ဖမ်းဆီးခံရသည့် အမေရိကန်စစ်သား၏ မှတ်တမ်းဗီဒီယို ထွက်ပေါ်လာ


၂၀ ရက် ဇူလိုင် ၂၀၀၉။ (ပုလဲနက်)

တာလီဘန်တို့ ဖမ်းဆီးခြင်းကို ခံထားရသော အမေရိကန် စစ်သားက ၎င်းအနေနှင့် မွေးရပ်မြေသို့ ပြန်မရောက်တော့မည်ကို စိုးရိမ်နေကြောင်း ဗီဒီယိုတိပ် တစ်ခုမှတဆင့် ပြောကြားခဲ့သည်။ ဇူလိုင်လ (၁၈)ရက်နေ့က တပ်စခန်းသို့ ရောက်ရှိလာသော ဗီဒီယိုတိပ်တွင် မှတ်တမ်းတင်ထားသော စစ်သားမှာ ပျောက်ဆုံးနေသည့် အမေရိကန် စစ်သားဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ (၂၈)မိနစ်ကြာ ရိုက်ကူးပြသထားသော ဗီဒီယိုတွင် ပါရှိသော စစ်သားသည် အရှေ့ပိုင်း အာဖဂန်နစ္စတန်ရှိ အမေရိကန် အခြေစိုက် စစ်စခန်းတစ်ခုမှ ဇွန်လ(၃၀)ရက်နေ့ကတည်းက ပျောက်ဆုံးသွားပြီး နောက်ပိုင်းတွင် တာလီဘန်တို့ ဖမ်းဆီးသွားခြင်း ခံထားရသည့် စစ်သားဖြစ်နေကြောင်း ကာကွယ်ရေးဌာနက အတည်ပြုခဲ့သော်လည်း စစ်သား၏ အမည်ကိုမူ ကြေညာခြင်း မရှိခဲ့ပေ။
ဗီဒီယို မှတ်တမ်းအရ အဆိုပါ စစ်သားသည် ခေါင်းတုံးအရိတ်ခံထားရပြီး မုတ်ဆိတ်ကိုလည်း စတင်ရိတ်ပေးနေသည့်ပုံ ပါရှိကြောင်း သိရသည်။ ၎င်းသည် အမှတ်အသား တစုံတရာ မပါရှိသော မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ခုံတစ်လုံးတွင် ထိုင်နေကြောင်း တာဝန်ရှိသူများကဆိုသည်။ ဗီဒီယို၏ အစောပိုင်းတွင် စစ်သားအား ဖမ်းဆီးထားသူ တစ်ဦးက ၎င်းအား ကျွေးမွေးသည့် ခွေးစာခွက်ဆန်ဆန် အစာခွက်ကို မြှောက်ပြခဲ့ပြီး တစ်နေရာတွင် ထိုခွက်ဖြင့် အစာစားနေရသော စစ်သား၏ပုံကိုလည်း ဖော်ပြခဲ့သည်။ ထိုစစ်သား၏ အမည်ကို ပင်တာဂွန် စစ်ဌာနချုပ်က ဖော်ပြခြင်း မရှိသော်လည်း တာလီဘန်တို့၏ ၀က်ဘ်ဆိုက်တွင်မူ ၎င်း၏အမည်၊ အသက်နှင့် မွေးရပ်တို့ကို ဖော်ပြထားကြောင်း သိရသည်။ စစ်သားက ၎င်းသည် ဇူလိုင်လ (၁၄)ရက်နေ့တွင် စကားပြောနေခြင်းဖြစ်ကြောင်း၊ ကင်းလှည့်ခရီးစဉ် တစ်ခုအတွင်း နောက်ကျကျန်ခဲ့စဉ် အဖမ်းခံခဲ့ရကြောင်း ဗီဒီယိုအတွင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းအနေနှင့် အလွန်လည်း ကြောက်ရွံ့နေမိကြောင်း ဆက်လက်ပြောဆိုခဲ့သည်။“ကျွန်တော် အိမ်မပြန်ရမှာ အရမ်းကြောက်ပါတယ်။ အကျဉ်းသား တစ်ယောက်ရဲ့ဘ၀က တော်တော်ဆိုးတာပါ”ဟု ၎င်းကဆိုသည်။ ထို့အပြင် ၎င်း၏ ချစ်သူမိန်းကလေးကို လက်ထပ်ရေးအတွက် မိသားစုနှင့် တိုင်ပင်ရန် စီစဉ်ထားသေးကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။ “ကျွန်တော့်မိသားစုက အရမ်းချစ်စရာကောင်းတာပါ။ သူတို့နဲ့တွေ့ဖို့ အမေရိကန်ကို ပြန်ချင်လှပါပြီ။ ကျွန်တော့်ကောင်မလေးကိုလည်း နေ့တိုင်း လွမ်းနေမိပါတယ်”ဟု စစ်သားက ဆိုသည်။ ထို့အပြင် အမေရိကန် ပြည်သူများသို့ ရည်စူးပြီးလည်း “အမေရိကန် ပြည်သူများခင်ဗျား။ တစ်ချိန်တုန်းက အာဖဂန်ကို အမေရိကန်တွေ ရောက်လာတဲ့အတွက် ကျေနပ်စရာ ဖြစ်ကောင်း ဖြစ်ခဲ့ပါမယ်။ ခုတော့ ကျွန်တော်တို့တွေ အကြမ်းတမ်းဆုံးဘ၀ကို ဖြတ်သန်းနေရပါပြီ။ ကျွန်တော်တို့ စစ်သားတွေ မိခင်နိုင်ငံကို ပြန်လာဖို့က ပြည်သူတွေ ၀ိုင်းပြီးတောင်းဆိုမှ ရမှာပါ။ ကျွန်တော်တို့ရဲ့ အချိန်နဲ့ အသက်တွေ အလဟဿ ဖြစ်နေတာကို ပြောင်းလဲပစ်ဖို့ ၀ိုင်းပြီးကူညီကြပါ။ အမေရိကန် ပြည်သူတွေမှာသာ အဲဒါကို ဖန်တီးနိုင်မယ့် စွမ်းအင်အပြည့် ရှိနေတာပါ”ဟု ၎င်းက ပြောကြားသွားသည်။ ထိုကဲ့သို့သော စကားမျိုးကို ပြောဖြစ်စေရန် တာလီဘန်များအနေနှင့် အကျဉ်းသားကို အပြင်းအထန် ညှဉ်းပန်းကာ ၀ါဒါဖြန့်ထားဖွယ်ရှိကြောင်း အာဖဂန်ရှိ အမေရိကန် စစ်တပ်မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ခရစ္စတင်း ဆင်ဒါစထရစ်ကာက မှတ်ချက်ပြုခဲ့သည်။ “သူကျန်းကျန်းမာမာနဲ့ အသက်ရှင်နေတာ သိတဲ့အတွက် ၀မ်းသာပါတယ်။ ဒါပေမယ့် တာလီဘန်တွေက သူ့ကို ဘယ်အတိုင်းအတာထိ ၀ါဒဖြန့်ထားသလဲဆိုတာတော့ စိုးရိမ်စရာပါပဲ”ဟု ခရစ္စတင်းကဆိုသည်။ ဗီဒီယိုထဲတွင် ဇူလိုင်လ (၁၄)ရက်နေ့က NATOစစ်သည် (၃၇)ဦး လိုက်ပါလာသော Chinook ရဟတ်ယာဉ်တစ်စင်း အာဖဂန် တောင်ပိုင်းရှိ ဟဲလ်မန်တွင် ပစ်ချခံရသည်ကို ၎င်းကြားမိခဲ့သည်ဟု စစ်သားက ထည့်သွင်းပြောကြားသွားရာ ၎င်းအား အဆိုပါ ဒေသတွင်ပင် ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း အမေရိကန်စစ်တပ်က ယူဆနေသော်လည်း တိတိကျကျ အဖြေမထုတ်နိုင်သေးပေ။ တာလီဘန်တို့က အမေရိကန် စစ်တပ်များ ဟဲလ်မန်မှ မထွက်ခွာသ၍ အကျဉ်းသားကို လွှတ်ပေးရန် အစီအစဉ် မရှိကြောင်းနှင့် အမေရိကန်တပ်များ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာပါက အကျဉ်းသားအား သတ်ပစ်မည်ဖြစ်ကြောင်းပါ ကြေညာထားသည်။

Comments :

0 comments to “ဖမ်းဆီးခံရသည့် အမေရိကန်စစ်သား၏ မှတ်တမ်းဗီဒီယို ထွက်ပေါ်လာ”