၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ

၂၉ ရက် ဇူလိုင် ၂၀၀၉။ ဗထူး (ရိုးမ၃)

နအဖစစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရမည့် ပုဂ္ဂိုလ်များနှင့်ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းခဲ့ရာ အဆိုပါအစည်းအဝေးပွဲအား အဆုံးမသတ်နိုင်ဘဲ ခေတ္တ ရပ်ဆိုင်းထားရသည်။လက်ရှိစစ်ခေါင်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါ အချက်အလက်များအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦးစလုံး အရပ်ဖက်အသွင်ကူးပြောင်းရေးအတွက် ၎င်းတို့နှစ်ဦးအကြား သဘောတူညီမှု မရရှိသေးခြင်းဖြစ်သည်။“လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို တပ်ထဲမှာ ဆက်ထားခဲ့ဖို့ တပ်ချုပ်က ပြောတယ်၊ ဒါပေမဲ့ ဦးအေးက ဒီကိစ္စကို သဘောမတူဘူး၊ သူကိုယ်တိုင် ဦးစီးချုပ် ဆက်လုပ်မယ်ပြောတယ်” ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ တပ်ကြပ်ကြီးစာရေးတဦးက ပြောသည်။
စစ်ခေါင်းဆောင်နှစ်ဦးအကြား ယင်းပဋိပက္ခမှာ လွန်ခဲ့သည့် တလခန့်က စတင်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယခုအစည်းအဝေးကိုပင် ရပ်ဆိုင်းရသည့်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသွားသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍လည်း တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများအကြားတွင်လည်း ဝေဖန်မှုများ၊ မကျေနပ်မှုများ ပေါ်ပေါက်နေလျှက်ရှိသည်။ယခုဖြစ်ရပ်သည်လည်း တပ်မတော်အနာဂါတ်အတွက် မေးခွန်းထုတ်စရာရှိလာပြီဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတခုတွင် တာဝန်ထမ်းဆောင်နေသူ တပ်ခွဲမှူးတဦးက ပြောသည်။နအဖစစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် အတည်ပြုခဲ့သည်။ သို့သော် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အာဆီယံအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပြီး နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲတခုဖြစ်ရန် တိုက်တွန်းထားသည်။

Comments :

0 comments to “၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ”