ဘူးသီးတောင် ထောင်မှ ထောင်ပိုင် ထောင်မှူးများ အလုပ်ဖြုတ်ခံရ

၁၆ ရက် ဇွန်လ၊ ၂၀၀၉။ ခိုင်သိန်း(နိရဉ္စရာ)
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှ ထောင်ပိုင်၊ ထောင်မှူး အပါအ၀င် အရာရှိ ၄ ဦးကို ထောင်တွင်းမှ သတင်းများ အပြင် ပေါက်ကြားမှုကြောင့် အလုပ်မှ ထုတ်ပယ်လိုက် သည်ဟု ဘူးသီးတောင် မြို့ခံ တဦးကပြောသည်။ “ အလုပ်က ဖြုတ်ခံရတဲ့ သူတွေထဲမှာ ထောင်ပိုင် ဦးတင်ထွန်း၊ ထောင်ဆရာဝန် ဦးဌေးဝင်း၊ ထောင်မှူး ၀င်းမောင်နဲ့ တခြား ထောင်အရာရှိ တဦးတို့ ဖြစ်ကြပါတယ်။” ယခုကဲ့သို့ အလုပ်ဖြုတ်လိုက်ခြင်းမှာ ထောင်ထဲမှ သတင်းများ အပြင်သို့ ပေါက်ကြား၍ ဖြစ်သည်ဟု သူက ပြောသည်။ “ ဘူးသီးတောင် ထောင်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်ပ သတင်းဌာနတွေ အပါအ၀င် ရေဒီယိုတွေက ထွက်လာတာဟာ ထောင်အာဏာပိုင်တွေရဲ့ ပေါ့ဆမူကြောင့် ဖြစ်တယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ထောင်အာဏာပိုင် ၄ ဦးကို အလုပ်က ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”
များမကြာမှီက ဘူးသီးတောင်ထောင်နှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် ရေဒီယိုများက သာမက အွန်လိုင်း သတင်းဌာနများကလည်း သတင်းများကို ဖေါ်ပြခဲ့ကြသည်။ အဆိုပါ ထောင်အရာရှိ ၄ ဦးကို အလုပ်မှ ထုတ်ပယ်လိုက်သည် သာမက ယခုအခါ ထောင်လုံခြုံရေးကိုလည်း အာဏာပိုင်များက အထူး တင်းကျပ်လိုက်သည်ဟု သိရသည်။ စစ်တွေမှ အမည် မဖေါ်လိုသူ တဦးကလည်း “ ထောင် လုံခြုံရေးကို သူတို့က အထူး တင်းကျပ်ထားပါတယ်။ ကျွန်တော့်ညီကို ထောင်ဝင်စာသွားတော့ တွေ့ခွင့်မရခဲ့ပါဘူး၊ ပေးချင်တဲ့ ပစ္စည်းတွေကို နာမည်နဲ့ အခန်းနံပတ်ကိုပေးပြီး ပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေကို ပေးထားခဲ့ ရပါတယ်။ ပစ္စည်းတွေ လက်ခံ ရရှိသလား မရရှိဘူးလား ဆိုတာကိုတော့ မသိပါဘူး။”ဟု ပြောသည်။ တခြား ရဟန်းတော် တပါးကလည်း “တွေ့ခွင့်မရခဲ့ဘူး တကာကြီး။ အထဲက ရဟန်းတော် တပါးအတွက် ငွေ လေးထောင်ကို ထောင်က အရာရှိတဦးကို ပေးခဲ့ပြီး ငွေလေးထောင်ထဲက တထောင်ကို တကာကြီး ယူပါဆိုပြီး ပေးထားခဲ့ရတယ်” ဟု ပြောသည်။ ထောင်တာဝန်ရှိသူ ၄ ဦးမှာ ယခုလ လဆန်းပိုင်းက အလုပ် အဖြုတ်ခံခဲ့ရပြီး သူတို့ အလုပ်ဖြုတ်ခံရ ခြင်းမှာ ထောင်ထဲရှိ ထောင်သားများကို ရိုက်ယူထားသော ဗွီဒီယို အခွေများနှင့် ဓါတ်ပုံများအား အာဏာပိုင်များက ဖမ်းဆီး ရမိသွားခဲ့သဖြင့် ဖြစ်သည်ဟု စစ်တွေက လာသော သတင်းတရပ်တွင် ဖေါ်ပြထားသည်။ ယခုကဲ့သို့ ထောင်လုံခြုံရေးကို တင်းကျပ်လိုက်သဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ထောင်ဝင်စာ တွေ့ရန်မှာ ယခင်ကထက် ပိုမို ခက်ခဲသွားသည်ဟု သိရသည်။ဘူးသီးတောင် ထောင်ထဲတွင် ကိုဌေးကြွယ်နှင့် ဦးအိသရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၅ ဦးရှိပြီး အများစုမှာ ကျန်းမာရေး နှင့် ပတ်သက်ပြီး ထိခိုက်ခံစားနေရသည်ဟု သိရသည်။

Comments :

0 comments to “ဘူးသီးတောင် ထောင်မှ ထောင်ပိုင် ထောင်မှူးများ အလုပ်ဖြုတ်ခံရ”