ထိုင်းလူမျိုး ၁၂၀၀ ခန့် A(H1N1) တုတ်ကွေးကြောင့် သေကြေပျက်စီးနိုင်ပြီး ၃ နှစ်အတွင်း လူဦးရေ သန်း ၃၀ ခန့် ဗိုင်းရပ်စ် ကူးစက်နိုင်သည်ဟုဆို

၁၃ရက် ဇူလိုင် ၂၀၀၉။ ဖြိုးကြီး (ရိုးမ၃)
ထိုင်းနိုင်ငံအတွင်း A(H1N1) ကြောင့် သေဆုံးသူ ယမန်နေ့ကအထိ ၁၅ ဦးရှိသွားပြီဖြစ်ပြီး ဆေးရုံတက်ရောက် ကုသသူများအနက် လူ ၃၀,၀၀၀ မှ ၁၃၀,၀၀၀ ထိ ဗိုင်းရပ်ရောဂါပိုး ဖြစ်ပွားတွေ့ရှိရကြောင်း A(H1N1) ရောဂါပိုး ဖြစ်ပွားမှုကို စောင့်ကြည့်နေသော ဝန်ကြီးဌာန၏ ဆပ်ကော်မတီဥက္ကဌ ပရာဆပ်သွန်ချာရိုရန်က ပြောကြားလိုက်သည်။၎င်းကိန်းဂဏန်း အရေအတွက်သည် လွန်ခဲ့သော တနှစ်မှ သုံးနှစ်အတွင်း တွေ့ရှိမှုများ၏ ခန့်မှန်းခြေကို အခြေခံ၍ ဖေါ်ပြခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ယခုနောက်ဆုံး A(H1N1) ကြောင့် သေဆုံးသူမှာ စမတ်ပရာကန်ခရိုင်မှ အသက် (၆၃) နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကျောက်ကပ်ပျက်စီးကာ သွေးလည်ပတ်မှုများပျက်စီး၍ သေဆုံးရခြင်းဖြစ်သည်။ဒေါက်တာ ပရာဆပ်က ပြည်သူလူထုအနေဖြင့် အဆိုပါ ဗိုင်းရပ်စ်ပိုးကို မည်ကဲ့သို့ ကာကွယ်တာဆီးရမည်နှင့် ရောဂါဖြစ်ပွားမှု တာဆီးခြင်းများကို ပညာပေးပြောဆိုရန် ကျန်းမာရေးဝန်ထမ်းများအား အကြံပြု ပြောဆိုထားသည်။
“လူထုစည်းရုံးရေးနဲ့ကျန်းမာရေး လှုပ်ရှားဆောင်ရွက်နေသူများအနေနဲ့ A(H1N1) ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း ပပျောက်ဖို့အထိ လျှော့ချနိုင်အောင် ပြည်သူလူထုနဲ့အတူ အစီအစဉ်ဆွဲ လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ဒေါက်တာ ပရာဆပ်က ပြောဆိုခဲ့သည်။ထိုင်းဝန်ကြီးချုပ်ဟောင်း ချွမ်လိပိုင်က ၎င်းဗိုင်းရပ်စ်ပိုးရပ်တန့်ရေး ဆွေးနွေးရန် ကျန်းမာရေးကျွမ်းကျင်သူများ၊ အစိုးရဌာနဆိုင်ရာများ၊ ချူလာလောင်ကွန်တက္ကသိုလ်၊ မဟီရောဒ်တက္ကသိုလ်နှင့် ရာမက်သီဗိုဒီဆေးရုံ အပါအဝင် ဆေးရုံနှင့် ဆေးကျောင်းများမှ ရောဂါဗေဒ ကျွမ်းကျင်သူများကို ယနေ့ အစည်းအဝေးခေါ်ခဲ့သည်။ တဆက်တည်းမှာပင် ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ လှုပ်ရှားဆောင်ရွက်မှုသည် အလွန်နှေးကွေးကြောင်း ပြည်သူလူထု၏ ဝေဖန်သံများ ပေါ်ထွက်နေလျှက်ရှိသည်။ရောဂါထိန်းချုပ်မှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကမ်နျူအန် အန်ချူဆပ်က ထိုင်းနိုင်ငံ၏ ကူးစက်ရောဂါဖြစ်ပွားမှု အဆင့် (၂) နေရာတွင် ဖလူးရောဂါဖြစ်ပွားကူးစက်မှု စုစုပေါင်း၏ ၀.၄ ရာခိုင်နှုန်းသည် သေကြေပျက်စီးမှုရှိသည်ဟု ပြောဆိုခဲ့သည်။ ၎င်းခန့်မှန်းချက်မှာ အမေရိကန်နိုင်ငံ ရောဂါဖြစ်ပွားကူးစက်မှု ထိန်းချုပ်ရေးဌာန စာရင်းဇယားများအရ ပြောဆိုခြင်းဖြစ်ကာ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနအဆိုအရ သေဆုံးမှုတွင် အဆင့် (၅) နေရာတွင် ရှိသည်။“အဆင့် (၂) မှာ ကျန်းမာရေးအရာရှိတွေအနေနဲ့ ပြည်သူလူထုကို လူစည်ကားရာနေရာတွေကို ရှောင်ရှားကြဖို့နဲ့ အခြား သတိပေးကြေညာချက်တွေ ထုတ်ပြန်ရလိမ့်မယ်” ဟု ကမ်နျူအန် အန်ချူဆပ်က ပြောသည်။ သေဆုံးမှုနှုန်း (၀.၅) မှ (၁) ရာနှုန်းနှင့်အထက် အသေအပျောက်ရှိသော အဆင့် (၃) နေရာများတွင် ဗိုင်းရပ်စ်ပိုး လွယ်ကူစွာ ကူးစက်နိုင်သော အများပြည်သူနေထိုင်သည့် နေရာများကို ထိန်းချုပ်ထားရမည်ဖြစ်သည်။အသေအပျောက် (၂) ရာခိုင်နှုန်းအထက်ရှိဖြစ်သော အဆင့် (၅) နေရာများကို သွားလာမှု တားဆီးပိတ်ပင်ထားရမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။အမျိုးသား တုတ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန ဥက္ကဌဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ် ဆန်နန်ချော်ပရာဆပ်က A(H1N1) ရောဂါတိုက်ဖျက်ရေးအတွက် ဘတ်သန်း ၇၀ ရရှိရေးအတွက် အစိုးရကက်ဘိနက်သို့ တင်ပြမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။လူစည်ကားရာနေရာများဖြစ်သည့် စီးပွားရေးဈေးကွက်များတွင် အဆိုပါ တုတ်ကွေးကူးစက်မှု များစွာ ဖြစ်ပွားလျှက်ရှိပြီး Siam Piwat ကုမ္ပဏီ ဒုဥက္ကဌ ဝိချာဟန်က A(H1N1) ရောဂါပိုးသည် Siam Paragon, Siam Discovery နှင့် Siam Center အရောင်းစင်တာ ၃ ခုကို ဖြတ်၍ ပြန့်ပွားလျက်ရှိသည်ဟု ဆိုသည်။ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ၏ ဈေးဝယ်မှုနှုန်းသည် ဖလူးရောဂါနှင့် စီးပွားရေး အကြပ်အတည်းများကြောင့် ထက်ဝက်ခန့် ကျဆင်းသွားပြီး လက်ရှိအားဖြင့် ၎င်းအရောင်းစင်တာ ၃ ခုတွင် နိုင်ငံခြားသား ဈေးဝယ်သူ (၄၀) ရာခိုင်နှုန်းခန့်သာရှိသည်။“နောက်ထပ် ပြည်တွင်းက ဈေးဝယ်သူတွေပါ လျှော့နည်းသွားတာကို တွေ့ရနိုင်တယ်၊ အခုဆိုရင် နောက်အပတ်ကစပြီး ကျူရှင်ကျောင်းတွေ ၁၅ ရက်ပိတ်မယ်လို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်” ဟု Siam Piwat ကုမ္ပဏီ ဒုဥက္ကဌ ဝိချာဟန်က ပြောသည်။ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး ယူရင်လက်ဆန်နာဗီဆစ်က ဘာသာဗေဒကျောင်းများနှင့် ကျူရှင်ကျောင်းများကို ၂ ပတ် ပိတ်ထားမည်ဟု ဆိုသည်။တနိုင်ငံလုံး ပုဂ္ဂလိက ကျူရှင်ကျောင်းနှင့် ဘာသာဗေဒကျောင်း ၂,၃၁၀ ကို လာမည့်တနင်္လာနေ့မှစ၍ ဇူလိုင်လ ၂၈ ရက်ထိ ပိတ်ထားမည်ဖြစ်သည်ဟုပြောသည်။ယခုလအတွင်း စစ်ဆေးမည့် GAT နှင့် PAT စာမေးပွဲများကိုလည်း အစီအစဉ်မှ ရွှေ့ဆိုင်းဖို့ရှိသည်ဟု ပညာရေးဝန်ကြီး မစ္စတာယူရင်က ပြောသည်။ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များ ဒုတိယဥက္ကဌ ပနစ်ဆိုရပ်က A(H1N1) ကူးစက်ပြန့်ပွားမှုကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုသည် ယခင်က (၂) မှ (၃) ရာခိုင်နှုန်း ခန့်မှန်းသော်လည်း ယခု တတိယလေးလပတ်တွင် (၄) မှ (၅) ရာခိုင်နှုန်းထိ တိုးလာသည်ဟု ပြောသည်။သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ဝန်ကြီး ရနောင်းရပ် ဆူဝန်ချဝီးက အင်တာနက်ကဖီးနှင့် ဂိမ်းဆိုင်များကိုလည်း ယာယီပိတ်ထားကြရန် တိုက်တွန်းထားလိုက်သည်။ယခုကဲ့သို့ ထိုင်းအစိုးရအနေဖြင့် A(H1N1) ရောဂါကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ လူထုပညာပေးလုပ်ငန်းနှင့်အတူ လူစည်ကားရာ နေရာနှင့် ကျောင်းများကို ရက်အကန့်အသတ်ဖြင့် တားဆီးနေသော်လည်း မြန်မာစစ်အစိုးရအနေဖြင့် ပြည်သူနှင့် ကျောင်းသားများ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်နေလျက်ရှိသည်။

Comments :

0 comments to “ထိုင်းလူမျိုး ၁၂၀၀ ခန့် A(H1N1) တုတ်ကွေးကြောင့် သေကြေပျက်စီးနိုင်ပြီး ၃ နှစ်အတွင်း လူဦးရေ သန်း ၃၀ ခန့် ဗိုင်းရပ်စ် ကူးစက်နိုင်သည်ဟုဆို”