ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံများ ဆက်တိုက်ဖြန့်ဝေ

၁၀ ရက်၊ ဇွန်လ ၂၀၀၉။ ဖြိုကြီး (ရိုးမ၃)
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများကို လူစည်းကားရာ နေရာများနှင့် ရပ်ကွက်များအတွင်း လိုက်လံဖြန့်ဝေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။ဒဂုံမြို့သစ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များဘက်မှ မတရား အမှုဆင်ဖမ်းဆီးထားခြင်းကို လူအများသိစေရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့်နှစ်ရက်ခန့်မှ စတင်ကာ လိုက်လံဖြန့်ဝေနေခြင်းဖြစ်သည်။“အဓိကရည်ရွယ်ချက်က မတရား အကျယ်ချုပ်ချထားတဲ့အပြင် လွတ်ခါနီးမှာ ထပ်ပြီး မတရားအမှုဆင်တာကို ပြည်သူလူထုတွေ နားလည်သိရှိအောင်လို့ အခုလို လုပ်ရတာဖြစ်တယ်” ဟု ဒဂုံမြို့သစ်မြို့နယ်မှ အဖွဲ့ချုပ်ဝင်တဦးက ပြောသည်။အဆိုပါ ဓါတ်ပုံများဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီခန့်မှာ စတင်ကာ (၂၀) ရပ်ကွက်ဈေး၊ (၁၈/၁၉) ရပ်ကွက်များတွင် ပုံပေါင်း ၇၀၀ ခန့်ဖြန်ဝေလိုက်ပြီး လက်ခံရရှိသည့် ပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“အားလုံးက လှိုက်လှိုက်လှဲလှဲ ယူကြတယ်၊ အမျိုးသမီးတဦးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံကိုရတော့ နမ်းပြီး ငိုတောင်ငိုတယ်၊ ကျနော်တို့ (၅၃၊ ၅၄၊ ၅၅) ရပ်ကွက်တွေဘက်မှာ ဝေပြီးပြီ၊ မြောက်ဒဂုံမှာလဲ ဝေပြီးပြီ” ဟု ပြောသည်။အဆိုပါ ဓါတ်ပုံများကို လက်ခံရရှိသူ အိမ်ရှင်မတဦးကလည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ရရှိသည့်အတွက်ကြောင့် ဝမ်းသာမိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲတမ်း ဆုတောင်းပေးနေသည်ဟု ပြောသည်။“ဈေးသွားရင်း ဓါတ်ပုံတွေဝေနေတယ်ဆိုတော့ ပြေးပြီးသွားယူတာ၊ တပုံရခဲ့တယ်၊ ကျမတို့က ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ မမြင်ဖူးတော့ ဓါတ်ပုံလေးရတော့ တော်တော်ကို ဝမ်းသာတယ်၊ အရင်တုန်းကလဲ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းထားတယ်ဆိုတာတွေကို သတင်းတွေမှာကြားတယ်၊ အဲဒီကတည်းက လွတ်ဖို့ ဆုတောင်းပါတယ်၊ အခုလဲ ဆုတောင်းနေဦးမှာပါ” ဟု ပြောသည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုတရပ်လုံး၏ အစစ်အမှန် လူထုခေါင်းဆောင်ဖြစ်ပြီး သူမလွတ်မြောက်ရေးအတွက် ပြည်သူတွေအားလုံးမှာလဲ တာဝန်ရှိတဲ့အတွက် အားလုံး ဝိုင်းဝန်းကြိုးစားသင့်ကြောင်း အဆိုပါအိမ်ရှင်မက ဆက်လက်ပြောသည်။ထို့အပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင်လည်း အဖွဲ့ချုပ်အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးသင်္ကေတ ဂျိုးငှက်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လူစည်ကားသည့် နေရာများသို့ လှည့်လည်ခြင်းများ ပြုလုပ်ခဲ့သည်။

Comments :

0 comments to “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံများ ဆက်တိုက်ဖြန့်ဝေ”