ပထမဆုံး A/H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိကြောင်း အတည်ပြုကြေညာ

၂၉ ရက် ဇွန်လ ၂၀၀၉။ ယဉ်နွယ်မင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသော A/H1N1တုပ်ကွေး ကူးစက် ရောဂါ သည် မြန်မာနိုင်ငံသို့လည်း ပြန့်နှံ့ ရောက်ရှိလာ ပြီဖြစ်ကြောင်း သိရသည်။ အသက်(၁၃)နှစ် အရွယ် မိန်းကလေး တစ်ဦးတွင် အဆိုပါရောဂါပိုး ကူးစက်ခံ ထားရကြောင်း နိုင်ငံပိုင်သတင်း ဌာန များက ကြေညာ သည်။ အဆိုပါ မိန်းကလေးသည် စင်္ကာပူနိုင်ငံမှ ဇွန်လ(၂၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် လေယာဉ်ခရီးစဉ် 3k 585ဖြင့် ရန်ကုန်လေဆိပ် သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ထိုစဉ်က သူမထံတွင် ရောဂါပိုး ကူးစက်ထားသည့် လက္ခဏာမျိုး မတွေ့ခဲ့ရချေ။ သို့သော် ယင်းမိန်းကလေးမှာ ညနေပိုင်း သူမ၏ tutorialအခန်းသို့ ရောက်ရှိလာချိန်တွင် အပြင်းဖျားလာပြီး အခြေအနေ ဆိုးလာသောကြောင့် ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။
ဆေးရုံမှ တာဝန်ရှိသူများက လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မိန်းကလေးသည် A/H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားကြောင်း အတည်ပြု ကြေညာခဲ့သည်။ ယခုအခါ မိန်းကလေး၏ မိသားစုနှင့် သူငယ်ချင်း မိတ်ဆွေများ အားလုံးတို့ကို သီးသန့်ခွဲထားပြီး သတိပြု စောင့်ရှောက်ထားကြောင်း သိရသည်။ မိန်းကလေးနှင့်အတူ လေယာဉ်ခရီးစဉ်တွင် လိုက်ပါ လာသည့် အခြားခရီးသည် (၉၁)ဦးကိုလည်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ စောင့်ကြည့်မည်ဖြစ်ကြောင်း ဆေးရုံအသိုင်းအ၀ိုင်းက ဆိုသည်။ အဆိုပါ မိန်းကလေးသည် ဇွန်လ(၂၁)ရက်နေ့က မိသားစုနှင့် စင်္ကာပူသို့ ခေတ္တသွား ရောက်ပြီး ပြန်လာချိန်တွင် ယခုကဲ့သို့ ရောဂါကူးစက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ နိုင်ငံအတွင်း A/H1N1ကို ပထမဆုံး တွေ့ရှိပြီးနောက် မြန်မာ့ ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်များသည် ကူးစက်နှုန်း လျင်မြန်ပြင်းထန်သော အဆိုပါ ဗိုင်းရပ်စ်ကို တားဆီးကာကွယ်နိုင်ရေး ပိုမိုအားထည့် ကြိုးပမ်း သွား မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ကြေညာသွားသည်။ ကျန်းမာရေး ၀န်ကြီးဌာနသည် A/H1N1ဗိုင်းရပ်စ်ကို နိုင်ငံအတွင်း မတွေ့ရှိ ရမီ ဧပြီလ (၂၅)ရက်နေ့ကတည်းက လေဆိပ်၊ သင်္ဘောဆိပ်နှင့် နယ်စပ် ကူးသန်း ရောင်းဝယ်ရေး ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြောင်းလည်း သိရှိရသည်။ ဇွန်လ(၂၆)ရက်နေ့ WHO၏ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်း A/H1N1ဗိုင်းရပ်စ် ကူးစက်ခံနေရသူ (၅၉,၈၁၄)ဦးရှိပြီး သေဆုံးသူ (၂၆၃) ဦးရှိပြီဖြစ်သည်။

Comments :

0 comments to “ပထမဆုံး A/H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိကြောင်း အတည်ပြုကြေညာ”