ပခုက္ကူသံဃာတော်များက အာဏာပိုင်များ၏ လှူဒါန်းသည့်ပစ္စည်းမျာကို လက်မခံပဲ လမ်းပေါ်တွင်ပစ်ချထား

ဗထူး။ သြဂုတ် ၂၉၊ ၂၀၀၈ (ရိုးမ၃)

မကွေးတိုင်း၊ ပခုက္ကူစာသင်တိုက်(၃)တိုက်မှ သံဃာတော်များက အာဏာပိုင်များလှူဒါန်းသည့် ပစ္စည်းများကိုလက်မခံပဲ လမ်းပေါ်တွင် ပစ်ချထားကြောင်း ပခုက္ကူမြို့ခံတဦးက ပြောသည်။
စာသင်တိုက်(၃)တိုက်သို့ လွန်ခဲ့သည့်လေးရက်ခန့်က အာဏာပိုင်များက ဆန်၊ဆီ အစရှိသည့် ပစ္စည်းများကို လာရောက်လှူဒါန်းရာ သံဃာတော်များက အဆိုပါပစ္စည်းများကို လမ်းမပေါ်သို့ ပြန်လည်ရွေ့ပြောင်းထားခဲ့သည်။
“အလယ်တိုက်ကဆို အဝင်ကတည်းက လုံးဝလက်မခံလိုက်တာ၊ အရှေ့တိုက်နဲ့ အနောက်တိုက် တို့ကတော့ လက်ခံပြီးမှ ပစ္စည်းတွေကို လမ်းပေါ်အကုန်ပစ်ထားလိုက်တာ”ဟု မျက်မြင် ပခုက္ကူမြို့ခံတဦးက ပြောသည်။
ယင်းကဲ့သို့ သံဃာတော်များက အလှူပစ္စည်းများကို လက်မခံခဲ့သည့်နောက်ပိုင်း ပခုက္ကူမြို့ပေါ်ရှိ အဆိုပါစာသင်တိုက်အနီးရှိ မီးကင်းတဲများတွင် နေ့ညမပြတ် ရဲဝတ်စုံနှင့်အရပ်ဝတ်များ ဝတ်ဆင် ထားသည့် လုံခြုံရေးများ တိုးမြှင့်ချထားလာသည်ကိုတွေ့ရကြောင်း ၄င်းကဆက်လက် ပြော သည်။
နေ့ရောညပါ မီးသတ်ကင်းတဲများတွင်လုံခြုံရေးချထားပြီး ည ၁၀ နာရီကျော်ခန့်မှစ၍ အယောက်(၂၀) ဦးထက်ပိုသည့် ရဲအပါအဝင်လုံခြုံရေးများက ကားများဖြင့် ယနေ့အထိ ကင်းလှည့် စောင့်ကြည့်မှုများရှိနေခဲ့သည်။
“ပစ္စည်းတွေလက်မခံတဲ့ကိစ္စနဲ့ ပတ်သက်လိမ့်မယ်ထင်တယ်၊ အနောက်တိုက် အနောက်နားမှာ အတုလမုနိဘုရား မှာကင်းတဲ တခုရှိတယ်၊ အဲ့ဒီမှာလည်းစောင့်တယ်၊ ဘုန်းကြီးတွေက ဂွနဲ့ ဆွဲထုတော့ အဲ့ဒီကနေပြေးပြီး အခု(၁၂) ရပ်ကွက်က ခန်တော ကင်းတဲဘက်မှာ လုံခြုံရေး ချထားတာ” ဟု ပခုက္ကူမြို့ခံက ပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ပခုက္ကူသံဃာတော်များက ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျှောက်ကြွချီခဲ့ရာ ပခုက္ကူအခြေစိုက်တပ်ရင်းမှ ဗိုလ်မှူးမျိုးသန့်ဇင် ၊ မြို့နယ်ကြံ့ဖွံ့ စည်းရုံးရေးမှူး ဦးအေးမြင့်ဦးဆောင်အဖွဲ့တို့က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အနောက်တိုက်မှ အရှင်ပညာစက္ကနှင့် အရှင်ပညာနန္ဒတို့ ဓါတ်တိုင်တွင်ကြိုးဖြင့် တုတ်နှောင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ ပခုက္ကူသံဃာတော်များအပေါ် အကြမ်းဖက်ခဲ့သည့်ကိစ္စ ဝန်ချတောင်းပန်ရန်နှင့် အချက်(၄) ချက်ပါသည့် တောင်းဆိုမှုကို စစ်အစိုးရအား ရက်သတ်မှတ်တောင်းဆိုပြီးနောက်ပိုင်း နိုင်ငံအနှံ့သံဃာထု၏ မေတ္တာပို့ လမ်းလျှောက်ကြွချီ ဆန္ဒပြလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့သည်။
ယမန်နေ့တွင် ပခုက္ကူခရိုင်ရုံးသို့ မြိုင်၊ ကံမ္မ၊ ပေါက်၊ ရေပြာမြို့တို့မှ မြို့နယ်အာဏာပိုင်များကို ဆင့်ခေါ်၍ ခရိုင်ဥက္ကဌ မှ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ စစ်တပ်၊ ရဲနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ၊ သံဆူးကြိုးများပါ တွေ့မြင်နေရသည်ဟု ယနေ့ပခုက္ကူမြို့ခံက ဆက်လက်ပြောဆိုသည်။

အပြည့်အစုံ...>>

တရားခွင်၌ အများပြည်သူ ကြားနာခွင့်ပြုရန် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တောင်းဆို

ကိုသက် သြဂုတ် ၂၉၊ ၂၀၀၈(ဧရာဝတီ)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစုအပါအ၀င် အများ ပြည်သူနှင့် သတင်းမီဒီယာများကြားနာခွင့်ကို တောင်းဆိုရန်ရှိသည်ဟု ၎င်းတို့၏အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုအံ့ဘွယ်ကျော် (ဓာတ်ပုံ - ဧရာဝတီ)

“သူတို့မှာ (၈၈ ကျောင်းသားခေါင်းဆောင်များ) နဂိုကတည်းက အဲဒီအစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း မိသားစုတွေ ထောင် ၀င်စာသွားတွေ့စဉ်ကတည်းက တချို့ပြန်ပြောပြတာတွေရှိတယ်၊ အခုတော့ တရားရုံးတင်ရင် တရားဝင်တောင်းပေးဖို့ ကျနော်တို့ကို တိုက်တွန်းမယ်ပေါ့။ ကျနော်တို့ကလည်း သူတို့ရဲ့ ညွှန်ကြားချက်အရ တရားရုံးကို တင်ပြပေးမှာပါ” ဟု ဦးအောင်သိန်းက ရှင်းပြသည်။
ယခုလ ၂၇ ရက်နေ့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ခေါင်းဆောင်များအပါအ၀င် အဖွဲ့ဝင် ၃၀ ကျော်ကို တနှစ်ကျော် ကြာအောင် ဖမ်းဆီးထားခဲ့ပြီးမှ ပထမအကြိမ် ရုံးထုတ်ခဲ့သည်။ ထိုသို့ ရုံးထုတ်ခြင်းကို ကာယကံရှင်များ ကြိုတင်မသိထား သကဲ့သို့ မိသားစုဝင်များကိုလည်း အာဏာပိုင်တို့က အကြောင်းကြားခြင်း မရှိပေ။
ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက “ကျနော်တို့မိသားစုကို အကြောင်းကြားတာ မရှိဘူး … အဲဒီနေ့က ပုံမှန်ထောင်ဝင်စာတွေ့တဲ့နေ့ပေါ့၊ မနက်ပိုင်း သွားတွေ့ခဲ့တယ်။ ရုံးထုတ်သွားတယ်ဆိုတာကို နောက်မှသိရတာ။ အကျိုးဆောင်ရှေ့နေတွေကိုလည်း ပေးမတွေ့ဘူးလို့ ကြားတယ်” ဟု ပြောသည်။
ရှေ့နေကြီး ဦးအောင်သိန်းကလည်း “ရုံးထုတ်တဲ့လူတွေအကုန်တော့ အတိအကျမသိဘူး။ ဟောခန်းထဲမှာ စုထားပြီးတော့ မြို့နယ်အလိုက် အမှုဖိုင်တွေ လုပ်တာထင်တယ်။ လာမယ့် ၂ ရက်၊ ၅ ရက်နဲ့ ၈ ရက်တွေမှာ ရုံးချိန်းရှိတယ်” ဟု ပြောသည်။
၎င်းတို့အားစွဲဆိုထားသည့် ဥပဒေပုဒ်မများကိုမသိရသေးသော်လည်း တဦးချင်းစီကို ပုဒ်မအများအပြား တပ်ထားပြီး အီလက် ထရွန်းနစ်ပစ္စည်းများ ပါဝင်သည့်အမှုများကို ကြမ်းခင်းအားဖြင့် ၁၅ နှစ်အထိ အမိန့်ချနိုင်သည်ဟုလည်း ဦးအောင်သိန်းက ပြောသည်။ ၎င်းအပြင် ယခုရင်ဆိုင်နေရသည့် တရားရုံးသည် အမိန့်ချမှတ်ရာတွင် အပြစ်ဒဏ်ကို တပေါင်းတည်းချမှတ်မည် မဟုတ်ဘဲ သီးခြားချမှတ်လေ့ရှိသည်ဟုလည်း ဆက်ပြောသည်။၈၈ မျိုးဆက်ကျောင်းသားများ၏ အမှုများကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေ များဖြစ်ကြသည့် ဦးကြည်ဝင်း၊ ဦးအောင်သိန်းနှင့် ဦးဉာဏ်ဝင်းတို့က လိုက်ပါဆောင်ရွက်လျက် ရှိသည်။

အပြည့်အစုံ...>>

အဖွဲ့ချုပ်ခေါင်းဆောင်များကို ထောင်ဒဏ်များချမှတ်

ရိုးမ ၃။ သြဂုတ် ၂၉၊ ၂၀၀၈

စက်တင်ဘာရွှေဝါရောင်လှုပ်ရှားမှုမတိုင်မီ အဖမ်းခံရသည့်ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။
ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်(၆)ဦးကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ်တရားသူကြီး ဒေါ်တင်တင်စန်းဦးဆောင်သည့် တရားစီရင်ရေးအဖွဲ့က ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
မြို့နယ်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခင်ဘို၊ အတွင်းရေးမှူးဦးခင်မောင်ချစ်၊ တွဲဘက်အတွင်းရေးမှူး ဒေါ်မိမိစိန်၊ ဘဏ္ဍာရေးမှူးဒေါ်ခင်လေး၊ မြို့နယ်စည်းအဖွဲ့ဝင် ဦးသက်ထွန်းနှင့်ဦးသိန်းထွန်းတို့ကို ပုဒ်မ(၁၄၃)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၆)လ၊ ပုဒ်မ၅၀၅(ခ)အရ ထောင်ဒဏ် (၂)နှစ်တို့ကို သီးခြားစီ ချမှတ်လိုက်သည်။
အာဏာပိုင်များက ၎င်းတို့အား ထောင်ဒဏ်များချမှတ်လိုက်ပြီးနောက် မည်သည့်ထောင်သို့ ပို့ဆောင်မည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။
၎င်းမြို့နယ်အဖွဲ့ချုပ်ခေါင်းဆောင် (၆) ဦးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ဘိုကလေးမြို့မှ ဆန္ဒပြလှုပ်ရှားသူများနှင့်ပတ်သက်သည်ဟု စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ယခုကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။
စက်တင်ဘာနှစ်ပတ်လည် နီးကပ်လာသည့်အချိန်တွင် အာဏာပိုင်များဘက်က ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများကို ထောင်ဒဏ်ချမှတ်မှုများပြုလုပ်နေပြီး နိုင်ငံရေးလှုပ်ရှားနေသူ များကိုလည်း ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

အပြည့်အစုံ...>>

ဘိုကလေး အန်အယ်လ်ဒီ အဖွဲ့ဝင် (၆) ဦး ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

ပီတာအောင်/ ၂၈ သြဂုတ် ၂၀၀၈(ခေတ်ပြိုင်)

ယမန်နှစ် စက်တင်ဘာလက ဧရာဝတီတိုင်း ဘိုကလေးမြို့ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၆) ဦးကို ထောင်ဒဏ် (၂) နှစ်ခွဲ စီချမှတ်လိုက်ကြောင်း ၎င်းတို့၏ မိသားစုမှ သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသူတို့မှာ ဘိုကလေး အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်၊ အတွင်းရေးမှူး ဦးခင်မောင်ချစ်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်မိမိစိန်၊ ဘဏ္ဍာရေးမှူးဒေါ်ခင်လေး၊ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင် ဦးသက်ထွန်းနှင့် ဦးသိန်းထွန်းတို့ ဖြစ်ကြသည်။
၎င်းတို့၏ မိသားစုဝင်တဦးက “ဒီနေ့ အမိန့်ချလိုက်ပြီ။ ပုဒ်မ (၁၄၃) တရားမ၀င် လူစုလူဝေးမှုကို အလုပ်ကြမ်းနဲ့ (၆) လ၊ ၅၀၅ (ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှုကို အလုပ်ကြမ်းမပါ (၂) နှစ်ဆိုတော့ (၂) နှစ်ခွဲ ချလိုက်တယ်။ ဖျာပုံ တရားရုံးမှာ တရားသူကြီး ဒေါ်တင်တင်စန်းက အမိန့် ချလိုက်တာ။ ထောင်ဒဏ်ကို သီးခြားစီကျခံရမယ် တပေါင်းတည်း မဟုတ်ဘူး” ဟု ပြောသည်။
အန်အယ်လ်ဒီပါတီဝင်များအတွက် အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းနှင့် ဦးမောင်မောင်လတ် တို့က ဆောင်ရွက်ပေးနေသော်လည်း ယနေ့ ရန်ကုန်၌ အခြားရုံးချိန်းများရှိနေ၍ မလာရောက်နိုင် ကြောင်းနှင့် ပြစ်ဒဏ်ကျခံနေရသူများအနေဖြင့် ချုပ်ရက်များကို လျော့ကာ ထောင်ဒဏ်ကျခံရ မည်ဟု သိရသည်။
နိုင်ငံငြိမ်ဝပ်ရေးကိုထိခိုက်သည်ဆိုပြီး အာဏာပိုင်တို့က တရားစွဲတင်လာသည့်အမှုတိုင်းလိုလိုကို တရားရုံးများက ယင်းသို့ ပြစ်ဒဏ်ချပေးလေ့ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်လျှင် အလျော့ပေးလေ့ မရှိကြောင်း၊ သို့သော် ခရိုင်၊ တိုင်း၊ ဗဟို တရားရုံးများအထိ အယူခံဝင်နိုင်ရန် ကြိုးစားသွားမည်ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
ယင်းသို့ ထောင်ချခံရမှုနှင့် ပတ်သက်၍ မိသားစုဝင်တဦးက “ဆူပူအုံကြွမှုပေါ်ပေါက်တယ်ဆိုပြီး ချလိုက်တာ။ မိသားစုအနေနဲ့က မတရားလုပ်တာခံရတာပဲ။ အမှန်တရားကို ဖော်ထုတ်တဲ့နေရာမှာ အမှန်တရားကို ဖော်ထုတ်တဲ့လူတွေ မတရားဖမ်းဆီးထောင်ချခံရတာလို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။
ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ် ဦးဆောင်သည့် အန်အယ်လ်ဒီပါတီ ၀င်များသည် ယမန်နှစ် စက်တင်ဘာ (၅) ရက်က ကုန်ဈေးနှုန်းကျဆင်းရေး၊ လောင်စာဆီဈေး နှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ပိုစတာ များကိုင်၍ မြို့မဈေးအနီး လမ်းလျှောက်ဆန္ဒပြကြပြီး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုစဉ်ကတည်းက ၎င်းတို့ကို ဖျာပုံမြို့ အကျဉ်း ထောင်၌ (၁) နှစ်နီးပါးဖမ်းဆီးထားခဲ့ပြီး ယခုမှ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။ထို့အတူ အင်းစိန်ထောာင်၌ ယမန်နှစ်ကတည်းက ဖမ်းဆီးထားသည့် သံဃာ့တပ်ပေါင်းစု ခေါင်း ဆောင် ဦးဂမ္ဘီရ၊ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်၊ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ လူရွှင်တော် ဇာဂနာတို့ကိုလည်း ရုံးထုတ် စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း ၎င်းတို့အား အမြန်တရားစီရင်ပြီး အမြန်အပြစ်ဒဏ်များချမှတ်ရန် အာဏာပိုင် များက အစီအစဉ်ရှိနေသည်ဟုမှန်းဆနိုင်ကြောင်း ၎င်းတို့၏အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်း ကပြောကြားသည်။ ။

အပြည့်အစုံ...>>

သွေးချွေး မျက်ရည် တော်လှန်ရေး

အကြပ်ကိုင်ခံရလွန်းလို့ဇောချွေးစီးကြောင်း
ဆူပွက်ပွက်ထဲ
ဒီတစ္ဆေခရီးကို
ဘယ်သူမှဆက် သည်းမခံနိုင်တော့ဘူး။

လက်ဖျံရိုး နှစ်ချောင်းနဲ့
အရိုးခေါင်း အလံနက်ကို
မီးတိုက်
အဆိပ်ကုန်သည်သင်္ဘောကြီး
လောင်မြိုက်ပေါက်ကွဲရေး
ကြာပွတ်ဖျားမှ သွေးစက်တိုင်း
သတိပေးနေတယ်။

ဝတ်ကျေတန်းကျေ ရာသီဥတုထဲ
စိန်ပန်းတွေမရှိ
ခုံတန်းပြာမရှိ
တိုက်ရာပါပညာရေးသာ
နင်းမိုင်းကြွမိုင်းတွေကြား
တလမ်းသွားပြေးဆွဲနေရဲ့။

ကံ့ကော်အိုဟာ
မျက်ရည်စိုဖျန်းရုံနဲ့
မလန်းဆန်းတော့တာမို့
တချိမ့်ချိမ့် မိုးကြီးရဲ့ အောက်
ဒေါင်းတသင်းရောင်းရင်းဖွဲ့ဖို့
ကျောင်းဝင်း (၀န်း) ထဲရောက်ခဲ့ပြီ။

မိုးတိမ်
(၂၀၀၇ ခု သြဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသာသမဂ္ဂများအဖွဲ့ချုပ်အား ပြန်လည် ဖွဲ့စည်းခြင်း တနှစ်ပြည့် အမှတ်တရ)

အပြည့်အစုံ...>>

တောင်ငူမှာ စိန်တွေ့သည် ဆိုသောသတင်း ပျံ့နေ

တင့်လွင်/တောင်ငူ သြဂုတ် ၂၇၊ ၂၀၀၈ (ဧရာဝတီ)

ပဲခူးတိုင်း တောင်ငူမြို့အရှေ့ဘက် ကျောက်အိုးရွာ ဘုန်းတော်ကြီးကျောင်းအနီး စမ်းချောင်းအတွင်း၌ လွန်ခဲ့သည့် ၂ ပတ်ခန့် မှစပြီး စိန်တွေ့ရှိသည်ဟူသော သတင်းကြောင့် စိန်ရှာဖွေသည့် လူပေါင်းသောင်းနှင့်ချီ ရောက်ရှိလာ၍ မကြာမီ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ပိတ်ပင်တားမြစ်လိုက်သည်။
တောင်ငူမြို့နှင့် ၁၂ မိုင်ခန့် ကွာဝေးသော ဇရက်ကြီးဘက်သို့သွားသည့် ကားလမ်းနံဘေးရှိ ကျောက်အိုးကျေးရွာ ဘုန်းတော် ကြီးကျောင်း ဆရာတော်၏ အိပ်မက်အရ ကျောက်အိုးချောင်းတွင် စိန်နှင့် တခြားသော ကျောက်မျက် ရတနာများကို ကျင်သူ များက တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။
ထိုသတင်းဖြစ်ပေါ်ရာ နေရာသို့ တောင်ငူမြို့နှင့် အနီးတ၀ိုက်မှ လူများက သွားရောက် စိန်ကျင်ခဲ့ကြပြီး တွေ့ရှိလာသည့် စိန်များကို တောင်ငူမြို့ပေါ်တွင် ရောင်းချကြရာမှ ပိုမို သတင်းကြီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းစိန် တွေ့ရှိသည်ဟူသောနေရာမှ မကြာသေးခင်က ပြန်လာသော ဆိုက္ကားသမား ကိုမောင်မြင့်က တနင်္လာနေ့က စတင်ပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်သောကြောင့် ယခုအခါ မည်သူမျှသွား၍ မရတော့ကြောင်း ပြောပြသည်။
“ပြီးခဲ့တဲ့ တပတ်ကျော်က အဲဒီချောင်းမှာတွေ့တဲ့ စိန်တပွင့်ကို ပွဲစားတယောက်က ကျပ် သိန်း ၃၀ နဲ့ ၀ယ်ခဲ့ပြီး တောင်ငူမြို့ ပေါ်လာရောင်းတော့ သိန်း ၁၅၀ ရသွားတယ်ဆိုတဲ့သတင်း တမဟုတ်ချင်း ပြန့်သွားပြီး လူတွေ စုပြုံ ဆင်းသွားကြတော့ တာပဲ၊ ကျနော်တို့လည်း ရလိုရငြား လိုက်သွားပြီး သွားကျင်တာပေါ့၊ ၃-၄ ရက်ပဲ ကျင်လိုက်ရပြီး ဆရာတော်က လူအုပ်ကို မထိန်းနိုင်လို့ စစ်တပ်နဲ့ရဲကို သွားခေါ်တယ်၊ အဲဒါနဲ့ စစ်တပ်က တနင်္လာနေ့က စပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်တော့ အခု ဘယ်သူမှ အဲဒီနေရာကို သွားလို့ မရတော့ဘူး၊ စိန်ရတဲ့သူတော့ ရကြတယ် ပြောတာပဲ”ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့က ရွှေကျင်သူများ အပါအ၀င် အနီးအနားမှ လာရောက်ကြည့်ရှုသူများမှာ လူပေါင်း ၃-၄ သောင်း ၀န်းကျင်ရှိ၍ ထိုလူများကို ထိန်းသိမ်းရန် အသက် ၈၀ ခန့်ရှိ ဆရာတော် ဦးသောဘိတက စစ်တပ်နှင့်ရဲကို အကူအညီတောင်း သောကြောင့် သြဂုတ် ၂၅ ရက်စွဲဖြင့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့ရာ ယင်းအမိန့်သည် တလ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရာမှ ပြန်လာသည့် တခြားသောဒေသခံ တဦးကလည်း “ကျင်လို့ရတဲ့သူ တယောက်ဆီမှာ ကျနော် တွေ့လိုက် တာကတော့ ဘုရား စိန်ဖူးက စိန်လိုမျိုး၊ လေးငါးမြှောင့် ချွန်ချွန်နဲ့ သိပ်အကြီးကြီးတော့ မဟုတ်ဘူး၊ တလက်မရဲ့ ၄ ပုံ ၃ ပုံ အရှည်လောက်ရှိမယ်၊ နောက်သတင်းကြားတာက မိန်းမတယောက်ရတဲ့ ရွေးစေ့အရွယ်ရှိတဲ့ ညောင်ရွက်ပုံ စိန်ကို တောင်ငူ မှာ သွားရောင်းတာ ၀ယ်မယ့် ဆိုင်က ဈေးမဖြတ်တတ်ဘူး ဆိုတာနဲ့ အဲဒီ မိန်းမလည်း မရောင်းတော့ဘဲ တခြားမြို့ကို တက်သွားတယ်လို့ ဒီရက်ပိုင်းမှာပဲ ကြားလိုက်တယ်”ဟု ပြောဆိုသည်။
ထိုကျောက်အိုးချောင်း အနီးတ၀ိုက်တွင် ဘုရားပြို ဘုရားပျက်အများအပြားရှိပြီး ယခင်ကတည်းက ရွှေကျင်နိုင်သည့် နေရာ အဖြစ် သိရှိခဲ့သော်လည်း တလမှတကြိမ် ၂ ကြိမ်ခန့်သာ တွေ့ရှိရပြီး ယခုကဲ့သို့ နေ့စဉ်လိုလို တွေ့ရှိခဲ့ခြင်းမရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ယင်းစိန်ကျင်သည့် ကျောက်အိုးချောင်းတ၀ိုက်တွင် ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင် စသည့် စားသောက်ဆိုင်များဖြင့် စည်ကားလျှက်ရှိပြီး ကျပ် ၅၀၀ ပေးရသည့် ပလတ်စတစ် ဆန်ခါဖြင့် ချောင်းထဲတွင် ၄ ပေခန့်အကျယ် နေရာယူ၍ တဦးနှင့် တဦး နီးနီးကပ်ကပ် တိုးဝှေ့ စိန်ကျင်ကြသည်ဟု ပြန်လာသူများက ဆိုသည်။

အပြည့်အစုံ...>>

အင်္ဂါဂြိုလ်ထွန်းလင်းမယ့် ည

သြဂုန် ၂၇ရက်၊ ၂၀၀၈
သြဂုတ်လ ၂၇ ရက်နေ့ ဒီနေ့မှာတော့ အင်္ဂါဂြိုလ်ဟာ ထွန်းလင်းတောက်ပစွာဖြင့် ကမ္ဘာမြေပြင်နှင့်မိုင်ပေါင်း 34.65 Mmiles အထိနီးကပ်လာမှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကခန့်ပြောဆိုထားပါတယ်။ အင်္ဂါဂြိုလ်ဟာ ကြီးမားစွာထွန်းလင်းတောက်ပလာပြီး သြဂုတ်လ ၂၇ ရက်နေ့ မနက် ၁၂ နာရီခွဲမှာတော့ ကောင်းကင်မှာ လနှစ်စင်းပမာထွန်းလင်းတောက်ပလာမှာဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ကို ကမ္ဘာနှင့် အနီးကပ်ဆုံး ဒီတစ်ရက်သာ မြင်တွေ့နိုင်မှာ ဖြစ်ပြီး နောက်ထပ်မြင်တွေ့ချင်တယ်ဆိုရင်ဖြင့် နှစ်ပေါင်း ၂၂၈၇ ခုနှစ်ထိ စောင့်ဆိုင်းကြည့်ရှုရ မှာဖြစ်ပါတယ်။ နက္ခတ်ဂြိုလ်အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရေးအခြေအနေတွေလည်း ပြောင်းလဲနိုင်တယ်လို့ ယူဆသူတွေလည်းရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါသမီးဖြစ်လို့ ဒီနှစ် အတွင်းမှာ ထူးထူးခြားခြားပြောင်းတိုးတက်မှုတွေရှိမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ဦးကုလား

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်အစာငတ်ခံဆန္ဒပြသည့်သတင်း

ပီတာအောင်/ ၂၆ သြဂုတ် ၂၀၀၈ (ခေတ်ပြိုင်)

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေသည့် သတင်းများထွက်ပေါ်နေသည့်အပေါ် အတည် မပြုနိုင်သေးသော်လည်း စိုးရိမ်ပူပန်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဟံသာမြင့်က “ဆန္ဒပြနေတယ်ဆိုတဲ့သတင်းတော့ ကျနော်တို့ အတည်ပြုလို့မရဘူး။ မဟုတ်ဘူးလို့ပဲထင်တယ်။ ဒါပေမယ့် စိုးတော့စိုးရိမ်နေတယ်။ အစား အသောက် မယူတော့ဘူးဆိုတဲ့ဟာလည်း ကြားနေပါတယ်။ အရင်တုန်းကတော့ ကိုမြင့်စိုးဆိုတာ အမြဲတမ်းသွားပို့တယ်ပေါ့။ ဂိတ်မှာ လူချင်းလဲလိုက်တယ်ပေါ့။ ဒေါ်ခင်ဝင်းဖြစ်ဖြစ် ထွက်ယူတယ်။ ဘေးမှာလည်း အက်စ်ဘီက ရှိနေတာပေါ့။ ခြင်းတောင်းထဲမှာ ဘာမှမပါဘူးဆိုရင် ဒေါ်ခင်ဝင်းက ယူမယ်၊ ယူပြီးနောက်တနေ့အတွက် ဘာဝယ်ပေးပါဆိုတဲ့ စာရင်းပေးတယ်။ ခုတော့ အဲဒါကို မယူတော့ဘူးပေါ့ဗျာ။ ထွက်ပြီးတော့ ယူတဲ့လူမရှိတော့ဘူးလို့ကြားတယ်” ဟု ပြောသည်။
ထိုသို့ အစားအစာ ထွက်မယူသည်မှာ သတင်း (၂) ပတ်ခန့် ရှိပြီဟု ကြားသိရသော်လည်း မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အစားအစာ ထွက်မယူရခြင်းဖြစ်သည်ကိုမူ မသိရှိသေးကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အစားအစာ လက်မခံတော့သည်မှာ (၉) ရက်ရှိပြီဖြစ်ကြောင်း သြဂုတ် (၁၅) ရက်နေ့က နောက်ဆုံးလက်ခံခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ယမန်နေ့၌ သတင်းထုတ်ပြန်ထားသည်။ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ (၁၈) ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီနှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိချေ။

အပြည့်အစုံ...>>

ပြည်သူ့မေတ္တာခံယူတဲ့ နန်းဆုရတီစိုး ပြီးတော့ ပြည်သူ့မေတ္တာကိုဘယ်သူခံယူမလဲ

သြဂုတ် ၂၆၊ ၂၀၀၈

အဆိုတော် နန်းဆုရတီစိုးကို ပြီးခဲ့သော Hip Hop ရှိုးပွဲ တွင် ရန်ကုန်ပရိတ်သတ်များက ရေဘူး/ခဲ စသည် အရာများနှင်ပြစ်ခဲ့ကြောင်း ကြားသိရသည်။ အကြောင်းမှာ နာဂစ် ကြောင့်စိက်ပူ သောကရောက် နေချိန်တွင် MRTV တွင် ထောက် ခံမဲပေးကြစို့ သီချင်းကို ထပ်ခါထပ်ခါ မြင်ရသောကြောင့်ဖြစ်သည်ဟုပြောကြသည်။ အသေးဆိတ် အထချက် များအားဆက်လက်ဘော်ပြပါမည်။

(ဓါတ်ပုံ - နန်းဆုရတီစိုး)

ယခုတစ်လောရန်ကုန်သတင်းရပ်ကွက်မှပြောကြားလာသောသတင်းစကားများအရအစိုးရအလိုတော်ကျဆန္ဒခံယူပွဲအတွက်မဲဆွယ်
သီချင်းများဆိုခဲ့သောအဆိုတော်လေးများခမျာ အလိုလို မြို့ မေတ္တာခံယူ ရရှိနေ ရပြီဆိုသည့်အကြောင်းများ ကိုကြားသိနေရလေသည်။ ထိုအဆိုတော် များပါစင်ပေါ်တက်လျင်ပင်ပရိတ်သတ် မှလုံးဝ လက်သင့်မခံ တော့ကြောင်းနှင့် စတိတ်ရှိုးကံထရိုက်တာများ ကိုယ်တိုင်ပင်လျင်၎င်းတို့ကို ပွဲမငှားရဲတော့ကြောင်းကို သိရလေသည်။တကယ်တော့အနုပညာသမားတိုင်း ဂရုပြုရှောင်ရှားရမည့် အရေးအ ကြီးဆုံး သော အချက်မှာ အစိုးရစိတ်တိုင်းကျ ပြည်သူကိုအနုပညာ ဖြင့်ကျုံးသွင်း ရန်မကြိုး စားသင့်ခြင်းပင်ဖြစ်ကြောင်း ၊ပြီးခဲ့သောဆယ စုနှစ်များ ကိုပြန်ကြည့်လျှင်ပင် ဂီတလောက၊ရုပ်ရှင်လောက တို့တွင်အနုပညာအရသြဇာတိက္ကမကြီးမားခဲ့သော စိုင်းထီးဆိုင်၊ဇော်ဝင်းထွဋ္ဋ် ၊ဇင်ယော်မောင်မောင်တို့သည်ပင်လျင် အစိုးရဘက်တော်သားများနှင့် ပူးပေါင်းခဲ့ သောကြောင့်လက်ရှိအောင်မြင်နေသောသရဖူ ကိုစွန့်၍ တိမ်မြုပ်ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့ကြရကြောင်းနှင့် တစ်ချို့ အရည်အချင်းရှိသော တက်သစ်စလေးများ သည်လည်းထိုနည်းနှင်နှင်ပင်အညွန့်ကျိုးခဲ့ကြရ ကြောင်း၊ဥပမာ- ပါပီမဇာတ်ကားမှ အုပ်စု၊အဖေနှင့်သားများအုပ်စုတို့ ကိုကြည့်လျင်သိသာနိုင်ကြောင်း ၊ယခုလည်းတက်သစ်စအဆိုတော်လေးများဖြစ်ကြသော ဟဲလေး၊နန်းဆုရတ်ီစိုးနှင့်ရတနာ၊ မိုင် အစရှိသည့် သူများနှင့် တက်နိုင်ခြေရှိသော အနုပညာပွင့်သစ်လေးများမှာပရိသတ်၏အပစ်ပယ်ခံ ဘဝသို့လုံးလုံးရောက်သွား ခဲ့ကြလေကြောင်းနှင့်..ဤသို့သောအခြင်းအရာ များကပင် ပရိတ်သတ်ဖြစ်သောပြည်သူနှင့် အုပ်ချုပ်သူဖြစ်သောအစိုးရတို့အကြားတွင်ရှိသည့် သီခြားဖြစ်တည်မှုကိုဖော်ပြ ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်နောင်လာနောက်သားအနုပညာ သမားတိုင်းလည်း ထိုကိစ္စမျိုးနှင့်မကြုံကြိုက်ရလေအောင် အထူးသတိထားရှောင်ရှားဖို့လိုအပ်ပါသည်။

(ဒဂုံနက်မှ)

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်၏ ငြင်းပယ်ချင်းကိုခံရတဲ့ ကုလက ကိုယ်စားလှယ်အချို့

သံတမန်ကျင့်ဝတ်နဲ့မညီညွတ်ဘဲ အိမ်ရှေ့မှာ ဆူဆူပူပူလုပ်သွားခဲ့သည်။ မတွေ့ချင်ပါဘူးဆိုကမှ အိမ်ရှေ့မှာလာရောက်ပြီး ဆူပူသောင်းကျန်းနေတဲ့ နအဖနှင့်အပေါင်းပါ ကုလသမဂ္ဂ ကိုယ်စားလှည်အချို့

အပြည့်အစုံ...>>

စစ်တွေတွင် လူငယ်များနှင့် ခိုက်ရန် ဖြစ်ပွားရာမှ လုံထိန်း ၂ ဦးသေဆုံး

သြဂုတ် ၂၅၊ ၂၀၀၈
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လူငယ်များနှင့် လုံထိန်းတပ်ဖွဲ့ဝင်များ အကြားခိုက်ရန် ဖြစ်ပွားရာမှ လူငယ်များက ဓါးနှင့် ထိုးသဖြင့် လုံထိန်း ၂ ဦး ပွဲချင်းပီး သေဆုံးပြီး ကျန် ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။အဆိုပါ လူသတ်မှုမှာ လွန်ခဲ့သော သောကြနေ့ ( သြဂုတ်လ ၂၂ ရက်နေ့) ညနေ ၉ နာရီခွဲခန့်တွင် စစ်တွေမြို့ ကသည်းရွာ ရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။စစ်တွေမြို့ အရပ်လူကြီး တဦးက “လူငယ်တွေကတော့ ပြဿနာ ဖြစ်ပွားပီးတာနဲ့ ထွက်ပြေးသွားကြတဲ့အတွက် ဖမ်းဆီးရမိခြင်း မရှိသေးဘူး။ ပြဿနာ စဖြစ်တာက လူငယ်တွေ ဂီတာတီးနေတာကို အရက်မူးနေတဲ့ လုံထိန်းတွေက သွားရန်စရာကနေ လူငယ်တွေက သည်းမခံနိုင်တော့ ပါလာတဲ့ ဓါးတွေနဲ့ ၀ိုင်းထိုးလိုက်တဲ့အတွက် လုံထိန်းတွေ သေဆုံးသွား တာဖြစ်ပါတယ်။” ဟု ပြောသည်။
လုံထိန်း ၄ ဦးတွင် နှစ်ဦးမှာ ပွဲချင်းပီးသေဆုံးသွားပြီး သူတို့ ၄ ဦးစလုံးကို ကားဖြင့် ကယ်ထုတ်သွားရသည်ဟု မျက်မြင် တဦးက ပြောသည်။ယခုအခါ အဆိုပါ လူငယ် ၅ ဦးအား သက်ဆိုင်ရာမှ အပူတပြင်းလိုက်ရှာနေပြီး သူတို့ မိသားစုများအား သက်ဆိုင်ရာမှ ခေါ်ယူ စစ်မေးမြန်းနေကြောင်း သတင်းရရှိသည်။စစ်တွေမြို့ ကသည်းရွာ ရပ်ကွက်မှာ စစ်တွေဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး မကြာခဏ ယခုကဲ့သို့ ဓါးထိုးမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။ copy।http://www।narinjara।com/detailsbur।asp?id=1432

အပြည့်အစုံ...>>

အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ

NEJ/ ၂၂ သြဂုတ် ၂၀၀၈

ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာဂမ်ဘာရီတို့ ယနေ့ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ယခုအထိ တွေ့ဆုံနိုင်ခြင်း မရှိသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကြောင့် မဟုတ်ဘဲ တွေ့ဆုံရမည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံနိုင်သဖြင့် မတွေ့ဆုံသေးခြင်း ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အပြည့်အစုံ...>>

ဂန်ဘာရီကို ဒေါ်စုလက်ခံတွေ့ဆုံမှုမပြု

သြဂုတ် ၂၂ရက်၊ ၂၀၀၈
နေအိမ်အကျယ်ချုပ်ဖြင့်အထိမ်းသိမ်းခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂန်ဘာရီတို့ ဗုဒ္ဓဟူးနေ့က အစိုးရဧည့်ဂေဟာတွင့် တွေ့ဆုံရန်စီစဉ်ထားသော် လည်း ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံတွေ့ဆုံမှုမပြုသောကြောင့် ဂန်ဘာရီလည်း ဧည့်ဂေဟာမှပြန်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂန်ဘာရီ၏ ယခုခရီးစဉ်ကို ကျေနပ်ခြင်းမရှိဟုလည်း ကြားသိရပါသည်။ ၄င်း ကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည့် ကျန်းမာရေးကြောင့်ဟု ကောလဟလများထွက် ပေါ်နေလျှက်ရှိပါသည်။
ဦးကုလား

အပြည့်အစုံ...>>

နအဖ တပ်မတော်ကြီး ယိမ်းယိုင်ပြိုကွဲနေပါသည်။


ထိပ်တန်းအပြောင်းအလဲကြောင့် တပ်မတော်အတွင်းလုံခြုံရေး စိုးရိမ်မှုကြောင့် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ စရဖ အောက်တန်းအရာရှိတပ်သားများ လက်နက်ရုပ်သိမ်း ခံထားရကြောင်း ဆိုသည်။ ရာထူးကနေဖြုတ်ချခံထားရသော ဒုတိယဗိုလ်ချုပ်ကြီးလေးဦးထဲတွင် စရဖ ကို ဦးဆောင် ထားသော ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ပါဝင်သဖြင့် ၄င်းကိုသစ္စာခံထားသော စရဖ လက် အောက်ငယ်သားများ ဖောက်ခွဲမှု များ ပြုလုပ်မည်ဖြစ်၍ ဗိုလ်ကြီးအဆင့်အောက်တွင် ရှိသော စရဖ တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။"အဓိကကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပဲ၊ စစ်ထောက်လှမ်းရေးတွေလိုပဲ စရဖ တွေလည်း ဖောက်ခွဲမှုပိုင်းတွေမှာ ကျွမ်းကျင်တယ်၊ ဗိုလ်ချုပ်ကြီးတွေက သူ့တို့လုံခြုံရေးအတွက်စိုးရိမ်ပြီး အဓိက လုပ်တာပဲ"ဟု ရန်ကုန်မြို့ပေါ်က လေ့လာသုံးသပ်သူတစ်ဦးကပြောသည်။"ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မြန်မာပြည်ံတောင်ပိုင်းမှာရှိတဲ့ စရဖ တပ်သားတွေကိုတော့ ဖြုတ်နေတုန်းပဲ။ သူတို့ကို မေးကြည့်တော့ ထိပ်တန်းခေါင်းဆောင်တွေ အချင်းချင်းကြားက ပဲဖြစ်မယ်"ဟု စရဖနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အပါဝင် ဒုတိယဗိုလ်ချုပ်ကြီးလေးဦးကို ဖယ်ရှားပစ်ပြီးသည့်နောက် တွင် စစ်အစိုးရထိပ်ပိုင်းမှ တင်းမာမှုများရှိခဲ့ပြီး စရဖကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကိုယ်တိုင် ချုပ်ကိုင်မှုလည်း ရှိခဲ့သည်။ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း တို့ကို အငြိမ်းစားပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသော်လည်း မြန်မာစစ်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေ။ဝန်ကြီးပြောင်းလဲမှု နေရာတစ်ချို့သာ စစ်အစိုးရမှ ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်းကို တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲခန့်ထားလိုက်သည်။ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူး ၄ ဦးကို (ကစထ) မှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သတင်းထွက်ခဲ့သည်။အလားတူ ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏သမက် ဗိုလ်မှူးကြီး သိန်းနိုင်ကိုလည်း မင်္ဂလာဒုံ လေတပ် စခန်းတွင် ဦးစီးစေခဲ့သည်ဟု သတင်းထွက်ခဲ့ပြီး စစ်တပ်အတွင်းမှာ တင်းမာမှုများ ရှိခဲ့သည်။စရဖအပြင် ရဲတပ်သားငယ်များကိုလည်း လက်နက်ကိုင်ဆောင်ခွင့်မရှိတော့ကြောင်း ကောလဟာလ သတင်းများလည်း ထွက်နေခဲ့သည်။

(သတင်း - လွတ်လပ်သောမွန်သတင်းအေဂျင်စီ)။

အပြည့်အစုံ...>>

ဂန်ဘာရီနှင့် တွေ့ဆုံရာတွင် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီပြော

ကိုစိုး သြဂုတ် ၂၀၊ ၂၀၀၈(ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီတို့ ယနေ့ ညနေ ပိုင်းက စစ်အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံရာတွင် အားရကျေနပ်မှု မရှိဟု အန်အယ်လ်ဒီက ပြောသည်။
ယနေ့ ညနေ ၃ နာရီခန့်က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မစ္စတာ ဂန်ဘာရီနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ၀င်(စီအီးစီ) များဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း တို့ ၅ ဦးနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံ ဆွေးနွေးခဲ့သည် ဟု အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့မှ ဒေါက်တာ ၀င်းနိုင် က ပြောသည်။
“နာရီဝက် တွေ့ရမယ်ပြောပြီးတော့ တကယ်တွေ့ရတဲ့ အခါကျတော့ မိနစ် ၂၀ သာသာပဲ ပြောခွင့်ရတယ်၊ တွေ့တဲ့ အချိန်က နည်းတဲ့အတွက် မစ္စတာဂန်ဘာရီက နအဖ ကို သူတင်ပြမယ့် အချက် ၅ ချက် ကို ရှင်းပြတယ်၊ စီအီးစီ ကလည်း သူတို့ ပြောဆိုချင်တာကို ပြောတယ်၊ အပြန်အလှန် ဆွေးနွေးချိန် မရဘူး၊ ဒီအပေါ်မှာ ကျနော်တို့ စီအီးစီက အားရကျေနပ်မှုမရှိ ပါဘူး”ဟု ဒေါက်တာ ၀င်းနိုင်က ပြောပြသည်။
မစ္စတာ ဂန်ဘာရီ ရှင်းပြသည့်အချက်များမှာ (၁) ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး ရန်၊ (၂) ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖ တို့ တိုက်ရိုက်တွေ့ဆုံ စကားပြောရန်၊ (၃) တိုင်းပြည် အကြပ် အတည်း ဆိုက် ရောက်နေသော စီးပွားရေး အခြေအနေအရ အထက်ပါ အချက် ၂ ချက်ကို မဖြစ်မနေ ဆောင်ရွက်ပေးရန်၊ (၄) သူ့အနေနှင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် တကြိမ်နှင့် တကြိမ် အချိန်ကြာလွန်းသည့် အတွက် သူ့ကိုယ်စား စင်္ကာပူတွင် ကိုယ်စား လှယ်ထားရန်နှင့် အချက် (၅)မှာ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဒီဇင်္ဘာလ အကုန်တွင် နိုင်ငံရေးကိစ္စအတွက် သီးသန့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းတို့ သိရသည်။
အန်အယ်လ်ဒီ စီအီးစီ အဖွဲ့က ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်အပေါ် သဘောထားနှင့် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက် ပွဲ အသစ်တို့ကို လက်မခံကြောင်း မေးမြန်းပြောဆိုရာတွင် မစ္စတာ ဂန်ဘာရီက ပြန်လည်ဖြေ ကြား ခြင်း မရှိကြောင်း၊ နအဖ တွေ့ပေးသည့် အဖွဲ့အစည်းများနှင့်သာတွေ့ဆုံနေသော ၎င်း၏ ခရီးစဉ် ရည်ရွယ်ချက် ကို မေးမြန်းရာတွင်လည်း မည်သို့ မျှ ပြန်လည် ဖြေကြားခြင်း မပြုကြောင်း ဒေါက်တာ ၀င်းနိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံက်တွင် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အန်အယ်လ်ဒီ စီအီးစီ အဖွဲ့နှင့် တွေ့ဆုံချိန် အထိ မတွေ့ရသေးကြောင်း၊ တွေ့ခွင့်ရရန် ကြိုးပမ်းနေကြောင်း မစ္စတာ ဂန်ဘာရီ က ပြောကြားသည် ဟု လည်း ၎င်းက ဆိုသည်။
ယင်းသို့ အန်အယ်လ်ဒီ စီအီးစီ နှင့် တွေ့ဆုံနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ဆိုးရွားနေသည် ဟု သတင်း များထွက်ပေါ်လာခဲ့ရာ မဟုတ်မှန်ကြောင်းလည်း ဒေါက်တာ ၀င်းနိုင်က ရှင်းလင်းသည်။
မစ္စတာ ဂန်ဘာရီသည် ယမန်နေ့က ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း နှင့် ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်တို့ ဦးဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့နှင့် ရန်ကုန်မြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ဧည့်ရိပ်သာ၌ တွေ့ဆုံခဲ့သေးသည်။
ဒုတိယနေ့ ခရီးစဉ်တွင် မစ္စတာဂန်ဘာရီသည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့သော်လည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ရန် စီစဉ်ထားပြီး နောက် မိုးလေ၀သ အခြေအနေ ဆိုးရွားသောကြောင့် ယင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ တနင်္လာနေ့ နံနက်က ရောက်ရှိခဲ့ပြီး စစ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေအနီအဖွဲ့၊ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။
မစ္စတာ ဂန်ဘာရီ၏ ၅ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင် ရန် သွားရောက် ခြင်းဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုးရက နိုင်ငံ တ၀န်း ကယ်ဆယ် ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် သည်။မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်းခရီး စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

အပြည့်အစုံ...>>

ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့် ရုံးထုတ်

ဖြိုးကြီး။ သြဂုတ် ၁၉၊ ၂၀၀၈ (ရိုးမ၃)
စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့် စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။
ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့် တရားစွဲဆိုကြောင်းပြောဆိုသည်။
"တွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့် မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊ အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက ပြောသည်။
ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊ စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊ ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မနက်ဖြန်တွင် ဦးဂမ္ဘီရအား အီလစ်ထရောနစ်ပုဒ်မဖြင့် အင်းစိန်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယခုလ (၂၇)၊ (၂၈) နှင့် လာမည့်လ (၁) ရက်နေ့တို့တွင် အခြားပုဒ်မများဖြင့် တရားရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနာ သွားရောက်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ ဦးဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခဲ့သည်။

အပြည့်အစုံ...>>

မစ္စတာ ဂန်ဘာရီ မြန်မာပြည်ခရီးစဉ် စတင်

ကိုစိုး | သြဂုတ် ၁၈၊ ၂၀၀၈


ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ယနေ့ နံနက်က ရန်ကုန်မြို့သို့ ရောက်ရှိကြောင်း ကုလသမဂ္ဂက ပြောသည်။


မစ္စတာ အီဗရာဟင် ဂန်ဘာရီ (ဓာတ်ပုံ - ရိုက်တာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးအေးဝင်းက “မစ္စတာဂန်ဘာရီ ဒီနေ့ မနက် ၉ နာရီက ရန်ကုန် လေဆိပ်ကို ရောက်ပါတယ်၊ သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော့် အနေနဲ့ ဘာမှ မပြောနိုင်သေးပါဘူး၊ အခု သူ ရန်ကုန်မှာပဲ ရှိနေပါတယ်”ဟု ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

မစ္စတာ ဂန်ဘာရီ၏ ယနေ့စတင်သည့် ၅ ရက်ကြာခရီးစဉ်သည် ကုလ သမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည် များကိုဆက် လက် လုပ်ဆောင်နိုင်ရန်သွားရောက်ခြင်းဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေးအစုအဖွဲ့များအားလုံးနှင့် တွေ့ဆုံခွင့် ရရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)က မစ္စတာ ဂန်ဘာရီနှင့် တွေ့ဆုံရန် မျှော်လင့်ထားသော် လည်း စစ်အစိုးရ အပေါ်တွင်မူတည် ကြောင်းနှင့် ၎င်း၏ခရီးစဉ်အား ကြိုဆိုကြောင်း အန်အယ်လ်ဒီ ပြန်ကြားရေး အဖွဲ့မှ ဒေါက်တာ ၀င်းနိုင် က ပြောသည်။

“မစ္စတာ ဂန်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ လောလောဆယ်မှာ ထင်သာမြင်သာတဲ့ အကျိုးသက်ရောက်မှု တွေတော့ မတွေ့ရသေးပါဘူး၊ ဘာပဲဖြစ်ဖြစ် ကုလသမဂ္ဂကနေနဲ့ဦးဆောင်ပြီး တော့ မြန်မာနိုင်ငံအရေးကို အတတ် နိုင်ဆုံး ကိုင်တွယ်ဆောင်ရွက်နေတာကတော့ ၀မ်းသာစရာပါ၊ အခုလိုလာတာကို ကြိုဆိုပါတယ်”ဟု၎င်းကပြောဆို သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း မစ္စတာဂန်ဘာရီ၏ ခရီးစဉ်တိုင်းသည် စစ်အစိုးရ အစီအစဉ်အတိုင်း သာမန် လုပ်ဆောင်ချက်များကိုသာ တွေ့ရှိရကြောင်း၊ စစ်အစိုးရ၏ လမ်းပြမြေပုံ အတိုင်း ဆက်လက်လုပ်ဆောင်နေပါက ကုလသမဂ္ဂသည် မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ဆောင်ရွက်နေသည်ဟု မယူဆ ကြောင်း ပြောသည်။

“ကုလသမဂ္ဂအနေနဲ့ အမှန်တကယ်လုပ်ရမှာက အထွေထွေညီလာခံမှာ အကြိမ်ကြိမ် ဆုံးဖြတ် တိုက်တွန်းထားတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလုပ်ရမှာ ဖြစ်ပါတယ်၊ စစ်အစိုးရပြောသမျှကိုလိုက်လုပ်နေပြီး ကျန်တဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်း သားတွေကိုပါ ပါဝင်ဖို့ ပြောနေမယ်ဆိုရင် ကုလသမဂ္ဂဆိုတာဘာလဲလို့မေးခွန်းထုတ် ရ မှာပါ၊ နအဖ ရဲ့ လမ်းပြမြေပုံအတိုင်း လိုက်လုပ်နေမယ်ဆိုရင် ကုလသမဂ္ဂ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရေး အတွက် ဆောင်ရွက်နေတယ်လို့ မယူဆဘူး၊ ကုလသမဂ္ဂအနေနဲ့ လုပ်ငန်းပြနေတယ်လို့ပဲ မြင်တယ်”ဟု ဦးအေးသာအောင် က ဆိုသည်။

မစ္စတာ ဂန်ဘာရီအနေနှင့် ယခင်အကြိမ်များတွင်လည်း တိုင်းရင်းသား ကိုယ်စားလှယ် အစစ်အမှန်များနှင့်တွေ့ဆုံခြင်း မရှိ သည့်အပြင် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များကို အောင်မြင်ရန် ကြိုးပမ်း လုပ်ဆောင်သည့်သဘောများ မတွေ့ရှိရသည့် အတွက် ယခုခရီးစဉ်ကိုလည်း လေးလေးနက်နက် မျှော်လင့်မထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုးရက နိုင်ငံတ၀န်း ကယ်ဆယ် ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် သည်။

မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်း ခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

အပြည့်အစုံ...>>

ကားခတိုးမြှင့်ပေးရန် ဆန္ဒပြသည့် ကား (၉) စီး လိုင်စင်အသိမ်းခံထားရ

ရိုးမ၃
သတ်မှတ်ထားသည့် ကားခများ တိုးမြှင့်ပေးရန်နှင့် ဓါတ်ဆီလုံလောက်စွာ ထုတ်ပေးရန် အေးချမ်းစွာ ဆန္ဒပြသည့် ကား (၉) စီးကို (မထသ)မှ လိုင်စင်များသိမ်းဆည်းလိုက်သည်။
ရန်ကုန်တိုင်း၊ ဒလနှင့် တွံတေးသို့ ပြေးဆွဲနေသည့် မှန်လုံကား (၉) စီးမှာ ပြီးခဲ့သည့်လ (၁၉) ရက်နေ့မှ စတင်ကာ ဒလကားဝင်းအတွင်း ရပ်နားဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
“(မထသ)ကထုတ်ပေးတဲ့ ဓါတ်ဆီဂါလံနဲ့ ထုတ်ဈေးက ခရီးသည်တွေဆီကပြန်ရတဲ့ ငွေနဲ့မကိုက် ဘူး၊ နောက်တခါ ဓါတ်ဆီပြန်ထုတ်ဖို့ ရတဲ့ငွေနဲ့မလောက်တော့တာကြောင့် ကားခ ၂၀၀ ကျပ်ကို တိုးပေးဖို့ တင်ပြထားတာ (မထသ)က ဘာမှအကြောင်းမပြန်လို့ လိုင်းမဆွဲဘဲ အဲ့ဒီကားတွေ ကားဝင်းထဲမှာပဲ ထိုးတာတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။
ထ/၇၃၈၅၊ ည/၆၀၉၄၊ ထ/၄၅၀၆၊ အ/၃၅၈၅ အစရှိသည့် ကား (၉) စီးမှ ဒရိုင်ဘာနှင့် စပယ်ယာ များက ဒလဝင်းအတွင်း ကားများကို ထိုးရပ်ထားကာ ဘောလုံးကန်နေခြင်းဖြင့် ဆန္ဒပြခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“ထွက်မဲ့ကားတွေမရှိတော့ ခရီးသည်တွေများလာပြီး ပြဿနာဖြစ်မဲ့အနေအထား ရောက်လာ တော့ စစ်တပ်၊ ရဲနဲ့ (မထသ)ကအရာရှိတွေ ရောက်လာပြီး ဖြေရှင်းကြတာပဲ၊ ဒါပေမဲ့ ဒီနေ့အထိ အဲ့ဒီကားတွေ အခု တလရှိပြီ ရပ်ထားခံရတာ၊ ကားတွေထုတ်လို့လည်း မရဘူး၊ ဖြေလည်း မဖြေရှင်းပေးဘူး၊ ဒီတိုင်းပဲ ခုထိရှိနေတယ်”ဟု မျက်မြင်တဦးက ပြောဆိုသည်။
ယခင်က အဆိုပါကဲ့သို့ ကားနှစ်စီးခန့်ပြုလုပ်ခဲ့သော်လည်း (မထသ)ဂိတ်မှူးမှ ညှိနှိုင်းပေးခဲ့ပြီး ယခုအခါ အထက်မှညွှန်ကြားချက်ဟုဆိုကာ ဒရိုင်ဘာနှင့် စပယ်ယာများမှာ လိုင်စင်များသိမ်းယူ ခံထားရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံတဦးက ပြောဆိုသည်။

အပြည့်အစုံ...>>

လုံခြုံရေးများ ပိုမိုတိုးမြှင့်မည်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား

အောင်သက်ဝိုင်း/ရန်ကုန် သြဂုတ် ၁၅၊ ၂၀၀၈ (ဧရာဝတီ)

ရန်ကုန်နှင့် နေပြည်တော်အပါအဝင် မြို့ကြီးများတွင် ချထားသည့် လုံခြုံရေးများကို ပိုမို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ၁၃ ရက်နေ့က ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံသည့်ပွဲတွင် ရန်ကုန်မြို့တော်ဝန်က အတည်ပြုပြောကြားလိုက်သည်။
၈ လေးလုံးအရေးတော်ပုံ နှစ် ၂၀ ပြည့် ကျော်လွန်လာသည့် အချိန်ထိ လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားရခြင်းမှာ ဗုံးဖောက်ခွဲမှုများ ပြုလုပ်မည် ဆိုသည့်သတင်းများ ရရှိထားခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချူပ် အောင်သိန်းလင်းက ပြောကြားသည်။
“ကြည့်ရတာ စက်တင်ဘာ သံဃာ့အရေးအခင်း နှစ်ပတ်လည် အတွက်ပါ လုံခြုံရေးဆက်ယူထားတာထင်တယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
၈၈ နှစ်ပတ်လည်မတိုင်ခင်က စစ်သားများနှင့်ရဲများသည် ၀တ်စုံပြည့် ၀တ်ဆင်ကာ သေနတ်၊ ရော်ဘာတုတ်၊ ဒိုင်း အစရှိ သည့် လက်နက်ကိရိယာများ ကိုင်ဆောင်၍ လုံခြုံရေး ယူခဲ့သော်လည်း ၈ ရက်နေ့ ကျော်လွန်ချိန်တွင်မူ အရပ်ဝတ်များဖြင့် လူစည်ကားရာ လမ်းဆုံ လမ်းခွများ၊ ဘုရားပုထိုးစေတီများနှင့် တက္ကသိုလ် ကျောင်းများ၊ ဘုန်းကြီးကျောင်းများ အပါအ၀င် နေရာအနှံ့အပြားတွင် စောင့်ကြည့်လျှက်ရှိနေကြောင်း သိရသည်။
ရွှေတိဂုံ၊ ကမ္ဘာအေးနှင့် ကျိုက္ကဆံ စေတီ များတွင်မူ အရပ်ဝတ်သာမက ယူနီဖောင်းဝတ် စစ်သားနှင့် ရဲများအား စောင့်ကြည့် နေစေသည်ကို တွေ့ရကြောင်း ဒေသခံ တဦးက ၎င်း စေတီများသို့ သွားရောက်လည်ပတ်ခဲ့စဉ် တွေ့ကြုံခဲ့ရသည်ကို ပြန်လည် ပြောပြသည်။
“ဒီနေရာတွေက စက်တင်ဘာ သံဃာ့ အရေးတော်ပုံတုန်းက အဓိက စုရပ်နေရာတွေ” ဟု သူက ဆိုသည်။
စက်တင်ဘာသံဃာနှင့်လူထု ပူးပေါင်း ဆန္ဒပြမှုများ စတင်လှုပ်ရှားရာ ရွှေတိဂုံစေတီတွင် လုံခြုံရေးများ တိုးမြှင့်ထားပြီး ဆန္ဒပြ သံဃာများနှင့် ပြည်သူလူထု စုဝေးရာ ရွှေတိဂုံအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီး နေရာတွင်လည်း အရပ်ဝတ်ရဲနှင့် စစ်သားများ ချထားလျှက်ရှိသည်ကို တွေ့ရကြောင်း ရွှေတိဂုံဘုရားအနီး၊ ရေတာရှည်လမ်းဟောင်းတွင်နေထိုင်သူ ဒေသခံများကပြောသည်။
တာမွေမြို့နယ်တွင် နေထိုင်သူ တဦးကလည်း စက်တင်ဘာ သံဃာ့ အရေးတော်ပုံ အချိန်ကာလက နေ့လယ် ၁ နာရီတွင် သံဃာများနှင့် လူထုမှာ ရွှေတိဂုံ အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးနေရာတွင် စုဝေးကာ ဘုရားပေါ် တက် ၀တ်ပြုပြီးမှ မြို့ထဲသို့ လှည့်လည်ကြောင်း ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
“နေပူပူ၊ မိုးရွာရွာ သံဃာတွေက ဖိနပ်မစီး၊ ထီးမဆောင်းဘဲ တမြို့လုံးပတ် မေတ္တာပို့ကြတာတွေ။ ပြည်သူတွေက လက်ချင်း ချိတ်ဝန်းရံ လမ်းလျှောက်ခဲ့ကြတာတွေကို ဘယ်လိုမှ မေ့လို့ မရနိုင်ဘူး” ဟု သူက ဆက်ပြောသည်။ ၎င်းသည် စက်တင်ဘာ သံဃာ့ အရေးတော်ပုံတွင် ကိုယ်တိုင် ပါဝင်ခဲ့သူဖြစ်ပြီး အရေးတော်ပုံ နောက်ပိုင်းတွင် ၁၀ ရက်ကြာ အဖမ်းခံခဲ့ရသည်။
ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ရှိ ကြေးသွန်းဘုရားကြီးနေရာတွင် ယခင်က အစောင့် လုံခြုံရေးများ မရှိသော်လည်း ယခုအခါ ဘုရားဂေါပကအဖွဲ့ ပုံစံဖြင့် စားပွဲချ၍ “လုံခြုံရေး” ဆိုသည့် စာတန်းဖြင့် စောင့်ကြပ် နေသော အရပ်ဝတ်များကို တွေ့မြင်လာရသည်ဟုလည်း သူက ဆိုသည်။
ဗုံးဖောက်ခွဲ မည့်သူများကြောင့် လုံခြုံရေးတိုးမြှင့်သည်ဆိုသော အကြောင်းပြချက်မှာ စစ်အစိုးရ၏ လုပ်ကြံဖန်တီးမှုသာဖြစ်ပြီး လူထုလှုပ်ရှားမှုဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။
နိုင်ငံအတွင်းတွင် ဗုံးဖောက်ခွဲမည့်သူ ၄ ဦး ရောက်ရှိနေပြီး ထိုသူတို့ကို ဖမ်းဆီးပေးသူ သို့မဟုတ် သတင်းပေးသူအား ဆုငွေ ကျပ် ၂၅ သိန်း ချီးမြှင့်မည်ဟု ဇူလိုင်လအတွင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားခဲ့သည်။
“ဒီလို နှစ်ပတ်လည် အထိမ်းအမှတ်နေ့တွေရောက်လာတိုင်း ဗုံးဖောက်ခွဲမယ့်သူတွေ ရောက်လာပြီ၊ လုံခြုံရေးသတိ ရှိကြပါ ဆိုပြီး လုံခြုံရေးတွေချတဲ့စနစ်က မဆလ လက်ထက်ကတည်းက လုပ်ခဲ့တာပါ” ဟု ရန်ကုန်မြို့နေ အသက် ၅၈ နှစ်အရွယ် တရားရုံးချူပ်ရှေ့နေ တဦးကပြောသည်။စစ်အစိုးရသည် စက်တင်ဘာသံဃာအရေးအခင်း နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်အပါအ၀င် တခြားသော မြို့ကြီးများရှိ ဘုန်းတော်ကြီးကျောင်းများကို စောင့်ကြည့်မှုများ ပြုလုပ်လာပြီး သံဃာတော် အများစု ကလည်း စစ်အစိုးရ အပေါ် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း ဆက်လက် ပြုလုပ်နေကြောင်း ရန်ကုန်သံဃာတော်များက မိန့်ကြားသည်။

အပြည့်အစုံ...>>

တောင်ပြုန်းပွဲတော်ကျင်းပ နတ်တွေလည်းတန်ဖိုးကြီးကြီး မသုံးစွဲနိုင်တော့

သြဂုတ် ၁၄ ၂၀၀၈

မန္တလေးတိုင်းအတွင်း မတ္တရာမြို့နယ် တောင်ပြုန်းရွာ၌ နှစ်စဉ်ကျင်းပလေ့ရှိသော တောင်ပြုန်းပွဲတော်ကို သြဂုတ် ၂ ရက်နေ့မှ စတင်ပြီး ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ ရိုးရာနတ်ယုံကြည်ကိုးကွယ်သူများ အများအပြားလာရောက်ကြသော တောင်ပြုန်းပွဲတော်သည် နှစ်စဉ်စည်ကားလေ့ရှိပြီး ဈေးသည်များလည်း လာရောက်ရောင်းချကြသည်။ ဈေးဆိုင်ခန်းငှါးရမ်းခမှာ အများဆုံး ကျပ်သုံးသိန်းကျော်အထိ ပေးရကြောင်းနှင့် ယခုနှစ်၌ နတ်များအတွက် ဝတ်လဲတော်အဖြစ် ဇာပဝါဆက်သသူအများစုမှာ နိုင်ငံခြားဖြစ် ဇာပဝါများ မဆက်သနိုင်တော့ပဲ ပြည်တွင်းဖြစ်ဇာများကိုသာ ဆက်သကြ သလို ဓားဆက်သသူများလည်း မှန်စီရွှေချဓားများမဆက်သတော့ပဲ ပလတ်စတစ်ကဲ့သို့သော ဓားများကိုသာ ဆက်သကြကြောင်း သိရသည်။ ယခုနှစ် တောင်ပြုန်းပွဲတော်၌ ကျန်းမားရေးပညာပေး အစီအစဉ်အဖြစ် HIV/AIDS ပြန့်ပွားနှုန်းလျော့ချရေး လှုပ်ရှားမှုများလည်း ပြုလုပ်နေသည်။ ၁၀ရက်ကြာ ပြုလုပ်သွားမည့် အဆိုပါအစီအစဉ်ကို မန္တလေးတိုင်း NAP အဖွဲ့နှင့် NGO အဖွဲ့အစည်းများဖြစ်သည့် PSI, Care Myanmar တို့မှ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ပုလဲနက်မှ...

အပြည့်အစုံ...>>

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ လမ်းမရှိ သြဇာကြီးမားသည့် လန်ဒန် အီးအိုင်ယူ မဂ္ဂဇင်းကြီးက ဟောကိန်းထုတ်

၁၂ သြဂုတ် ၂၀၀၈ ခေတ်ပြိုင်

၂၀၀၈- ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ် လူထုအုံကြွမှုတရပ်ဖြစ်ပြီး လက်ရှိ စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ အလားအလာ မရှိသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်တပ်က အကြမ်းပတမ်း ဖြိုခွဲသည့် အရေးအခင်းမျိုး ထပ်ပေါ်သည့်တိုင် ပြည်ပအင်အားစုတရပ်ရပ်က ၀င်ရောက်စွက်ဘက်ဘို့ အလားအလာလည်း မရှိကြောင်း ၂၀၀၈ ခု သြဂုတ်လထုတ် လန်ဒန် အခြေစိုက် အီးအိုင်ယူမဂ္ဂဇင်းကြီးက သုံးသပ်ထားသည်။
မကြာခင်က စစ်တပ်တွင်း အပြောင်းအလဲတွေကြောင့် အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လေမလား မှန်းဆခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိန်းချုပ်ထားနိုင်သည့်ပုံ ရှိနေပြီး ထိပ်ပိုင်း ဗိုလ်ချုပ်တွေကြား နားလည်မှု ရထားပုံလည်း ပေါ်သည်ဟုပါ အီးအိုင်ယူ မဂ္ဂဇင်းက ယူဆသည်။ အီးအိုင်ယူ၏ ၂၀၀၈-၂၀၀၉ မြန်မာ့နိုင်ငံရေး ခန့်မှန်းချက်အရ စစ်အစိုးရသည် အာဏာကို ဆက်လက်ချုပ်ကိုင်ထားဦးမည်ဟု မှတ်ချက်ပေးထားသည်။ ။

အပြည့်အစုံ...>>

ဘားအံမှာ ရေကြီး

ပီတာအောင်/ ၁၂ သြဂုတ် ၂၀၀၈ ခေတ်ပြိုင်

ကရင်ပြည်နယ် ဘားအံမြို့၌ သံလွင်မြစ်ရေလျှံပြီး မြို့ထဲရေ၀င်သဖြင့် နည်းပညာတက္ကသိုလ်အပါအ၀င် စာသင်ကျောင်းများအားလုံး ပိတ်လိုက်ရသည်ဟု မြို့ခံတို့က ပြောသည်။
ပြီးခဲ့သည့် တနင်္ဂနွေမှစ၍ မြစ်ရေများ မြို့တွင်းလျှံတက်လာခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၁၁) ရပ် ကွက်ရှိသည့်အနက် အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၃) ရပ်ကွက်တို့မှာ အဆိုးရွားဆုံး ရေ နစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
ဘားအံမြို့ခံတဦးက “ဘားအံမြို့ (၃) ပုံ တပုံလောက် မြုပ်သွားပြီ။ ရန်ကုန်သွားတဲ့လမ်းတွေရော လမ်းတွေ အကုန်လုံး ရေကျော်နေပြီ။ မိန်းလမ်းမကြီးတခုပဲ ရေသိပ်မကျော်တာ။ ဒီနေ့ပါဆို (၃) ရက်လောက်ရှိသွားပြီ။ ရေနက်တဲ့နေရာတွေဆို ခါးလောက်ရောက်နေပြီ။ တချို့အိမ်တွေဆို အောက်ထပ်တထပ်လုံး မြုပ်သွားပြီ။ မိုးလည်းများတယ်၊ မြစ်ရေလည်းတိုးတယ်၊ နှစ်ခုလုံးပေါင်း တော့ ပိုဆိုးတာပေါ့” ဟုပြောသည်။
ရေကြီးမှုကြောင့် ဘားအံတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ယမန်နေ့ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထား လိုက်ကြောင်းသိရသည်။
ထို့အပြင် ဘားအံမြို့ ဈေးရုံကြီးအတွင်း ရေများ ၀င်ကုန်သဖြင့် ဈေးသည်နှင့် ဈေးဝယ်များ အခက် အခဲတွေ့နေပြီး ဘားအံမြို့အနီးနားရှိ လယ်ကွင်းများလည်း ရေမြုပ်ကာ စပါးခင်းများပျက်စီးမှုရှိ သည်ဟုလည်း ဒေသခံတဦးကပြောသည်။
ဘားအံမြို့သည် မြစ်ရေကြီးမှု နှစ်တိုင်းလိုလို ကြုံရသည့်မြို့ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းမှစ၍ သံ လွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ရောက်ရှိခဲ့ပြီး လက်ရှိ စင်တီမီတာ (၉၀၀) ခန့် အထိ ရောက်ရှိနေသည်ဟု သိရသည်။
အလားတူ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းတိုက်နယ် သံလွင်မြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများ၌လည်း ပြီးခဲ့သည့်သတင်းပတ်အတွင်းက ကမ်းပါးပြိုမှု ဖြစ်ပွားခဲ့သဖြင့် မြစ်ကမ်းနား ဘေးရှိ လူနေအိမ်အချို့ ရွှေ့ပြောင်းခဲ့ရသည်။ ။

အပြည့်အစုံ...>>

ရန်ကုန်တိုင်း သံဃာတော်များအား ညမထွက်ရအမိန့် ထပ်မံတင်းကျပ်

ခေတ်ပြိုင် သြဂုတ်၊ ၁၁၊ ၂၀၀၈

ရန်ကုန်တိုင်းတွင်းရှိ သံဃာတော်များကို ည (၇) နာရီမှ မနက် (၄) နာရီထိ ကျောင်းတိုက်ပြင်ပ မထွက်ရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က တားမြစ်လိုက်ပြီး တားမြစ်ချိန်အတွင်း ကျောင်းတိုက်ပြင်ပထွက်သည့် သံဃာတော်များကို အရေးယူမည်ဟု သြဂုတ် (၆) ရက်က အမိန့်ထုတ်ပြန်လိုက်သည်
ရန်ကုန်တိုင်း သက်ဆိုင်ရာမြို့နယ် သံဃာ့မဟာနာယကဥက္ကဌ ဆရာတော်များက အဆိုပါ သံဃာတော်များ ညမထွက်ရအမိန့်ကို ဖတ်ပြပြီး မြို့နယ်တွင်းရှိ ကျောင်းထိုင်ဆရာတော်များက သိရှိကြောင်း သြဂုတ် (၆) ရက်တွင် လက်မှတ်ရေးထိုးပေးရသည်ဟု ရန်ကုန်ကျောင်းထိုင် ဆရာတော် တပါးက အမိန့်ရှိသည်။
ညမထွက်ရအမိန့် သတ်မှတ်ကာလအတွင်း အရေးပေါ် ဆေးရုံသွားရမည်ဆိုလျှင်ပင် ရပ်ကွက် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်၏ လက်မှတ်နှင့် ရုံးတံဆိပ်ပါသည့် ထောက်ခံချက်၊ ကျောင်းထိုင်ဆရာတော်၏ ခွင့်ပြုချက်ဖြင့်သာ သွားရမည်ဟု အမိန့်တွင် ပါရှိကြောင်း ရန်ကုန် တိုက်အုပ်ဆရာတော်ကြီးတပါးက အမိန့်ရှိသည်။
နေ့ခင်းမှာလည်း ဆွမ်းခံထွက်ချိန်မှအပ သံဃာတော်များအား ကျောင်းတိုက်ပြင်ပ မထွက်ရန်နှင့် ဆွမ်းခံချိန်၌လည်း သပိတ်မပါလျှင် စစ်ဆေးအရေးယူသွားမည်ဟု အမိန့်တွင် ပါရှိသည်။ မြန်မာ တနိုင်ငံလုံးရှိ သံဃာတော်များ ဆန္ဒပြမှုကို စစ်တပ်က နှိမ်နင်းခဲ့သည့် အရေးအခင်း နှစ်ပတ်လည် နီးကပ်လာချိန်တွင် ရန်ကုန်တိုင်း သံဃာတော်များအား ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း သံဃာတော်များ ည (၇) နာရီမှ မနက် (၄) နာရီကြား ညမထွက်ရ အမိန့်ကို ၂၀၀၃ ခု အောက်တိုဘာ (၂၇) ရက်က စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၀၆ ခု အောက်တိုဘာ (၁၀) ရက်တွင် ည (၉) နာရီမှ မနက် (၄) နာရီထိ ပြင်ဆင်သတ်မှတ်ခဲ့ကာ (၂) နာရီ လျှော့ပေးခဲ့သည်။
ယခုတဖန် သံဃာ့အရေးအခင်း နှစ်ပတ်လည်မတိုင်မီ တလကျော်အလိုတွင် မူလ ညမထွက်ရ အမိန့်ကို ထပ်မံတင်းကျပ်ရုံမက နေ့ခင်း ကျောင်းတိုက်ပြင်ပထွက်သည့် သံဃာတော်များကိုပါ စစ်ဆေးမည်ဟု အာဏာပိုင်များက ထပ်မံတင်းကျပ်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က ထုတ်ပြန်သည့် သံဃာတော်များ ညမထွက်ရအမိန့်အရ သံဃာ တော်များသာမက ကျောင်းတိုက်သို့ လာရောက်တည်းခိုမည့် ဒါယကာ၊ ဒါယိကာမများကိုပါ နိုင်ငံရေးမလုပ်ကြောင်း လက်မှတ်ထိုးခိုင်းရမည်ဟု ပါရှိသည်။ ကျောင်းတိုက်တည်းခိုသူများ နိုင်ငံရေးနှင့် ပတ်သက်ပါက ကျောင်းထိုင်ဆရာတော်ကိုပါ အရေးယူမည်ဟု ပါရှိသဖြင့် ရန်ကုန် ကျောင်းထိုင်ဆရာတော်များနှင့် သံဃာတော်များ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
၂၀၀၆ ခု သံဃာတော်များ ညမထွက်ရ အမိန့်စာထဲတွင် အချို့မြို့နယ်တို့၌ သံဃာတော်များ ဝိကာလ ဘောဇန သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့ ဖျက်ဆီးခြင်း၊ အနိုင်ကျင့်ခြင်း စသည့် ကိစ္စများ ကျူးလွန်နေသည့်အတွက် ယခုကဲ့သို့ အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ သို့သော် မည်သည့်မြို့နယ်၊ မည်သည့်ကျောင်းတိုက် သံဃာများ ကျူးလွန်သည်ဆို သည်ကိုမူ တိတိကျကျ အမိန့်စာတွင် ရှင်းလင်းထားခြင်း မရှိပေ။
၂ဝဝ၃ ခု ဘာသာရေး ဆူပူလှုပ်ရှားမှုများ၌ ရန်ကုန်တိုင်းတွင်းရှိ သံဃာတော်များ မပါဝင်ရန် အောက်တိုဘာ (၂၅) ရက်နေ့စွဲဖြင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ပြီး မကြာခင် ရန်ကုန်တိုင်းတွင်းရှိ သံဃာမှန်သမျှ ည (၇) နာရီမှ မနက် (၄) နာရီကြား ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၀၀၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ရန်ကုန်တိုင်း သံဃာတော်များ ညမထွက်ရအမိန့်မူရင်း
ပြည်ထောင်စု မြန်မာနိုင်ငံတော်နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မဟာနာယက ကျောင်းတော်ကြီးကမ္ဘာအေးကုန်းမြေရန်ကုန်မြို့

စာအမှတ်၊ ၃ဝဝ၊ ၁၅၊ သာ-ဝီ(သာ မဟန)ရက်စွဲ၊ ၁၃၆၈ ခု၊ သီတင်းကျွတ်လဆန်း (၇) ရက်၊ ၂ဝဝ၆ ခု၊ စက်တင်ဘာလ (၂၈) ရက်
ကျောင်းထိုင် ပဓာန နာယက ဆရာတော်များအားလုံး၊ ကျောင်းထိုင် ဆရာတော်များ အားလုံး
အကြောင်းအရာ။ ။ ဝိကာလေဂါမ ပဝေသန သိက္ခာပုဒ်ကို မကျူးလွန်ကြရန်နှင့် ပါသာဒိက ဂုဏ်ကို မစောင့်ထိန်းသည့် အမှုများ ကျူးလွန်ခြင်းမှ တားမြစ်ဆုံးမ သြဝါဒပေးရန်ကိစ္စ
ခုအချိန်အခါတွင် အချို့ မြို့ နယ်များအတွင်း၌ ရဟန်းသံဃာအချို့ သည် စားသောက်ဆိုင်များတွင် ဝိကာလ ဘောဇနသိက္ခာပုဒ်ကျူးလွန်ခြင်း၊ သုရာမေရယ သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့ ၍ ဖျက်ဆီးခြင်း၊ အနိုင်ကျင့်ခြင်း၊ ဆွမ်းခံချိန် မဟုတ်သောအခါ၌ ခွင့်ပြုချက်မပါရှိဘဲ အလှူခံခြင်း စသော သမဏသာရုပ္ပ မဖြစ်သော အမှုများကို ကျူးလွန်နေကြကြောင်း ကြားသိနေရပါသည်။
ယင်းအမှုများကို ကျူးလွန်ရာ၌ ကျောင်းတိုက်အတွင်းဖြစ်လျှင် ကျောင်းတိုက် ပဓာန နာယက ဆရာတော်များ တာဝန်ဖြစ်ပြီး ကျောင်းတိုက်ပြင်ပဖြစ်လျှင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များက အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။
ဤသို့သောအမှုများကို ကျူးလွန်သော ပုဂ္ဂိုလ်များအား ညွှန်ကြားလွှာအမှတ် (၇၅၊ ၈၅၊ ၉၁) များအရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅၊ ၂၉၅ (က) တို့ဖြင့် အရေးယူနိုင်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ ညွှန်ကြားထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းကြီးများနှင့် ကျောင်းတိုက် နာယက ဆရာတော်များ သည် မိမိတို့ကျောင်းတိုက်အတွင်းရှိ ရဟန်းသာမဏေများကို ဖော်ပြလတ္တံ့ပါ သမဏ သာရုပ္ပ မဖြစ်သော အမှုများကို ကျူးလွန်ခြင်းမှ တားမြစ်ဆုံးမ သြဝါဒပေးရန် ညွှန်ကြားလိုက်ပါသည်။
ညအချိန်မတော်၌ ည (၉) နာရီမှ မနက် (၄) နာရီထိ မြို့ရွာအတွင်း အကြောင်းမဲ့သွားလာခြင်း မပြုစေရန် ယင်းသတ်မှတ်ချိန်အတွင်း အရေးကြီးကိစ္စဖြင့် ကျောင်းတိုက်ပြင်ပသို့ မဖြစ်မနေထွက် ရမည်ဆိုပါက ကျောင်းထိုင် ပဓာန နာယက တိုက်အုပ်၊ တိုက်ကြပ် သို့မဟုတ် ရပ်ကွက် ကျေးရွာ သံဃာ့မဟာနာယကတို့၏ ခွင့်ပြုချက်လက်မှတ်ဖြင့် ထွက်ခွာကြရမည်။
အချိန်မတော် နေ့လယ် (၁၂) နာရီနောက်ပိုင်းတွင်၊ တပါးခြင်းသော်လည်းကောင်း၊ အုပ်စုလိုက် အဖွဲ့လိုက်သော်လည်းကောင်း စားသောက်ဆိုင်များ၌ ဝိကာလ ဘောဇနသိက္ခာပုဒ်ကို ကျူးလွန် စားသောက်ခြင်းများ မပြုလုပ်ကြစေရန် သုရာမေရယ သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့၍ ဖျက်ဆီးခြင်း၊ အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်း စသော သမဏသာရုပ္ပ မဖြစ်သော အမှုမျိုးကို ကျူးလွန်ခြင်းများ မပြုလုပ်ကြစေရန်၊ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရရှိဘဲ တပါးခြင်းသော်လည်း ကောင်း၊ အုပ်စုအဖွဲ့လိုက်သော်လည်းကောင်း၊ မြို့ရွာအသီးသီး ဒေသအသီးသီးသို့ သွားလာအလှူ ခံခြင်းများ မပြုလုပ်ကြစေရန်၊ အထက်ပါအမှုများကို ကျူးလွန်ခြင်းကြောင့် သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းများက တရားဥပဒေအရ အရေးယူခဲ့လျှင် အရေးယူခံရသော မိမိတို့၏ တပည့်များ ဘက်မှ အကာအကွယ်ပေးခြင်း၊ အကူအညီပေးခြင်းများ မပြုလုပ်ကြရန် ဖြစ်ပါသည်။
xxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxဘဒ္ဒန္တ အာစိဏ္ဏာဘိဝံသ ဘဒ္ဒန္တ ဇာဂရာဘိဝံသ(အဘိဓဇ မဟာရဌဂုရု) အဂ္ဂမဟာ ပဏ္ဍိတ တိပိဋက ကောဝိဒဒုတိယ ဥက္ကဋ္ဌ ဆရာတော် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်

အပြည့်အစုံ...>>

စစ်တွေတွင် ဘုန်းတော်ကြီး ကျောင်းနှစ်ကျောင်း စီးနင်းခံရ

သြဂုတ်၊ ၁၀ရက် ၂၀၀၈

စစ်တွေမြို့မှ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကို သောကြာနေ့ ညဉ့်က ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။ဝင်ရောက် စီးနှင်း ရှာဖွေခံခဲ့ရသော ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှာ စစ်တွေ ဘောက်သီးစုရပ်ကွက်ရှိ ဆည်ကြီး ကျောင်းတိုက်နှင့် တရားသီးစုရပ်ကွက်ရှိ ခြင်္သေ့နှစ်ကောင် ကျောင်းတိုက်တို့ ဖြစ်သည်။အဆိုပါ စီးနှင်းမှုကို စစ်တွေ အမှတ် ၂ ရဲစခန်းမှ ရဲစခန်းမှူး ကိုယ်တိုင် ဦးစီးလုပ်ကိုင်ခဲ့ပြီး သူနှင့်အတူ တရားသီးစု ရယက ဥက္ကဌလည်း ပါဝင်သည်ဟု သိရှိရသည်။ညနေ ၁၀ နာရီမှ စတင်ပြီး ညဉ့်လုံးပေါက် ရှာဖွေခဲ့ပြီး ၂ နာရီနီးပါးခန့် ကျောင်းတိုက် နှစ်ခုစလုံးကို ရစရာမရှိအောင် မွှေနှောက်သွားခဲ့သည်ဟု သိရှိရသည်။အဆိုပါ မွှေနှောက်မှုမှာ သောကြာနေ့ နံနက်က စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြရန် စီစဉ်မှုနှင့် ဆက်နွယ် ပတ်သက် နေကြောင်း သိရှိရသည်။ယခုအခါ အဆိုပါ ဆန္ဒပြရန်စီစဉ်သူ ရဟန်းတော် ခေါင်းဆောင်များကို ရဲအဖွဲ့က အပူတပြင်း လိုက်လံရှာဖေ နေသည်ဟု သတင်း ရရှိသည်။

ဒဂုံနက်မှ..

အပြည့်အစုံ...>>

တောင်ကုတ်မြို့တွင် ဆန္ဒပြ

၈ရက် ၈လ ၂၀၀၈

ယနေ့  နံနက် ၇ နာရီခန့် က တောင်ကုတ်မြို့ တွင် လူ ၇၀ ခန့်  စီတန်း လှည့် လည် ဆန္ဒပြ…॥N L D အင်္ကျီများ ၀တ် ဆင် ထားကြ……တောင်ကုတ်မြို့ ဦးဥတ္တမလမ်းကနေ မြို့ ထဲ ထိ လျှောက်ပီးတော့ ရဲစခန်း ဘက်ကို လျှောက် အသွားမှာ ဂူတာရပ်ကွက် ညောင်ပင် အ၀ိုင်း အနား အရောက်မှာ ရဲတွေက ၀ိုင်း ဖမ်း……လူ ၅၀ ခန့်  အဖမ်းခံရမယ် လို့  မျက်မြင် တစ်ဦးက ဆို………………॥သူတို့ အေးဆေးစွာ ချီတက် ဆန္ဒပြ ခြင်းဖြစ်……।အော်ဟစ်ခြင်း…।တောင်းဆိုခြင်းများ မလုပ် ၈।၈.၈၈ ထိမ်းအမှတ် ပြု လုပ်ခြင်းဖြစ်အခု တောင်ကုတ်မှာမော်တော် ဆိုင်ကယ်တွေ နဲ့ရဲတွေ စစ်သားတွေကလည့်ပါတ်နေပါတယ်…

ဒဂုံနက်မှ..

အပြည့်အစုံ...>>

မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုကို အဆုံးသတ်အောင်လုပ်မည်

Agencies/ ၇ သြဂုတ် ၂၀၀၈ (ခေတ်ပြိုင်)

အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ်သည် မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ် အုပ်ချုပ်မှုကို အဆုံးသတ်အောင်လုပ်မည်ဟု ပြောဆိုပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုမည်ဟု ယနေ့ ဘန်ကောက်၌ ပြောကြားမည့် သမ္မတ မိန့်ခွန်း မိတ္တူထဲတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေမှုကို အဆုံးသတ်ဖို့ ကျနော်တို့လုပ်မှာပါ။ မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားနိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးဖို့ အမေရိကန်နိုင်ငံအနေနဲ့ ထပ်လောင်းပြောချင်ပါတယ်။ မြန်မာ ပြည်သူတွေအနေနဲ့ ထိုက်တန်တဲ့ လွတ်လပ်ရေး ခံစားခွင့်ရတဲ့အထိ ကျနော်တို့ လုပ်ဆောင် သွားမှာပါ” ဟု မိန့်ခွန်းထဲတွင် ပြောထားသည်။
ဆိုးလ်မြို့မှ ဘန်ကောက်သို့ သမ္မတဘုရှ် လာနေချိန်တွင် အာရှနိုင်ငံများပေါ်တွင် အမေရိကန် နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်သည့် အမေရိကန်သမ္မတ မိန့်ခွန်းမိတ္တူ ထုတ်ပြန်ခြင်းဖြစ်သည်။ သောကြာနေ့တွင် ဖွင့်လှစ်မည့် တရုတ်နိုင်ငံ အိုလံပစ်ပွဲတော် ဖွင့်ပွဲမတိုင်မီ အာရှနိုင်ငံများသို့ လည်ပတ်သည့် ခရီးစဉ်လည်း ဖြစ်သည်။ထိုင်းနိုင်ငံ ၀န်ကြီးချုပ် စမတ်ကလည်း သမ္မတဘုရှ်တို့ ဇနီးမောင်နှံကို ညစာစား ဧည့်ခံပွဲမတိုင်မီ စကားလက်ဆုံ ပြောကြားမည်ဖြစ်သည်။
ယနေ့တွင် သမ္မတဘုရှ်သည် အရှေ့အာရှနှင့် အမေရိကန် ဆက်ဆံရေး နှင့်ပတ်သက်သော အဓိက မူဝါဒဆိုင်ရာ မိန့်ခွန်းကို ပြောကြားမည်ဖြစ်ပြီး အမေရိကန်သမ္မတ သက်တမ်းကာလ အတွင်း အာရှနိုင်ငံတွင် နှုတ်ဆက်မိန့်ခွန်း ပြောကြားခြင်းဖြစ်မည်ဟုလည်း ယူဆရသည်။
ကျူးဘား၊ အီရန်၊ မြောက်ကိုးရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရပ်စ်နိုင်ငံများနှင့် တန်းတူ "ရက်စက် ကြမ်းကြုတ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ" အဖြစ် အမေရိကန်သမ္မတ ဘုရှ်က သတ်မှတ်ခဲ့သည့် မြန်မာနိုင်ငံကိုလည်း ဘုရှ်၏ ဒီမိုကရေစီရေး ပြောစကားများထဲတွင် ပစ်မှတ်ထား အပြောခံရ မည်ဖြစ်သည်။ ။

အပြည့်အစုံ...>>

အမေရိကန်သမ္မတကတော် မယ်တော်ဆေးခန်းသို့ရောက်ရှိ

ရိုးမ ၃။ သြဂုတ် ၇၊ ၂၀၀၈

အမေရိကန်သမ္မတကတော် မစ္စလော်ရာဘုရှ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းသို့ ရောက်ရှိကာ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။
နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းသို့ သွားရောက်ခဲ့ပြီးနောက် နေ့လည် (၁၂) နာရီခွဲခန့်တွင် မယ်တော်ဆေးခန်းသို့ရောက်ရှိလာပြီး ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမားအရေးဆောင်ရွက်သူများနှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA)၊ မြန်မာအလုပ်သမားများ ပညာရေးကော်မတီ (BMWEC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) မှ တာဝန်ရှိသူများ က ထိုင်း-မြန်မာနယ်စပ်ရှိ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားအရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံရောက် ကလေးငယ်များ တရားဝင်ပညာသင်ကြားနိုင်ရေးနှင့် နိုင်ငံတကာတက္ကသိုလ် များသို့ တက်ရောက်ပညာဆည်းပူးနိုင်ရေးအပြင် မြန်မာအလုပ်သမားများ၏ ကျန်းမာရေး၊ ပညာ ရေးဆိုင်ရာများကို သမ္မတကတော် လော်ရာဘုရှ်ထံ တင်ပြခဲ့ကြသည်။
လော်ရာဘုရှ်က “မြန်မာပြည်ကနေ မျက်စိခွဲစိတ်ဖို့လာရတယ်ဆိုတော့ မြန်မာပြည်ရဲ့ ကျန်းမာ ရေးအခြေအနေတွေ ကြပ်တည်းနေတာတွေ့ရတယ်၊ ၈၈ ခုနှစ်ကနေစပြီး နယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးအခက်အခဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုဆိုးရွားလာနေတာကို တွေ့ရတဲ့အတွက် စစ်အစိုးရကို အမေရိကန်အနေနဲ့ ပိုပြီးဖိအားပေးသွားမယ်” ဟု ပြောဆိုခဲ့ သည်။
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကိုရရှိမှသာ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေမှာ တစုံလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ် ရန် လိုအပ်ကြောင်းနှင့် လူသားချင်းဆိုင်ရာထောက်ပံ့မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟု သူမက ဆက်လက်ပြောဆိုသည်။
ထိုနောက် တက်ရောက်လာသည့်တာဝန်ရှိသူများက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက် ပြောင်းလဲရေး အတွက် ပူးပေါင်းလုပ်ဆောင်နေကြသည့် လူမှုအဖွဲ့အစည်းများ၏ ပိုမိုတိုးမြှင့်ပေးနိုင်ရန် သမ္မကတော်အား တင်ပြဆွေးနွေးကြသည်။
“အထူးသဖြင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ အလုပ်သမားတွေနဲ့ ကလေးငယ်တွေ အာမခံ ချက်ကို ပိုကောင်းလာအောင် ထိုင်းနိုင်ငံအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်၊ လက်ရှိ အခြေ အနေတွေကို သိရတဲ့အတွက် ဒီထက်ပိုကြိုးစားပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို ကျယ်ပြန့် အောင် ဆွေးနွေးပေးမယ်၊ အကောင်းဆုံးဖြစ်အောင် ကူညီပေးမယ်” ဟု မစ္စလော်ရာဘုရှ်က ပြောဆိုခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီမှ ဆရာမဖောလ်ရေက “သူ့မအနေနဲ့ မြန်မာပြည်ကို မသွားနိုင်ပေမဲ့ နယ်စပ်ရောက်နေတဲ့ မြန်မာ ပြည်သားတွေကို တွေ့ဖို့လာရောက်တဲ့အတွက် ဝမ်းသာမိပါတယ်၊ နောက်ထပ်မျှော်လင့်တာက တော့ ကလေးတွေ နိုင်ငံတကာမှာ ဆုံးခန်းတိုင် ပညာသင်ကြားနိုင်ခွင့်တွေ ရလာလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။
မစ္စလောရာဘုရှ်သည် ယနေ့ညနေပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပြီး သူမခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘုရှ်အနေဖြင့်လည်း မြန်မာနိုင်ငံရေးအတိုက်အခံခေါင်းဆောင်များနှင့် နေ့လည်စာ စားသုံးရင်း မြန်မာအရေး ဆွေးနွေးကာ မြန်မာပြည်သူများအား သတင်းစကား တိုက်ရိုက်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပြောဆိုခဲ့သည်။

အပြည့်အစုံ...>>

ငွေကြာယံကို ခမရ(၇၀၉)မှ အကြမ်းဖက်စီးနင်းခဲ့ခြင်းဖြစ်

ဗထူး။ သြဂုတ် ၆၊ ၂၀၀၈ (ရိုးမ၃)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ငွေကြာယံ စာသင်တိုက်အား အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့ သည့် တပ်ရင်းမှာ ခမရ(၇၀၉)တပ်ရင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တပ်မတော် အရာရှိတဦးက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာနှင့်ပြည်သူ လှုပ်ရှားမှုအား စစ်အစိုးရမှ အကြမ်းဖက်နှိမ်နင်းစဉ် ဘုန်းကြီးကျောင်းများအား ညဘက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပရှိ ငွေကြာယံကျောင်းတိုက် လည်း ပါဝင်သည်။
ငွေကြာယံကျောင်းတိုက်အား စက်တင်ဘာလ (၂၆) ရက်နေ့၊ ညအချိန်တွင် ကျောင်းတိုက် ဝင်းတံခါးအား ကားဖြင့်တိုက်ဖွင့်ကာ သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့ပြီးနောက် သိန်းချီ တန်ဖိုးရှိသည့် ငွေနှင့် ဘုရားဆင်းတုတော်များအပါအဝင် ဆင်းတုတော်မှ အဖိုးတန်ကျောက် များကိုပါ ခမရ(၇၀၉)မှ သိမ်းဆည်းခဲ့သည်ဟု အဆိုပါတပ်မတော်အရာရှိက ပြောသည်။
“(၇၀၉) တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး ကိုကိုလတ်၊ ဒုရင်းမှူးက ဗိုလ်မှူးမျိုးဇင်၊ ဝင်စီးတဲ့နေ့မှာ သိန်း (၂၀) လောက် တန်ဖိုးရှိတဲ့ ငွေနဲ့ ပစ္စည်းတွေပါ ယူသွားတာ၊ ဘုန်းကြီးတွေကို ရိုက်တဲ့ တပ်ကြပ်ကြီးနေမျိုးဆိုတာက အခု တောင်ငူဘက်စစ်ဆင်ရေးမှာ ၂ လပိုင်းလောက်က မိုင်းထိပြီး ခြေထောက်ဖြတ်လိုက်ရတယ်”ဟု ပြောသည်။
ခြေမြန်တပ်ရင်း (၇၀၉) သည် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ - ၄)၏ လက်အောက်ခံ တပ်ရင်းတရင်းဖြစ်ပြီး သံဃာနှင့်ပြည်သူလှုပ်ရှားမှုအား နှိမ်နင်းစဉ် ရန်ကုန်တွင် တာဝန်ကျတပ်စွဲထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ငွေကြာယံကျောင်းတိုက်အား ဝင်ရောက်မစီးနင်းမီ အဆိုပါတပ်ရင်းအား ရန်ကုန်မီးရထားရုံးချုပ် ဝင်းအတွင်း တပ်စွဲထားပြီး သုဝဏ္ဏအားကစားရုံသို့ ရွှေ့ပြောင်းခဲ့ပြီးနောက် ငွေကြာယံကျောင်း တိုက်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
“ခြေထောက်ပြတ်တယ်ဆိုတဲ့ တပ်ကြပ်ကြီးနေမျိုးဆိုတာ ဘုန်းကြီးတွေရိုက်တဲ့ကောင်၊ ရန်ကုန် မှာ တာဝန်ကျနေတာက ခမရ(၇၀၃)လည်း ပါတယ်၊ ဘုန်းကြီးကျောင်းကနေ မီးအားမြှင့်စက်၊ လက်ကိုင်ဖုန်း၊ ဗွီစီဒီပြစက်၊ တီဗွီ၊ ပန်ကာ၊ ဘုရားဆင်းတုတော်တောင် မကျန်ဘူး၊ ကျောင်းက ပစ္စည်းတွေ အရပ်ထဲလိုက်ရောင်းနေတယ်လို့ပါ ကြားသေးတာ”ဟု တပ်မတော်အရာရှိက ဆိုသည်။
ပြီးခဲ့သည့်ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သည် နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့နှင့် တွေ့ဆုံကြောင်း သတင်းများဖြစ်ပေါ်လျှက်ရှိရာ သံဃာ့မဟာနာယကမှ ဆရာတော်များလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ပြောဆိုမည်မဟုတ်ကြောင်း အဆိုပါအရာရှိက သုံးသပ်သည်။
ငွေကြာယံကျောင်းတိုက်အား ဝင်ရောက်စီးနင်းခဲ့ပြီးနောက်တနေ့တွင် ဒေါသထွက်၍ ကျောင်းကို ဝိုင်းရံထားသော လူအုပ်ကြီးနှင့် စစ်အစိုးရတပ်များ ထိပ်တိုက်ရင်ဆိုင်ထားရာမှ ညနေဘက်တွင် စစ်တပ်မှ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် တောင်ဥက္ကလာပနေ လူ ၃ ဦး သေဆုံးခဲ့ရသည်။

အပြည့်အစုံ...>>

လူ၏အရိုးပြာမှနေ၍ စိန်များပြုလုပ်

သြဂုတ်လ၊ ၆ ရက်၊ ၂၀၀၈
ရန်ကုန်မီဒီယာ
လူတွေဟာ အဆုံးသတ်တစ်နေ့မှာတော့ သေကြရမည်သာဖြစ်သည်။ သေသည်နှင့် မီးသင်္ဂြိုဟ်ခံရပြီး အရိုးပြာများအဖြစ် ကူးပြောင်းကာ သူ့ဘ၀နိဋ္ဌိတံရတော့သည်။ သို့ရာတွင် အချို့ လူတို့၏ အရိုးပြာများသည် ၀င်းလက်တောက်ပသော စိန်များအဖြစ် ထာဝရဖြစ်တည်သွားမည်ဆိုပါလျှင် ယုံနိုင်ပါမည်လားမသိချေ။ လူ့အရိုးပြာ၏ ၈၅ရာခိုင်နှုန်းတွင် ကယ်လ်ဆီယမ်နှင့် ပိုတက်ဆီယမ်တို့ ဖွဲ့စည်းပါဝင်နေလျက်ရှိသည်။ ယင်းသည် ကာဗွန်ဒြပ်စင်မှ ပထမဦးစွာ ထွက်ပေါ်လာသော အရာများဖြစ်သည်။ ကာဗွန်ကို အတင်းအကျပ်ဖိသိပ်၍ အပူပေးပါက ဂရက်ဖိုက်ကိုရရှိစေပြီး ဂရက်ဖိုက်ကို ထိုထက်ပို၍ ဖိသိပ်အပူပေးပါက စိန်များရရှိစေနိုင်မည် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွက် ရက်သတ္တခြောက်ပတ်မှရှစ်ပတ်အထိ ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၆၀၀၀ မှ ၂၂၅၀၀ အထိ ကုန်ကျမည်ဟုဆိုသည်။

အပြည့်အစုံ...>>

၈ လေးလုံး နှစ်(၂၀) လှုပ်ရှားမှုအကြို ရန်ကုန်


၈ ရက်၊ ၈လ၊ ၁၉၈၈ ခုနှစ် သွေးစွန်းသောနေ့။
နှစ်(၂၀)ပြည့် အကြိုလှုပ်ရှားမှု ရန်ကုန်မြို့
http://www।dagonnet.co.cc/ မှရယူပါသည်။

အပြည့်အစုံ...>>

ကြိုက်နှစ်သက်သောကာတွန်း

ဦးကုလား ကြိုက်မိသော ကာတွန်းတစ်ပုဒ်

ရဲရင့်(ကနေဒါ)မှရယူပါသည်။

အပြည့်အစုံ...>>

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံရောက်ရှိ

NEJ/ ၄ သြဂုတ် ၂၀၀၈

ကုသလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကွင်တန်နာ ကုသလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် တောမတ်စ် အိုဟေး ကွင်တန်နာသည် ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိသည်။
တောမတ်စ် အိုဟေး ကွင်တန်နာသည် ယခုရာထူးကို ပြီးခဲ့သည့် မေလတွင် တာဝန်ယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက် ခြင်းဖြစ်ပြီး လာမည့် ကြာသတေးနေ့တွင် ၎င်း၏ ခရီးစဉ် ပြီးဆုံးမည် ဖြစ်ကာ ကြားကာလအတွင်း အစိုးရအရာရှိများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေ အနေများ တိုးတက်ရေးအတွက်လည်း ဗိုလ်ချုပ်ကြီးများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုမည်ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။
ကွင်တန်နာက ပြီးခဲ့သည့် မေလတွင် တိုက်ခတ်သွားခဲ့သော မုန်တိုင်းသင့် ဒေသများသို့ သွားရောက် လေ့လာလိုကြောင်းလည်း သတင်းတွင် ပါရှိသည်။
“သူ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားပြီး ကျနော်တို့ရဲ့ အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေး ဖြစ်မယ် ထင်တယ်” ဟု စစ်အစိုးရဘက်မှ အမည်မဖော်လိုသူ အရာရှိတဦးက အေအက်ဖ်ပီသို့ ပြောသည်။
ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဖိနှိပ်မှုများအပါအ၀င်၊ တိုင်းရင်းသားအဖွဲ့အစည်းများကို နှိပ်ကွပ်မှု၊ အတိုက်အခံများကို ဖမ်းဆီးအကျဉ်းချမှု၊ ပြီးခဲ့သည့် စက်တင်ဘာတွင် ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းခဲ့မှုတို့ ပြုလုပ်ခဲ့သဖြင့် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရ များက စစ်အစိုးရကို ရက်စက်သည့် အစိုးရအဖြစ် စွပ်စွဲပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဧပြီလတွင် လုပ်ပိုင်ခွင့် တာဝန်ပြီးဆုံးသွားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ပီညဲရိုး၏ နောက်ဆုံးအစီရင်ခံစာနောက်ပိုင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အခြေအနေများသည် အကောင်းဘက် ပြောင်းလဲလာခြင်း မရှိသေးဟု ကွင်တန် နာက ပြီးခဲ့သည့် ဇွန်လတွင် ပြောခဲ့သည်။
ပီညဲရိုးသည် မြန်မာနိုင်ငံသို့ ၂၀၀၃ ခုတွင် ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး ပြီးခဲ့သည့်နှစ် စက်တင် ဘာအရေးအခင်းပြီးနောက်ပိုင်း နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။
စက်တင်ဘာတွင် သံဃာတော်များ ဦးဆောင်ကာ ပြည်သူများ သိန်းချီ၍ စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့သဖြင့် စစ်အစိုးရက အကြမ်းဖက်နှိမ်နင်း ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ (၃၁) ဦး သေဆုံးပြီး (၇၄) ဦး ပျောက်ဆုံးခဲ့သည်ဟု အချက်အလက်များ ရှာဖွေမှုစုဆောင်းပြီး ပီညဲရိုးက တင်ပြခဲ့သည်။
မစ္စတာ ကွင်တန်နာသည် မြန်မာနိုင်ငံ ရောက်ရှိနေစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံခွင့်ရ မရဆိုသည်ကိုမူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က မည်သို့မျှ မကြားသိရသေးကြောင်း ပြောသည်။
ယခင်က ပီညဲရိုးနှင့် တွေ့ဆုံခွင့်ရသကဲ့သို့ ကွင်တန်နာနှင့်လည်း တွေ့ဆုံရန် မျှော်လင့်ကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။ ။

ခေတ်ပြိုင်

အပြည့်အစုံ...>>

ရှစ်လေးလုံးတွင်းက လူထုကိုစိန်ခေါ်သူ နှာခေါင်းပုပ်

နားခေါင်းပုပ်နေ၀င်းကတော့ လူထုကိုစိန်ခေါ်ခဲ့လို့ မသေခင်ဘယ်လိုစိတ်ဝေဒါနာခံစားရသွားလဲ ဘယ်လိုသေသွားလဲဆိုတာ သန်းရွှေတစ်ယောက် နမူနာယူကောင်းပါရဲ့ လမ်းမထက်မှာကျတဲ့သွေးတွေ ပြောက်ပျက်လို့သွားရင်သွားမယ် သူတို့ရဲ့ဝတ်ညဉ်တွေက ဘယ်တော့မှ ပြောက်ပျက်မသွားဘူးဆိုတာ သန်းရွှေ မင်းသိသင်တယ် သခင်ကိုကိုက်တဲ့ခွေး ထမင်းငတ်သေမယ်။

ဗွီဒီယိုဖိုင်အား လင်းလက်ကြယ်စင်ဆီမှရယူပါသည်။

အပြည့်အစုံ...>>