ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့

၁၈ ရက် ဇူလိုင် ၂၀၀၉။ ဧရာဝတီ
ထိုင်းနိုင်ငံ၊ ဖူးကက်မြို့တွင် ယခုပြုလုပ်နေသည့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ အတွက် လုံခြုံရေး ထူထပ်စွာချထားသဖြင့် ဖူးကက်ရောက် မြန်မာပြည်သားများ အခက်အခဲ တွေ့နေကြသည်။ဖူးကက်မြို့ဆောက်လုပ်ငန်းရေးလုပ်ငန်းခွင်တခုတွင် လုပ်ကိုင်နေသည့် မြန်မာပြည်သား ကိုကျော်နိုင်က “လက်မှတ် မရှိတဲ့ အလုပ်သမားတွေက အလုပ်ထဲကို သွားလို့မရတဲ့အတွက် ဝင်ငွေထိခိုက် သလို အလုပ်ရှင် တွေဘက်ကလည်း အလုပ်နှောင့်နှေးမှုတွေရှိပါတယ်”ဟု ပြောဆိုသည်။အလုပ်သမားလက်မှတ်ရှိသူများ အနေနှင့်မူ အဆင်ပြေသည်ဟုလည်း ၎င်းက ဆိုသည်။
“အခုတလော ရဲတွေ အများကြီးပဲ၊ အနေအထိုင် ဆင်ခြင်နေရတယ်ဗျာ”ဟု ဖူးကက်ရှိ မြန်မာပြည်သား အလုပ်သမား တဦးကလည်း ပြောသည်။ ဖူးကက် ပင်လယ်ကမ်းခြေမြို့တွင် မြန်မာပြည်သား ၇ သောင်း မှ ၁ သိန်းခန့်အထိ ရှိသည်ဟု သိရသည်။ ထိုင်းအာဏာပိုင်တို့က အလုပ်သမားလက်မှတ် မရှိသည့် မြန်မာပြည်သားများကို ဖမ်းဆီးရမိပါက ထိုင်း မြန်မာ နယ်စပ်ဒေသသို့ ပြန်လည် ပို့ဆောင်လေ့ရှိသည်။ ထို့ကြောင့် လုံခြုံရေး တင်းကျပ်သော ယနေ့ကာလတွင် မြန်မာ အလုပ်သမားများ ခြေငြိမ်နေရသည်ဟု သိရသည်။လုံခြုံရေး တင်းကျပ်မှုကြောင့် ဖူးကက်မြို့ရှိ စီးပွားရေးလုပ်ငန်းတချို့လည်းအထိအခိုက်ရှိသည်ဟု မြန်မာပြည်သား လုပ်ငန်းရှင်တဦးက ပြောသည်။“တရက်ကို ဘတ် ၆ဝဝဝ လောက် အရှုံးပေါ်နေတယ်”ဟု ယင်းလုပ်ငန်းရှင်က ပြောသည်။ ကုန်ပစ္စည်းများ တင်ဆောင်သည့် ကားများကို ရှာဖွေရေး တင်းကျပ်သောကြောင့် သူ၏ လုပ်ငန်းများ ရပ်ဆိုင်းသွားသည်ဟု ဆိုသည်။ပြီးခဲ့သည့် ဧပြီလက ပတ္တရားမြို့တွင် အာဆီယံ အစည်းအဝေးပြုလုပ်ခဲ့ရာ ထိုင်းအစိုးရကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းသဖြင့် အစည်းအဝေး ပျက်သွားသည်။ ထိုစီးနင်းမှုကြောင့် အာဆီယံနိုင်ငံများမှ အစိုးရ ကိုယ်စားလှယ်များကို ရဟတ်ယာဉ်များဖြင့် ခေါ်ထုတ်သွားရသည်။ထိုဧပြီလက ပျက်သွားရသည့် အဆိုပါ အစည်းအဝေးကြောင့် နိုင်ငံတကာတွင် မျက်နှာပျက်ခဲ့ရသော ထိုင်း အစိုးရက ဖူးကက်မြို့ အစည်းအဝေးအတွက် လုံခြုံရေး တင်းကျပ်ထားခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံ အသင်းဝင် ၁ဝ နိုင်ငံအပါအဝင် အာဆီယံနှင့် ဆွေးနွေးဖက် ၁၆ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အစိုးရကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။အစည်းအဝေးများကို ဇူလိုင် ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။အာဆီယံ ဆွေးနွေးပွဲ ကျင်းပသည့် နေရာသို့ ချည်းကပ်ရာ လမ်းများကို လုံခြုံရေးဂိတ် အများအပြားချထားသည်။ ဖူးကက်မြို့တွင်းမှ ဆွေးနွေးပွဲ ကျင်းပရာ နေရာသို့ သွားသည့်လမ်းတွင်လည်း ရဲ နှင့် စစ်သားများ ပါဝင်သည့် လုံခြုံရေးဂိတ် ၅ ခု ချထားသည်ကို တွေ့ရသည်။အစည်းအဝေးများ ကျင်းပမည့် ဖူးကက် ပင်လယ်ကမ်းခြေရှိ လာဂူးနား အပမ်းဖြေစခန်း (Laguna Beach Resort)တွင် စစ်သား နှင့် ရဲ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ချထားသည်ကိုလည်း တွေ့ရသည်။ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း အပါအဝင် မည်သည့် ဆန္ဒပြခြင်းကိုမျှ ခွင့်ပြုမည်မဟုတ်ဟု ထိုင်းအာဏာပိုင်တို့က ကြိုတင် သတိပေးထားသည်။ပြီးခဲ့သည့်လတွင် ထိုင်းလွှတ်တော်က ပြည်တွင်း လုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ရာ ထိုဥပဒေအရ စစ်တပ် နှင့် ရဲတပ်ဖွဲ့သည် နိုင်ငံလုံခြုံရေးကို ထိခိုက်မည့် အန္တရာယ်မှ ကာကွယ်ရန် ကာဖျူးအမိန့်ထုတ်ခြင်း၊ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။အစည်းအဝေး တက်ရောက်လာသူများအတွက် ဧပြီလမှစတင်ပြီး ကမ္ဘာတဝန်း ပျံ့နှံ့နေသည့် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်မှု မရှိစေရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် ဝက်တုပ်ကွေး ရောဂါပိုး ကူးစက်သူ ၄ဝဝဝ ကျော် ရှိခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ သို့သော်လည်း အများစုမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဟု ဆိုသည်။ ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။

Comments :

0 comments to “ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများ အခက်တွေ့”