ထိုင်း-မြန်မာ ဆက်ဆံရေးသစ် စတင်တော့မည်လော

၁၅ ဒီဇင်ဘာ ၂၀၀၈။ ဧရာဝတီ

ထိုင်းဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်သည့် သဘောထားကို ယမန်နေ့က ထုတ်လွှင့်သည့် အယ်လ်ဂျာ ဇီးယား ရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေဆိုတာ နိုင်ငံတကာရဲ့အမြင်မှာ အင်မတန် အရေးကြီးပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကျနော်တို့ကို အထင်သေးမယ်၊ မယုံကြည်ဘူးဆိုရင် (အာဆီယံ) အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်မှာမဟုတ်ဘူး” ဟု မစ္စတာ အဖိဆစ်က ဆိုသည်။မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်ရေးအတွက် အာဆီယံနိုင်ငံများက ကူညီရမည်ဟုလည်း ပြောကြားလိုက်သည်။ “အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ ကောင်းတဲ့ဘက်ကို ပြောင်းလဲလာစေချင်တယ်ဆိုတဲ့ ဘုံရပ်တည်ချက် ရှိပါတယ်။ … … ကျနော်တို့မှာ ကိုယ်လိုချင်တဲ့အပြောင်းအလဲဖြစ်လာဖို့အတွက် သင့်လျော်တဲ့ချည်းကပ်မှုတွေ၊ မဟာဗျူဟာတွေ ရှိရပါမယ်” ဟု ယခုလ ၁၅ ရက်နေ့က ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရသည့် မစ္စတာ အဖိဆစ်က ဆိုသည်။ ၀န်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်လက်ထက်တွင် ထိုင်းအစိုးရက မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကောင်းမွန်စွာ တည်ဆောက်ခဲ့သည်။ မစ္စတာသက်ဆင်မိသားစုက မြန်မာပြည်တွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးခံရသူ မစ္စတာ ကဆစ်ဖိရုမ်းက ၎င်းတို့အနေဖြင့် ယခင်အစိုးရကဲ့သို့ မြန်မာပြည်တွင် မိသားစုစီးပွားလုပ်ငန်းများ သွားရောက်လုပ်ကိုင်မည်မဟုတ်ကြောင်း ပညာရှင်ဆွေးနွေးပွဲတခုတွင် ပြောကြားလိုက်သည်ဟု ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာတွင် ရေးသားထားသည်။“ကျနော်တို့က စစ်အစိုးရနဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေ လုပ်မှာမဟုတ်ဘူး။ ကျနော်တို့က လူ့အခွင့်အရေးအခြေအနေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို စောင့်ကြည့်မှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီးသစ်က ဆိုသည်။ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ၊ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ဝန်ကြီးချုပ်သစ်က “(အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်) စီးပွားရေးပိတ်ဆို့တာကို ကျနော် မဆန့်ကျင်ပါဘူး။ … အိမ်နီးချင်းနိုင်ငံတွေအကြား ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်လိုက်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟုလည်း အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့သည်။ထိုင်းဝန်ကြီးချုပ်များသည် ရာထူးရခါစ အစောပိုင်းကာလတွင် မြန်မာပြည်အပါအ၀င် ဒေသတွင်းနိုင်ငံများသို့ သွားရောက် လည်ပတ်လေ့ရှိခဲ့သည်။ ယခု ၀န်ကြီးချုပ်သစ် မစ္စတာ အဖိဆစ်က ဒေသတွင်းခရီးစဉ်နှင့် ပတ်သက်ပြီး ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။ မစ္စတာ အဖိဆစ်သည် ထိုင်းနိုင်ငံတွင် သက်တမ်းအရင့်ဆုံး နိုင်ငံရေးအဖွဲ့ဖြစ်သော ဒီမိုကရက်ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ယခင် ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာချွန်လိပိုင်က ၎င်း ၀န်ကြီးချုပ်တာဝန်ယူခဲ့သော ၁၉၉၂-၉၅၊ ၁၉၉၇-၂၀၀၁ ကာလများတွင် မြန်မာနိုင်ငံသို့ သွားရောက်ခြင်း မပြုခဲ့ပေ။ ထို့ကြောင့် မစ္စတာချွန်လိပိုင်သည် စစ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုသည့် တဦးတည်းသော ထိုင်းဝန်ကြီးချုပ်ဖြစ်သည်။မစ္စတာချွန်လိပိုင်လက်ထက်တွင် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။ ဘန်ကောက်မြို့မြန်မာသံရုံးကို စီးနင်းသည့် သေနတ်သမားများကို ထိုင်းပြည်ထဲရေးဝန်ကြီးက “သူတို့က အကြမ်းဖက်သမားတွေမဟုတ်ပါဘူး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတွေပါ” ဟု ဆိုသည်။ အဆိုပါ ပြည်ထဲရေးဝန်ကြီး ဆနန်ခချွန်ပရာဆတ်မှာ ယခုထိုင်းအစိုးရအဖွဲ့တွင် ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။

Comments :

0 comments to “ထိုင်း-မြန်မာ ဆက်ဆံရေးသစ် စတင်တော့မည်လော”