ပေါ့ပ် တေးဂီတ ဘုရင် မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ရှာပြီ

၂၆ ရက် ဇွန်လ ၂၀၀၉။ လူထုအသံ
Jackson 5 ဟူသော အမည်ဖြင့် ငယ်စဉ် တောင်ကျေးဘဝမှ ဂီတ၏ ကြယ်တပွင့် ဖြစ်လာခဲ့သူ ပေါ့ပ်တေးဂီတ ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် အသက် ၅၀ အရွယ်သည် ယနေ့ ကြာသပတေးနေ့
နေ့လည် ၂နာရီ ၂၆မိနစ် တွင် နှလုံးရောဂါဖြင့် လော့(စ်) အိန်ဂျလိ(စ်) တက္ကသိုလ်များ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
ယနေ့ ဂျွန်လ ၂၅ရက် နေ့လည် ၁နာရီခန့်တွင် အမေရိကားမှ ကျော်ကြားသူများ၏ အတွင်းရေးများ ဖေါ်ပြသော TMZ website တွင် မိုက်ကယ်ဂျက်ဆင် သေဆုံးကြောင်း ကနဦးလွှင့်တင် လိုက်သည်နှင့် အင်တာနက် အွန်လိုင်းများ၊ ဂရုမေးလ်များ၊ ဆိုရှယ် နက်ဝပ်ကင်းများ ပျားပန်းခတ်မျှ ရှုတ်ရှက်ခတ် သွားရသည်ဟု အမေရိကား ဋ္ဌာနေ သတင်းများတွင် သို့လော သို့လော ဝိုးတဝါး အတည်ပြုချက် မပြုပဲ ဖေါ်ပြနေပြီး နေ့လည် ၂နာရီခွဲ၌ စီအန်အန် သတင်းဋ္ဌာနမှ လော့(စ်)အိန်ဂျလိ(စ်) ခရိုင် သေမှုဆိုင်ရာရုံး ဒုတိယ လက်ထောက်ချုပ် အက်ဝင်းတား နှင့် အင်းတာဗျူး ပေါ်ထွက်လာမှ အစပိုင်းတွင် အတည်ပြုချက် ရယူ၍ မရသော ထိုသတင်းအား မီဒီယာအားလုံး အမှန်ဟု အတည်ပြု လိုက်ကြခြင်း ဖြစ်သည်။
ယနေ့ နေ့လည် ၁၂နာရီခွဲတွင် မိုက်ကယ်ဂျက်ဆင်၏ နေအိမ်မှ လော့(စ်) အိန်ဂျလိ(စ်) မီးသတ်ဋ္ဌာနအား အရေးပေါ် သူနာပြုယာဉ် အကူညီတောင်းသော ဖုန်းခေါ်ဆိုခဲ့ကြောင်း မီးသတ်ဗိုလ် စတိ(ဖ်)ရူဒါမှ ယနေ့ ညနေထုတ် အယ်လ်အေ တိုင်းမ် သတင်းစာသို့ ပြောဆိုလိုက်ပြီး၊ သူနာပြုယာဉ် မိုက်ကယ်ဂျက်ဆင်အား သယ်ဆောင် လာချိန်တွင် မိုက်ကယ်မှာ မျောနေသော အဆင့်သို့ ရောက်ရှိနေပြီး၊ အယ်လ်အေ တက္ကသိုလ်များ ဆေးရုံသို့ ပို့လိုက်ရသည်ဟု ဆိုပြီး ယခု ညနေ ၇နာရီခွဲတွင် ရေခဲတိုက်သို့ အလောင်း သယ်ဆောင်သွားပြီဟု အမေရိကား ဋ္ဌာနေ တယ်လီဗေးရှင်း သတင်းများတွင် ဖေါ်ပြလျှက် ရှိသည်။
၁၉၈၀ ခုနှစ် ဝန်းကျင်တွင် Black and White တေးဂီတဖြင့် ကမ္ဘာတဝှမ်း လူသိများလာပြီး ၁၉၈၂ ခုနှစ်တွင် ကမ္ဘာကျော် တေးအယ်ဘမ် "Thriller" ထွက်ရှိ လာပြီးနောက် ယနေ့တိုင် အလွန်ကျော်ကြားသော "Beat It," "Billie Jean" သီချင်းများဖြင့် ကမ္ဘာတဝှမ်း ဝက်ဝက်ကွဲ အောင်မြင်မှုရကာ သူ၏ဘဝတွင် ကောင်းမှု ဆိုးမှုတို့ ဒွန်တွဲ၍ ပေါ့ပ်တေးဂီတ ဘုရင်ဘွဲ့ကို သိမ်းပိုက်ထားသူ ဖြစ်သည်။

Comments :

0 comments to “ပေါ့ပ် တေးဂီတ ဘုရင် မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ရှာပြီ”