အာဆီယံက လူ့အခွင့်အရေးအဖွဲ့ ဖွဲ့ပြီ

၂၁ ရက် ဇူလိုင် ၂၀၀၉။ ဧရာဝတီ

မန်မာအစိုးရက လိုလားခြင်းမရှိသည့် အာဆီယံ လူ့အခွင့်အရေး အဖွဲ့ အောက်တိုဘာလတွင် ပေါ်ပေါက် လာတော့မည်ဟု ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ယမန်နေ့က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝတို့ အာဆီယံ အစည်းအဝေးတွင် လက်ဆွဲနှုတ်ဆက်နေကြ (ဓာတ်ပုံ - Getty Images)အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက လူ့အခွင့်အရေး အဖွဲ့ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး TOR ဟု ခေါ်သည့် လုပ်ထုံးလုပ်နည်း မူကြမ်းကို ရေးဆွဲပြီး ဖြစ်သောကြောင့် အောက်တိုဘာလ အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ဖွဲ့စည်းနိုင်မည်ဟု ဆိုသည်။ လူ့အခွင့်အရေးအဖွဲ့သည် လူ့အခွင့်အရေး မြှင့်တင်ရေးကိုသာ ဦးစားပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် အာဏာ မရှိဟု ဝေဖန်ခံနေရသည်။
“စက္ကူကျား” သာ ဖြစ်သည်ဟု ဝေဖန်ခံနေရသည့် လူ့အခွင့်အရေးအဖွဲ့နှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က “ကျနော်တို့ အခြေခံအချက် သုံးချက်နဲ့ အစပြုချင်ပါတယ်။ အများယုံကြည်လက်ခံနိုင်မှု၊ လက်တွေ့ကျမှု နဲ့ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းမှုဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဘာမှ တိုးတက်ဖြစ်ထွန်းမှု မရှိတာထက်စာရင် တခုခု အစပျိုးလိုက်တာက ပိုကောင်းပါတယ်” ဟု ကာကွယ်ပြောဆိုသည်။အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက ဒေသတွင်းလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရန် ယမန်နှစ်က သဘောတူညီခဲ့ပြီး ဖြစ်သော်လည်း ယင်း သဘောတူညီချက်မှာ အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ပေ။ အစပိုင်း တွင် မြန်မာစစ်အစိုးရက ကော်မရှင် ဖွဲ့စည်းရေးကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ကော်မရှင်ကို လိုလားခြင်းမရှိသည့် မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်လက် ညှိနှိုင်းရဦးမည်ဟု ထိုင်း ၀န်ကြီးချုပ်က ပြောသည်။“ကျနော်တို့ ဆက်ပြီး ပြောရပါဦးမယ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တောင်မှ (မြန်မာ့အရေးနဲ့ ပတ်သက်ပြီး) အကြောင်းအရာတချို့ကို သူ စိတ်ပျက်နေပေမယ့် ဒီနည်းလမ်းကို သူသုံးနေရပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အယ်ဘာတို ရိုမြူလိုက ယခုကဲ့သို့ လူ့အခွင့်အရေး အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းဖြင့် အာဆီယံသည် နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမို ရရှိလာမည် ဖြစ်ကြောင်း ယမန်နှစ်က ပြောခဲ့ဖူးသည်။ အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာ စစ်အစိုးရတွင်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်သဘောထား ရှိနေသည်။မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက နိုင်ငံကြီးတချို့သည် လူ့အခွင့်အရေးကိစ္စကို နိုင်ငံရေး လက်နက် တစ်ခု အဖြစ် အလွဲသုံးစားမှုလုပ်နေသည်ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က အီဂျစ်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတခုတွင် ပြောလိုက်ကြောင်း ယမန်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။“လူ့အခွင့်အရေး လိုက်နာမှုတွင် ချန်ပီယံများ ဖြစ်ကြသည်ဟု ကြွေးကြော်နေကြသော အင်အားကြီး နိုင်ငံများ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုနေကြသည်” ဟု (၁၅) ကြိမ်မြောက် ဘက်မလိုက် လှုပ်ရှားမှု ထိပ်သီး ညီလာခံ၏ မူဝါဒရေးရာ ဆွေးနွေးပွဲ၌ ပြောကြားလိုက်သည်။အာဆီယံဆွေးနွေးပွဲသို့ မလာရောက်မီ ဦးဉာဏ်ဝင်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက အာဆီယံ အစည်းအဝေး ကျင်းပရာ ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။

Comments :

0 comments to “အာဆီယံက လူ့အခွင့်အရေးအဖွဲ့ ဖွဲ့ပြီ”