အခြေအနေကတောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု

၃၁ မေလ ၂၀၀၉။
ရဲဘော် ဖိုးသံချောင်း
“ခလုတ်ထိမှ အမိ တ,တယ်” ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်၊ ကိုယ်မှ ဒီလိုဖြစ်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်ပြီးသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစားရသရွေ့ကိုတော့ စဉ်းစားပြင်ဆင်ထားရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင် အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက် ပိုစတာကပ်တာတွေ၊ စာရွက်ကြဲတာတွေလုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲသဏ္ဍာန် အမျိုးအမည်များတာမို့ ဝမ်းသာရပါတယ်။
ဒါပေမယ့် တဆက်တည်းတွေ့လာရတာက ဒါလောက်နဲ့ မလုံလောက်၊ လုံးဝ မလုံလောက်ဆိုတာပဲဖြစ်ပါတယ်။ ဒါဖြင့်ရင် တိုက်ပွဲအမျိုးမျိုး ပေါ်ပေါက်အောင်သဏ္ဍာန်ကို ဘယ်လိုဖော်ထုတ်မလဲ။

ကိုယ့်အတွက် အထိအခိုက်အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင်သွားဖို့ ဘာနဲ့လုပ်မလဲ။ လက်တွေ့လုပ်မယ့်လူဟာ လက်တွေ့စဉ်းစားရပါမယ်။

ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်းအဆောက်အအုံတွေ၊ ကွန်ယက်တွေလိုအပ်ကြောင်း သဘောပေါက် နားလည်လာတဲ့သူတွေ များသတက် များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှမြှားချွန် ဆိုတာမျိုးဖြစ်နေပါတယ်။

တချို့ကတော့လည်း မြေအောက်ဆိုတာ ဘယ်လိုလုပ်ရသလဲလို့ အခုမှ စူးစမ်း၊ မေးမြန်း၊ လေ့လာတာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာကတော်သေးတယ်လို့ပဲ ဆိုကြပါစို့။ ဘာဖြစ်လို့မြေအောက်လုပ်ကြတာလဲဆိုတာကို သဘောမပေါက်ကြလို့ နောက်ကျကြတာလို့ ဆိုချင်ပါတယ်။
မြေအောက်လုပ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မြေပေါ်မှာလုပ်မရလို့ပဲဖြစ်ပါတယ်။
မတရားဖိနှိပ်မှုပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာနေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်း ကိုရှာကြရာမှာ မြေအောက်လုပ်ငန်းဟာ မဖြစ်မနေလုပ်ရတဲ့ လုပ်ငန်းတခုဖြစ်လာပါတယ်။
ပြည်သူတရပ်လုံး ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝခံစားခွင့်ရရင် ဘယ်သူမှမြေအောက်လုပ်မနေပါဘူး။
လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ ကိစ္စတရပ်ကိုဘယ်သူကမှ အသက်အန္တရာယ်စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။

ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေလက်အောက်၊ ကိုလိုနီအုပ်စိုးသူတွေ လက်အောက် မှာလုပ်ကြတာရှိသလို နအဖလိုဖိနှိပ်တဲ့ အာဏာရှင်တွေအောက်မှာလည်း လုပ်ကြပါတယ်။

ဒီနေရာမှာ မြေအောက်လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရ မသိအောင် ဖွဲ့စည်းလှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဒါဟာ မူးယစ်ဆေးဝါးလုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေလိုဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့လိုပါတယ်။

အခုပြောနေတဲ့မြေအောက်လုပ်ငန်းဆိုတာဟာ နိုင်ငံရေးပြဿနာကအစပြုပြီး နိုင်ငံရေး ဦးတည်ချက်တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အစိုးရခွင့်မပြုတဲ့လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။

မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ တွဲဖက်လှုပ်ရှားရတာ၊ လူထုအုံကြွမှု နဲ့တွဲဖက်ရတာ စသဖြင့် အနေအထားကိုလိုက်လို့ သူ့ရဲ့အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။

ဒါကိုတနည်းပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲသဏ္ဍာန်ပေါင်းစုံကို အထောက်အကူပေးနိုင်တယ် ဆိုတာဖြစ်ပါတယ်။

ဒါပေမယ့် မြေအောက်လုပ်ငန်းအားလုံးဟာ လူထုကိုအခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြုလုပ်ကိုင်ရတာဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ တခါတလေမှာ အရံအခန်း၊ တခါတလေမှာ အဓိကအခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။
အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံပြည်သူတွေက မိမိတို့ရဲ့ရည်မှန်းချက်ကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့်မရတဲ့အတွက် သယ်ဆောင်တဲ့နည်းနာတခုဖြစ်ပါတယ်။

ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာရနေသူတွေက မြေအောက်လိုလုပ်တယ်ဆိုရင်တော့ ဒါဟာ ခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ်လုပ်တာသာဖြစ်တယ်ဆိုတာ ပြောထားဖို့လိုပါတယ်။ သူများနိုင်ငံအပေါ်သူလျှိုလုပ်တာ၊ ထောက်လှမ်းရေးလုပ်တာကိုလည်း မြေအောက်လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။

တကယ်တော့ ဗမာပြည် ပြည်သူတွေဟာမြေအောက်လုပ်ငန်းအတွေ့အကြုံ အင်မတန်ကြွယ်ဝတယ်လို့ ပြောရင်ရပါတယ်။

တနိုင်ငံလုံး သူ့ကျွန်ဘဝရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ်ကိုလိုနီတွေကို ပြန်ချဖို့ပြင်ဆင်ကြတဲ့ မင်းညီမင်းသား များနဲ့ လူထုတွေ၊ ဆရာတော်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက်လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း ၁၂ဝ ကျော်ပါပြီ။

ဒီလိုမြေအောက်လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေ ပေါ်ထွက်လာပြီး လွတ်လပ်ရေးတိုက်ပွဲကိုသယ်ဆောင်ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်းလုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကိုခေါင်းဆောင်ကြပါတယ်။

လွတ်လပ်ရေးနောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေတောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ်လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။

တခြားနိုင်ငံတွေမှာလည်း အလားတူသာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။
ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့်ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ် ကြောက်ရွံ့ရွံ့မုန်းကြပါတယ်။

ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကိုဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက်လုပ်ငန်းတွေကို ရှာဖွေ ဖျက်ဆီးဖို့အတွက် ပြည်တွင်းပြည်ပမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးယန္တရားကြီးတခုကို တည်ဆောက်ထိန်းသိမ်းခဲ့ကြပါတယ်။

ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ်အမြွာမြွာပြိုကွဲဖျက်သိမ်းခံခဲ့ရပြီး မြေအောက်လုပ်ငန်းတွေကတော့ ဆက်လက်တည်ရှိနေ၊ ထပ်မံပေါက်ဖွားနေပါတယ်။

ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့အင်အားစုတွေအပေါ်မှာ အနိုင်ရတာတွေရှိပေမယ့် တရားတခုလုံးအနေနဲ့တော့ အဆုံးမှာ သူတို့ပဲ အရှုံးနဲ့ဇာတ်သိမ်းရတယ်ဆိုတာ ဖြစ်ပါတယ်။

ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေတည်ရှိနေသရွေ့သူတို့အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင်နေဦးမှာပဲဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေဦးမှာလည်း ဖြစ်ပါတယ်။

နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ရုံးတင်လိုက်ခြင်းအားဖြင့် သူတို့ရှေ့ဆက်လျှောက်မယ့်လမ်း၊ ရှေ့ဆက်ကျင့်သုံးမယ့်လမ်းစဉ်တို့ကို ဖော်ပြလိုက်တာဖြစ်တယ်ဆိုရင် မမှားပါဘူး။

အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ဦးတည်ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ခုနှစ်က လက်ကျန် အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကို မောင်းပို့ ဆိုတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတာပါပဲ။

ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင် မမြင်ရတာမဟုတ်ပါဘူး။

ဒါပေမယ့် စိတ်ကူးယဉ်လို့မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီးဟင်းရွက်ပဲ စားလာအောင် လေ့ကျင့်ပေးသွားမယ်ဆိုတာမျိုး မတွေးသင့်ပါဘူး။

ရေရှည်တိုက်ပွဲအတွက် စနစ်တကျ ပြင်ဆင်ရပါမယ်။ အဲဒီလိုပြင်ဆင်ရာမှာ အချို့သောတက်ကြွသူတွေက မြေအောက်လုပ်ငန်းအတွက် သီးသန့်ပြင်ဆင်တာကိုလည်း အာရုံထားလုပ်ရပါမယ်။

အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကိုဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံးစွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။
သဘောတရားတခုကို လက်တည့်စမ်းတာ မဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိလျော်ရိလုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေးကြီးပါတယ်။

နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက်ကွန်ယက်တွေဖြန့်ကျက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူတက်လှမ်းနိုင်ပါမယ်။

http://oothandar.blogspot.com မှ…

အပြည့်အစုံ...>>

စစ်အစိုးရသည် ပြည်တွင်းပြည်ပဥပဒေများကို ချိုးဖောက်နေကြာင်း NLD ပါတီထုန်ပြန်

၂၉ မေလ ၂၀၀၉။ ခေတ်ပြိုင်။
နအဖစစ်အစိုးရ၏ တရားစီရင်ရေးစနစ်သည် ပြည်တွင်းပြည်ပ ဥပဒေများအား ချိုးဖောက်နေသည်ကို တွေ့ရှိရကြောင်း အန်အယ်လ်ဒီပါတီက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်တို့အား မစစ်ဆေးမီ ရှေ့နေများနှင့် ညှိနှိုင်းဆွေးနွေးရန် လုံလောက်သော အချိန်ကို အစိုးရဘက်က မပေးခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၁၅/၀၅/၀၉ ပထမအပိုဒ်တွင် ဖော်ပြသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုးတို့ကို ၎င်းတို့၏ သက်သေများအဖြစ် စာရင်းတင်ခဲ့သော်လည်း ကျန်(၃) ဦးကို ပယ်ချလိုက်ပြီး ဦးကြည်ဝင်းတဦးတည်းသာ သက်သေထွက်ခွင့်ရခြင်းမှာ ခုခံချေပခွင့် အပြည့်အ၀မရခြင်း ဖြစ်သည်ဟုလည်း ထောက်ပြထားသည်။
တရားရုံးက တရားစွဲဆိုသူ တရားလိုအတွက် တရားလိုပြသက်သေ (၁၅) ဦးကို စစ်မေးခွင့်ပြုခဲ့သည်။အမှုကိစ္စတရပ်တွင် စွပ်စွဲခံရသူအနေဖြင့် ၎င်း၏ ရှေ့နေနှင့် ညှိနိုင်းဆွေးနွေးရန် အချိန်အလုံအလောက် ပေးရကြောင်း၊ စွပ်စွဲခံရသူဘက်က ပြသသော သက်သေများကိုလည်း စစ်မေးခွင့်ပြုရကြောင်း၊ သို့မှသာ ခုခံချေပခွင့် ပေးသည်ဟု ဆိုနိုင်ကြောင်း ပါတီကြေညာချက်တွင် ဖော်ပြထားသည်။ထိုအချက်များကို မပေးအပ်ခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၁ (၁) ပါ အချက်များနှင့် နအဖ၏ ဥပဒေအမှတ် - ၅/၂၀၀၀ ဖြစ်သည့် “၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ” ၏ တရားစီရင်ရေးဆိုင်ရာမူ ပုဒ်မ ၂ (စ) ပါ အမှုတွင် ခုခံချေပခွင့်ပေးခြင်းဆိုသည့် အချက်များကို ချိုးဖောက်နေကြောင်း အန်အယ်လ်ဒီပါတီက ထုတ်ပြန်ကြေညာသည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် တရားရုံးသို့ ရေးသားတင်ပြချက်။

၂၇ မေလ ၂၀၀၉။


အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားတောင်းဆို


၂၇ မေလ ၂၀၀၉။ ခေတ်ပြိုင်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက မြန်မာစစ်အစိုးရ အာဏာပိုင်များကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်း သမ္မတအိုဘားမားက ယမန်နေ့က စာရေးသားထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ဖမ်းဆီးထားမှုနှင့် အခြေအမြစ်မရှိသည့် တရားစွဲဆိုမှုများသည် နိုင်ငံတကာအသိုင်းအ၀န်းတွင် တာဝန်သိနိုင်ငံတခုအဖြစ် မြန်မာနိုင်ငံ၏ရပ်တည်မှုကို အလွန်သံသယဖြစ်စရာ ကောင်းသည်ဟုလည်း အမေရိကန် သမ္မတက ထောက်ပြထားသည်။ယခုလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျမ်ယက်တောကို နေအိမ်တွင် လက်ခံခွင့်ပြုသည့်အတွက် တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။ယမန်နေ့က တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မိမိ၌ အပြစ်မရှိကြောင်း ချေပသွားခဲ့သည်။ယမန်နေ့နံနက်ပိုင်း၌ ရဲချုပ်ခင်ရီနဲ့ ရဲမှူးချုပ်မြင့်သိန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း နောက်ထပ် (၆) လထပ်မံတိုးမြှင့်နိုင်သော်လည်း သက်ညှာသောအားဖြင့် တားဆီးမိန့် (၁၀/ခ) ကို ရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများရှေ့၌ ဖတ်ကြားခဲ့သည်။နေအိမ်အကျယ်ချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာယက်တောအား လက်ခံမှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရကာ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကားတွေပေါ်မှ ဖြန့် ဝေကြဲချကြပြီ။


၂၆ မေလ ၂၀၀၉။

ကျနော်တို့  Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ်များသည် နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းကို ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး၊ ယနေ့ တွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုမှာ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားလိုင်းများပေါ်တွင် လက်ကမ်းစာစောင်များ ဖြန့်ချီဝေငှခဲ့ခြင်း ဖြစ်ပါသည်။ လှုပ်ရှားမှုပြုလုပ်နေသည့် ဓါတ်ပုံအချို့နှင့် ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များ၏ ဓါတ်ပုံများကို အောက်ပါအတိုင်း ကြည့်ရှု့နိုင်ကြောင်း အသိပေးအပ်ပါသည်။
ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့်လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ။

အပြည့်အစုံ...>>

ကရင့်ခွေး ကရင်လူမျိုးများကိုပြန်ကိုက်

၂၅ မေလ ၂၀၀၉။
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းရန် လိုအပ်သည့် စစ်သည်များအတွက် အဓမ္မစစ်သား လိုက်လံစုဆောင်းနေ သဖြင့် ရာနှင့်ချီသည့် ဒေသခံများ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။လှိုင်းဘွဲမြို့ ကွမ်ဘီကျေးရွာ အခြေစိုက် ဒီကေဘီအေ (၉၉၉) တပ်မဟာသည် နအဖ၏ အမိန့်ဖြင့် ဒီကေဘီအေ အဖွဲ့အား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ညွှန်ကြားခဲ့ရာတွင် လိုအပ်သည့် စစ်သည်အရေအတွက် ရရှိရန် တအိမ်တယောက်နှုန်းဖြင့် အဓမ္မ လိုက်လံ စုဆောင်းမှုကြောင့် ယခုလ (၂၂) ရက်မှ စတင်ကာ ဒေသခံ အိမ်ထောင်စု (၁၇) စုမှ ရွာသား (၁၀၉) ဦး အိုးအိမ်ပစ္စည်းများ စွန့်ခွာ၍ ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်းဒုက္ခသည် စခန်းတခုသို့ ရောက်ရှိလာကြသည်။
ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်မဟာ (၇) ဒေသ ဖာအံခရိုင်အတွင်းရှိ လယ်ပေါ်ဟဲ ပြည်တွင်း ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် စခန်းကော်မတီမှ တာဝန်ယူ ကြည့်ရှု စောင့်ရှောက်ထားသည်ဟု စခန်းဥက္ကဋ္ဌ စောတဆူးညားက ခေတ်ပြိုင်သို့ ပြောသည်။၎င်းက “အခုရောက်ရှိလာတဲ့လူတွေဟာ လှိုင်းဘွဲ့မြို့နယ် ဖောသူးခီးရွာနဲ့ ပိုင်ကြုံမြို့နယ်က ထီးပယ်ဝရွာက ဖြစ်တယ်။ ဒီကေဘီအေ ၉၉၉ တပ်က တပ်မှူး ဖားနွီးရဲ့အမိန့်နဲ့ အသက် (၁၂) နှစ်၊ (၁၃)နှစ် အရွယ်တွေပါမကျန် လိုက်ဖမ်းခိုင်းတယ်၊ ထွက်ပြေးတဲ့လူဆိုရင် တအိမ်ကို ကျပ်ငွေ (၁၀) သိန်းပေးရတယ်။ ဒါကြောင့် ဒီလူတွေ ထွက်ပြေးလာကြတာ” ဟု ပြောသည်။ထွက်ပြေးလာသူများထဲမှ ဦးကျော်ပစ်က “ဘယ်လိုမှ နေလို့မရတော့ဘူး။ လုပ်အားပေး ခဏခဏ ခေါ်တယ်။ (၁၃) နှစ် ကလေးကအစ အကုန် စစ်သားလုပ်ဖို့ လိုက်စုတယ်။ သူတို့ပြောတာက သင်တန်းပေးမယ်၊ လစာပေးမယ်၊ စာသင်ပေးမယ်၊ (၃) လ သင်တန်းတက်ရမယ်၊ နေစရာပေးမယ်၊ တလ လစာ (၂,၅၀၀၀) ရမယ်လို့ပြောတယ်။ ဘယ်သူမှ မလုပ်ချင်ကြလို့ အိမ်ယာလယ်မြေနဲ့ ကျွဲနွားတွေကို ထားခဲ့ပြီး အခုလို ထွက်ပြေးလာရတာ ဖြစ်တယ်။ နောက်ထပ်လည်း လာမယ့်လူတွေ အများကြီးရှိသေးတယ်” ဟု ပြောသည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၂) မှ ဒု-ရင်းမှူး ဗိုလ်မှူးဒီးကွယ်ကလည်း “ဒီနေ့လည်း ကျနော်တို့စခန်းဆီကို ထပ်ရောက်လာတဲ့လူ (၁၀) ဦးရှိတယ်။ သူတို့ကို လယ်ပေါ်ဟဲ စခန်းကို ပို့ဖို့စီစဉ်နေတယ်” ဟု ပြောသည်။လယ်ပေါ်ဟဲ ပြည်တွင်း ဒုက္ခသည်စခန်းတွင် ခိုလုံနေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ၏ စောထွန်းထွန်းကလည်း ၎င်းတို့စခန်းသို့ လူသစ်များရောက်လာမည်ဆိုပါက လက်ခံရန် အခက်အခဲများ ရှိသဖြင့် စခန်းကော်မတီအနေဖြင့် အစည်းဝေးထိုင်ရမည်ဟု ပြောသည်။နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုနှစ် ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။နအဖက ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် ပြုပြင်ပြောင်းလဲဖွဲ့စည်းမည့် အစီအမံကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ (ဒီကေဘီအေ) အဖွဲ့က ဦးဆုံးကြိုဆိုလက်ခံခဲ့ပြီး သတ်မှတ်ထားသည့် စစ်သည်အရေအတွက် ရရှိရေးအတွက် ယခုကဲ့သို့ အရွယ်မရောက်သေးသည့် ကလေးငယ်များကို အဓမ္မလိုက်လံစုဆောင်းခြင်း ဖြစ်သည်ဟု သိရသည်။

အပြည့်အစုံ...>>

ဒေါ်စု အားလွတ်ပေးရန် EU မှ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးအားပြော

၂၅ မေလ ၂၀၀၉။ လူထုအသံ
ယနေ့ စတင် ကျင်းပ သည့် ၉ ကြိမ်မြောက် အာရှ၊ ဥရောပ အစည်းဝေး (Asem) တွင် ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဌ ချက်နိုင်ငံ ၏ နိုင်ငံခြား ဝန်ကြီး Mr.Jan Kohout က စစ် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တွေ့ဆုံ​ ၍ ဒေါ်အောင်ဆန်းစုကြည် အားလွတ်ပေးရန် ပြောခဲ့ကြောင်း၊
သိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည့် အရိပ်အယောင် ကိုတော့ မတွေ့မိကြောင်း ပြောဆို ခဲ့ပါတယ်။ ဥရောပသမဂ္ဂ ပြင်ပ ဆက်ဆံရေး ကော်မရှင်နာ Mrs. Benita Ferrero-Waldner က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက် အား ထူးခြား မှတ်တမ်း တင်ထိုက်သည် ဟု ကြိုဆို လိုက်ပြီး၊ တရုတ်၊ အိန္ဒိယ နှင့် အာရှ နိုင်ငံများ အနေ ဖြင့် မြန်မာ နိုင်ငံ အတွင်း ပြောင်းလဲလာရေး အတွက် ပိုမိုလုပ်ဆောင် သင့်ကြောင်း ပြောဆို လိုက် ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက် အား မြန်မာ စစ် အစိုးရ က ထိုင်း နိုင်ငံ၏ ထုတ်ပြန် ကြေညာချက် ဟု သုံးနုန်းထားပြီး၊ ထိုင်း နိုင်ငံ သည် အာဆီယံ အဖွဲ့ ၏ အလှည့်ကျ ဥက္ကဋ္ဌ အနေဖြင့် ကြေညာချက် သည် အာဆီယံ ပဋိညာဉ်စာချုပ်ပါ စည်းမျဉ်းများ ကို သွေဖည်၍ မြန်မာ နိုင်ငံ ၏ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ရာ ရောက်ကြောင်း။ အာဆီယံ အဖွဲ့ အနေဖြင့် ဥက္ကဋ္ဌ ၏ ကြေညာချက် အပါအဝင် ကြေညာချက် များ ထုတ်ပြန်မည် ဆိုပါက အဆင့်မြင့် အရာရှိကြီးများ အဆင့်တွင် မူကြမ်းကို ညှိနှိုင်း ရေးသားပြီး နိုင်ငံခြားရေး ဝန်ကြီးများ အဆင့်သို့ တင်ပြလျက် တူညီ ဆန္ဒရရှိမှသာ ထုတ်ပြန် နိုင်ပါကြောင်း၊ ယခု ထိုင်း နိုင်ငံ ၏ ကြေညာချက် သည် အာဆီယံ အဆင့်မြင့် အရာရှိကြီးများ ၏ အစည်းအဝေး နှင့် တိုက်ဆိုင် နေသော်လည်း ဆွေးနွေးပြင်ဆင်ခွင့် မပေးသည့် အပြင် နိုင်ငံခြားရေး ဝန်ကြီးများ ထံ သို့လည်း ထုတ်ပြန် ကြေညာပြီး မှနောက်ကျ အသိပေးမှုမျိုး ပြုလုပ်ခြင်းဖြင့် အာဆီယံ အဖွဲ့ ၏ လုပ်ထုံးလုပ်နည်း ကို သွေဖည်ကာ ထိုင်းနိုင်ငံ ၏ သဘောဆန္ဒ တခုတည်းအရ မကောင်းသော အစဉ်အလာ တရပ် ကို ဖြစ်ပေါ် ရာရောက် စေပါကြောင်း၊ သို့ပါ၍ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေ ဖြင့် အာဆီယံ အဖွဲ့ ၏ ဂုဏ်သိက္ခာ၊ မြန်မာ နိုင်ငံ ၏ ဂုဏ်သိက္ခာ၊ ထိုင်းနိုင်ငံ ၏ ဂုဏ်သိက္ခာ တို့ကိုစောင့်ထိန်း နိုင်ရန် ပျက်ကွက် ခဲ့ကြောင်း ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်ဟု ယနေ့ထုတ် မြန်မာအလင်း သတင်းစာ တွင် ဖေါ်ပြ ပါရှိပြီး၊ မည်သို့ပင် ဖြစ်စေ အာဆီယံ အဖွဲ့ ၏ လုပ်ထုံးလုပ်နည်း နှင့်လည်း ညီညွတ်ခြင်း မရှိသော၊ အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသော၊ မြန်မာ နိုင်ငံ ၏ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်ရာ ရောက်သော အလှည့်ကျ တာဝန် ယူထားသော အာဆီယံ ဥက္ကဋ္ဌ အနေဖြင့် ထုတ်ပြန်သည့် ကြေညာချက် ကို မြန်မာ နိုင်ငံ က အလေးအနက် ကန့်ကွက်ကြောင်း ကြေညာအပ် ပါသည်ဟု ထည့်သွင်း ရေးခဲ့ကြောင်း သိရှိရသည်။

အပြည့်အစုံ...>>

နအဖ၀ါဒဖြန့်ချီရေးများအတွက် ကိုယ်ချင်းကိုယ်ချင်း အသံလွှင့်ဌာနများ လုပ်ကိုင်ခွင့်ပြု

၂၃ မေလ ၂၀၀၉။
ရန်ကုန်နှင့် မန္တလေးမြို့များတွင် မြို့တော်စည်ပင်မှ ထုတ်လွှင်လျက်ရှိသည့် ရန်ကုန်အက်ဖ်အမ်နှင့် မန္တလေးအက်ဖ်အမ် ဖျော်ဖြေးရေး ရေဒီယိုအသံလွှင့် အစီအစဉ်များနည်းတူ ပညာပေးနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များ ပါဝင်မည့် ပုဂ္ဂလိကပိုင် အက်ဖ်အမ်ရေဒီယိုလိုင်း (၈)ခုအား ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိက အက်ဖ်အမ်လိုင်း(၈)ခုတွင် မြန်မာနိုင်ငံမှ နာမည်ကြီး ကုမ္ပဏီကြီးများဖြစ်သည့် ရွှေသံလွင်နှင့် ဇေကမ္ဘာကုမ္ပဏီတို့ ပါဝင်သည်။
အဆိုပါ ပုဂ္ဂလိက အက်ဖ်အမ်ရေဒီယိုလိုင်းများကို မကြာမီကာလအတွင်း စတင်ထုတ်လွှင့်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် အစီအစဉ်ကြေညာသူများ၊ အစီအစဉ်မှူးများနှင့် အခြားဝန်ထမ်း ခေါ်ယူမှုများ ပြုလုပ်လျက်ရှိပြီး ယခုနှစ်လယ်လောက်တွင် စတင်ထုတ်လွှင့်နိုင်ဖွယ်ရှိကြောင်း ဇေကမ္ဘာကုမ္ပဏီပိုင် သဇင်အက်ဖ်အမ်မှ ထုတ်လုပ်ရေးမှူးက ပြောကြားသည်။ ရွှေသဇင်အက်ဖ်အမ် အနေဖြင့် ကယားနှင့်ချင်းဘာသာ အစီအစဉ်များ ထုတ်လွှင့်မှုလည်း ပါဝင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယခု လုပ်ကိုင်ခွင့်ပြုလိုက်သည့် ပုဂ္ဂလိက အက်ဖ်အမ်အသံလွှင့်ဌာန (၈)ခုမှာ ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် အခြေစိုက်ထုတ်လွှင့်ကြမည် ဖြစ်သည်။ တချို့သော အက်ဖ်အမ်ရေဒီယို အစီအစဉ်များမှာ ပြည်နယ်ကိုယ်စားပြု ထုတ်လွှင့်ကြမည်ဟုလည်း သိရသည်။ Ref: 7DayNews (Vol. 8, No. 10)

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတ်သက်၍ ဘန်ကီမွန်း စီအန်အန် ကို ဘာပြောခဲ့သလဲ ?


၂၂ မေလ ၂၀၀၉။ လူထုအသံ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း နှင့် စီအန်အန် သတင်းဋ္ဌာနမှ ဖီယွန် နျူယာလာ ဆွင်န်နီ တို့ နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် လတ်တလော မြန်မာပြည် အရေး လက်ခံနိုင်ဖွယ် မရှိသော အခြေအနေ ကို ပြောဆိုကြရာ
လွန်ခဲ့တဲ့ တနင်္လာနေ့က နိုဘယ်ဆုရှင် (၉) ယောက် ရှင့်ဆီကို တိုက်ရိုက် တားမြစ်ပေးဖို့ တောင်းဆို နေတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည် ဟာ တရားဆင်ခြင်းခံ နေရပြီ မဟုတ်ပါလား ?
သိပ်မနှောင်းသော အချိန်များမှာ ကျနော် မြန်မာပြည် ကို သွားဖြစ်မှာပါ၊ အခုတော့ မြန်မာပြည် သွားဖို့ အရေးကို အစောတလျှင် စစ်အစိုးရ နဲ့ အရေးထား ဆွေးနွေး နေပါတယ်၊ အဲလို သွားရောက်တဲ့အခါ ဒီမိုကရေစီ နည်းလမ်းကျ သွားနိုင်ဖို့ အတွက် အလေးထား ဆောင်ရွက်ပြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလျှင်အမြန် ပြန်လွှတ်ပေးဖို့ တောင်းဆို သွားမှာပါ၊ ဒီမနက်မှာ မြန်မာပြည်က ကျနော့ရဲ့ ဋ္ဌာနေ ကိုယ်စားလှယ် နဲ့ သံအမတ် အချို့ အပြင် အရေးပါတဲ့ သံတမန်အချို့ တို့ဟာ ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ သွားရောက် ကြားနာစေခြင်းဖြင့် ကျနော်တို့ဟာ မြန်မာ စစ်အစိုးရ ရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို မောင်းနှင်ရာ မှာ အထီးမကျန် စေပဲ ပွင့်လင်းလာစေဖို့ စွမ်းဆောင်တာပါ။
အခုအမှုနဲ့ ပတ်သက်ပြီး ရှင့်အနေနဲ့ ဘယ်လိုများ ဦးဆောင်းလမ်းပြ အကြံအဥာဏ်များ ပေးခဲ့ပါသေး သလဲ ?
ပထမအကြိမ် ကျနော့လူတွေ သွားကျတုန်း ကတော့ နည်းလမ်းတကျ ပြုလုပ်နေတာတော့ တွေ့တယ် ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ အထိန်းအသိမ်း ခံထား ရပေမဲ့လဲ ကျန်းမာရေးတော့ ကောင်းမွန်ပါတယ်၊ ကျနော် သွားရောက်တဲ့ အချိန်မှာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ နဲ့ တွေ့ဆုံ ဆွေးနွေးရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မြောက်ဖို့ စဉ်ဆက်မပြတ် တိုက်တွန်း သွားရမှာပဲ။
သူ … တိုင်းပြည် ရဲ့ အခြေအနေ ကိုရော သိရဲ့လား? နောက်ရှင့် ရန်ကုန်က ကိုယ်စားလှယ် သွားတွေ့တော့ ကျန်းမာရေး ကောင်းတယ်လို့ ပြောတယ်၊ စိတ်ဓါတ်ရော ကြံ့ခိုင်တုန်းပဲလား ?
ကျနော်တော့ သူ စိတ်ဓါတ်ကြံ့ခိုင်မှု သိပ်ရှိမယ် မထင်မိဖူး ဘာလို့လဲဆို သူမကို ထိန်းသိမ်း ချုပ်နှောင်ထားတဲ့ ကာလကလည်း နှစ်ပေါင်းမှ မနည်းတော့တာ၊ ဒါပေမဲ့ ကျနော့ကို စိတ်သက်သာမှု ရစေတဲ့ အချက်ကတော့ သူမ ကျန်းမာရေး ကောင်းမွန်နေတာ ပါပဲ၊ ဒါ အရေးကြီးပါတယ်၊ ကျနော်တို့ စစ်အစိုးရ ကို အလျင်အမြန် ဟန့်တား အသိပေး နေရမှာက သူမကို ကောင်းမွန်စွာ ဆက်ဆံဖို့ပါပဲ။
အခု အခြေအနေ ကနေ လွန်မြောက်ပြီး ရှင့်မှာ သူမကို ကူညီဖို့ အခြားသော အကြံဥာဏ်လေးများ ရှိနေဦး မလား ?
အင်း… အကယ်၍များ စစ်အစိုးရ ဟာ သူမကို အရေးယူခဲ့မယ် ဆိုရင် …….. !
ရှင်လဲ ထင်ထင်ရှားရှား သိနေသားပဲ အဲဒီက ထောင်တွေရဲ့ အခြေအနေတွေကို၊ ဒီလောက် နာမည်ဆိုးနဲ့ ကျော်ကြားပြီး အရာရာဆိတ်သုဉ်းတဲ့ နေရာ…..?
သူမကို ထောင်ထဲက အိမ်တလုံးမှာ ထိန်းသိမ်းထားတာ မဟုတ်ပါဖူး၊ ဒါဟာလည်း သူမကို နှစ်ပေါင်းများစွာ အိမ်အချုပ် ချုပ်နှောင်စဉ် ကာလများ ကတည်းက လက်ခံနိုင်ဖွယ် မရှိတဲ့ အခြေအနေမျိုးပါ၊ သူမဟာ ကမ္ဘာက လေးစားရတဲ့ နိုဘယ်ဆုရှင်ပါ၊ ဒီမိုကရေစီကို ယုံကြည် လက်ခံသူပါ၊ ဒါကြောင့် ကျွန်ုပ်တို့ဟာ သူမရဲ့ ခိုင်မာတဲ့ ယုံကြည်မှုကို ထောက်ခံ ပံ့ပိုးသွားရမှာပါ၊ ဒါပေမဲ့လည်း သူမရဲ့ အငြင်းမပွား ရနိုင်သော တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို ပြန်လည်သုံးသပ် ပံ့ပိုး သွားရပါမယ်။
ရှင့်ရဲ့ အစွမ်းအစတွေနဲ့ သူမ ယုံကြည်မှုတွေကို ထိုင်း နိုင်ငံအတွက် ( ခွင့်လွှတ်ပါ …ရှင် ) မြန်မာနိုင်ငံ အတွက် ခေါင်းဆောင်မှုကောင်းနဲ့ အဖြေရှာ ပေးနိုင်ပါ့ မလား ?
ဒါကြောင့်မို့ မြန်မာ နိုင်ငံအရေးကို ကျနော်ပဲ ဦးဆောင်ပြီး ဆွေးနွေးနေတာပေါ့၊ ဖြစ်နိုင်မယ်ဆိုရင် နောင်မှာလဲ ဆက်လက် ဆောင်ရွက် သွားဦးမှာပါ။ ဟု
စီအန်အန် သတင်းဋ္ဌာနကြီး သို့ ဘန်ကီမွန်းမှ ပြောဆိုသွားသည်ကို ယနေ့ထုတ် The Seoul Times သတင်းစာကြီးတွင် ဖေါ်ပြထားသည်။

အပြည့်အစုံ...>>

အင်းစိန်ထောင်အတွင်းမတရားရုံးထဲက ၀န်ထမ်းများ ဒေါ်အောင်ဆန်းစုကြည်အား ကြည်ညိုမှု


၂၃ မေလ ၂၀၀၉။ နစ်နေမန်း

ကျန်ခဲ့တဲ့ တနင်္လာနေ.တုန်းက ထောင်တွင်းမှ အော်ဟစ်သံတွေ ကြားတယ်၊ သေနတ်သံကြားတယ် ဆိုတာ။ တကယ်တော့ ထောင်သားများက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဆိုပြီး ၀ိုင်းအော်ကြတာပါ။ အဲ့ဒါကို ထောင်ဝါဒါတွေက သံတိုင်တွေကို လိုက်ရိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လူတန်းစားမရွေးက ချစ်ခင်ကြတယ်ဆိုတာပါပဲ။ ဒါ့အပြင် တရားရုံးထဲမှာ ရှိနေတဲ့ ရဲများဟာလဲ ဒေါ်အောင်ဆန်းစုကြည် ကို တချိန်လုံး ချစ်ခင် ကြည်ညိုမှု အပြည့်နဲ့  ၀ိုင်းကြည့်နေကြတယ်လို့  သိရပါတယ်။
သံအရာရှိများဟာ ရဲအရာရှိ တယောက်မှ ထိုင်ဖို့  ကိုယ်လက်အမူအယာနဲ့  ပြသပြောဆိုတာတောင် မထိုင်ကြပဲ ၁၀ မိနစ်ခန့်  ဆက်လက်ပြီး မတ်တတ်ရပ်နေခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမအတွက် ချထားပေးတဲ့ ထိုင်ခုံမှာ ၀င်ရောက် ထိုင်ပြီးမှပဲ သံအရာရှိများဟာ လိုက်ထိုင်ခဲ့ကြတယ်လို့  သိရပါတယ်။ အဲဒါကို မြင်လိုက်ရတဲ့ တရားသူကြီး၊ ရဲ၊ အစောင့်အရှောက်များဟာ အံ့အားသင့် ထိတ်လန့် သွားကြပါတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည် တောင်မှ အဲဒါကို သတိမထားမိပဲ သူမရဲ့  ရှေ့ နေတွေ ဆီကိုပဲ တန်းလျှောက်သွားပြီး စကားပြောဆိုနေပါတယ်တဲ့။(၂၀) ရက်နေ့ က ရုံးချိန်းကို တက်ရောက်ခဲ့ကြတဲ့ သံတမန်များဟာ တရားရုံးထဲကို ဒေါ်အောင်ဆန်းစုကြည် ၀င်လာတဲ့အချိန်မှာ အားလုံး မတ်တတ်ထရပ်ကြပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်ကို လေးစား ရိုသေမှုကို ပြခဲ့ကြပါတယ်။
မနေ့က အေးဆေးငြိမ်သက်စွာနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်အားပေးခဲ့ကြတဲ့ လူထုကို နအဖလက်ပါးစေစွမ်းအားရှင်တွေက ကားနဲ့တိုက်တော့မယောင် ခြိမ်းခြောက်ခဲ့ပါတယ်။ လူထုကို ရန်စတာ ဆွပေးတာတွေကို စွမ်းအားရှင်ဆိုသူတွေက လုပ်ပေမယ့် လူထုကြီးက တည်ငြိမ်စွာ ထိုင်ပြီး ဆက်အားပေးကြကြောင်း။ လေးဂွကိုင်ပြီး ပေါ်တင်မူးရမ်းနေတဲ့ ဒီစွမ်းအားရှင်ကောင်တွေကို ရဲက ဘာမှ မပြောဘဲ လွှတ်ပေးထားတာမျိုးရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်အမှု နေ့စဉ်မှတ်တမ်း လက်ခံရရှိ

၂၁ မေလ ၂၀၀၉။ ဧရာဝတီ
အင်းစိန်ထောင် သီးသန့် တရားရုံးတွင် ခုံရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်သော နေ့စဉ်မှတ်တမ်းကို ဧရာဝတီမဂ္ဂဇင်းက လက်ခံရရှိထားသည်။ယခုနေ့စဉ် မှတ်တမ်း၌ ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ချထားရာ၎င်း၏ နေအိမ်အတွင်းသို့ အင်းလျားကန်မှ တဆင့် ရေကူး ဝင်ရောက်ခဲ့သော မစ္စတာဂျွန် ဝီလျံ ယက်ထောအား မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ ညအထိ နေအိမ်အတွင်း နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေး ခြင်း ပြုခဲ့ပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့က ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှု အပေါ် အားပေးကူညီခဲ့ သဖြင့် အမှုဖွင့်အရေးယူရန် ဒုတိယရဲမှူးကြီးဇော်မင်းအောင်က တိုင်ကြားထားကြောင်း ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဥက္ကဌ၊ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်နှင့် အဖွဲ့ဝင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားသူကြီး ဦးညီညီစိုးတို့က အင်းစိန်ထောင် တရားရုံးတွင် စစ်ဆေး လျှက် ရှိသည်။နေ့စဉ်မှတ်တမ်းတွင် ၎င်းအမှုအတွက် ခေါ်ယူစစ်ဆေးမည့် တရားလိုပြသက်သေ ၂၂ ဦးတို့၏ အမည်စာရင်း အပြင် မစ္စတာ ဂျွန် ဝီလျံ ယက်ထောလက်တွင်းမှ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်း ၆၁ မျိုး၊ ၎င်း တည်းခိုသည့် Beauty Land ဟိုတယ် မန်နေဂျာ ဦးကျော်သူထံမှ သိမ်းယူခဲ့သည့် မစ္စတာယက်ထော၏ ပစ္စည်း ၂၇ မျိုးနှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်း အတွင်းမှ သိမ်းယူရခဲ့သည့် သက်သေခံ ပစ္စည်း ၁၁ မျိုး တို့၏ စာရင်းများကို ဖော်ပြထားသည်။အသေးစိတ်ကို သိရှိလိုပါက (ဤနေရာ) တွင် ဖတ်ရှုနိုင်ပါသည်။

အပြည့်အစုံ...>>

နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးတင်နိုင်မည့် အလားအလာ ပိုများလာ


၂၁ မေလ ၂၀၀၉။ ခေတ်ပြိုင်
နအဖစစ်အစိုးရက ၂၀၀၃ ခုနှစ် မေ (၃၀) ဒီပဲယင်းအရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီးနောက် ဥပဒေပါသတ်မှတ်ချက်ထက် (၁) နှစ်ကျော်လွန် ဆက်လက် ထိန်းသိန်းခဲ့ခြင်း၊ ယင်းကဲ့သို့ ထိန်းသိမ်းထားစဉ် နေအိမ်အတွင်း နိုင်ငံခြားသားတဦး ၀င်ရောက်လာသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ (၂၂) ဖြင့် ထပ်မံတရား စွဲဆိုခြင်းတို့သည် ဥပဒေများဖြင့် လျော်ညီမှုရှိမရှိ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးနှင့် ဆက်သွယ်မေးမြန်းချက်။
မေး။ ။ နအဖစစ်အစိုးရရဲ့နေအိမ်အကျယ်ချုပ်ချထားခံရစဉ်အတွင်းမှာ မစ္စတာယက်တော ၀င်ရောက်လာလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အမှုဖွင့်စွဲဆိုထားတာဟာ ဥပဒေနဲ့ လျော်ညီမှု ရှိပါသလား။
ဖြေ။ ။ ဒီလိုရှိတယ်ဗျ။ ဒီအမှုရဲ့အစဖြစ်တဲ့ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများအန္တရာယ်မှ ကာကွယ် သည့် ဥပဒေဆိုတာ detention law လို့ခေါ်တယ်။ တနည်းအားဖြင့် ချုပ်တဲ့ ဥပဒေဖြစ်တယ်။ သူက အပြစ်ပေးတဲ့ ဥပဒေမဟုတ်ဘူး။ ဒီဥပဒေဟာ မြန်မာပြည်တင်မဟုတ်ဘူး။ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ စသည်ဖြင့် တချို့နိုင်ငံတွေ မှာလည်း ရှိတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းမှု၊ လုံခြုံမှုတွေ ထိပါးမှာစိုးတဲ့အတွက် တရားရုံးရဲ့ ခွင့်ပြုချက်မလိုဘဲ အစိုးရ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ချုပ်ခွင့်ရှိတဲ့ ဥပဒေဖြစ်တယ်။ ကျနော်တို့ ပြည်တွင်းဥပဒေ (၁၀/က) အရ (၆) လ ချုပ်မယ်။ (၁၀/ခ) အရ တနှစ်။ အဲလိုမျိုး ရှိတယ်ဗျာ။ ချုပ်ပိုင်ခွင့်ရှိတဲ့ သက်တမ်းအတွင်း အချုပ်ခံရသူ နေတာထိုင်တာ ကျေနပ်ရင်လွှတ်တယ်။ မကျေနပ်ရင် သက်တမ်းတိုးပြီး ဆက်ချုပ်တယ်။ သို့သော် ချုပ်တဲ့ဥပဒေမှာလည်း အကန့်အသတ်ဘောင်ရှိတယ်။ တသက်လုံးချုပ်ထားလို့တော့ မရဘူးလေ။ ၁၉၇၅ ခုနှစ်ဥပဒေကို ၁၉၉၁ ခုနှစ် ပြင်ဆင်ထားချက်အရ (၅) နှစ်ဖြစ်တယ်။ (၅) နှစ်ပြည့်ရင် လွှတ်ကိုလွှတ်ရမှာ။ အဲတော့ အစိုးရအာဏာပိုင်တွေရဲ့ အခွင့်အာဏာနဲ့ ချုပ်နှောင်ထားရတဲ့၊ ချုပ်လည်း ချုပ်ထားတဲ့ကြားထဲကမှ မကျေနပ်ဘဲနဲ့ ဒီဥပဒေကို ပြင်ပြီးကျင့်သုံးနေ တဲ့ ကိစ္စကိုက လုံးဝဥပဒေရဲ့ အခြေခံနဲ့ဆန့်ကျင်နေတယ်။
မေး။ ။ ကြားသိထားရတာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားစဉ်မှာ အကျယ်ချုပ် ဧရိယာရဲ့အပြင်ကို လုံးဝမထွက်ဖို့၊ သံရုံးတွေနဲ့မဆက်သွယ်ဖို့၊ နိုင်ငံရေးနယ်ပယ်က လူတွေနဲ့ မဆက်သွယ်ဖို့၊ နောက်ပြင်ပကို စာ၊ ဖုန်း စတာတွေနဲ့ မဆက်သွယ်ဖို့ကိုဘဲ တားမြစ်ထားတယ်ဆိုတော့ အခုလို မစ္စတာယက်တော သူ့ဟာသူ နေအိမ်အတွင်း ၀င်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က အမှုကျူးလွန်တာ ဟုတ်မဟုတ် ရှင်းပြပေးပါ။
ဖြေ။ ။ ဘယ်လိုလုပ် ပြစ်မှုမြောက်မလဲ။ သူတို့မှာပဲ ပြစ်မှုမြောက်တာ။ ချုပ်ထားတာကိုက အာဏာပိုင်တွေက ချုပ်ထားတာ။ အဲလိုချုပ်ထားတဲ့ အတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေတာထိုင်တာ၊ သွားတာလာတာ၊ ဆက်သွယ်တာ အကုန်လုံးကို တာဝန်ယူရမှာ သူတို့။ အဲတော့ တာဝန်ရှိမှုအရ ချုပ်နှောင်ထားတဲ့ အာဏာပိုင်တွေမှာပဲ တာဝန်ရှိတာ။
မေး။ ။ ဒါပေမယ့် နအဖစစ်အစိုးရဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေအိမ်အကျယ်ချုပ် ချိုးဖောက် တယ်ဆိုပြီး တရားစွဲတင်မှုတွေလုပ်နေပါပြီ။ ဒီလိုလုပ်တဲ့အခါမှာလည်း အများပြည်သူကိုကြားနာခွင့် မပြုတာဟာ တရားစီရင်ရေးမူနဲ့ ကိုက်ညီမှုရှိပါသလားခင်ဗျ။
ဖြေ။ ။ ဒါကတော့ fair trial court ဆိုတဲ့ တရားမျှတရေး တရားခွင်ကိစ္စနဲ့ဆိုင်တယ်။ ကျနော်တို့ပြည်တွင်း ဥပဒေမှာ court & camera ဆိုတာရှိတယ်။ အမှုတိုင်းတော့ public trial မရနိုင်ဘူး။ အများပြည်သူ တက်ရောက် ကြားနာခွင့် မပြုသင့်တဲ့ မုဒိမ်းမှုလို၊ တိုင်းပြည်ရဲ့စစ်ရေး၊ လုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာတော့ ပေါက်ကြားမှုတွေ ရှိသွားမှာစိုးလို့ ဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ court & camera ဆိုတဲ့အမှုနဲ့ဆက်စပ်သူတွေကိုသာ ခေါ်ယူစစ်ဆေးရတာလည်း ရှိတယ်။ ဒါပေမယ့် အခုဟာက လုံခြုံရေးကျိုးပေါက်လို့မှ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို နိုင်ငံခြားသား တယောက် ၀င်သွားပြီးကာမှ လုံခြုံရေးအကြောင်းပြချက်နဲ့ အများပြည်သူကြားနာခွင့် မပြုဘူးဆိုတာ ဘာမှကို မဆိုင်ဘူးဗျာ။ နိုင်ငံခြားသားဝင်ရောက်လို့ စစ်ဆေးရတဲ့ ကိစ္စဟာ တိုင်းပြည်လုံခြုံရေးနဲ့လည်း မဆိုင်ဘူး။ ဒီလိုအမှုကို အများပြည်သူကို ကြားနာခွင့်မပေးဘူး ဆိုတာဟာလည်း ပြည်တွင်းဥပဒေတွေအရရော၊ နိုင်ငံတကာမှာရှိတဲ့ fair trial court နဲ့ရော ဆန့်ကျင်တယ်။
မေး။ ။ တရားစွဲဆိုနေစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်ထောင်အတွင်း ထားလိုက်တာကရော ဥပဒေနဲ့လျော်ညီမှုရှိပါသလား။
ဖြေ။ ။ ဥပဒေအကြောင်း ပြန်ပြောရရင် စောစောကဟာကိုပဲ ပြန်ကောက်ရမယ်။ စောစောကပြောသလို ၁၉၇၅ ခုနှစ် ဥပဒေအရ ချုပ်ခွင့်ရှိတာကိုက (၅) နှစ်ပဲ။ (၅) နှစ်ထက် (၁) နာရီကျော်ပြီးတော့ကို ချုပ်ခွင့် မရှိဘူး။ (၅) နှစ်ကျော်ပြီး ဆက်ချုပ်ထားတာကိုက မှားနေပြီ။ ဘယ်နေရာမှာ ထားတယ်။ မထားတယ်ဆိုတာကိုတော့ ကျနော် မပြောလိုဘူး။ သူတို့ဟာသူတို့ အဆင်ပြေတဲ့ နေရာမှာထား။ သို့သော် (၅) နှစ်ထက်ကျော်ပြီး ချုပ်ထားတာကိုက ဘယ်နေရာမှာ ထားထား ဥပဒေကို ချိုးဖောက်နေတာပဲ ဖြစ်တယ်။
မေး။ ။ နအဖစစ်အစိုးရဟာ ပြည်တွင်းဥပဒေတွေ၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး ပြည်ပရောက် ဥပဒေပညာရှင်တွေကလည်း ထောက်ပြကြတယ်။ နောက် working group တို့လို ယူအန်အဖွဲ့အစည်းတွေကလည်း ပြောနေတဲ့အကြားက ဒီကိစ္စတွေထပ်ဖြစ်လာတယ်ဆိုတော့ နိုင်ငံတကာ ဥပဒေအသိုင်းအ၀ိုင်းက ဘယ်လိုဆက်လက် ဆောင်ရွက်သွားနိုင်ပါသလဲ။
ဖြေ။ ။ ဒီလိုဗျ။ ပြီးခဲ့တဲ့လပိုင်းကပဲ ကျနော်တို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ လန်ဒန်မှာရှိတဲ့ ၀တ်လုံတော်ရကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ Burma justice committee က တင်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထား တာဟာ ပြည်တွင်းဥပဒေကိုရော၊ နိုင်ငံတကာဥပဒေကိုရော ချိုးဖောက်တာဖြစ်တယ်လို့ UN working group အဖွဲ့က ဆုံးဖြတ်ချက်ချလိုက်တာရှိတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ အင်မတန်ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကုလသမဂ္ဂက တောင် ဒီလိုဖမ်းဆီးထားတာဟာ ဥပဒေနဲ့မညီဘူးလို့ သုံးသပ်ထားပြီးပြီ။ အဲတော့…အဲလို ဥပဒေနဲ့မညီ ချုပ်နှောင်တဲ့ လူတွေအားလုံးက ရာဇ၀တ်ကောင်တွေပဲ။ အထဲမှာရှိတဲ့ တရားစီရင်ရေးစနစ်ကလည်းပဲ ချုပ်နှောင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော အခြားနိုင်ငံရေးသမားတွေကိုရော စောင့်ရှောက်နိုင်တဲ့ အနေအထားမရှိတော့ဘူး။ တနည်းအားဖြင့် အထဲမှာရှိတဲ့ တရားစီရင်ရေးစနစ်က စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် တရားစီရင်ရေးစနစ် ဖြစ်သွားပြီ။ အဲတော့ ပြည်တွင်း တရားစီရင်ရေးအောက်က အကာအကွယ်ရ နိုင်မှု အခွင့်အလမ်းက တော်တော့်ကို နည်းသွားပြီ။ နိုင်ငံတကာ ဥပဒေရဲ့ အကာအကွယ် ရနိုင်ဖို့ ကြိုးစားဖို့ရှိလာပြီ။ နိုင်ငံတကာပြစ်မှုဆိုင်ရာ ဥပဒပုဒ်မ (၇၁/င) မှာ ဘာပါလဲဆိုတော့ ထောင်သွင်းအကျဉ်းချခြင်း၊ နိုင်ငံတကာဥပဒေ အခြေခံများကို ဆန့်ကျင်ပြီးတော့ လူတယောက်ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ပြင်းထန်စွာချိုးဖောက်ခြင်းဆိုတဲ့ ပြဋ္ဌာန်းချက်တခုရှိတယ်ဗျ။ အဲဒီပြဋ္ဌာန်းချက်အရ အကျုံးဝင်နိုင် မ၀င်နိုင်ကို သုံးသပ်ဖို့ရှိလာတယ်။ အဲတော့ ပြဿနာက ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ criminal court security မြောက်သလားဆိုတဲ့ မေးခွန်းရှိလာပြီ။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ဖမ်းဆီးထားရုံနဲ့ လူသားပြစ်မှုကို ဆန့်ကျင်ကျူးလွန်တဲ့ပြစ်မှု မမြောက်နိုင်ဘူးလို့ ပြောရမှာဖြစ်တယ်။ သူတယောက်တည်း ဆိုရင်ပေါ့လေ။ သို့သော် ဒီကိစ္စက ဒီလိုကြည့်လို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်တာဟာ ၂၀၀၃ ခုနှစ် မေလမှာဖြစ်တဲ့ ဒီပဲယင်းကိစ္စကြီးရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ယနေ့အထိ ဆက်ဖမ်းထားတာ။ ဒီပဲယင်းကိစ္စကြီးဟာ criminal court security မြောက်နိုင်တယ်ဆိုတာကို ကျနော်တို့ ရီပို့တွေ တင်ထားပြီးပြီ။ သက်သေခံ အထောက်အထားတွေလည်း အများကြီးရှိတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင် ငါးထောင်လောက်ကို ကိုင်ပြီးတော့ လုပ်သွားတဲ့ crime ကြီးဖြစ်တယ်။ ဒါဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကို ကျူးလွန်ထားတဲ့ ပြစ်မှုဖြစ်တယ်။ အဲဒီ crime ကြီးရဲ့ အစိတ်အပိုင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာဖြစ်တယ်။ အဲတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် တယောက် တည်းကို ချုပ်ထားတယ်လို့ မကြည့်ဘဲနဲ့ ဒီပဲယင်းကိစ္စကြီးကိုပါ ပြန်ကြည့်ကြရမှာဖြစ်တယ်။ နောက်ပြီး နိုင်ငံရေး သမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချတာတွေ ရှိတယ်။ ဒါတွေဟာ စနစ်တကျနဲ့ကို လက်ရှိ ရှိတဲ့ တရားစီရင်ရေး စနစ်ကြီးကို ကိုင်ပြီးတော့ အတိုက်အခံတွေကို ဖိနှိပ်တာ။ ဒီနေ့အချိန်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေပြီ။ ဒါကြောင့် ဒီလိုအချက်တွေပါ စုလိုက်မယ်ဆိုရင်တော့ ဗမာပြည်အတွင်းက ဒီမှုခင်းကြီးကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာ တရားစွဲဆို အရေးယူနိုင်ဖို့ရာအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြဖို့ အချိန်ရောက်ပြီ။ ဥပဒေကြောင်းအရ လုံးဝအကျုံးဝင်နေတယ်လို့ ကျနော်ပြောချင်တယ်။
မေး။ ။ ဆောင်ရွက်နိုင်ဖို့ အခြေအနေ၊ အလားအလာကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အလားအလာကတော့ တထစ်ချင်း တထစ်ချင်း ပိုကောင်းလာပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ဒီကိစ္စအတွက် ဘန်ကောက်မှာ အစည်းအဝေး ကျင်းပနိုင်ခဲ့တယ်။ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဓိကကျတဲ့ အဖွဲ့အစည်း အားလုံး နီးပါးနဲ့ နိုင်ငံတကာက အဓိကကျတဲ့ အဖွဲ့အစည်းအားလုံးနီးပါး တက်ရောက်ဆွေးနွေးခဲ့ကြတယ်။ နိုင်ငံတကာ တရား ရုံးကိုတင် တရားစွဲဆိုနိုင်တဲ့ အနေအထားအဆင့်ကို ဦးတည်သွားကြဖို့ အားလုံးသဘောတူတယ်။ လုပ်ထုံးလုပ်နည်း ညှိယူနေကြရတာလေးတွေပဲ ရှိတယ်။ ဆိုတော့ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကို စွဲတင်နိုင်တော့မယ့် အလားအလာတွေ များလာပြီဆိုတာ ကျနော်ပြောချင်တယ်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စုပေါင်းတောင်းဆိုမှုတွင် ဒေးဗစ်ဘက်ဟမ်း ပါဝင်လာ

၂၁ မေလ ၂၀၀၉။ လူထုအသံမှ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ သြဇာ ကြီးမားသူများ စုပေါင်း တောင်းဆိုမှုများ ပြုလုပ် နေကြသည့် အနက် ဗြိတိန်မှ နာမည်ကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းလည်း ပါဝင် လာပြီ ဖြစ်ကြောင်း သိရှိရသည်။
မေလ (၁၉) ရက်နေ့က ဘက်ခမ်းသည် ရန်ကုန်မြို့၊ အင်းစိန် ထောင်တွင်း တရားရင်ဆိုင် နေရသည့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် နိုင်ငံတကာ နှင့် အတူ ဖိအားပေး တောင်းဆို သွားရန် စာရင်းပေးသွင်း လိုက်သည်။
အမေရိကန် အခြေစိုက် နာမည်ကြီး အနုပညာရှင်များ Don Cheadle, George Clooney, Matt Damon, Brad Pitt, David Pressman, Jerry Weintraub တို့ ထူထောင်ထားသည့် ရံပုံငွေအဖွဲ့ တစ်ခုဖြစ်သော Not On Our Watch က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ကူညီ တောင်းဆိုပေးသည့် ကမ္ဘာကျော် Celebrity အယောက် (၄၀) စာရင်းကို ထုတ်ပြန်လိုက်ရာ ဘက်ခမ်းလည်း ပါဝင်လာခဲ့သည်။
ဘက်ခမ်း သည် မြန်မာနိုင်ငံ တည်ရှိရာ အရှေ့တောင်အာရှ ဒေသနိုင်ငံများတွင် ဩဇာကြီးမားသူ တစ်ဦးဖြစ်ပြီး ၎င်း၏ ပရိသတ် အများအပြား မြန်မာနိုင်ငံတွင် ရှိနေသည်ဟု ထိုအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။
ထိုနေ့က Not On Our Watch မှ ထုတ်ပြန်သော Celebrity စာရင်းတွင် မက်ဒေါနား၊ ရောဘတ်ဒီနီရိုး နှင့် စကားလက် ဂျိုဟန်ဆန် တို့ကဲ့သို့ ထိပ်သီး အနုပညာရှင်များလည်း ပါဝင်နေကာ ဂျော့ရှ်ကလူးနေးလ်၊ ဂျွန်မက်ကိန်း၊ ဘိုနို(ယူတူး) နှင့် ဘုန်တော်ကြီး ဒက်စမွန်တူးတူး တို့က ဦးစွာ ပထမကပင် လှုံဆော်နေကြကာ ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ရှိနေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ကြေညာလိုက်သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက မေလ (၁၈) ရက်နေ့မှ စပြီး အကွက်ဆင် ရမယ်ရှာ ဖမ်းဆီးကာ လိုရာဆွဲ ဥပဒေသများဖြင့် စွပ်စွဲကာ အင်းစိန်ထောင်တွင် အမှုကြားနာ စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

အပြည့်အစုံ...>>

မေလ ၂၀ရက်နေ့က သံတမန်များနှင့်ဒေါ်စုတွေ့ဆုံ


၂၁ မေလ ၂၀၀၉။
လက်နက်ကိုင်အစောင့်တွေစောင့်ကြပ်နေတဲ့တရားရုံး မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ငြိမ်စွာဖြင့် ရှိနေပါတယ်။ သူမကို ပြန်လည်မြင်တွေ့ကြရတဲ့အတွက် နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းက ဒေါသအမျက် ချောင်းချောင်းထွက်နေမှုတွေဟာလည်း နည်းနည်း ပြန်လည်တည်ငြိမ်မှု ရလာကြပါတယ်။ သူမကိုကြည့်ရတာ ကျန်းမာပုံရတယ်။ ယုံကြည်မှုရှိနေတယ်။ နာမည်ဆိုးလှတဲ့ အင်းစိန်ထောင်တွင်းက တရားရုံးမှာပါ။ တရားခွင်က၄၅မိနစ်ပဲကြာတယ်။ တရားရုံးဆိုပေမဲ့ သံတမန်က၃၀၊ ဒီထဲမှာကုလသမဂ္ဂ ကိုယ်စားလှယ်တဦးနဲ့ သတင်းထောက်တစုပဲရှိပါတယ်။ သူမကအသက်၆၃နှစ်ရှိပြီ၊ သူမကို'TheLady'(ဒေါ်စု)လို့ သူမရဲဘော်တွေကခေါ်ကြတယ်။ တကယ်လို့ အပြစ်ရှိတယ်ဆိုရင် သန်းရွှေက ထောင်ဒဏ်၅နှစ်အထိ ချမှာဖြစ်ပါတယ်။ ရှင်တို့ရဲ့အားပေး ကူညီမှုတွေအတွက် ကျေးဇူးတင် ပါတယ်လို့ သံတမန်တွေကိုသူမက ဆိုပါတယ်။ သူမဟာပန်းနုရောင် သပြေညိုရောင် ထဘီကို ဆင်မြန်းထားတယ်။ သူမကိုအမျိုးသမီးရဲတွေခြံရံပြီးထွက်လာတယ်။
သူမက သံတမန်တွေကိုလှည့်ပြီး အလွန်အထက်တန်းကျလှတဲ့ အင်္ဂလိပ်စာနဲ့"I hope to you in better days'' မင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေရှင်လို့ ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်သွားပါတယ်။ သူမဟာရုရှား၊ ထိုင်း၊ စကာင်္ပူသံတမန်တွေကို အင်းစိန်ထောင်ဆောင်မှာ လက်ခံတွေ့ခဲ့ပါတယ်။ သူမကသူရဲ့ပါတီဝင် မိတ်ဆွေနစ်ဦးရော ထောင်ထဲမှာ ကောင်းမွန်စွာရှိနေတယ်လို့ဆိုပါတယ်။ ဒေါ်စုက ကာယကံရှင်တွေသာ ဆန္ဒရှိမယ်ဆိုရင်အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ဖြစ်နိင်ချေရှိတုန်းပါလို့ဆိုတယ်။ သူမမှာခုလိုကံမကောင်းအကြောင်းမလှ စွာဖြစ်ရပ်တွေဖြစ်ခဲ့တာတောင်မှာ အကောင်းမြင်တဲ့ မျှော်လင့်ချက်တွေရှိနေတုံးပဲလို့စကာင်္ပူနိင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။ တရားရုံးက ကြာသာပတေးနေ့မှာ ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။အမေရိကန်နိင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကတော့ ဒေါသထွက်စရာပဲ။ ဒါဟာသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်လူထုအတွင်းမှာ ထင်ပေါ်ကျော်ကြားနေတာကို မနာလိုလို့လုပ်တာပဲ။ သန်းရွှေက သူမကို၂၀၁၀ရွေးကောက်ပွဲမှာ မ၀င်နိင်အောင်လုပ်တာပဲ။ ဒါကိုကြည့်ခြင်း အားဖြင့်ရွေးကောက်ပွဲဟာ အစကတည်းကိုက တရားဝင်မှုလုံးဝမရှိဘူးဆိုတာကို ပြနေတာပဲလို့ဆိုပါတယ်။ မြန်မာနိင်ငံဆိုင်ရာဗြိတိသျှ သံအမတ်ကြီးမာခ်ကန်းနင်း(MarkCanning)ဘီဘီစီကို ပြောတာကတော့ အခြေအနေကတော့ဗျာ တရားသူကြီးရယ်၊ဆွဲချရယ်၊ အစွပ်စွဲခံရသူရယ်၊ ဒီဇတ်လမ်းရဲ့ အဆုံးကတော့ အစကတည်းက ရေးပြီးသားဖြစ်ပုံရတယ်ဗျ။ စကာင်္ပူသံအမတ်ကလည်း စစ်အစိုးရတရားရုံးကတရားမျှတစွာ လုပ်နေတယ်ဆိုတာကိုပြခြင်လို့ ကျူပ်တို့ကိုခုလို တက်ရောက်ခွင့်ပြုနေတာပဲဗျ လို့ ကောက်ချက်ချပါတယ်။ ယက်တောကြီးကတော့ အဖြူရောင်အင်္ကျင်္ီနဲ့ ကာကီရောင်ဘောင်းဘီကိုဝတ်ထားပါတယ်။ ဒေါ်စုတို့နဲ့ သတ်သတ်စီ ထားတာကိုတွေ့ရပါတယ်။ ပျာယီးပြာယာ ဖြစ်နေတယ်။ သံတမန်တွေကိုစကားမပြောဘူး။ သူ့ကို မဖြတ်သန်းရတဲ့ နေရာကို ဖြတ်သန်းမှုနဲ့ ကျူးကျော်ဝင်ရောက်မှုတွေအတွက် အရေးယူထားပါတယ်။
- ငချစ်သင်- မူရင်း- ရာဟူးသတင်းမှ http://komoethee.blogspot.com/ မှဖေါ်ပြသည်။

အပြည့်အစုံ...>>

အင်းစိန်မီးရထားဆေးရုံတွင်း လုံခြုံရေးခွေးများအနီးကပ်ညွန်ကြား

၂၀ မေလ ၂၀၀၉။ ခေတ်ပြိုင်
အင်းစိန် မီးရထားဆေးရုံရှိ မျက်စိအထူးကု ဆရာဝန်ကြီးရုံးခန်းနှင့် မျက်စိစစ်ဆေးသည့် အမှောင်ခန်းအား ရန်ကုန်တိုင်း ရဲမှူးကြီး အဆင့်အပါအ၀င် ရဲအရာရှိကြီးများက သိမ်းယူကာ အင်းစိန်ထောင်ဝန်းကျင်အခြေအနေကို စောင့်ကြည့်ညွှန်ကြားနေသည့်အတွက် ဆေးရုံဝန်ထမ်းများ စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။အင်းစိန်မီးရထားဆေးရုံသည် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အကျဉ်းဦးစီးနှင့် ကိုက် (၅၀) ခန့်သာကွာဝေးသည်။ ထို့အတွက် အင်းစိန်ထောင် လုံခြုံရေး လိုအပ်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် နှင့် အဓိကရုဏ်းများဖြစ်ပေါ်လာပါက အင်အားသုံးဖြေရှင်းရန် အနီးကပ်စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ဆေးရုံလာ သူ မီးရထားဝန်ထမ်းများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမှုအား စတင်ကြားနာသည့် မေ (၁၈) ရက်ကတည်းက အဆိုပါ ရဲအရာရှိကြီးများသည် သိမ်းယူထားသည့် ရုံးခန်းအား လေအေးပေးစက်တပ်ဆင်လိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်မပြီး မချင်း ဆေးရုံမှ စွန့်ခွာမည်မဟုတ်ကြောင်း၊ အင်းစိန်ထောင်ဘူး၀၀န်းကျင်ရှိ ထောင်ချီသော အန်အယ်လ်ဒီလိုလား သူများနှင့် စောင့်ကြည့်အကဲခတ်နေသော ပြည်သူများအတွက် လွန်စွာအန္တရာယ်ရှိသောအခြေအနေဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။(အေ) အဆင့် မျက်စိစမ်းသပ်စစ်ဆေးရန် ရောက်ရှိလာသော မီးရထားစက်ခေါင်းမောင်း ၀န်ထမ်းများကိုလည်း မျက်စိစစ်ဆေးမှု ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားရကြောင်း ဆေးရုံဝန်ထမ်းများက အတည်ပြု ပြောကြားသည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အာဆီယံတောင်းဆို

၁၉ မေလ ၂၀၀၉။ ခေတ်ပြိုင်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်အမှုစစ်ဆေးနေသည့်အပေါ် အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံက အထူးစိုးရိမ်မိကြောင်း ယနေ့ တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ပေးရန်လည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
“မြန်မာအစိုးရဟာ အာဆီယံရဲ့ တာဝန်ရှိအဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ တာဝန်ရှိပါတယ်” ဟုလည်း ဖော်ပြပါရှိသည်။နိုင်ငံတကာအသိုင်းအ၀န်း၏ မြန်မာနိုင်ငံအပေါ် လက်ရှိအမြင်အရ မြန်မာအစိုးရ၏ ဂုဏ်သိက္ခာသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်မှုများ ချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ပြောဆိုမှုများ မရှိခဲ့သည့်အတွက် အာဆီယံကို ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သည်။ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးတွင် တရုတ်၊ အိန္ဒိယနှင့် အခြားအာဆီယံနိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အပြည့်အစုံ...>>

မန္တလေးတိုင်း NLD လူငယ်များ အစည်းအဝေး ဆုံးဖြတ်ချက် (၁၉၊၅၊၂၀၀၉)

၁၉ မေလ ၂၀၀၉။ မန္တလေးမီဒီယာမှဖော်ပြသည်။
၁။ ။ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်တည်ဆဲ ဥပဒေကိုမှ ကျူလွန်ခြင်း ဖောက်ဖျက်ခြင်းအလျင်း မရှိပါသဖြင့် ပုဒ်မ(၂၂)အရ တရားဆွဲဆို ထားခြင်းကို ချွင်းချက်မရှိ အမြန်ဆုံးရုတ်သိမ်း ပေးရန် ဆုံးဖြတ် သည်။
၂။ ။ ပုဒ်မ(၁၀ ခ) အရ အရေးယူခြင်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်း လုဝင် လူထွက် နှင့်ပါတ်ပြီး လုံခြုံရေးတာဝန် ယူထားသော အာဏာပိုင် များတွင်သာ လုံးဝတာဝန် ရှိကြောင်း ဆုံးဖြတ်သည်။၃။ ။ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း သမီး မ၀င်မမ တို့အား အာဏာပိုင်များမှ တရားဆွဲဆို ခြင်းသည် တရားမျှတ မှန်ကန်သည်ဆိုပါက အများပြည်သူနှင့် သက်ဆိုင်သော တရားရုံးများတွင် စစ်ဆေးရန် တောင်းဆိုသည်။

အပြည့်အစုံ...>>

အင်းစိန်ထောင်ရှေ့ ငြိမ်းချမ်းစွာဆန္ဒပြ


၁၈ မေလ ၂၀၀၉။ ခေတ်ပြိုင်

နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ၎င်းကိုထောက်ခံသူများက အင်းစိန်ထောင်ရှေ့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။မျက်မြင်တဦးက “ကျနော် အင်းစိန်ထောင်ဘက်ကို သွားခဲ့တယ်။ ဒီနေ့ နေ့လယ် (၁၂း၃ဝ) ရောက်တယ်။ အင်းစိန် ပန်းခြံထိပ် ခုံးတံတား အတက်ကနေစပြီး လက်နက်ကိုင် လုံခြုံရေးတွေက လမ်းပိတ်ထားတယ်။ ကားတွေ မ၀င်ရဘူး။ ဘတ်စ်ကားတွေတင်မက သံရုံးကားတွေကိုတောင် ပေးမဝင်ဘူး။ မသင်္ကာတဲ့ လူတွေကို စစ်ဆေးတယ်။ နောက် ခုံးတံတား အဆင်းကစ အင်းစိန်ထောင်ဘူးဝ လမ်းတလျှောက်လုံး လုံခြုံရေးတွေ အများကြီးချထားတယ်၊ အရပ်ဝတ် ရဲလို့ ယူဆရသူတွေလည်း အများကြီးတွေ့ရတယ်။ နောက်ဆုံး အကာအရံ တားထားတဲ့ နေရာအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ (၃ဝဝ- ၄ဝဝ) လောက် လမ်း ဘယ်ဘက်နံဘေး အရိပ်ထဲမှာ ထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ တွေ့ရတယ်။ ကျနော်ရောက်တဲ့ အချိန်အထိတော့ လုံခြုံရေးတွေက အနှောင့်အယှက် ပေးတာ မတွေ့ရဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေ ထိုင်နေတဲ့ မျက်နှာချင်းဆိုင် ဈေးအဆောက်အဦ အပေါ်ထပ်ကနေ အာဏာပိုင်တွေက ခိုင်းစေထားသူတွေလို့ ယူဆရသူတွေက ကတ္တူစက္ကူကာပြီး ဗွီဒီယိုကင်မရာနဲ့ ဆန္ဒပြသူတွေကို ရိုက်နေတာတော့ တွေ့ခဲ့ရတယ်” ဟု ပြောသည်။
အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသူတဦးက “ကျမက အန်အယ်လ်ဒီ ပါတီဝင် မဟုတ်ဘူး။ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့သူ။ ရေဒီယို သတင်းတွေကနေတဆင့် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးပြီး နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင် ပရဝုဏ်ထဲ ပို့ထားတယ်။ ဒီနေ့ (၁၈) ရက်နေ့ ရုံးတင် စစ်ဆေးမယ်ဆိုတာ သိလို့လာပြီး ဆန္ဒပြတာပါ။ ကျမတောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ပဲ။ နဂို နေအိမ်အကျယ်ချုပ် (၆) နှစ် ချထားတာတောင် တရားဥပဒေနဲ့အညီ မဟုတ်ဘူး” ဟု ပြောသည်။အင်းစိန်ထောင်ဘူးဝရှေ့ရှိ ပြည်သူများအတွင်း ဖဲကြိုးအနက်များ ဝေနေသော အန်အယ်လ်ဒီ ရွှေပြည်သာလူငယ် အဖွဲ့ဝင် ကိုထွေးသိန်းကို ယနေ့နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် နအဖလုံခြုံရေးက ခေါ်ယူထိန်းသိမ်းလိုက်ပြီး ၎င်းနှင့် မရှေးမနှောင်းပင် ရွှေပြည်သာလူငယ်အဖွဲ့မှ ကိုဝင်းအောင်ကိုလည်း ပခုံးဖက်ခေါ်သွားကာ ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တဦးက ပြောသည်။(၁၂) နာရီ (၄၅) မိနစ်အချိန်အထိ အခြေအနေသည် အေးချမ်းငြိမ်သက်နေသော်လည်း အင်အားအပြည့်ဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းကား (၄) စီးသည် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်ထောင်ရှိရာသို့ မောင်းနှင်သွားသည်ဟု သိရသည်။လှည်းတန်းလမ်းဆုံတွင် နေထိုင်သူတဦးကမူ နေ့လယ် (၁) နာရီလောက်မှာ လှည်းတန်းကနေ အင်းစိန်ဘက်ကို လုံထိန်းကား နောက်ထပ် (၃) စီးခန့် အရှိန်ပြင်းပြင်း မောင်းပြီး ထွက်ခွာသွားသည်ကို တွေ့ရ၍ ဆန္ဒပြသူများရှိရာ အင်အားဖြည့်ရန် သွားခြင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း ပြောသည်။ နေ့လယ် (၁) နာရီအထိ ဆန္ဒပြသူများကို တစုံတရာ အကြမ်းဖက်နှိမ်နင်းခြင်း မရှိသေးပေ။နေ့လယ်ပိုင်းတွင် ပြည်သူ (၁,၀၀၀) ခန့်သည် ထောင်ဘူးဝ ၀န်းကျင်၌ တိတ်ဆိတ်စွာ သတင်းကို စောင့်ဆိုင်းနေခဲ့ကြ သည်ဟု သိရသည်။ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ အင်းစိန်ထောင်တွင်း ရုံးတင်စစ်ဆေးနေမှုနှင့် ပတ်သက်၍ အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် ပြည်တွင်းမီဒီယာအားလုံးကို အမှောင်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော် များများတွင်လည်း လုံခြုံရေးများ ချထားကြောင်း သိရသည်။စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင် ပရဝုဏ်အတွင်း ပြောင်းရွှေ့ ရုံးတင် တရားစွဲနေမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးကလည်း ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် ခံနေရပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း၊ အထက်အမိန့်အရ ခိုင်းသမျှ လုပ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သို့ အမိန့်ပေး မည်ကို မသိရသေးကြောင်း စသဖြင့် ပြောသည်။

အပြည့်အစုံ...>>

အင်းစိန်ထောင်ဝန်းကျင်အခြေအနေ

၁၈ မေလ ၂၀၀၉။ ရန်ကုန်
အင်းစိန် ကားလမ်းမမှာ ကားပေါ်က လူတွေကို တယောက်ချင်းစီစစ်နေတယ်။သွားချင်ကြတဲ့ သူများကို ညွန်ကြားပေးပါ။ပြောပြပေးပါ။ အင်းစိန်ထောင် အ၀င်ပေါက်များမှာ ပေါက်တောဝ တမှတ်တိုင်ကျော် ဆရာတော်ကြီးမှတ်တိုင်မှ ၀င်လို၇ပါတယ်နောက်တနေရာက မြို့သစ်ဈေးဘက်မှ တဆင့် မဟာမြိုင် ရုပ်ရှင်ရုံဘက်ခြမ်းမှ အင်းစိန်ထောင်ရှေ့သို့ ထွက်လို့ရပါတယ်ဗျို့ကကကဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ် အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိပိတ်တယ် လိုင်းကားလည်းသွားမရ ဆိုက်ကား လည်းမရ သံဆူးကြိုးတုန်းတွေပိတ်ထားတယ် ဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ် အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိ ပိတ်တယ် လိုင်းကားလည်းသွားမရ ဆိုက်ကားလည်းမရ သံဆူးကြိုးတုန်းတွေပိတ်ထားတယ်..
လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ် အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေကတော့ ရှိနေပေမယ့် လာကြည့်တဲ့လူတွေလည်း ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရပါတယ်။ အင်းစိန်ဈေးထဲကို ၀င်လို့ မရပါ။မီးပွိုင့်ကနေ ပိတ်ထားပါတယ်။ ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်။ထောင်ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မှ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် အခြေအတင်ဖြစ်နေကြောင်း သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကြပ် ရုံးထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ သတ္တိရှိစွာဖြင့် ကုလား ထိုင် ပေါ်တွင် ထိုင်နေပြီး လာခေါ်သော ထောင်ဝန်ထမ်းများကို မလိုက် ဟု ရာဇသံပေးလိုက်ကြောင်း သိရပါတယ်။ အင်းစိန် ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀) ကျော် ထောင်ဗူးဝဘက်သို့  ချဉ်းကပ်သွားပါတယ်။ လုံထိန်းများမှ ရှေ့ က ပိတ်ဆို့ ထားပါတယ်။ အခြားသောပြည်သူများလည်း ၀ိုင်းရံထားကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည် ဟု ခေါ်ဆိုမှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုသည် ယခုအခါ ထောင်ဝန်ထမ်းများဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဟု အလျှော့ပေး ခေါ်ဆိုခြင်းကြောင့် ယခုအခါ အထူတရားရုံးအတွင်း အမှုစစစ်ပါတော့မည်။ထောင် အာဏာ ပိုင်များက အင်စိန်ထောင် ထဲ မှာထောင်ထဲမှာ ထောင်သားတွေအားလုံး ကို အလုပ်မချပဲ ပုံစံထိုင်ခိုင်းထားတယ်။ ထောင်ထဲမှာ ဆူမဲ့ နေအထား ကိုရောက်နေပြီ။ အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
Posted in ရန်ကုန်သတင်း
မေအိခင် ဘလော့မှတဆင့်ဖော်ပြသည်။

အပြည့်အစုံ...>>

အင်းစိန်ထောင်ဝန်းကျင် လုံခြုံရေးတင်းကျပ်ထား


၁၈၊ မေလ ၂၀၀၉။ ကြည်ဝေ ဧရာဝတီ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ၎င်း၏အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသားနှင့် ပတ်သက်ပြီး ယနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်သောကြောင့် အင်းစိန်ဈေးနှင့် အနီးတ၀ိုက်ကို လည်းကောင်း၊ အင်းစိန်ထောင် ရှေ့ပတ်ဝန်းကျင်မှ ဆိုင်ခန်းများအား လည်းကောင်း ယမန်နေ့ညပိုင်းမှ စတင်၍ အာဏာပိုင်များက ပိတ်ခိုင်းထားကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွေ့ထားသော နေ့ကတည်းကပင် မြို့ခံလူအများမှာ စိတ်ဝင်စားစွာဖြင့် အင်းစိန်ထောင်အနီးသို့ လာရောက်ကြည့်ရှု နေကြခြင်းကြောင့် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်မှ ရယက အဖွဲ့ဝင်တဦးက ပြောဆိုသည်။ “ကျနော်တို့လည်း အဲဒီနေ့ကစပြီး ညတိုင်း လုံခြုံရေး တာဝန်ယူရတယ်၊ မနေ့ည ၁၇ ရက်နေ့ ညတုန်းကတော့ အထူးတာဝန်ပေါ့၊ အင်းစိန်ဈေးရှေ့ကနေ အင်းစိန် ပန်းခြံရှေ့အထိ ပိတ်လိုက်တာ အဲဒီထဲမှာ နေတဲ့သူတွေကိုလည်း အ၀င်အထွက် ခွင့်မပြုတော့ဘူး”ဟု သူက ပြောဆိုသည်။ အင်းစိန်ဈေးအား ပိတ်လိုက်သောကြောင့် ထိုဈေးမှ ဈေးသည်များမှာ ယနေ့နံနက်တွင် ဈေးအတွင်းသို့ ၀င်မရဘဲ ပြန်သွားကြရသည်ဟု ၎င်းက ဆိုသည်။ “ကျမတို့ကို ဈေးပိတ်မယ်လို့လည်း မပြောဘူး၊ ဒီနေ့ မနက် ဈေးလာတော့ ဈေးထိပ် ပေါက်တောဝက စပြီး လမ်းပိတ်ထားတယ်၊ ရဲတွေက သေနတ်တွေကိုင်ပြီး စောင့်နေတယ်၊ သွားမေးတော့လည်း ဒီလမ်းထဲကို ဘယ်သူမှ မ၀င်ရဘူးလို့ပဲ ပြောတယ်၊ ကျမတို့က အင်းစိန်ဈေးထဲကို သွားမလို့ပါလို့ ပြောတော့လည်း မ၀င်ရဘူးလို့ဘဲ ပြောတယ်”ဟု အင်းစိန်ဈေးမှ ဈေးသည်တဦးက ပြောပြသည်။ ထို့ပြင် အင်းစိန် ပေါက်တောဝမှ အင်းစိန်ပန်းခြံလမ်းအထိ မည်သူကိုမှ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်လိုက်ခြင်းကြောင့် ထိုလမ်းထဲတွင် နေထိုင်သူများမှာ အပြင်သို့ ထွက်ခွင့်မရသလို၊ အပြင်မှ ပြန်လာသူများမှာလည်း လမ်းပိတ်ချိန်မှ စပြီး အတွင်းသို့ ၀င်ခွင့်မရသောကြောင့် လမ်းအတွင်း နေထိုင်သူများမှာ အခက်အခဲ ဖြစ်လျက်ရှိကြောင်းလည်း သိရှိရသည်။ “မနေ့ညက အလုပ်ကအပြန် လမ်းထိပ်လည်း ရောက်ရော ခုလို သံဆူးတပ်ထားတဲ့ ဘာရီတွေနဲ့ ပိတ်ထားပြီး အစောင့်ရဲက ၀င်လို့မရဘူးလို့ ပြောတယ်၊ ကျနော်က အိမ်ကို ပြန်မလို့ ဘာလို့လဲ ပြောတော့လဲ ပေးမ၀င်ဘူး၊ အဲဒါနဲ့ကျနော် မရမ်းကုန်းထဲက သူငယ်ချင်းအိမ် သွားအိပ်ရတယ်” ဟု အဆိုပါ လမ်းအတွင်း နေထိုင်သူ တဦးက ပြောဆိုသည်။ ၎င်းကဲ့သို့ပင် ညအိမ်ပြန်သူများမှာ လမ်းပိတ်ထားပြီး ၀င်ခွင့်မရသောကြောင့် အခြားအိပ်စရာ နေရာရှာ၍ အိပ်ခဲ့ရကြောင်း၊ ယနေ့မနက် အလုပ်သွားမည့် သူများမှာလည်း လမ်းအတွင်းမှ ထွက်ခွင့်မရသောကြောင့် မသွားရကြောင်း သူက ပြောပြသည်။ အဆိုပါ ပိတ်ထားသော အင်းစိန်ပေါက်တောဝနှင့် အင်းစိန်ပန်းခြံလမ်းသည် လိုင်းကားများ အများဆုံး အသုံးပြုနေသော လမ်းဖြစ်ပြီး အမှတ် ၄၈၊ ၄၈ အထူး၊ အမှတ် ၉၆၊ အမှတ် ၁၂၅၊ အမှတ် ၁၀၂၊ အမှတ် ၁၃၄၊ အမှတ် ၁၅၆ စသည့် လိုင်းကားများ အသုံးပြုနေသော လမ်းဖြစ်သည်။ ယခုအခါ ထိုလိုင်းကားများမှာ အင်းစိန်ပေါက်တောဝမှ ဘုရင့်နောင်လမ်းဘက်သို့ လှည့်သွားနေရ သောကြောင့် ဘုရင့်နောင်လမ်းမကြီးမှာ နံနက်ခင်းကတည်းကပင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှု ဖြစ်လျှက်ရှိသည်။ အင်းစိန်လမ်းမနှင့် ဘုရင့်နောင်လမ်းမကြီး ဆုံရာ လမ်းဆုံမှ လက်ဖက်ရည်ဆိုင် ၀န်ထမ်း တဦးကလည်း ၎င်းတို့ ဆိုင်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေကို ပြောပြသည်။“တဆိုင်လုံး ရဲတွေချည်းပဲ အခြားလူ ၀င်လာရင်ကို သေချာကြည့်ပြီး ဟိုမေးဒီမေး မေးနေတော့ တော်ရုံလူက လက်ဖက်ရည်တောင် မသောက်တော့ဘဲ ပြန်ထွက်သွားရတယ်”ဟု ဆိုသည်။
အဆိုပါ ဆိုင်တွင် ယူနီဖောင်းဝတ်ရဲများ အရပ်ဝတ်နှင့် ရဲများအပြင် မီးသတ်များ၊ ရယကများပါ လက်ဖက်ရည် လာသောက်သူများအား စစ်ဆေး မေးမြန်းခြင်း၊ မှတ်ပုံတင် ပြခိုင်းခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရှိရသည်။ အင်းစိန်ထောင် အနီးရှိ ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ကြီး ဘုန်းကြီးကျောင်းစသည့် အင်းစိန် ထောင်ရှေ့ရှိ ဘုန်းတော်ကြီး ကျောင်းဝင်းများ အတွင်း စစ်တပ်က တပ်စွဲထားလျက် ရှိပြီး အင်းစိန်ထောင် ဘေးပတ် ပတ်လည်တွင်လည်း လုံထိန်းအပြည့် တင်ထားသော ရဲကားများအား လုံခြုံရေးဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲသော မေလ ၁၄ ရက်နေ့ ကတည်းကပင် ချထားကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာ နေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆိုလိုက်ပြီး ယနေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်း ဖြစ်သည်။အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် တရားခွင်သွားလေ့လာမဲ့ ဗြိတိသျှရှေ့နေတွေ တားဆီခံခဲ့ရ

၁၇ မေလ ၂၀၀၉။ ဘီဘီစီ
အကျယ်ချုပ်ဥပဒေချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို တနင်္လာနေ့မှာ ရုံးတင်စစ်ဆေးဖို့ရှိတာမို့ အဲ့ဒီ့တရားခွင့်ကို သွားရောက်လေ့လာဖို့အတွက်
ဗြိတိသျှရှေ့နေတွေဖွဲစည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာရှေ့နေများကောင်စီက လန်ဒန်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာတောင်းခဲ့ရာမှာ ဗီဇာမရဘူးလို့သိရပါတယ်။
ဒီရုံးတင်စစ်ဆေးမှုဟာ နိုင်ငံတကာက စည်းမျဉ်းနဲ့ ကိုက်ညီမညီ၊ တရားမျှတမှု ရှိ မရှိ၊ တခါ လူထုရှေ့မောက်မှာလုပ်တဲ့ ရုံးတင်စစ်ဆေးမှုလား၊ တရားခွင်အတွက် ပြင်ဆင်ချိန် အလုံအလောက်ပေးသလား၊
မျက်မြင်သက်သေတွေကိုရော အသေအချာ စစ်ဆေးမေးမြန်းသလား စတာတွေနဲ့အတူ အရေးကြီးဆုံးအချက်က ဒီတရားခွင်ကို စီရင်ချက်ချမဲ့ တရားသူကြီးဟာ ဘက်မလိုက်တဲ့ သီးခြားရပ်တည်တဲ့ တရားသူကြီးဖြစ် မဖြစ်
ဆိုတာတွေကို စောင့်ကြည့်အကဲခတ်ဖို့အတွက် အခုလိုမြန်မာပြည်ကို သွားခွင့်တောင်းခဲ့တာလို့ အဲဒီ့အဖွဲ့ကို ဦးဆောင်တဲ့ ဗြိတိသျှဘားမားကောင်စီ ဥက္ကဌဟောင်း ၀တ်လုံတော်ရကြီး Timothy Dutton က ဘီဘီစီကို ပြောပါတယ်။

အကျယ်ချုပ်ဥပဒေ ချိုးဖောက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက တရားစွဲထားတာနဲ့ပတ်သက်လို့လည်း Mr Dutton က ကိုယ်နေတဲ့အိမ်ကို လူတစ်ယောက် ကျူးကျော်ဝင်လာတဲ့အတွက် အိမ်ရှင်မှာရာဇ၀တ်မှုမြောက်တယ်ဆိုတာကတော့ အတော့်ကိုရီစရာကောင်းပါတယ်။

ဥပဒေလိုက်နာတဲ့ နိုင်ငံတိုင်းအနေနဲ့ ကိုယ့်နိုင်ငံသား ပြည်သူတွေအပေါ် မျှတတဲ့ရုံးတင်စစ်ဆေးမှုတွေလုပ်ဖို့လိုကြောင်း မြန်မာအစိုးရအနေနဲ့ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးဖြစ်သူကို ထောင်တရားရုံးမှာ တံခါားပိတ်ပြီး ရုံးတင်စစ်ဆေးမယ်ဆိုတာက
လုံးဝမဆီလျော်တဲ့ကိစ္စဖြစ်ကြောင်း၊ ပြည်တွင်းရေးကိစ္စဆိုပြီး၊ လူထုကိုအသိမပေးဘဲ လုပ်လို့မရကြောင်း ဒါကြောင့် ဒီအမှုကို နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေအရ လူထုရှေ့မှောက်မှာ ရုံးတင်စစ်ဆေးဖို့လိုကြောင်း Mr Dutton က ဘီဘီစီကို ပြောသွားပါတယ်။

ဒီအတောအတွင်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ဖို့ စီစဉ်နေတဲ့ ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ရှေ့နေကြီး ဦးခင်မောင်ရှိန်တို့ရဲ့ ရှေ့နေလိုင်စင်တွေကို အာဏာပိုင်တွေက သောကြာနေ့ညက ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။

အပြည့်အစုံ...>>

လခစားပြည်မီဒီယာကြီးအချို့စည်းမရှိ

ကိုယ့်မျက်ချေးကိုမြင်ကြပါသလား ပြည်ပကိုမီဒီယာတို့ရေ....
၁၇ မေလ ၂၀၀၉။

လူထုအသံမှ

ယခုတလော ပြည်တွင်းပြည်ပမှ မြန်မာ နိုင်ငံသားများ အထူး စိတ်ဝင်စားနေသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား စစ်အစိုးရမှ မတရား အမှုဆင် ဖမ်းဆီးမှု၏ သတင်းရေးသားပုံများတွင်ပြည်ပ မီဒီယာများသည် သေခြာလေ့လာ ဆန်းစစ်ခြင်းမရှိပဲ ရမ်းသမ်းသတင်းရေးသားခြင်းအပေါ် အွန်လိုင်းစာဖတ် ပရိသတ်များ အလွန်အမင်း စိတ်ပျက်ခြင်းများ ဖြစ်ပေါ်နေရသည်။
အဆိုးဝါးဆုံး ဖြစ်ရပ်မှာ မီဒီယာကြီး တချို့ ၏ ငါ့မြင်းငါစိုင်း ရေးသားမှုများ ကြောင့် ပုဂ္ဂလိက ထိခိုက် နှစ်နာမှုများ ရှိကြောင်း သတင်းသမား ဘလော့ဂ်ဂါ တဦးဖြစ်သူ မခွာညို မှ သူမ၏ ငှက်ကလေး အမည်ရ ဘလော့ဂ်တွင် ရေးသားဖေါ် ပြထားသည်။ ယခင် အပါတ်များကလည်း ဘလော့ဂ်ဂါ မဆုမွန် မှ ပြည်ပမီဒီယာများတွင် ရေးသား နေသော ဒေါ်အောင်ဆန်းစုကြည် အား အနီးကပ် အကူညီပေးနေသော ဒေါ်ခင်ခင်ဝင်း နှင့် သမီးဖြစ်သူအား အိမ်ဖေါ်ဟု သုံးနှုန်းနေမှု အပေါ် လွဲမှား နေကြောင်း ရေးသား ခဲ့ပြီး ဖြစ်သော်လည်း အတောမသတ်နိုင်သော မီဒီယာတို့ ၏ အမှားများ ကြောင့် နိုင်ငံ ချစ်စိတ်ဖြင့် ကူညီနေသူ ဒေါ်ခင်ခင်ဝင်း ၏ မိသားစုမှာ ကိုယ်ကျင့်တရား နှင့် ဂုဏ်သိက္ခာ ကိုပါ ထိပါး ခံရသည်ဟု သမီးရင်း ဖြစ်သူ သတင်းသမား ဘလော့ဂ်ဂါ မခွာညို မှ သူမ ၏ ဘလော့ဂ် တွင် ရေးသား ဖေါ်ပြ ထားသည်။
သူမ နှင့် အတူ သတင်းထောက် သင်တန်း တက်ရောက်ခဲ့သူ ဧရာဝတီ ဝဘ်ဆိုဒ် အင်္ဂလိပ် စာမျက်နှာ မှ သတင်းရေးသားသူ စောရန်နိုင် မှာ သူမ အမေအပေါ် အိမ်ဖေါ် ဟု သုံးနှုန်းနေမှု သတင်းရေးသားမှု မှားယွင်း နေကြောင်း ၂၀၀၅ ခုနှစ် ကာလ ကြာမြှင့်စွာ ကပင် သိရှိနေသော်လည်း ပြင်ဆင် ရေးသားခြင်း အလျဉ်းမရှိ ဧရာဝတီ သတင်းဋ္ဌာနမှ အယ်ဒီတာ ကိုအောင်ဇော် အားလည်း ယမန်နေ့ (မေလ ၁၄ ရက်) ကပင် မခွာညိုမှ ထပ်မံ အသိပေး ခဲ့သော်လည်း နှစ်ဦး နှစ်ဖက်အကြား လူကြီးလူကောင်း ပီသစွာ တောင်းပန်အမှု ပြုခဲ့ခြင်း မရှိပေ။
ထို့အပြင် ယခင်ကလည်း နော်ဝေ အခြေစိုက် အသံလွှင့်မီဒီယာ ဖြစ်သော ဒီဗွီဘီ မှ သတင်းထောက် ထက်အောင်ကျော်မှ အင်္ဂလိပ်လို မှားယွင်းစွာ ရေးသားမှုကြောင့် ဒေါ်ခင်ခင်ဝင်း မှာ လင်ငယ် ရှိနေ သယောင်ယောင် ဖြစ်သွားရပြီး သတင်းထောက် ဘလော့ဂ်ဂါ မခွာညို ၏ ညီမ ဖြစ်သူ မဝင်းမမ အား လင်ပါ သမီး ဖြစ်သယောင်ယောင် ရေးသား ခဲ့သည်ကို မီဒီယာကြီး ဖြစ်သော်လည်း ကျင့်ဝတ်သိက္ခာနှင့် မညီညွတ်ဟု မခွာညိုမှ မှတ်တမ်း ပြုထားသည် ဟု သူမ၏ ဘလော့ဂ် တွင် ဖေါ်ပြ ထားသည်။
ဟစ်တိုင် ဝဘ်ဆိုဒ်၏ ဝဘ်မာစတာ ကိုဂျင်မီမှ “ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး အသိစိတ်ဖြင့် ကူညီနေသူ ဒေါ်ခင်ခင်ဝင်းအား ဒီမိုကရေစီကို တကယ်တမ်း လိုက်နာ ကျင့်သုံးနေပါသော မီဒီယာကြီးများမှာ အမှားသိလျှက်နှင့် ယခုလို ချိုးချိုးဖဲ့ဖဲ့ မပြောဆို သင့်ကြောင်း ” လူထုအသံ အား ထောက်ပြ ပြောဆိုလိုက်သည်။
ဘလော့ဂ်ဂါ ကိုလွင်အောင်စိုး ကတော့ ¨ It is a reminder for all Burmese media. Media freedom should be democratic.¨လို့ မှတ်ချက်ပြုပြီး။
ဘလော့ဂ်ဂါ မိုးမြင့်အောင်မှ မှတ်ချက်ပေးသည်မှာ “ ထင်ရှားသော ဘလော့ဂ်များတွင် ဒီအကြောင်းများ ဖေါ်ပြပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ဝန်ခံခြင်း မပြုခြင်းဟာ ငါ့မှာတုတ်ရှိတယ် ငါရိုက်ချင်တာ ရိုက်မယ်လို့ အဓိပ္ပါယ် သက်ရောက်စေခြင်း အလို့ငှါ ထို မီဒီယာများ ဟာ စာဖတ် ပရိသတ်အား စော်ကားရာကျ လွန်းသည် ” ဟု ထင်မြင်ချက်ပေး၍ စာရေးဆရာမ မေငြိမ်း ကမူ မခွာညို ၏ ငှက်ကလေး ဘလော့ဂ်တွင် ရေးသားထားသော “ ရှင်တို့ အမှားတွေအတွက် ကျမကပဲ တရားဝင် တောင်းပန်ပါတယ် ” ပို့(စ်) တွင် ယမန်နေ့က ကွန်မန့်ချထားသည်မှာ “ ခက်တာက အဲလိုလူတွေက ဘလော့ဂ်မပြောနဲ့ စာတောင်မှ မဖတ်တာပဲ.. ဒီတော့ ဒါကို သေချာ ထိပ်တိုက်ပြောမှ ရတော့မယ် ထင်တယ်။ ဒါမှ ပြီးမှာပဲ။ ” ဟု ရေးသား ထားသည်ကို တွေ့ရှိရသည်။
ဇာမဏီရိုင်း (နှင်းဆီမြို့တော်)
Type rest of the post here

အပြည့်အစုံ...>>

မြန်မာအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှုအား အိုဘားမား သက်တမ်းတိုး


လူထုအသံစာမျက်နှာမှဖေါ်ပြသည်။

အမေရိကန်နိုင်ငံ ၏ သောကြာနေ့ မေလ ၁၅ ရက် ၂၀၀၉ မှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမား က မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့အရေးယူ ထားတာကို နောက်ထပ် တစ်နှစ် သက်တမ်း တိုးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အမေရိကန် သမ္မတ ဘားရက် အိုဘားမား က စစ်အစိုးရဟာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကို အကြီးအကျယ် အင်အားသုံး နှိမ်နှင်း နေတယ် လို့ ပြောဆို လိုက်ပြီး၊ မြန်မာ စစ်အစိုးရ ရဲ့ မူဝါဒနဲ့ လုပ်ရပ် တွေဟာ အမေရိကန် နိုင်ငံ ရဲ့ အမျိုးသား လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒ ကို ဆက်လက် ခြိမ်းခြောက် နေတယ်လို့ လည်း ပြောဆို ခဲ့ပါတယ်။
အမေရိကန် နိုင်ငံ သည် မြန်မာ နိုင်ငံ အား သမ္မတ ဘီလ်ကလင်တန် လက်ထက်မှ စ၍ မြန်မာ စစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှုများကို စတင်ချမှတ် ခဲ့ပြီး၊ နှစ်စဉ် မြန်မာ နိုင်ငံ အခြေအနေ တိုးတတ်မှု ဖွံဖြိုးမှု ကို လိုက် ၍ ပယ်ဖျက်ခြင်း၊ သက်တမ်းတိုး ခြင်းများ စီစစ် လုပ်ဆောင်လျှက်ရှိရာ သမ္မတ ဂျော့ဘုရ့် လက်ထက်၊ ဒီပဲယင်း အရေးအခင်း အပြီးတွင် လည်း တင်းကျပ်ထိရောက် သည့် အရေးယူမှု ထပ်မံ တိုးမြှင့် ကန်သတ်ခြင်း ကိုခံခဲ့သည်။

အပြည့်အစုံ...>>

AAPP အစီရင်ခံစာ “မျက်ကွယ်က လူသတ်ကွင်း”

၁၂ မေလ ၂၀၀၉။
AAPP အစီရင်ခံစာမှာပါသော အကြောင်းအရာများ ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်းမှာ ဆေးကုသခံယူခွင့် မရရှိခြင်း၊ ကျန်မာရေးအရ လုံလောက်သော အစာအဟာရများ မရရှိခြင်း၊ ရေကောင်းရေသန့် များ မရရှိခြင်း စသည်တို့သည် အမှန်တကယ်ပင် အသက်အန္တရာယ် ကြီးမားသော ပြဿနာ ဖြစ်ကြောင်း ကိုယ်ခြင်းစာစွာ တွေးတောမိသည် နှင့်အမျှ
ထိုအစီရင်ခံစာအား ကမ္ဘာအသိုင်းအဝိုင်းမှာ အမြန်ဆုံး ဖြန့်ဝေပြီး အစီရင်ခံစာပါ အချက်အလက်များအား နအဖ စစ်အစိုးရကို ဖိအားပေး၍ ပြင်ဆင်မှုများ လုပ်နိုင်ရန် တက်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီသော အားဖြင့် မိမိတို့ နီးစပ်ရာ အစိုးရအဖွဲ့အစည်း၊ ဒေသမီဒီယာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ထံကို ဖြန့်ဝေပေးရန် မေတ္တာရပ်ခံ လိုက်ပါသည်။AAPP အစီရင်ခံစာအား ဒီနေရာမှာ ရယူနိုင်ပါသည်။အရေးပေါ်သတင်းထုက်ပြန်ချက်ကို ဒီနေရာမှာ ရယူနိုင်ပါသည်။RFA သတင်းပါ "မျက်ကွယ်က လူသတ်ကွင်း" ဒီနေရာမှာ ဖတ်ပါ။ (မလေးရှားမြန်မာများဘလော့မှဖော်ပြသည်။)

အပြည့်အစုံ...>>

ရန်ကုန်မြို့လည်နှင့်သာကေတ၊သန်လျှင် တွင် လေပြင်း တိုက်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများရှိ

၁၂ မေလ ၂၀၀၉။ ရန်ကုန်၊ ၊စနေငချွတ်
ရန်ကုန် မြို့ လယ်တွင် ယနေ့ ည ၁၀ နာရီ အချိန်လေပြင်းတိုက်ခတ်မှု ကြောင့်လျှပ်စစ်မီးပြတ်တောက်၍ပန်းဆိုးတန်းအောက်လမ်းရှိတရုတ် စားသောက်ဆိုင်တစ်မှာ ဆိုင်းဘုတ် ပြိုကျ သည်။လမ်းဘေးဈေးသည်များ အမိုးပြုတ်လန်မှုများကြောင့် ဆိုင်ဗန်းများမှောက်ကာ ပစ္စည်းများဆုံးရှုံးမှုရှိသည်။ လေတိုက်နှုန်းသည် တစ်နာရီမိုင် ၅၀ နီးပါးရှိသည် ဟုဆိုသည်။
လေပြင်းတိုက်ခတ်နေစဉ် အတွင်း ကုန်သည်လမ်း နှင့်ဆိပ်ကမ်းသာလမ်းထောင့်ရှိ အဆောက်အဦးတစ်ခုပေါ်မှ ဂြိုလ်တု စလောင်းတစ်ခုပြုတ်ကျသည် ။အထက်ပန်းဆိုးတန်းလမ်း အောင်ဆန်းကွင်းအနီး ကူးစက်ဆေးရုံအနီးတွင် သစ်ပင်ကျိုးကျမှု ကြောင့် ပတ်ဝန်းကျင်ရှိပြည်သူများက ရှင်းလင်းနေရသည်။ဒလ၊ဆိပ်ကြီး ခနောင်တို သို့ ပြန်မည့် ခရီးသည်များမှာ လည်း စက်လှေများက မထွက်ရဲသဖြင့် နန်းသီတာ၊မော်တင်ဆိပ်များ တွင်ခရီးသည်များစုပုံနေကြသည်။ယခင်အပတ်က မန္တလေးတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်များပြိုကျခဲ့သည်။

အပြည့်အစုံ...>>

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အမေရိကန်ပြည်ထောင်စု စိုးရိမ်

၁၂ မေလ ၂၀၀၉။ ဗွီအိုအေမြန်မာပိုင်း
မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ အမေရိကန် အစိုးရက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပြီးဒေါ်အောင်ဆန်းစုကြည်ကို ဆရာဝန်နဲ့ ထပ်မံတွေ့ခွင့်ပေးပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ အမြန်ဆုံးပေးဖို့နဲ့ သူမရဲ့ရှေ့နေနဲ့ တွေ့ခွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံနေရတဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမေရိကန် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) က တောင်းဆိုလိုက်ပါတယ်။အကြောင်းစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီးအမေရိကန်အစိုးရက စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးပေါင်ချိန်ကျပြီး ရေဓာတ်လျော့နည်းနေတာကြောင့်သူမကို လိုအပ်တဲ့ ဆေးဝါးကုသစောင့်ရှောက်မှုတွေ အမြန်ဆုံးပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) က အခုလို ပြောကြားလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး အခုလက်ရှိသူ့ရဲ့ မူလ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းဟာလည်း အထိန်းသိမ်းခံနေရတဲ့သတင်းအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ဆုံပြီးတော့ ဆေးဝါးကုသမှုခံယူခွင့်ရဖို့ စစ်အစိုးရကို တိုက်တွန်းပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုသူမရဲ့ရှေ့နေဖြစ်သူနဲ့လည်း တွေ့ဆုံခွင့်ပေးဖို့ စစ်အစိုးရကို ထပ်မံတောင်းဆိုပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးဝါကုသမှုတွေပေးဖို့ အခုလို တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ သူမနဲ့အတူ စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ကိုလည်း အမေရိကန်အစိုးရကတောင်းဆိုလိုက်ပါတယ်။ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ်မစ်ခ်ျ မက်ကောနဲလ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ကြောင်း အခုလိုပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ မိသားစုဆရာဝန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုကို ကျနော် ထောက်ခံပါတယ်။ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်နိုင်ငံရဲ့ မူဝါဒကို လက်ရှိ အိုဘားမားအစိုးရအနေနဲ့ ပြန်ပြီးဆန်းစစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နိုင်ငံတကာရဲ့ တောင်းဆို ဖိအားပေးမှုက အရေးကြီးပါတယ်။”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်ကို ဆေးဝါးကုသမှုတွေပေးပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တဲ့တချိန်တည်းမှာပဲ အီတလီနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံက အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့နဲ့အတူလက်တွဲပြီး လုပ်ဆောင်သွားမယ်လို့ အီတလီနိုင်ငံက ပြောကြားလိုက်ပါတယ်။

အပြည့်အစုံ...>>