ထိုင်းသို့ အလုပ်ရှာရန်သွားသူ ရခိုင်လူငယ် ၃ ဦး ဖမ်းဆီးပြီး စစ်တပ်ထဲသို့ အတင်းသွင်း

၁၈ ရက် ဇွန်လ ၂၀၀၉။ ခိုင်သိန်း(နိရဉ္စရာ)
ထိုင်းနိုင်ငံသို့ အလုပ်ရှာရန် သွားသူ ရခိုင်လူငယ် ၃ ဦးကို မြန်မာ ထိုင်းနယ်စပ် မြ၀တီမြို့တွင် စစ်တပ်မှ ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းရေးဌာနမှ တဆင့် မိတ္ထိလာ စစ်သင်တန်းကျောင်းသို့ ပို့လိုက်သည်ဟု သိရသည်။အဆိုပါ လူငယ်ဦး (၃) ဦးမှာ ရသေ့တောင်မြို့နယ် လုံးတင် ကျေးရွာမှ ဦးဖြူချေသား မောင်ဝင်း (၁၇)နှစ်၊ ဈေးကုန်တန်း ကျေးရွာများမှ ဦးမောင်တင်လှ သား ညီပု (၁၇)နှစ်နှင့် စစ်တွေမြို့ စက်ပြင်ကွင်း ရပ်ကွက်မှ ဒေါ်မခင်သန်းသား မောင်စောသန်း (၁၈)နှစ်တို့ ဖြစ်ကြသည်။သူတို့ ၃ ဦး ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် ယခုနှစ် သင်္ကြန်အပြီးတွင် စစ်တွေမှ ထွက်ခွာသွားပြီး မြ၀တီ အရောက်တွင် ဖမ်းဆီးခံရပြီး စစ်တပ်ထဲ အတင်းသွင်းခံရခြင်း ဖြစ်သည်ဟု သူတို့ ဆွေမျိုး တဦးက ပြောသည်။
“သူတို့သုံးဦး စလုံး ဧပြီလ ၂၀ ရက်နေ့က စစ်တွေကနေ ရွှေပြည်သစ် ဘတ်စ်ကားနဲ့ ထိုင်းနိုင်ငံကို သွားမယ်ဆိုပြီး စစ်တွေက ထွက်သွားပါတယ်။ မိသားစုတွေက သူတို့ကို ထိုင်းနိုင်ငံကို ရောက်သွားပြီလို့ ထင်နေခဲ့ကြပါတယ်။ သူတို့ ဆီက စာရမှဘဲ သူတို့ မိတ္ထိလာ စစ်သင်တန်းကျောင်းကို ရောက်နေတယ် ဆိုတာကို သိရပါတယ်။ သူတို့ကို ပြန်ခေါ်ဖို့ ရေးထားပေမယ့် မလွယ်တော့ဘူး ထင်ပါတယ်။” အဆိုပါ လူငယ် (၃) ဦးကို စစ်တပ်မှ မြ၀တီတွင် ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ခြိမ်းခြောက်ကာ အတင်းသွင်းလိုက်ကြောင်းကို များမကြာမှီက ၎င်းတို့ထံမှ ပေးပို့သော စာအရ သိရသည်ဟု သူက ဆက်ပြောသည်။ ယခုအခါ နအဖ စစ်တပ်ထဲသို့ လူငယ်များ ၀င်ရောက်မှုနှုန်းမှာ များစွာလျော့ကျနေသဖြင့် လူငယ်များကို အကြောင်းအမျိုးအမျိုးပြ ဖမ်းဆီးပြီး ခြိမ်းခြောက်ကာ စစ်တပ်ထဲသို့ သွင်းနေသည်ဟု ဒေသအတွင်းကလာသော သတင်းများအရ သိရသည်။၎င်းအပြင် စစ်တပ်ထဲသို့ ၀င်ရောက်သူ လူငယ် တဦးကို ရခိုင်ပြည်နယ်တွင် ကျပ်ငွေ တသိန်းနှင့် ဆန်တအိတ်စီ ထုတ်ပေးသည်ဟု သိရသည်။

Comments :

0 comments to “ထိုင်းသို့ အလုပ်ရှာရန်သွားသူ ရခိုင်လူငယ် ၃ ဦး ဖမ်းဆီးပြီး စစ်တပ်ထဲသို့ အတင်းသွင်း”