ရေဒီယိုလက်ဝယ်ရှိသူ ကြိုးမဲ့ကြေးနန်းဥပဒေနှင့် အရေးယူခံရနိုင်ဟုဆို

၁၇ ရက် ဇွန်လ ၂၀၀၉။ မေ၀င်းမွန်

ရေဒီယိုသုံးစွဲမှုများပြားသော်လည်း လိုင်စင်ပြုလုပ်မှုနည်းပါးသဖြင့် ရေဒီယိုလက်ဝယ်ရှိပြီး လိုင်စင်မရှိသူများ၊ လိုင်စင်ပြုလုပ်ထားသော်လည်း ဆက်လက်သက်တမ်းတိုးခြင်း မပြုလုပ်သူများသည် မြန်မာနိုင်ငံ ကြိုးမဲ့ ကြေးနန်းဥပဒေနှင့်ငြိစွန်းကာ အရေးယူခံရနိုင်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ ယခင်မြန်မာ့အသံတစ်ခုတည်းသာ နားထောင်ခဲ့ရာမှ ယခုနောက်ပိုင်းတွင် စီးတီးအက်ဖ်အမ်၊ မန္တလေးအက်ဖ်အမ်၊ပိတောက်မြေစသဖြင့် ပြည်တွင်းထုတ်လွှင့်သည့် ဖျော်ဖြေရေးအသံလှိုင်းများသာမက နိုင်ငံခြားသတင်းများကိုပါ နားဆင်လာကြသဖြင့် ရေဒီယိုသုံးစွဲမှုအနေအထားမှာ ပိုမိုမြင့်မားလာသည်။
“ခုအချိန်မှာက အရင်တုန်းကလို ရေဒီယိုအကြီးကြီးတွေ ၀ယ်ထားမှအသံဖမ်းနားထောင်နိုင်တာမျိုး မဟုတ်တော့ပါဘူး။ မိုဘိုင်းဖုန်းတွေ၊ Mp4 စတာတွေနဲ့လည်း အက်ဖ်အမ်နားထောင်လို့ရနေပါပြီ။ ရေဒီယိုဆိုရင် လည်း တရုတ်ကလာတဲ့ ရေဒီယိုအသေးလေးတွေမျိုးစုံပါပဲ။ ဈေးလည်းပေါတော့ လူတိုင်းလိုလို ၀ယ်နားထောင်ကြတာပါပဲ” ဟုနေ့စဉ်ရေဒီနားထောင်သူတစ်ဦးကပြောသည်။ ယခုအခါ ရေဒီယိုလိုင်စင်ပြုလုပ်ထားသူ နည်းပါးသည်သာမက ရုပ်မြင်သံကြားစက်အတွက် လိုင်စင်ပြုလုပ်ထားသူပင်မရှိသလောက်ဖြစ်သည်။

Comments :

0 comments to “ရေဒီယိုလက်ဝယ်ရှိသူ ကြိုးမဲ့ကြေးနန်းဥပဒေနှင့် အရေးယူခံရနိုင်ဟုဆို”