မုန်တိုင်းကြောင့် ကမ်းရိုးတန်းတလျှောက် ထိခိုက်ပျက်စီးများပြားပြီး လူသေဆုံး

၁၈ ရက် ဇူလိုင် ၂၀၀၉။ ရိုးမ၃
ပြီးခဲ့သည့် အင်္ဂါနေ့က တိုက်ခိုက်ခဲ့သည့် လေဆင်နှာမောင်းကြောင့် ဧရာဝတီတိုင်း ကမ်းရိုးတန်းတလျှောက် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လူသေဆုံးမှုများရှိသည်ဟု ပြောသည်။ငွေဆောင်မြို့နယ်ခွဲနှင့် အိမ်မဲမြို့နယ်အတွင်းလည်း ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီး အိမ်မဲမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် အမျိုးသမီးတဦး သေဆုံးခဲ့သည်။"ကျမတို့ဆီမှာ လေတိုက်တာက မနက် (၁၀) နာရီလောက်မှာဖြစ်တာ၊ အဒေါ်က လေနဲ့ပါသွားပြီး ဆုံးသွားတာ၊ ဒီနေ့ပဲ အသုဘချလိုက်တယ်၊ ဖြစ်တာက သူက ကောက်စိုက်နေရင်းနဲ့ ဖြစ်သွားတာ" ဟု သေဆုံးသူ၏ မိသားစုဝင်တဦးက ပြောသည်။
အခြားတရွားလုံး ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အိမ်ခေါင်မိုးလောက်သာ ပျက်စီးသွားပြီး ဒေါ်လှဝင်း တဦးတည်းသာ ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်သည်။ထို့အပြင် ငွေဆောင်မြို့နယ်အတွင်း တိုက်ခတ်ခဲ့ရာတွင် ဆေးရုံတခြမ်းမှာ ပျက်စီးသွားကြောင်း ငွေဆောင်ဒေသခံတဦးက ပြောသည်။"တနာရီလောက်မှာ ငွေဆောင်ကွက်သစ်ဖက်ကဝင်ပြီး ဆေးရုံ တောင်ကျောတလျှောက်နဲ့ ဆေးရုံတခြမ်း ပါသွားတယ်၊ တိုက်ခတ်ချိန်က ခဏလေးပဲ၊ လူတွေသိပ်မထိပေမဲ့ ပျဉ်ဒိုးရွာကို ထပ်ဝင်သွားပြီး အိမ်ခြေ လေးငါးလုံးလောက် ပျက်သွားတယ်၊ ပြီးတော့ ဖုန်းဆိုးကြီးက အုန်းပင် ၂၅ ပင်နဲ့ အိမ်တလုံး ပြိုသွားတယ်" ဟု ပြောသည်။အဆိုပါ လေဆင်နှာမောင်းကြောင့် ယုဇန ပုဇွန်မွေးမြူရေး စခန်းအတွင်းမှ အလုပ်ရုံအဆောက်အဦ ငါးလုံးပျက်စီးသွားကာ ပျဉ်ခရိုင်၊ ဒီးဒူကုန်း ဒိုင်နယ်ဘက်တလျှောက် ဆက်လက် တိုက်ခတ်သွားပြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာတွင် မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို ဆေးရုံပို့ထားရသည်။

Comments :

0 comments to “မုန်တိုင်းကြောင့် ကမ်းရိုးတန်းတလျှောက် ထိခိုက်ပျက်စီးများပြားပြီး လူသေဆုံး”