ဘိုကလေးမြို့တွင် လျှပ်စစ်မီးပေးသည့်အချိန် ထပ်မံလျှော့ချ

၁၁ ဒီဇင်ဘာ ၂၀၀၈။ ဘုန်းခိုင်
ဘိုကလေးမြို့တွင် လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်သည့် သတင်း ပြည်ပအသံလွှင့်ဌာနတွင် ထုတ်လွှင့် ခဲ့သည့်အပေါ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးက မကျေနပ်သည့်အတွက် လျှပ်စစ်မီးပေးချိန် လျှော့ချခဲ့သည်။
ဘိုကလေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင့်လွင်က ပြီးခဲ့သည့်တနင်္လာနေ့ VOA အသံလွှင့်အစီအစဉ်တွင် မီးမမှန်သည့်သတင်း ပါလာသည်ကို မကျေနပ်၍ အင်္ဂါနေ့မှစတင်ကာ တနေ့ (၄) နာရီသာ ပေးမည်ဖြစ်ကြောင်းကို စာရွက်တွင်ရေးကာ လ္ဘက်ရည်ဆိုင်များတွင် ဝန်ထမ်းတဦးက လိုက်လံပြောဆိုနေကြောင်း မြို့ခံတဦးက ပြောသည်။
“VOA မှာပါတာက တနေ့ (၅) နာရီပဲ ပေးတယ်လို့ပြောတယ်၊ အခု (၄) နာရီပဲ ပေးတယ်၊ ဘာဖြစ်လဲလို့ပြောတယ်၊ အဲဒါလဲ မီးလာတာနဲ့ တိုက်ဆိုင်မှ ရမှာဖြစ်ကြောင်း သူ့လူ မောင်မျိုးဆိုတဲ့သူကို စာရွက်ထဲမှာရေးပြီး (၄) နာရီပဲ ပေးမဲ့အကြောင်းကို လ္ဘက်ရည်ဆိုင်တွေမှာ လိုက်ပြခိုင်းတယ်”ဟု မြို့ခံက ပြောသည်။ယခင်က ဘိုကလေးမြို့ပေါ်တွင် ည (၈) နာရီမှာ မနက် (၄) နာရီအထိ တနေ့ (၈) နာရီခန့် မီးပေးခဲ့သော်လည်း ပုံမှန်လာခြင်းမရှိသည့်အပြင် (၅) ရပ်ကွက်တွင် မီးလာသည့်နေ့ အလွန်နည်းကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။“အခုနောက်ပိုင်း လျှပ်စစ်နဲ့လုပ်ထားတဲ့ မီးလုံးလေးတွေ သုံးနေရတယ်၊ ဖယောင်းတိုင်က တတိုင်ကို (၁၀၀) နီးပါးလောက်တော့ ရှိတယ်၊ ကျောင်းသားကလေးတွေ စာမေးပွဲကလဲနီး မီးကလဲမလာနဲ့ ကလေးတွေလည်း စာကျက်ဖို့အတွက် စိတ်ညစ်နေတယ်”ဟု သူက ပြောသည်။မီးပုံမှန်မလာသည့်အတွက် အချို့စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ပဲကြိတ်စက်များမှာ စပါးခွံဖြင့် လည်ပတ်နိုင်သော်လည်း ယခုရက်ပိုင်း စာမေးပွဲဖြေနေရသည့် ကျောင်းသားများအတွက် အလွန်ဒုက္ခရောက်နေရသည်။“အဆောင်နေကျောင်းသားတွေ တော်တော် ဒုက္ခရောက်တယ်၊ မနေ့က ညနေ (၅) နာရီက လာတယ်၊ (၅) နာရီ (၂၀) လောက်မှာ ပျက်တယ်၊ နောက် (၆) နာရီကျော်မှာ ပြန်လာပြီး (၉) နာရီထိုးတော့ ပျက်သွားတယ်၊ တကယ်ပဲ (၄) နာရီပဲ ပေးတော့တာ၊ မိဘတွေက ကလေးတွေ မီးခွက် ဖယောင်းတိုင်နဲ့ စာကြည့်နေရတော့ မီးအန္တရယ်ကို စိုးရိမ်နေကြတယ်၊ ဒီရက်မှာ စာမေးပွဲဖြေနေတာတွေလဲ ရှိတယ်”ဟု ကျောင်းသားမိဘတဦးက ပြောဆိုသည်။ထိုကဲ့သို့ မီးပုံမှန်မလာသည်ကို မြို့ခံများက မကျေနပ်ကြသဖြင့် နေပြည်တော် အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မှုကာ တိုင်တန်းခဲ့သော်လည်း ယနေ့အထိ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိကြောင်း မြို့ခံက ဆက်လက်ပြောသည်။
ရိုးမ ၃ မှ

Comments :

0 comments to “ဘိုကလေးမြို့တွင် လျှပ်စစ်မီးပေးသည့်အချိန် ထပ်မံလျှော့ချ”