ဘန်ကီမွန်း မြန်မာနိုင်ငံသွားရန် နိုင်ငံခေါင်းဆောင်ဟောင်း (၁၁၂) ဦးတိုက်တွန်း

၃၊ ဒီဇင်ဘာ ၂၀၀၈။ ကိုဝိုင်း
ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေး စစ်အစိုးရကို တောင်းဆိုရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ မူလစီစဉ်ထားသည့်အတိုင်း ယခုလမကုန်မီ သွားရောက်ရန် ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်မှ သမ္မတဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးကစာရေးတိုက်တွန်းလိုက်သည်။
အဆိုပါတောင်းဆိုစာကို နော်ဝေအခြေစိုက် Center for Peace and Human Rights အဖွဲ့နှင့် အမေရိကန်အခြေစိုက် Freedom Now အဖွဲ့တို့မှတဆင့် ယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။
ယခုလကုန်သွားရန် တိုက်တွန်းသည့် ခရီးစဉ်သည် မစ္စတာဘန်ကီမွန်း၏ ဒုတိယခရီးစဉ်ဖြစ်ပြီး “ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အတွင်းရေးမှူးချုပ်၏ လုပ်ဆောင်ချက်များကို မြန်မာစစ်အစိုးရက မည်မျှအလေးထားသည်၊ မထားသည်ကို ကမ္ဘာကြီးအား ပြသရာ ရောက်မည့်ခရီးစဉ်” ဖြစ်သည်ဟု စာ၌ရေးသားဖော်ပြထားသည်။
ယခုတိုက်တွန်းစာဖြစ်ပေါ်လာစေရန် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Kjell Magne Bondevik က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မဟောင်းများဖြစ်ကြသည့် ဂျော့်ခ်ျ အိတ်ခ်ျ ဒဗလျူ ဘုရှ်၊ ဂျင်မီကာတာ၊ ဗြိတိသျှဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသည့် တိုနီဘလဲ၊ မာဂရက်သက်ချာ၊ ဂျွန်မေဂျာတို့အပြင် ဆိုဗီယက်ခေါင်းဆောင် မီခေးဂေါ်ဗာချော့ဗ်တို့လည်း ပါဝင်လက်မှတ်ထိုးထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယခင်နှစ် အောက်တိုဘာ (၁၁) ရက်၌ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် တောင်းဆိုခဲ့သော်လည်း မြန်မာစစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို တိုးမြှင့်ဖမ်းဆီးထောင်ချခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း၊ ၂၀၀၇ ခု ဇွန်လတွင် နိုင်ငံရေးအကျဉ်းသား (၁,၂၀၀) ဦးရှိရာမှ ယခုအခါ (၂,၁၀၀) ဦး ကျော်သွားပြီဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ကြုံတွေ့နေရသော ဆိုးရွားသည့် လူအခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်ပြောဆိုရန်နှင့် ဒီမိုကရေစီပြောင်းလဲရေးများပြုလုပ်ရန်တို့အတွက် ကုလသမဂ္ဂက အရေးယူမှုတစုံတရာ လုပ်ဆောင်ပေးရန် လိုလားနေကြသောကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံး ယခုလမကုန်မီ လွတ်မြောက်ရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဟုလည်း အတွင်းရေးမှူးချုပ်ကို စာအတွင်း၌ တောင်းဆိုထားသည်။ ထို့အပြင် မြန်မာစစ်အစိုးရက ဆက်လက်ငြင်းဆန်နေပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် ခိုင်မာသည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ရန်လည်း မစ္စတာဘန်ကီမွန်းအား တိုက်တွန်းထားသည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည်လည်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာရရှိခဲ့သဖြင့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် မဖြစ်မနေသွားရမည်ဖြစ်ကြောင်း စာအတွင်း၌ ဖော်ပြထားသည်။

Comments :

0 comments to “ဘန်ကီမွန်း မြန်မာနိုင်ငံသွားရန် နိုင်ငံခေါင်းဆောင်ဟောင်း (၁၁၂) ဦးတိုက်တွန်း”