီးလမ်း မကြီးအတိုင်း ရွှေဂုံတိုင်ဘက်ကို လျှောက်လာတယ် ။ သုံးလေးခြံကျော်လောက် လျှောက်မိတော့ ပလက်ဖေါင်းပေါ်မှာ ဆိတ်ဖလူးပန်းတွေ ဖွေးဖွေးလှုပ်နေတယ် ....။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပန်းတွေထိုင်ကောက်တော့တာပဲ...။ပြီးတော့ အုတ်တံတိုင်းကိုကျော်ပြီး ကိုင်းကြနေတဲ့ အကိုင်းက ပန်းတွေကိုလဲကျမခူးယူခဲ့ သေးတယ်။ ပြီး... ကျမလမ်းဆက် လျှောက်လာတယ်...။ အဲဒီအချိန် ရောင်နီလာနေပြီ....။ လူတွေလဲ ပိုများလာပြီ...။ ဒါပေမဲ့ ကားသမားတွေရဲ့ နှောက်ယှက်မှုကိုတော့ ကျမခံနေရတုန်းပဲ...။ နောက်ကနေ ဟွန်းတီးလားတီးရဲ့  အနားကပ်ပြီး လိုက်မလား ခေါ်လားခေါ်ရဲ့ သူများ တွေကြည့်ပြီး ကျမပုံစံက လမ်းလျောက်တဲ့  ပုံစံမဟုတ်တာ သတိထားမိလာတယ် ...။ ပိုက်ဆံအိတ် လွယ်လာတာရယ် ထမိန်စကဒ်ဝတ်ထားတာရယ်မိန်းကလေးတစ်ယောက်ထဲ ဒီအချိန် စိမ်ပြေနပြေ လမ်းလျှောက်နေတာရယ်က ထူးခြားနေမှာ အမှန်ပဲဆိုပြီး ကျမ စိတ်လျှော့ထားလိုက်တယ် ... ။အဲဒီအချိန်မှာပဲ ကိုယ်ပိုင်ကားတစ်စီး ကျမနောက်ကလိုက်လာတယ်....။အသိသာကြီးရှင်..။ လမ်းလျှောက်တဲ့ သူနောက်ကို ကားနဲ့ ဘီးလှိမ့် ပြီးလိုက်တာ တော်တော်အရုပ်ဆိုးတာပဲလို့  စဉ်းစားရင်း ငါတော့တစ်ခုခုလုပ်မှလို့ တွေးမိတယ်....။ ကားက ကျမအနားကပ်လာရင် လိုက်ပို့ မယ်လေ ပြောလိုက် ကျော်သွားရင်ရပ်စောင့်လိုက်....။ ကားကလဲ ကျမတို့ ညီအမ အမည်ပေးထားတာလူပုလေးတွေ စီးတဲ့ကားလို့တီကို အ ဖြူရောင်ကျမနဲ့ မတိမ်းမယိမ်းလောက်ပဲ..... ။အဲလိုနဲ့ ရွှေဂုံတိုင် လမ်းဆုံရောက်လာတယ်... ။ ကျမရှေ့ တည့်တည့်မှာရွှေပန်း ငွေပန်း စံပါယ်ပန်းတွေ ကိုင်ပြီး ပန်းရောင်းတဲ့ ကောင်လေးတစ်ယောက် လျှောက်လာတယ်.... ။ ရွှေတိဂုံဘုရားကိုလဲ မြင် နေရပြီ ကျမ အဲဒီကောင်လေးဆီက စံပါယ် ရွှေ ငွေ တော်တော်များများ ၀ယ်လိုက်တယ်....။ပလက်ဖေါင်းပေါ်တင်ပဲ ၀ယ်နေတာ ကျမတို့ အနားမှာ ကပ်ပြီး အဲဒီကားရပ်နေတယ်.... ကျမဒေါသက လုံးဝမရတော့ဘူး...။ ကျမနောက်လှည့်ပြီး အဲဒီ ကားဂျပုပေါ်က လူကို ရှင်မရှက်ဘူးလားဟင်....လို့  လေသံအေးအေးနဲ့ မေးတော့...။ ရုတ်တရက် ထင်မထားဘူးထင်တယ်....။ ဘာကိုရှက်ရမှာလဲတဲ့ ဒီလမ်း ကို့လို့ ကန့်လန့် ကြီးမှာဘာကြောင့် ကားရပ်ထားတာလဲလို့ ကျမမေးတော့ စံပါယ်ပန်းဝယ်မလို့ တဲ့  ရတယ် ပြော... ဘယ်လောက်ဘိုးယူမလဲဆိုတော့ တစ်ထောင့်ငါးရာဘိုးတဲ့ တစ်ကယ့် ကလေးကလား ...။ ရတယ်... မောင်လေးသူ့ အရင် ပေးလိုက်ဆိုတော့ အဲဒီကောင်လေးလဲ ၀မ်းသာအားရ အဲဒီလူက တစ်ထောင်တန်နှစ်ရွက် ကိုင်ထားတယ်...။ ကျမက ကြားကနေ စောစောစီးစီး အမ်းစရာမရှိဘူး မောင်လေးနှစ်ထောင်ဘိုး လုပ်ပေးလိုက် ဆိုတော့ ....။ အဲလူက ပြီတီတီရုပ်နဲ့ ရတယ်.. ရတယ် လုပ်လိုက်တဲ့ ။ပန်းသည်ကောင်လေးရဲ့ တစ်ချို့ ပန်းတွေ ကျမကိုင်ထားပေးရတာလေ...။ သူက ပန်းတွေကို ရေပြီးခဲတန်ချွန်တဲ့ ဓားလေးနဲ့ ဖြတ်တော့ ကျမက သူ့ပန်းတစ်ချို့ကျမအတွက်ဝယ်ကတည်းက ကိုင်ပေးထားတာ ကျမ မရယ်မပြုံး ခပ်တည်တည်ပဲ...။ပန်းသည် ကောင်လေးပေးတဲ့ ပန်းနှစ်ထောင်ဘိုး ကို လှမ်းပေးရင်း ရှင် ကျမနောက်လိုက်အုန်းမယ်ဆိုရင်... ။ ကားကို တစ်နေရာမှာရပ်ခဲ့ ...။ ရှင်လဲသိက္ခာကျ၊ ကျမလဲသိက္ခာကျတဲ့ အလုပ်ကိုဆက်မလုပ်ပါနဲ့  .... ကားပေါ်ကလူတွေကို အထင်ကြီးတဲ့ အထဲမှာကျမမပါဘူး...။ရှင်နဲ့ ဒီပန်းရောင်းတဲ့ မောင်လေးနဲ့ ယှဉ်ရင်တောင် ဒီမောင်လေးက ရှင့်ထက်သိက္ခာရှိတယ်လို့ ကျမတို့  သုံးယောက်ကြားအောင် ကျမပြောတော့....။ကားပေါ်ကလူက လေသံမာမာနဲ့ ခင်ဗျားနောက်ကို ကျနော်ဘာလို့ လိုက်ရမလဲတဲ့ ...။ ကမ္ဘာအေးဘုရားလမ်းထဲက ရှင်ကားမောင်းတာ လမ်းလျှောက်နေတဲ့ ကျမနဲ့ အတူတူ ပန်းဝယ်နိုင်တာဘာကြောင့်လဲ ရှင့်ကိုယ်ရှင်စဉ်းစား....။ ရှက်ရင် မဟုတ်တာမလုပ်နဲ့  အဲဒါ ဆယ်ကျော်သက်တွေအလုပ်.....။ ရှင့်အရွယ် မလုပ်သင့်တော့ဘူး...။ ရော့....ရှင့်ပန်း.... ကြွပေတော့လို့ ကျမပြောတော့မှ မကျေမနပ်နဲ့ ဝူးဆိုကားကို မောင်းထွက်သွားတယ်....။ အဲဒီနေ့က ဘုရားပေါ်ကျမရောက်ပြီးမှ သူငယ်ချင်းတွေရောက်လာတယ်....။ အစောကြီး လမ်းလျှောက်ရတာ ကျမသဘောကျသွားပြီး နောက်နေ့ တွေလဲ လမ်းပဲ လျှောက်ဖြစ်တော့တယ်...။ သုံးရက်လောက်ဒုက္ခခံပြီးတော့ ကျမကို အဲဒီလမ်းတစ်လျှောက်က လူတွေသိ သွားကြပြီ...။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာတစ်ခုစလိုက်ရင်တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ....။သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။ကျမခေါင်းနဘမ်းကြီးသွား သလိုအမတွေလဲအနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူးဂေါပကသွား တိုင်မှာနော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆို တော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေ ရော မရေရသေးတဲ့ အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလားကရနေတာကိုးတဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့ အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် ....
မမhttp://mamaonlinediary.blogspot.com/ ကူးယူမျှဝေပါသည်။

အပြည့်အစုံ...>>