ကရင့်ခွေး ကရင်လူမျိုးများကိုပြန်ကိုက်

၂၅ မေလ ၂၀၀၉။
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့(ဒီကေဘီအေ) တပ်ဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းရန် လိုအပ်သည့် စစ်သည်များအတွက် အဓမ္မစစ်သား လိုက်လံစုဆောင်းနေ သဖြင့် ရာနှင့်ချီသည့် ဒေသခံများ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။လှိုင်းဘွဲမြို့ ကွမ်ဘီကျေးရွာ အခြေစိုက် ဒီကေဘီအေ (၉၉၉) တပ်မဟာသည် နအဖ၏ အမိန့်ဖြင့် ဒီကေဘီအေ အဖွဲ့အား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်ညွှန်ကြားခဲ့ရာတွင် လိုအပ်သည့် စစ်သည်အရေအတွက် ရရှိရန် တအိမ်တယောက်နှုန်းဖြင့် အဓမ္မ လိုက်လံ စုဆောင်းမှုကြောင့် ယခုလ (၂၂) ရက်မှ စတင်ကာ ဒေသခံ အိမ်ထောင်စု (၁၇) စုမှ ရွာသား (၁၀၉) ဦး အိုးအိမ်ပစ္စည်းများ စွန့်ခွာ၍ ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်တွင်းဒုက္ခသည် စခန်းတခုသို့ ရောက်ရှိလာကြသည်။
ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်မဟာ (၇) ဒေသ ဖာအံခရိုင်အတွင်းရှိ လယ်ပေါ်ဟဲ ပြည်တွင်း ဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် စခန်းကော်မတီမှ တာဝန်ယူ ကြည့်ရှု စောင့်ရှောက်ထားသည်ဟု စခန်းဥက္ကဋ္ဌ စောတဆူးညားက ခေတ်ပြိုင်သို့ ပြောသည်။၎င်းက “အခုရောက်ရှိလာတဲ့လူတွေဟာ လှိုင်းဘွဲ့မြို့နယ် ဖောသူးခီးရွာနဲ့ ပိုင်ကြုံမြို့နယ်က ထီးပယ်ဝရွာက ဖြစ်တယ်။ ဒီကေဘီအေ ၉၉၉ တပ်က တပ်မှူး ဖားနွီးရဲ့အမိန့်နဲ့ အသက် (၁၂) နှစ်၊ (၁၃)နှစ် အရွယ်တွေပါမကျန် လိုက်ဖမ်းခိုင်းတယ်၊ ထွက်ပြေးတဲ့လူဆိုရင် တအိမ်ကို ကျပ်ငွေ (၁၀) သိန်းပေးရတယ်။ ဒါကြောင့် ဒီလူတွေ ထွက်ပြေးလာကြတာ” ဟု ပြောသည်။ထွက်ပြေးလာသူများထဲမှ ဦးကျော်ပစ်က “ဘယ်လိုမှ နေလို့မရတော့ဘူး။ လုပ်အားပေး ခဏခဏ ခေါ်တယ်။ (၁၃) နှစ် ကလေးကအစ အကုန် စစ်သားလုပ်ဖို့ လိုက်စုတယ်။ သူတို့ပြောတာက သင်တန်းပေးမယ်၊ လစာပေးမယ်၊ စာသင်ပေးမယ်၊ (၃) လ သင်တန်းတက်ရမယ်၊ နေစရာပေးမယ်၊ တလ လစာ (၂,၅၀၀၀) ရမယ်လို့ပြောတယ်။ ဘယ်သူမှ မလုပ်ချင်ကြလို့ အိမ်ယာလယ်မြေနဲ့ ကျွဲနွားတွေကို ထားခဲ့ပြီး အခုလို ထွက်ပြေးလာရတာ ဖြစ်တယ်။ နောက်ထပ်လည်း လာမယ့်လူတွေ အများကြီးရှိသေးတယ်” ဟု ပြောသည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၂) မှ ဒု-ရင်းမှူး ဗိုလ်မှူးဒီးကွယ်ကလည်း “ဒီနေ့လည်း ကျနော်တို့စခန်းဆီကို ထပ်ရောက်လာတဲ့လူ (၁၀) ဦးရှိတယ်။ သူတို့ကို လယ်ပေါ်ဟဲ စခန်းကို ပို့ဖို့စီစဉ်နေတယ်” ဟု ပြောသည်။လယ်ပေါ်ဟဲ ပြည်တွင်း ဒုက္ခသည်စခန်းတွင် ခိုလုံနေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ၏ စောထွန်းထွန်းကလည်း ၎င်းတို့စခန်းသို့ လူသစ်များရောက်လာမည်ဆိုပါက လက်ခံရန် အခက်အခဲများ ရှိသဖြင့် စခန်းကော်မတီအနေဖြင့် အစည်းဝေးထိုင်ရမည်ဟု ပြောသည်။နအဖ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် နအဖနှင့် ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပေးမည်ဟု နအဖ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုနှစ် ဖေဖော်ဝါရီလက ပြောကြားခဲ့သည်။နအဖက ငြိမ်းအဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် ပြုပြင်ပြောင်းလဲဖွဲ့စည်းမည့် အစီအမံကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ (ဒီကေဘီအေ) အဖွဲ့က ဦးဆုံးကြိုဆိုလက်ခံခဲ့ပြီး သတ်မှတ်ထားသည့် စစ်သည်အရေအတွက် ရရှိရေးအတွက် ယခုကဲ့သို့ အရွယ်မရောက်သေးသည့် ကလေးငယ်များကို အဓမ္မလိုက်လံစုဆောင်းခြင်း ဖြစ်သည်ဟု သိရသည်။

Comments :

0 comments to “ကရင့်ခွေး ကရင်လူမျိုးများကိုပြန်ကိုက်”